ဧပရယ်လ် ရင်ခုန်သံများနဲ့…

ဧပရယ်လ်…
သူ့ကာလမှာ စူးရှတောက်ပလွန်းတဲ့ နေခြည်ကို ကန်ရေပြင်ပေါ်လျှပ်တိုက်လာတဲ့ လေပြေအေးက အကာအကွယ်ပေးလို့ ပူရှိန်ပြင်းပြင်းကို လျော့ရဲစေခဲ့တယ်။

ဒီကာဗာစာမျက်နှာတွေ ရရှိလာဖို့ ကြိုးစားခဲ့ကြချိန်က ဧပရယ်လ်မရောက်သေးပေမဲ့ ဧပရယ်လ်ရဲ့ရသကို ကြိုတင်ခံစားလို့ ခါတော်မီပုံရိပ်စစ်တွေ ပရိသတ်ကိုပေးနိုင်ဖို့အတွက် အနုပညာရှင်တွေအားလုံးက ၀ိုင်းဝန်းကူညီဖန်တီးပေးခဲ့ကြပါတယ်။

ခုလိုမြို့ပြရဲ့ အငွေ့အသက်အောက်က နွေရဲ့အရောင်… နွေရဲ့ရသ… နွေရဲ့အလှတရားများကို ခံစားရေးဖွဲ့ခြယ်မှုန်းထားတဲ့ ဧပရယ်လ်ကာဗာစာမျက်နှာတွေကို ပရိသတ်များအနေနဲ့ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ရင်း… ဧပရယ်လ်ထဲက မွေး
နေ့ရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဧပရယ်လ်ရင်ခုန်သံလေးတွေကိုလည်း ဝေမျှလိုက်ပါရှင်…။

ဧပရယ်လ် ဖီလင်
ဧပရယ်လ်လက ကျွန်တော့်အတွက် ရင်ခုန်ရဆုံးလဖြစ်ပါတယ်။ ကျွန်တော့်မွေးနေ့လည်း ရှိတယ်။ ငယ်ငယ်တုန်းကတော့ မွေးနေ့ကသိပ်ထူးထူးခြားခြားမရှိပေမဲ့  ကျွန်တော့်ရဲ့ Birthday Show တွေ စလုပ်တဲ့ အချိန်ကစပြီး အခုချိန်ထိနှစ်စဉ်ကျင်းပဖြစ်ခဲ့တာဆိုတော့ ဧပရယ်လ်လရောက်ဖို့ မတိုင်ခင်ကတည်းက ပွဲလုပ်ဖို့ ပြင်ရဆင်ရနဲ့ ရင်ခုန်ရတာပါပဲ။ ပြီးတော့ နောက်တစ်ချက်က သင်္ကြန်ရှိတဲ့အခါ သင်္ကြန်က ၁၂ လရာသီပွဲတော်တွေထဲမှာ ကျွန်တော်အကြိုက်ဆုံးပွဲတော်ပါ… သင်္ကြန်နားမှာ မွေးလို့လည်းဖြစ်မှာ…။

ဧပရယ်လ် အစီအစဉ်
ဧပရယ်လ်အစီအစဉ်ကတော့ တစ်ခုတည်းပါပဲ။ ကျွန်တော့်ရဲ့ Birthday Show ကို မန္တလေးမှာကျင်းပပါမယ်။ မန္တလေးမှာ ၂၀၁၂ တုန်းကတစ်ခါ ကျင်းပခဲ့ပါတယ်။ အဲ့တုန်းကမိုးရွာပြီး ပွဲကဆုံးအောင် မဆိုခဲ့ရဘူးဆိုတော့ ဒီနှစ်မှာ ပြန်ပြီး နောက်တစ်ကြိမ် ကြိုးစားကြည့်ခြင်းပေါ့ဗျာ…။ ဒီနေ့ People အင်တာဗျူးတဲ့အချိန်က မတ်လ ၁၀ ရက်နေ့ဆိုတော့ ကျွန်တော့်မွေးနေ့ရောက်ဖို့ တစ်လတိတိလိုတဲ့ အချိန်ပေါ့။ အခုကစပြီးတော့ ပြင်ဆင်နေပါပြီ။ မနက်ဖြန်ဆိုလည်း မန္တလေးသွားပြီးပွဲလုပ်မယ့် နေရာကြည့်မယ်။ ပြီးတော့သီချင်းတွေရွေးမယ်။ သီချင်းတွေ တိုက်ကြမယ်ပေါ့ဗျာ။

ဧပရယ်လ် အမှတ်တရ
ဧပရယ်လ်နဲ့ ပတ်သက်လို့ အမှတ်တရကတော့ နှစ်စဉ်နှစ်တိုင်း ကျွန်တော့် မွေးနေ့ပွဲ ပြီးသွားရင် တစ်နှစ်ပတ်လုံး စားမြုံ့ပြန်နေတဲ့ အရာ ပေါ့နော်။ တွေးပြီးတော့ ပြန်လွမ်းနေတဲ့ အရာပေါ့။  ကျွန်တော့် မွေးနေ့က  Sai Sai Birthdayဆိုတာထက် ကျွန်တော့်ရဲ့ ပရိသတ်တွေအားလုံး Gathering  လို... တစ်နှစ်တစ်ခါ Annual Party လိုမျိုး ဖြစ်တာပေါ့။ ဘာနဲ့ ပိုတူလာလဲဆိုတော့ ကျောင်းတွေမှာတစ်နှစ်တစ်ခါ အမှတ်တရတွေ့ဆုံပွဲ ပြန်ပြီးလုပ်ကြသလိုမျိုး ဒီမွေးနေ့ပွဲလေးမှာတော့ ကျွန်တော့် သူငယ်ချင်းအဆိုတော်တွေ၊ ကျွန်တော်ရဲ့ အခြားမိတ်ဆွေတွေ၊ ကျွန်တော့်ရဲ့ ပရိသတ်တွေ အားလုံး ကတတ်နိုင်သမျှ တစ်စုတစ်စည်း တပျော်တပါး တွေ့ဆုံကြတယ်။ နောက်ပြီးတော့ သီချင်းတွေဆိုကြတယ်ဆိုတော့… ကျွန်တော်ကလည်း စတိတ်ရှိုး တစ်ပွဲပုံစံမျိုး အကောင်းဆုံးဖြစ်အောင် တင်ဆက်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေကျတော့ စတိတ်ရှိုးလာခံစားတာလည်းတစ်ခု… နောက်တစ်ခုက ပရိသတ်တွေအားလုံး… ပျော်ပျော်ပါးပါးကြီး ဆင်နွှဲကြတဲ့ အစီအစဉ်လေးတစ်ခုဖြစ်တယ်။

ဒီနှစ်ဘယ်သူတွေပါဦးမှာလဲဆိုတော့ - ထုံးစံအတိုင်း ကျွန်တော့် သူငယ်ချင်းတွေအားလုံးကလည်း မွေးနေ့ဆိုတော့ သူသူကိုယ်ကိုယ် အလိုလိုက်ကြတာပေါ့နော်။ ကျွန်တော်က ဂျီကျလိုက်ရင် ဘယ်သူကမှ မငြင်းဘဲလိုက်ခဲ့ပေးကြပါတယ်။ ဒီနှစ်လည်း မန္တလေးမှာအကုန်လုံးစုံစုံညီညီနဲ့ သွားရောက်ကြဖို့ စီစဉ်ထားပါတယ်။

ဧပရယ်လ်နဲ့ စီးပွားရေးစိတ်ကူးသစ်
ကျွန်တော်တို့ SAI Cosmetix ကနေ Product တွေ အများကြီးထပ်စီစဉ်နေတာ ဖြစ်တဲ့အတွက် ထပ်ထွက်လာဖို့တော့ ရှိပါတယ်။ အဲဒါတွေက စီစဉ်နေတုန်းပါပဲ။ ပြီးမှပဲတစ်ခုချင်း ပြန်ပြီးတော့ ကြေငြာပါမယ်ခင်ဗျာ။ လောလောဆယ်တော့ SAI Cosmetic ကနေ နှုတ်ခမ်းနီ ၇ ရောင် ထွက်ပြီးသွားပါပြီ။ နောက်ထပ်ပြီးတော့လည်း လုပ်နိုင်သမျှလုပ်မယ်လို့ ရည်မှန်းထားပါတယ်။

စီးပွားရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ကိုင်ဆောင်ရွက်လဲဆိုတဲ့ People ရဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်တော့ လောလောဆယ်အချိန်အထိ (၂၀၁၇ ၊ မတ်လ) စဖြန့်ချိတဲ့ သက်တမ်းကပြောရမယ်ဆိုရင် ၆ လလောက်ပဲရှိသေးတဲ့အတွက် ကုမ္ပဏီကလည်း အရမ်းနုပါသေးတယ်။ ရပ်တည်နိုင်အောင်ပဲ အများကြီး ကြိုးစားရဦးမှာပါ။ ကျွန်တော်တို့ အနေနဲ့ ဘယ်လောက်မှပြော နိုင်တဲ့ အဆင့်မျိုးတော့ မရှိသေးပါဘူး ခင်ဗျာ။

ဧပရယ်လ် ဆန္ဒ 
ကျွန်တော် ခပ်ဝေးဝေး ဘာမှမရှိပါဘူး။ လောလောဆယ်မှာတော့ Short Term Focus အနေနဲ့ ကျွန်တော့် Birthday Show ကိုအကောင်းဆုံး၊ အအောင်မြင်ဆုံးဖျော်ဖြေချင်တာပါပဲ။ ဒါကတော့ အဓိကဖြစ်ပါတယ်။ ပြီးတော့ မန္တလေးမှာလည်း ဖြစ်တယ်။ ပြီးခဲ့တဲ့ တစ်ပွဲကလည်း မိုးရွာထားတဲ့ ကိစ္စတွေရှိတယ်ဆိုတော့ ဒါကိုပိုပြီးတော့ အောင်မြင်ချင်တာပေါ့နော်။

“စိုင်းစိုင်းရဲ့ ဧပရယ်လ် (၁၀) ရက်နေ့မှာကျရောက်မယ့်  မွေးနေ့နဲ့အတူ ဆန္ဒတွေအားလုံး ပြည့်ဝအောင်မြင် ပျော်ရွှင်ပါစေလို့ မြန်မာ People မဂ္ဂဇင်းက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်”
Happy Birthday... Sai Sai !!!

Sai Sai Kham Leng
M & H - Irene Aung Aung
Stylist - Thihan Kyaw Oo
Photo - Fred 
Venue - Meliā Yangon

Miss Universe Myanmar 2015, Miss Int’l Myanmar 2014 - 1st Runner Up & Miss Photogenic, Miss People 2013 - 1st Runner Up ဆုတွေကိုရရှိထားတဲ့ မေဘရဏီသော်ကတော့ သူမအတွက် ခက်ခဲတယ်ဆိုတဲ့ အရာတွေကို လုပ်ဆောင်ချင်ပြီး အသစ်... အသစ်တွေကိုပဲ စိတ်ဝင်စား သင်ယူချင်သူတစ်ဦးဖြစ်ပါတယ်။ 

ဒါကြောင့် လုပ်ဖြစ်တာမလုပ်ဖြစ်တာထက် ခက်ခဲနက်နဲပြီး အရမ်းကြိုးစားရတဲ့ သရုပ်ဆောင်ခြင်းအနုပညာကို သူမစိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ ကြော်ငြာဓာတ်ပုံများရိုက်ခြင်း၊ ရှိုးပွဲလျှောက်ခြင်းများကို အများဆုံး ဆောင်ရွက်နေပြီး OPPO F3 တီဗီကြော်ငြာမှာ သရုပ်ဆောင်ထားသလို MRTV 4 ကလွှင့်မယ် တီဗီဇာတ်လမ်းတွဲတစ်ခုနဲ့ တပ်မတော်နေ့ဂုဏ် ပြုဇာတ်ကားဖြစ်တဲ့ “ပြည်ထောင်စုသစ္စာ” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

သူမရဲ့ April ရင်ခုန်သံကတော့ သင်္ကြန်ရောက်ပြီဆို တစ်နှစ်နဲ့တစ်နှစ် အသက် ပိုကြီးလာတယ်လို့ ခံစားမိပါတယ်တဲ့။ သင်္ကြန်တွင်းဆိုအပူကြောက်လို့ အပြင်သိပ်မထွက်ဖြစ်ဘဲ မိသားစုနဲ့ အိမ်မှာပဲမုန့်တွေ လုပ်စားဖြစ်တယ်။ ဒီနှစ်သင်္ကြန်မှာလည်း မဏ္ဍပ်တွေက ဖိတ်ထားတာရှိပေမဲ့ သူမရဲ့ သင်္ကြန်အစီအစဉ်ကိုတော့ သေချာမစဉ်းစားရသေးဘူးလို့ဆိုပါတယ်။ များသောအားဖြင့် သင်္ကြန်တွင်းမှာ ကိုယ်တိုင် ရေထွက်မကစားဖြစ်ပေမဲ့ သူများတွေပျော်နေတာကြည့်ပြီး ပျော်နေတတ်သူလေးဖြစ်ပါတယ်။

May Barani Thaw
M & H - December Hnin
Dress - Sandar by Sandar Aung
Stylist - Thihan Kyaw Oo
Photo - Fred
Venue - Meliā Yangon

လတ်တလောကမှ ပူပူနွေးနွေး BE - IT ဘွဲ့ယူထားတဲ့ မော်ဒယ်လ် ယွန်းမှီမှီကျော်ကတော့ Miss Universe Myanmar 2014 - 1st Runner Up & Best Body, Miss People 2013, People Choice Award, Most Fashionable & Body Perfect ဆုတွေကို ဆွတ်ခူးရရှိထားသူဖြစ်ပါတယ်။

ဒီလပိုင်းမှာသူမရဲ့ အနုပညာလုပ်ရှားမှုတွေအဖြစ် Rich Life မီးဖိုချောင်ပစ္စည်းကြော်ငြာ၊ နေတိုး၊ မေမြတ်နိုး၊ Maria တို့နဲ့အတူ Rupa  တံဆိပ်အင်္ကျီကြော်ငြာတို့ကို ရိုက်ကူးထားပြီး ဧပရယ်လ် ၂ ရက်နေ့မှာတော့ စိန်နန်းတော် Show ပွဲလက်ခံထားတယ်လို့ သိရပါတယ်။

သူမရဲ့ ဧပရယ်လ် ရင်ခုန်သံကတော့ “ဧပရယ်လ်ရင်ခုန်သံဆိုရင် သင်္ကြန်ရှိတော့ ပျော်တယ်ပေါ့နော်။ ကလေးဘ၀တုန်းကလိုမျိုးတော့ မဟုတ်တော့ဘူး။ သင်္ကြန်ဖီလင်ကတော့ အသက်ကြီးလာလို့ထင်တယ်။ မဏ္ဍပ်ထိုင်မယ်… လျှောက်လည်မယ်ဆိုတာမျိုးတွေ မရှိတော့ဘူး။ အရင်နှစ် တွေက မဏ္ဍပ်မှာရေကစားဖြစ်တယ် ။ ဒီနှစ်တော့ သေချာ အစီအစဉ်မဆွဲရသေးဘူး။ အေးအေးဆေးဆေးကမ်းခြေလိုနေရာမျိုးကို ခရီးထွက်ပြီး အနားယူချင်ပါတယ်။ 

ဒီနှစ်သင်္ကြန်မှာ ပရိသတ်ကြီး အပါအ၀င် ၇ ရက် သားသမီးအားလုံး မြန်မာ့နှစ်သစ်ကူးမှာ အန္တရာယ်ကင်းဘေးရှင်းစွာပျော်နိုင်ပါစေ… စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”။

Yoon Mhi Mhi Kyaw
M & H - December Hnin
Dress - Sandar by Sandar Aung
Stylist - Thihan Kyaw Oo
Photo - Fred
Venue - Meliā Yangon


အနုပညာတစ်ခုတည်းကိုပဲ ၀ါသနာပါတယ်။ ၀ါသနာပါတဲ့ အလုပ်ကိုလုပ်လို့ပျော်တယ်... စိတ်ချမ်းသာတယ်… ပျော်နေသရွေ့တော့ ရပ်မနေဘဲ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်အောင် ဆက်လုပ်သွားမယ်လို့ ရည်မှန်းချက်ရှိတဲ့ ဟန်လေးကတော့ Miss Universe Mandalay 2015 နဲ့ Miss  Universe Myanmar 2016 -1st Runner Up ဆုရှင် ဖြစ်ပါတယ်။

လက်ရှိမှာ ဒါရိုက်တာထူးပိုင်ဇော်ဦး ရိုက်ကူးမယ့် ရုပ်ရှင်းကားကြီးအတွက် ကြိုးစားနေပြီးကြော်ငြာများစွာလည်း ရိုက်ကူးထားသလို ခရီးတွေ လည်းထွက်ဖြစ်တယ်လို့ ဆိုပါတယ်။

သူမရဲ့ သင်္ကြန်ခံစားချက်လေးကတော့ “သင်္ကြန်ရောက်ပြီဆို ဝမ်းနည်းသလို ဝမ်းသာသလိုပါပဲ။ နှစ်ဟောင်းကိုဆေးပစ်ပြီး နှစ်သစ်ကိုကြိုကြတဲ့ သင်္ကြန်ကိုအရမ်းချစ်မြတ်နိုးတယ်... ပျော်တယ်... စိတ်လူပ်ရှားတယ်... နှစ်တိုင်းလိုလိုပါပဲ...ငယ်ငယ်ကတည်းကနေ ခုထိအဲ့ခံစားချက် မပြောင်းလဲဘူး။ မြန်မာ့အတာသင်္ကြန်ကို အရမ်းနှစ်သက်ပါတယ်။ ၂၀၁၇ သင်္ကြန်ကိုလည်း အရင်နှစ်တွေလိုပဲ ပျော်ပျော်ကြီးတဝကြီး ပျော်ပစ်မယ်”။

Han Lay 
M & H - December Hnin
Dress - Sandar by Sandar Aung
Stylist - ThihanKyawOo
Photo - Fred
Venue - Melia`Yangon