Primary tabs

Aye Myat Thu Challenges Aye Myat Thu

ယှဉ်ပြိုင်ခြင်းဆိုတာ နေရာတိုင်းမှာ
အနိုင်အရှုံးတွက်ဆစရာ မဟုတ်တဲ့ မိမိကိုယ်ကို စိန်ခေါ်ရမှုဟာ
ခမ်းနားတဲ့အနုပညာတစ်ခုကို ဖန်တီးရသလိုပဲ သိမ်မွေ့လွန်းတယ်  
မိမိကိုယ်ကို အကဲဖြတ်ရခြင်းဟာလည်း ဒီလိုပဲ ဘက်လိုက်မှုကင်းကင်းနဲ့ အမှန်အတိုင်းမြင်ဖို့ ခက်ခဲတယ်
ဒါတွေအကုန်လုံးကို စိန်ခေါ်ခဲ့တယ် အောင်မြင်ခဲ့တယ်  သူမရဲ့ မိမိကိုယ်ကို စိန်ခေါ်ခြင်း story ဒီကစတယ်

ဘာဖြစ်ချင်ခဲ့သလဲ
ကျွန်တော် အနုပညာရှင်ဖြစ်ချင်တယ်ဆိုတဲ့ စိတ်ပဲရှိခဲ့တာ ဘာက ဘယ်လို လိုအပ်ပြီး ဘာက အားသာချက် အားနည်းချက်ဆိုတာ

မကွဲပြားသေးတဲ့ ဆယ်ကျော်သက်ဘဝ အနုပညာရှင်ဘ၀မှာ အလိုက်သင့်နေထိုင်ခဲ့မိတယ် ထင်ပါရဲ့

အလုပ်ပြီး အလုပ် အလုပ်ပြီး အလုပ် သံသရာထဲမှာ အချိန်အတော်ကြာ မျောနေခဲ့တာ အေးမြတ်သူကို ပြန်လည်မြင်နိုင်တာ ကိုယ့်ကိုကိုယ် သိလာမြင်လာတာ မကြာခဲ့သေးဘူးလို့ပြောရမယ်။

ဘဝကို စိတ်ချမ်းချမ်းသာသာနဲ့ အနုပညာကို ပျော်ရွှင်စွာနဲ့ ဘယ်လိုဖြတ်သန်းမလဲ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီလားဆိုတဲ့ အတွေးတွေကို အလုပ်နည်းပါးခဲ့ချိန် ပြီးခဲ့တဲ့ နှစ်နှစ်မှာ တွေးခွင့်ရခဲ့တယ် သုံးသပ်ခွင့်ရခဲ့တယ်။ အေးမြတ်သူအစစ်ကို ပြန်လည်တွေ့ရှိနိုင်ခဲ့တယ်။

ကိုယ်လုပ်ချင်တဲ့ ပရဟိတ ကိုယ်သွားချင်တဲ့ခရီး ပိုက်ဆံပိုက်ဆံလို့ တွက်ဆနေစရာမလိုတဲ့ အလုပ် ဒါတွေကို လုပ်ခွင့်ရလာတယ် ဒါဟာ အေးမြတ်သူအစစ် အေးမြတ်သူပျော်တဲ့ ဘဝဆိုတာမျိုး သိရှိလာခဲ့ပါတယ်။

ဘယ်လိုပြင်ဆင်ခဲ့သလဲ
စိတ်အားဖြင့် ရုပ်အားဖြင့် အလုံးစုံ အကုန်ပြောင်းလဲဖို့ ကြိုးစားပစ်လိုက်တာ ရုပ်အားဖြင့် ပြောင်းလဲနိုင်ဖို့

လုပ်နိုင်တယ်ဆိုတဲ့ စိတ်ကို အရင်မွေးတယ် ပိုင်းဖြတ်နိုင်တဲ့ စိတ်ရလာတယ် ဆယ်နှစ်လုံးလုံး ဆံနွယ်လေးနဲ့ လှတယ်ဆိုတာကို ဆံပင်အတို ညှပ်ပစ်လိုက်တယ် ခန္ဓာကိုယ်အတွက် ဂရုတစိုက်ကစားတယ် ကြိုက်နှစ်သက်တဲ့ ဖက်ရှင်ပုံစံကို ပြောင်းပစ်လိုက်တယ် အရိုးစွဲနေတဲ့ အရာတွေကနေ အရင်စပြောင်းပစ်လိုက်တာ အေးမြတ်သူအတွက် အေးမြတ်သူဖြစ်ချင်တဲ့အရာ ဖြစ်လာနိုင်ခဲ့တယ်။

ဘော်ဒီအတွက် တစ်နေ့ကို တစ်နာရီ နှစ်နာရီတော့ ရအောင်ကစားတယ် ခရီးတွေထွက်တယ် မိသားစုနဲ့ သေသေချာချာ အချိန်ပေးပြီးနေတယ် အလုပ်လုပ်ရင်း ကိုယ့်အတွက် အချိန်ရအောင် ဖဲ့ယူတတ်လာတယ်။

နေရတာ ပိုပျော်လာတယ်။ ကိုယ်တည်ဆောက်ပြုပြင်တဲ့အရာတွေ တိုးတက်လာတဲ့အခါ ဘဝဟာနေရတာ ပိုအဓိပ္ပါယ်ရှိစွာနဲ့ ပျော်လာတယ်။

အေးမြတ်သူ & အေးမြတ်သူ
ကင်မရာရှေ့ရောက်ရင် မော်ဒယ်လ် အေးမြတ်သူ

ရုပ်ရှင်ကင်မရာရှေ့ရောက်ရင် သရုပ်ဆောင် အေးမြတ်သူ

အိမ်ရောက်ရင် သမီးအေးမြတ်သူ

ဘာမှလုပ်မနေတဲ့အချိန်ဆို အေးမြတ်သူဟာ အေးမြတ်သူပဲ ဘာမှထူးထူးခြားပြောင်းလဲ စရာမလိုဘူးလို့ ယူဆတယ်

မင်းသမီးမို့လို့ မသွားသင့်တဲ့နေရာ မလုပ်သင့်တဲ့အလုပ် မဖြစ်မနေလုပ်ကိုလုပ်ရမယ့် အလုပ်လို့ ခွဲခြားထားတာမျိုး အေးမြတ်သူမှာ မရှိဘူး မင်းသမီးမို့လို့ club မသွားသင့်ဘူးဆိုတာမျိုးမရှိဘူး သွားချင်ရင် သွားမှာပဲ သွားတဲ့အတွက်လည်း ပုန်း လျှိုး ကွယ်လျှိုးသွားမှာ မဟုတ်ဘူး မသွားချင်လို့ကို မသွားမှာ အဝတ်အစားဆိုလည်း ဒီလိုပဲ ဘယ်နေရာမှာ ဘာဝတ်သင့်တယ်ဆိုတဲ့ ဝေဖန်ပိုင်းခြားနိုင်တယ် အဟိုက်ဝတ်ရတဲ့နေရာ လုံလုံခြုံခြုံဝတ်ရမယ့် နေ ရာဆိုပြီး အတိအကျခွဲခြားသိမြင်ပါတယ်။

ကိုယ့်ကိုကိုကြည့်ရင်း အသက်ကြီးလာတာ ပိုကျေနပ်လာသလိုပဲ၊ ပြောင်းယူရင်း နေချင်စရာ ပိုကောင်းလာတယ်လို့ ခံစားရတယ်၊ မိသားစုနဲ့လည်း ပိုနေတယ်။

ဒါကြောင့် အေးမြတ်သူဟာ အေးမြတ်သူပါပဲ ဘာရယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာမနေပါဘူး။

ငွေကြေးနဲ့ အနုပညာ
လူအမျိုးမျိုး ခံစားချက်အမျိုးမျိုးရှိကြမှာပေါ့။ ကျွန်တော် ခံယူချက်ကို ပြောပါဆိုရင်တော့ အလုပ်ကို စီချလိုက်တဲ့အခါ ငွေကြေးရခြင်း မရခြင်းဆိုတာထက် ကိုယ်ပေးတဲ့ ကတိကိုတည်အောင် စဉ်းစားတယ်။ အနုပညာရသလား ငွေကြေးရသလား ဒီနှစ်ခုပဲ စဉ်းစားတယ်။ “ရမယ် ရမယ်”ပဲ စဉ်းစား၊ ရမယ် မရမယ် မရှိဘူး။

ဒီစာမျက်နှာတွေကနေ ကျွန်တော်ကို ကြော်ငြာတွေမှာ မြင်လာတာ၊ တွေ့လာတာပေါ့။ လာတဲ့ အလုပ်တွေက ဘယ်မဂ္ဂဇင်းမှာတွေ့လို့ဆိုပြီးတော့ လာတာ။

အေးမြတ်သူ ကစားတယ် လှလာတယ် ဒါကို ဒီ Page တွေကနေပဲ ပြနိုင်တာလေ။ ဘယ်ကြော်ငြာမှာမြင်လို့ဆိုပြီး မလာဘူးလေ။

အချစ်နဲ့ ဘဝ
ကိုယ့်ကိုယ်ကို သိပ်ချစ်တယ်။ အရမ်းကို ချစ်တာနော်။ ကိုယ်ကိုယ်ကို ဂရုစိုက်ခြင်းနဲ့ မိဘကို ချစ်ပေးတယ်၊ မိဘ စိတ်မပူရအောင် နေပေးတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်တော့ နေကောင်း တယ်၊ ကျန်းမာတယ်၊ အဲဒီတော့ မိဘက စိတ်ပူ စရာမလိုဘူး။ မိဘကို သိပ်ချစ်တဲ့အတွက် ကိုယ်ပိုင်ဘဝတည်ဆောက်ဖို့ သိပ်စိတ်မပါသေးဘူး။ မိသားစုနဲ့ တစ်သက်လုံးအတူတူနေခဲ့တော့ ကိုယ် ပိုင်ဘဝရတဲ့အချိန်မှာ ခွဲထားရစ်ခဲ့ဖို့ လောလောဆယ်မှာ မဆုံးဖြတ်နိုင်သေးဘူး။ ကိုယ်က မိဘကို သိတတ်ခဲ့တဲ့ သားသမီးဖြစ်တော့ ကိုယ်ရဲ့ ကိုယ်ပိုင်ဘဝကို တည်ဆောက်တဲ့အခါမှာလည်း ကိုယ်ပိုင်သီးသန့်ဘဝနဲ့ပဲ သီးခြားနေချင်တယ်။ အဲဒီအတွက် ကိုယ့်မိဘကို ပြည့်ပြည့်စုံစုံထားခဲ့နိုင်မှ ကိုယ့်ရဲ့ အချစ်နဲ့ဘဝကို တည်ဆောက်မယ်လို့ ဆုံးဖြတ်ထားတယ်။

အိမ်ထောင်ရေးဆိုတာ
ပြောရရင်လေ အသက် ၂၅ နှစ်လောက်ကတည်းက ကလေးလိုချင်ပြီး အိမ်ထောင်ပြုချင်ခဲ့တယ်။ အိမ်ထောင်ပြုချင်တယ်ဆိုတာထက် ကလေးလိုချင်တာ။ ကလေးအရမ်းချစ်တာကြောင့် အခု Gym ကစားနေတယ်ဆိုတာတွေကလည်း တစ်ချိန်မှာ အိမ်ထောင်ပြုပြီး ကလေးမွေးဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာပါ။ အခု အသက်အရွယ်အရ အိမ်ထောင်ပြု ကလေးမွေးမယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ မွေးဖွားလာနိုင်ဖို့ ကျန်းမာတဲ့ မိခင်ဖြစ်ဖို့ အခုကတည်းက ပြင်ဆင်နေတာပါ။ ပြီးတော့
ငယ်ငယ်တုန်းက မှားတယ်ဆိုတာ ငယ်လို့မှားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မှားလို့ရနိုင်ကောင်းရပေမယ့်လည်း အခုအရွယ်မှာ မှားလို့မရတဲ့အရွယ်ကိုရောက်ခဲ့ပြီ။ နောက်တစ်ခုက ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကို ကိုယ့်အတွက်နဲ့ မျက်နှာမငယ်စေချင်ဘူး။ အရင်တုန်းက sexy မော်ဒယ်လ်လို ပုံစံမျိုးကို သားရှင်တစ်ယောက်အနေနဲ့ သဘောကျပါ့မလား။ သားရှင်နေရာက ဝင်တွေးကြည့်ရင် သဘောမကျဘူးလေ။ အဲဒီအတွက် ကိုယ့်ကိုယ်ကို ပြန်လည်တည်ဆောက်တယ်၊ ပြန်လည် ပြုပြင်တယ်။ အေးမြတ်သူသာ ပျော်မယ်ဆိုရင် အေးမြတ်သူရဲ့ မိသားစုဘဝကို ပျော်အောင်ဖန်တီးနိုင်မယ်ဆိုရင် ဘယ်လောက်ပင်ပန်းပန်း အကုန်လုံးကို ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ အေးမြတ်သူ မင်းသမီးတစ်ယောက်ရဲ့ ဘဝဆိုတာထက် ဇနီးမယားတစ်ယောက်ဘဝနဲ့ မိခင်တစ်ယောက်ဘဝနဲ့ပဲ နေချင်ပါတယ်။

စိတ်ကူးထဲက ဘဝအဖော်
အေးမြတ်သူကို သည်းခံနိုင်တဲ့ သွန်သင်နိုင်တဲ့ လေးစားစရာကောင်းတဲ့ လူမျိုးပဲလိုချင်တယ်။ ရုပ်ချောစရာမလိုဘူး၊ ကောင်းပေ့ ညွန့်ပေ့ဖြစ်စရာ မလိုဘူး၊ ကောင်းပြီးသား မလိုချင်ဘူး၊ အခက်အခဲကို အတူရင်ဆိုင်ပြီး အောင်မြင်မှုကို အတူခံစားမယ့် ငါတို့ အတူတူကြိုးစားခဲ့ကြတာဆိုတဲ့ ဘဝမျိုးကိုပဲ လိုချင်ပါတယ်။

လောလောဆယ်
MRTV-4 ဇာတ်လမ်းတွဲမှာ ရဲအုပ် ခက်ခက်ခိုင် အနေနဲ့ အက်ရှင်ဇာတ်လမ်းရိုက်နေတယ်။ ခရီးတွေသွားမယ်၊ မိသားစုနဲ့ အတူနေမယ်။ ပရဟိတကို အချိန်ရတိုင်း လုပ်မယ်။ 

Model - Aye Myat Thu
Makeup & Hair - Nyi Nyi Maung - San Chaung
Photo - Wunna Khwar Nee
Dress - Ma Pont (My Favourite)
Decoration - Everlasting Floar & Decoration