Designer's Inspiration!

Designer Y Stone
People ရဲ့ ဒီဇိုင်နာကဏ္ဍအတွက် ရွေးချယ်ထားတာကတော့ ကချင်ရိုးရာဒီဇိုင်းကို ချည်ထည်နဲ့ တခြားအတွဲအစပ်လေးတွေလုပ်ပြီး နည်းနည်း ထူးထူးခြားခြားလေး ဖန်တီးထားပါတယ်။

ကချင်ရိုးရာဂျတ်ခုတ်ထည်ကို ခါးအမြင့် ရင်ခေါင်းကျော်အထိ ဝတ်လို့ရတဲ့ ဘောင်းဘီပုံစံ၊ အောက်ဖျားမှာ ခေါင်းလောင်းပုံကို အခွဲတွေခွဲပြီး ကစားထားပါတယ်။ အင်္ကျီတွေကျတော့ ကချင်ထည်နဲ့ ကုတ်ပုံစံတွေ၊ အပေါ်ထပ် ကုတ်အတိုလေး တွေကို အမွေးဖားဖားလျားလျားလေး ပုံစံလေး တွေလုပ်ထားပါတယ်။ 

ပုံမှန်အားဖြင့် ကျွန်တော်အဓိက ကြိုက်တာက Black & White ပါ။ ပြီးတော့ အရောင်ဖျောလေးတွေ ကြိုက်တယ်။ ချုပ်လည်းချုပ်ခဲ့တယ်။ အခု ၂ဝ၁၈ အတွင်းမှာ ကျွန်တော် ကာလာစုံလေးတွေ ကြိုက်တယ်။ ကြည့်လိုက်တာနဲ့ အရမ်းကို တက်ကြွတဲ့ တောက်ပတဲ့ လန်းဆန်းတဲ့ ပုံစံလေးတွေ လုပ်သွားပါမယ်။

ကျွန်တော့်ကို အများဆုံးသိကြတာ ယောက်ျားဝတ်ဖက်ရှင် ဒီဇိုင်နာ၊ ကချင်ရိုးရာထည်တွေနဲ့ ဒီဇိုင်းထုတ်တဲ့ ဒီဇိုင်နာအဖြစ် သိကြတယ်။ ပြီးတော့ မီဒီယာဘက်မှာဆို ကျွန်တော်က ယောက်ျားလေးဖက်ရှင်ကို စပြီး လမ်းသစ်ထွင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ် ၁၇ နှစ်လောက်က မဂ္ဂဇင်းတွေမှာ ယောက်ျားလေးဖက်ရှင်တွေကို ထိုးဖောက်ဖို့ ကြိုးစားချပြခဲ့တယ်။ အဲဒီအချိန်က မိန်းကလေးဖက်ရှင်လောက်ပဲ ပြကြတယ်။ ယောင်္ကျားလေးဆို ဘယ်သူမှမထည့်ကြဘူး။ မော်ဒယ်လ်တွေကလည်း အဲ့လောက်မရှိသေးဘူး။ မင်းသားတွေဆိုရင်လည်း အင်တာဗျူးကဏ္ဍတွေဆို ဂျင်းတို့၊ ရှပ်အင်္ကျီတို့၊ ကုတ်တို့လောက်ပဲ ဝတ်ပြီးရိုက်ကြတယ်။ တကူးတကဘယ်သူမှ ချုပ် ပြီး မရိုက်ကြဘူး။ ယောက်ျားလေးဖက်ရှင်ဆို အထူးတလည်ဘယ်မှာမှ မရှိဘူး။ ကျွန်တော့်မှာ မဂ္ဂဇင်းတွေကို လိုက်ဆက်သွယ် တိုင်ပင်ပြီး အရမ်းထိုးဖောက်ခဲ့ရတာ။ အခုကတော့ ယောက်ျားလေးဖက်ရှင်ဆိုပြီး လူသိသွားတော့ ဒါဟာ ကျွန်တော်ရဲ့ Trade mark တစ်ခုပေါ့နော်။ 

၂ဝဝ၁,၂ ခုနှစ်လောက်မှာ မဂ္ဂဇင်းတွေမှာ ကျွန်တော့်ဖက်ရှင်ဒီဇိုင်းတွေ စရိုက်လာခဲ့ပါတယ်။ ဒီဇိုင်နာတစ်ယောက်လုပ်မယ်ဆိုပြီး ရည်ရွယ်ခဲ့တာမဟုတ်ပေမဲ့ မသိစိတ်မှာ အဲဒီဗီဇကရှိနေတာ ပေါ့နော်။ အမေတွေ အစ်မတွေက စက်ချုပ်တယ်။ 
ကျွန်တော်လည်း ငယ်ကတည်းက စက်နင်းတတ်တယ်။ ပုဆိုးတွေ ဘာတွေချုပ်တတ်တယ်။ ရှပ်အင်္ကျီတွေ ဘာတွေလည်း သူများနဲ့မတူအောင် ထွင်ချုပ်တယ်။ ဘုရားကျောင်းမှာ ပွဲတွေ ဘာတွေရှိရင်လည်း သူငယ်ချင်းတွေကို ဘာဝတ် ဘာဝတ် စီစဉ်ပေးတယ်။ အဲလိုမျိုးတွေပေါ့။ ဒီဇိုင်နာဖြစ်လာဖို့လည်း ကိုယ့်ဘာသာလေ့လာလိုက်စားပြီးတော့  လုပ်ခဲ့ရတာပါ။

ခုဆိုရင် ပွင့်လင်းမြင်သာတဲ့ခေတ်ဖြစ်နေပြီဆိုတော့ ဒီနေ့ဒီအချိန်မှာ ဘာတွေထွက်နေပြီဆိုတာ ခုချက်ချင်းလေ့လာလို့ရတယ်။ ကိုယ်တွေငယ်ငယ်တုန်းကလိုမျိုး မဟုတ်တော့ဘူး။ ဖက်ရှင်ဒီဇိုင်နာဆိုတာ အရမ်းခေတ်စားလာတဲ့ ခေတ်ဖြစ်သွားပြီ။ ဖြစ်ဖို့အခွင့်အရေးက အရမ်းများသွားပြီ။ သို့သော် အခွင့်အလမ်းကျတော့ နည်းသွားတယ်။ အဲဒီတော့ အခွင့်အလမ်းကို ရအောင်လုပ်တတ်ဖို့ လိုတယ်လို့ မျိုးဆက်သစ်လေးတွေကို ပြောချင်ပါတယ်။ 

ကျွန်တော်ကို Men Fashion ဒီဇိုင်နာအနေနဲ့ ကချင်ဒီဇိုင်နာအနေနဲ့ ဒီကနေ့အထိလက်ခံပေးတဲ့ ပရိသတ်များကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဆက်လက်ဖန်တီးမယ့် အရာတွေကိုလည်း တစ်ခုပြီးတစ်ခု လက်တွေ့ချပြသွားပါမယ်။ အားပေးပါလို့ ပြောချင်ပါတယ်။


Designer - Y Stone
Model - Paing Takhon, Nyein Thaw
MUA - Htet (Pop Soul)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw