“အူဝဲနဲ့ မေးခွန်း တစ်ဆယ့်ကိုး”

သူမ လှသည် 
ဖက်ရှင်ကျသည်
သရုပ်ဆာင်ကောင်းသည်
ဝါသနာတူ ပါရမီဖြည့်ဖက်နှင့် ချစ်ခြင်းတရားတွေနှင့်ပြည့်စုံနေသော ဘ၀တစ်ခုထဲမှာ ချစ်စရာ မီးမီးလေးနဲ့သားသားလေးတို့ကို ပိုင်ဆိုင်ထားသည်။
အနုပညာခရီးစကတည်းက အောင်မြင်ချိန်ကာလ ဒီကနေ့အထိ မပြောင်းလဲတဲ့ စိတ်ထားနဲ့ မာန်မာနမရှိ ပွင့်လင်းတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်လေသည်။
ထိုသို့သော ပြည့်စုံမှုတွေနဲ့ သူမကို မေးခွန်းမြစ်ထဲ စီးဝင်စေလိုက်တော့ ဒီလိုအမေးများကို  ဒီလိုဖြေပေးခဲ့ပါသည်။

အနုပညာ
၁။    အနုပညာခရီးရှည်ကြီးကို လျှောက်လာခဲ့တဲ့သူဆိုတော့ တစ်ခါတစ်ရံမှာ ညောင်းသွားတာမျိုးဖြစ်လား၊ ဖြစ်တဲ့အခါမှာရော ဘယ်လိုဖြေရှင်းခဲ့ပါသလဲ။
ကိုယ်ချစ်တဲ့ အနုပညာနဲ့ ကိုယ်ချစ်တဲ့ ပရိသတ်ကို ပေးဆပ်နေတာဆိုတော့ အဲလိုမျိုးတော့ မရှိပါဘူး။

၂။    အောင်မြင်မှုဆိုတာကိုလည်း အချိန်အကြာကြီးထိန်းထားနိုင်ခဲ့တော့ ထိန်းထားရတဲ့ ထမ်းပိုးမှုကိုရော ပင်ပန်းခဲ့သေးလား ဘယ်လိုထိန်းထားခဲ့ပါသလဲ။
ဟုတ်ကဲ့... အစ်မ။ အူဝဲ ဒီနေ့ဒီချိန်ထိ ကိုယ့်ကိုကိုယ် အောင်မြင်နေတဲ့ လူတစ်ယောက်လို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဖူးဘူး...။ အူဝဲလည်း ဒီနေ့ ဒီချိန်ထိ လိုအပ်နေတုန်းပဲ ကြိုးစားနေရတုန်းပါပဲ။

၃။    အောင်မြင်အောင် ကြိုးစားနေခဲ့ရဖူးတဲ့ အချိန်ကာလနဲ့ အောင်မြင်နေတဲ့ကာလတွေဟာ ဘယ်လိုမျိုးကွဲပြားတယ်လို့ ထင်မိပါသလဲ။
အူဝဲ အနုပညာလောကကို စဝင်ကတည်းက ပရိသတ်အတွက် စေတနာနဲ့ အကောင်းဆုံးတွေပဲ ပေးချင်တယ်ဆိုတဲ့ စိတ်တစ်ခုထဲနဲ့ပဲ သွားခဲ့တာပါ။ ဒီနေ့ထိ ဒီစိတ်ပါပဲ။

၎။    လောလောဆယ်မှာ အူဝဲလိုချင်တဲ့ အနုပညာ မှတ်တိုင်တွေရခဲ့ပြီးပြီလား ဘာတွေပါလဲ။
အူဝဲ လုပ်ခဲ့တဲ့ အနုပညာအလုပ်တွေအပေါ်မှာ ပရိသတ်က အသိအမှတ်ပြုတယ်။ အားပေးတယ်... ချစ်ကြတယ်... အဲဒါတွေနဲ့တင် တော်တော် ကျေနပ်စရာကောင်းနေပါပြီ။

၅။    စိတ်ထဲမှာ ရှိခဲ့သလောက် ဖန်တီးပြချင်သလောက် (သရုပ်ဆောင်ခြင်း) အနုပညာရှိခဲ့ပြီလား ရှိခဲ့ရင်
ဖန်တီးချင်တာတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ အခြေအနေတွေ အချိန်အခါတွေက ရှိပါသေးတယ်။

လူမှု့ဘဝ
၆။    အနစ်နာခံတယ်ဆိုတဲ့ စိတ်အစစ်အမှန်ကို မိဘဖြစ်ဖူးသူသာ ခံစားနိုင်စွမ်းရှိတယ်လို့ ပြောကြတယ် အဲဒီအပေါ်
အဲဒါကတော့ အမှန်ပါပဲ။ သားသမီးနဲ့ ပတ်သက်လာရင် ပိုပြီး အနစ်နာခံနိုင်တယ်။ ကိုယ့် သမီးလေး၊ ကိုယ့်သားလေး အဆင်ပြေဖို့အတွက်ဆိုရင် ဘယ်လိုနေရာမျိုးမှာပဲ နေပေးရနေပေးရ... ကိုယ့် ကလေးအတွက်ဆိုရင် တစ်ယောက်ထဲ မသွားဖူးခဲ့တဲ့ ဆေးရုံလိုနေရာမျိုးလဲ တစ်ယောက်ထဲ သွား ရဲခဲ့တယ်။ ရန်မဖြစ်ဖူးပဲနဲ့လဲ ရန်ဖြစ်ခဲ့ဖူးတယ်။ ကလေးတွေနဲ့ ပတ်သက်လာရင် ကိုယ့်ကိုကိုယ့် မင်းသမီးဆိုတာလဲ မေ့သွားတယ်... သတ္တိတွေက ဘယ်နားက ဘယ်လိုထွက်လာလဲမသိ... ဟား... ဟား...

၇။    မေမေအူဝဲဆိုတာ ပရိတ်သတ်မေမေတွေရဲ့ စံပြ အဲဒီလိုစံပြဖြစ်ဖို့ အူဝဲကြိုးစားခဲ့ရတဲ့ အပိုင်းတွေသားသားမီးမီးနဲ့ပတ်သက်ရာ ထိန်းကျောင်းခြင်းဆိုင်ရာတွေ၊ ၀ိတ်ထိန်းရတာတွေ။ အလုပ်နဲ့ မိသားစုကြား မျှတအောင် နေထိုင်ပေးရတာတွေ….။

ခုနောက်ပိုင်းတော့ အူဝဲကလေးတွေကို ပိုပြီး အချိန်ပေးဖြစ်ပါတယ်။ အရင်လိုတောက်လျှောက် ရိုက်ဖို့ဆိုတာ အဆင်မပြေဘူး။ ခုသမီးလေးဆိုရင် သူတို့ ကျောင်းက Parents Meeting ဆိုလဲ ခဏခဏလုပ်တယ်။ ကျောင်းပွဲတွေဆိုလဲ ခဏခဏလုပ်တယ်။ အဲလိုနေ့တွေမှာ အူဝဲရှေ့တင်ရှိနေတယ်ဆိုရင် သူ့ကို ဘယ်လိုမှ လိုက်မပို့ပေးနိုင်ဘူး။ အဖေဆိုလဲ အတူတူပဲ ရှုတင်မှာပဲဆိုတော့ သူ့ကို လိုက်မပို့ပေးနိုင်ဘူး... သူလဲ သူများနည်းတူသွားချင်ရှာမှာပဲလေ...

နောက်... ဟိုရက်ပိုင်းက သားလေး နေမကောင်းဖြစ်တယ်။ ရှုတင်ရှိတဲ့ ရက်တဲ့တိုက်တယ်... ကလေးနားမှာ နေလို့မရဘူး... အလုပ်လုပ်ရတာ စိတ်မဖြောင့်ဘူး...။ ဒါပေမဲ့ အူဝဲတို့ အနုပညာသမားဆိုတာ ကိုယ့်အရေးကို ဦးစားပေးလို့ မရဘူး။ ကလေးနေမကောင်းလို့ ရှုတင်မလာတော့ဘူးလို့ လုပ်လို့မရဘူး။ ရှုတင်မှာက လူတအုံတမကြီးနဲ့ အလုပ်လုပ်နေကြတာ... အားလုံးဒုက္ခရောက်ကုန် ကြမှာလေ... သူ့ဘက်ကိုယ့်ဘက်ဆိုတာ ကြည့်ပေးရတယ်။ အဲလိုမျိုးလေးတွေပေါ့လေ... အခက်အခဲလေးတွေတော့ ရှိတာပေါ့... ဒါတောင် ကံကောင်းတာက အူဝဲကမေမေရှိနေလို့ အနုပညာအလုပ်လေးတွေ လုပ်လို့ရတာ။ မေမေက မြေးတွေကို ချစ်လို့ လုပ်ပေးချင်ပေမဲ့ တကယ့်တကယ့်ကျတော့ ကလေးထိန်းရတဲ့ အလုပ်က အရမ်းပင်ပန်းတာ မေမေ့ကိုလည်း နားနားနေနေပဲ နေစေချင်တယ်။

အဲတော့ အနုပညာအလုပ်ကြီးကို လုံးဝမလုပ်ဘဲ ဖြတ်လိုက်မလားဆိုတော့လည်း ကိုယ့်ကို နှစ်ပေါင်းများစွာ အချိန်ကုန်ခံ၊ ငွေအကုန်ခံ ပေးဆပ်ပြီး အားပေးလာကြတဲ့ ချစ်နေကြတဲ့ ပရိသတ်၊ ကိုယ်နှစ်ပေါင်းများစွာ လျှောက်လှမ်းလာခဲ့တဲ့ ကိုယ်ချစ်တဲ့ အနုပညာအလုပ်... ဒါတွေကိုလည်း ထည့်မတွက်လို့ မရပြန်ဘူး...။

အနုပညာသမားတိုင်း ဒီလိုပဲ ဖြစ်ကြလိမ့်မယ်ထင်ပါတယ်။ ခုလောလောဆယ်တော့ အူဝဲက ဒီလမ်းကြောင်းနှစ်ခုကို အတတ်နိုင်ဆုံး ဟန်ချက်ညီအောင် ကြိုးစားပြီးတော့ သွားနေပါတယ်။ စိတ်တွေတော့ ပင်ပန်းပါတယ်။

၈။    အူဝဲရဲ့ နေ့စဉ် ဂရုတစ်စိုက်မဖြစ်နေ လုပ်တတ်တာလေးတွေ (ကလေးတွေအတွက်၊ အူဝဲအတွက်)
ကလေးတွေရပြီး နောက်ပိုင်းမှာ ကိုယ့်အတွက်ဆိုတာတော့ သိပ်မရှိတော့ပါဘူး။ သမီးဆို ကျောင်းကိစ္စပေါ့။ ရှုတင်မရှိတဲ့ ရက်ဆိုကျောင်းပို့ ကျောင်းကြိုကိုယ်တိုင်လုပ်ပါတယ်။ သားလေးကတော့ စားတာသောက်တာ ဂရုစိုက်ပေါ့...။

၉။    အလှအပစောင့်ရှောက်မှု
အလှအပနဲ့ ပတ်သက်ပြီးတော့ အထူးတလည် စောင့်ရှောက်တာမျိုးတော့ မရှိပါဘူး။ Body Weigh အတွက်တော့ နေ့တိုင်း Exercise တစ်နာရီလောက် လုပ်ပါတယ်။ ကျန်းမာရေးအတွက်လဲ ကောင်းတယ်။ နေ့တိုင်းလို့သာ ပြောတာပါ။ အခု နောက်ပိုင်းတော့ ပုံမှန်တောင် မရှိပါဘူး။ ကလေး ကိစ္စနဲ့ အလုပ်နဲ့ ဒီကြားထဲ လူမှုရေးကိစ္စလေးတွေကလည်း လုပ်ရသေးတယ်။

၁၀။    မိသားစု အစီအစဉ်နဲ့ အလုပ်အစီအစဉ် 
အလုပ်ကတော့ အူဝဲကို လာအပ်တဲ့အထဲမှာမှ ကိုယ်ရိုက်ချင်တဲ့ ကားလေးပရိသတ်ကြိုက်နိုင်မဲ့ ကားလေးလောက်ပဲရွေးပြီး ရိုက်ဖြစ်တော့တယ်။ နောက်အူဝဲရဲ့ “သုဒြာ” ထုတ်လုပ်ရေးကနေ Only Producer အနေနဲ့ ရိုက်မယ့် ကားလေးတွေ ရှိမယ်။ မင်းသမီး မလုပ်ဖြစ်တော့ရင်တောင် အနု ပညာကိုချစ်တော့ အနုပညာနဲ့ပတ်သက်တဲ့ အလုပ်ပဲလုပ်ဖြစ်နေဦးမယ်ထင်တယ်။

အလှအပနဲ့ဖက်ရှင်
၁၁။    မော်ဒယ်ဘ၀ စခဲ့တုန်းက အူဝဲရဲ့ အလှအပအပေါ်အမြင်နဲ့ ဒီနေ့အူဝဲရဲ့အမြင် ဘယ်လိုတွေပြောင်းခဲ့ပြီလဲ
ဘယ်လိုတွေ ပြောင်းလဲသွားလဲဆိုတော့ ကိုယ့်အသက်အရွယ်နဲ့ လိုက်မယ့်ဖက်ရှင်ပေါ့နော်။ အရမ်း Cute ဖြစ်တဲ့ ပုံစံဆိုရင် မဝတ်ချင်တော့ဘူး။

၁၂။    အူဝဲလက်ခံတဲ့ဖက်ရှင်ဆိုတာ
ဖက်ရှင်ဆိုတာကတော့ ခေတ်နဲ့အညီ ပြောင်းလဲနေတာပေါ့နော်။ ဖက်ရှင်ကို ထွင်ပုံထွင်နည်းကလည်း တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ဘူးပေါ့။ ဒါပေမဲ့ နေရာတိုင်းမှာ ဖက်ရှင်ကျနေစရာတော့ မလိုဘူးလို့ အူဝဲထင်တယ်။ ဥပမာ အူဝဲကလေး ကျောင်းသွားကြိုတယ်ပေါ့။ ထမီလေးတစ်ထည်နဲ့ Blouse လေး တထည်ဝတ်သွားလိုက်တယ်ပေါ့။ ဒီလိုနေရာကြီးမှာ ဖက်ရှင်ကျနေစရာလဲ မလိုဘူးလေ။ အဓိကကတော့ သူ့နေရာနဲ့ သူအဆင်ပြေပြေသပ်သပ်ရပ်ရပ် ဝတ်တတ်ဖို့လိုပါတယ်။

၁၃။    ၂၀၁၇ မှာအူဝဲ အကြိုက်ဆုံး ဖက်ရှင် စတိုင်လ်ဆိုတာ
ဗမာ အင်္ကျီဝမ်းဆက်လေးတွေ ခုတလောကြိုက်နေပါတယ်။ အသက်ကလည်း ကြီးလာပြီ ဆိုတော့လေ။ ဒါပေမဲ့ ဒီနေ့ ဓာတ်ပုံရိုက်တဲ့ ဖက်ရှင်လေးတွေလဲ သဘောကျပါတယ်။ ကိုယ်ဝတ်ထားတဲ့ အဝတ်အစားကို ကြိုက်မှ အိုက်တင်ကော မုဒ် ကော လုပ်လို့ကောင်းတာလေ။

၁၄။    ပြည့်စုံ့တဲ့ လှပခြင်းဆိုတာ
ပြည့်စုံတဲ့လှပခြင်းဆိုတာ ပေတံအမျိုးမျိုးနဲ့တိုင်းကြမယ်ထင်တယ်။ အူဝဲဆီမှာ ပြည့်စုံတဲ့ လှပခြင်းမရှိတာတော့ သေချာတယ်။

၁၅။    အနုပညာရှင်နဲ့ အလှအပ ဖက်ရှင် သရုပ်ဆောင်ခြင်းတွေ ဘယ်လို ဆက်နွယ်နေလည်းဆိုတာ
အနုပညာရှင်တစ်ယောက်က သရုပ်ဆောင်ခြင်းအပြင် အလှအပနဲ့ဖက်ရှင်ကို အမြဲတမ်းကြီး မလိုအပ်သလို တခါတရံမှာလည်း လိုအပ်ပါတယ်။ (ရုပ်ရှင်လောကဘက်ကို ပြောတာပါနော်)၊ အခြေအနေ၊ အချိန်အခါ ကိုယ်သွားတဲ့လမ်းကြောင်းပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ အူဝဲအမြင်ကို ပြောတာပါ။

၂၀၁၇ နဲ့ အူဝဲ
၁၆။    ဘာတွေရိုက်ထားပြီး ဘာတွေထွက်ဖို့ရှိ တယ်
နှင်းဆီပန်သူ နောင်နောင်၊ Reflection ၊ တစ်နေ့ရွှေ တစ်နေ့ငွေ၊ အချိုဆုံးအချစ် အပြင်းဆုံးအဆိပ်၊ ဝုန်းပစ်လိုက်မယ်၊ ရင်ဘက်ထဲက ဓား၊ ကျွန်မအချစ်ဆုံး ယောက်ျားသုံးယောက်၊ ရူးအောင် ချစ်မယ့်သူ၊ လေဒီ ဒိန်းဂျား၊ ကြတ်ဂူ၊ အမျှ အမျှ နဲ့ အတ္တမိုးဦးဆိုတဲ့ ပုဂံမှာ ရိုက်ထားတဲ့ကား ။

၁၇။    အကယ်ဒမီ ခံစားမှု
ကိုယ့်အနုပညာသမားတွေကို အားပေးဖို့၊ ဂုဏ်ပြဖို့အတွက် တက်မှာပါ။
    
၁၈။    ဒီနှစ်ထဲမှာ မဖြစ်မနေ လုပ်ကိုလုပ်မယ့်အရာ
လောလောဆယ်တော့ မရှိသေးဘူး။

၁၉။    ပရိသတ်ကို မပြောဖူးတဲ့ စကားတစ်ခွန်း
ကျန်းမာရေး ဂရုစိုက်ကြပါလို့...

EAIN DRA KYAW ZIN
MAKEUP & HAIR - JECCIA HAN
DERSS - YONE STONE
STYLIST - SWEANNIE DEAN
PHOTO - AUNG ZAW (LOVE SPACE)
RETOUCH - NYI NYI HLAW BAW