ချန်ခဲ့ရမယ့် ဖက်ရှင် နဲ့ ဆက်သွားရမယ့် ဖက်ရှင်

၂ဝ၁၈ ခုနှစ် ရောက်ရှိလာပါပြီ။ ကုန်ဆုံးပြီးသွားတဲ့ ၂ဝ၁၇နဲ့ အတူ အဟောင်းတွေကို လက်ပြနှုတ်ဆက်ပြီး နှစ်သစ်နဲ့အတူ အသစ်အသစ်သော အရာတွေကို ကြိုဆိုရတော့မယ့် အချိန်ပါပဲ။ ဒီအထဲမှာ သင့်ရဲ့ဖက်ရှင်စတိုင်လည်း ပါဝင်ပါတယ်။ ဒီတော့ ချန်ခဲ့ရမယ့် ဖက်ရှင်နဲ့ ဆက်သွားရမယ့် ဖက်ရှင် နှစ်ခုကြား ရင်ခုန်ကြည့်ကြရအောင်ပါ။

ချန်ခဲ့ရမယ့်ဖက်ရှင် - ရှပ်အကွက်များ
မချစ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ၂ဝ၁၈ မှာ ဖက်ရှင်ချစ်သူတွေရဲ့ မျက်လုံးကို ဖမ်းစားမယ့် Prints အသစ်တွေ ထွက်လာဖို့ရှိနေပါတယ်။ ဒါကြောင့် မြင်နေကျအကွက်တွေကို ခန အနားပေးပြီး အပြောင်းအလဲအနေနဲ့ အသစ်အဆန်းတွေကို အလှည့်ပေးရမယ့် အချိန်ရောက်ပြီလို့ပဲ ဆိုကြပါစို့။ အကွက်တွေရဲ့ ပရိသတ်က အခိုင်အမာရှိတာကြောင့် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပြန်လည်ခေတ်ထလာနိုင်လို့ သံယောဇဉ်မကုန်နိုင်ဘူးဆိုရင်တော့ သူတို့ကို ဗီဒိုထဲမှာ နေရာပေးထားနိုင်ပါတယ်။

ဆက်သွားရမယ့်ဖက်ရှင် - Check Print
Chanel ၊ Calvin Klein ၊ Balmain ၊  Fendi ၊ Miu Miu ၊ Marc Jacobs  စတဲ့ Fashion လောကကို ဦးဆောင်နေတဲ့ Power House တွေရဲ့ Spring/Summer 2018  Fashion Show တွေမှာ Check Print တွေကို အရောင်စုံ ၊ ဒီဇိုင်းစုံ နဲ့ မြိုင်
မြိုင်ဆိုင်ဆိုင်ကို မြင်တွေ့ခဲ့ပါတယ်။ သူ့နည်းသူ့ဟန်နဲ့ ဆရာကျတဲ့ Victoria Beckham ရဲ့ ၂ဝ၁၈ Collections တွေမှာတောင် အသားရောင် နဲ့ အညိုရောင်ဘက်သွားတဲ့ Check Print ကို အခြေခံထားတဲ့ ဒီဇိုင်းတွေကိုတွေ့ရပါတယ်။ ဒါက ၂ဝ၁၈ မှာ Check Pattern နဲ့ ရှပ်အင်္ကျီ၊ ဘောင်းဘီ၊ ဂျက်ကတ်တွေကို မြင်ရတွေ့ရတော့မယ်ဆိုတဲ့ လက္ခဏာပါပဲ။


ချန်ခဲ့ရမယ့်ဖက်ရှင် - Millennial Pink
Millennial Pink ဆိုတာက ၂ဝ၁၇ ရဲ့ Color ပါ။ ၂ဝ၁၇ ရဲ့ အရောင်ဖြစ်လို့ Runway ပေါ်က စူပါမော်ဒယ်များက အစ နိုင်ငံတကာက နာမည်ကြီး သရုပ်ဆောင်တွေအလယ် အင်္ဂလန်က မြို့စားကတော် Kate Middleton အဆုံး အပြိုင်အဆိုင် ဝတ်ဆင်ခဲ့ကြတဲ့ အရောင်လည်း ဖြစ်ပါတယ်။ ၂ဝ၁၇ ရဲ့ အရောင်ဆိုမှတော့ ၂ဝ၁၇မှာပဲ ချန်ထားခဲ့ရတော့မှာ သေချာနေပါပြီ။


ဆက်သွားရမယ့်ဖက်ရှင် - Lavender
၂ဝ၁၈ မှာခေတ်စားမယ်လို့ ခန့်မှန်းထားတဲ့ အရောင်တွေထဲမှာ ထိပ်ဆုံးက Lavender ပန်းရဲ့အရောင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ခရမ်းဖျော့ဖျော့ အရောင်ပါဝင်လာပါတယ်။ မြန်မာမှုပြုရရင်တော့ ဗေဒါရောင်ပါ။ Valentino ၊ Michael Kors နဲ့ 
Victoria Beckham တို့ရဲ့ ၂ဝ၁၈ အတွက် Collections တွေမှာ Lavender (သို့) ဗေဒါရောင်ကို မြင်တွေ့နေရပါတယ်။

ချန်ခဲ့ရမယ့်ဖက်ရှင် - Bomber Jackets
၂ဝ၁၇ မှာ အတွေ့ရ အမြင်ရဆုံး ဖက်ရှင်ကို ပြပါဆိုရင် Bomber Jackets နဲ့ တွဲစပ်ထားတဲ့ ဖက်ရှင်အတွဲအစပ်တွေလို့ပဲပြောရမှာပါပဲ။ Gigi နဲ့ Kendall တို့နဲ့ အတူ ရေပန်းစားလာတဲ့ Bomber Jacket တွေကို ဒီနှစ်တွေအတွင်းမှာ မမြင်ချင်မှ အဆုံးဖြစ်ခဲ့ရပါတယ်။ အရောင်စုံ၊ အဆင်စုံ၊ အမှတ်တံဆိပ်ပေါင်းစုံ နဲ့ Bomber Jacket တွေကို ဘယ်နာမည်ကျော်နဲ့မဆို တွဲတွေ့ခဲ့ပြီးပြီ ဖြစ်တာကြောင့် ၂ဝ၁၈ မှာတော့ ခပ်မိုက်မိုက် နောက်ထပ် Trend အသစ်တစ်မျိုးကို မြင်တွေ့ရဖို့ ဖက်ရှင်ချစ်သူ အားလုံး အဆင်သင့်ဖြစ်နေကြပါပြီ။

ဆက်သွားရမယ့်ဖက်ရှင် - Blazer 
Blazer ဒါမှမဟုတ် Suit တွေက ၂ဝ၁၈ ဖက်ရှင်ရေစီးကြောင်းမှာ မျောလာမယ့် Trend ဖြစ်လာနိုင်ပါတယ်။ 2017 EMA London ဆုပေးပွဲတုန်းက Pop အဆိုတော် Devi Lovato ဝတ်လာခဲ့တဲ့ Suit Fashion က အတော်လေးပွဲဆူသွားတာ ကြောင့် ၂ဝ၁၈ မှာလည်း ဟိုဟိုဒီဒီမှာ မြင်တွေ့ရမယ့် စတိုင်လို့ အများက ခန့်မှန်းနေကြပါတယ်။ ရေပန်းစားသည်ဖြစ်စေ မစားသည် ဖြစ်စေ၊ ကုတ်အင်္ကျီကောင်းကောင်းတစ်ထည်အတွက် ငွေ အကုန်ခံတာက သင့်အတွက် ဘယ်တော့မှ မရှုံးနိုင်တဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။

ချန်ခဲ့ရမယ့်ဖက်ရှင် - ပုခုံးလျော အင်္ကျီတွေ
ဒီစတိုင်ကလည်း မြင်တွေ့ခဲ့ရတာ ကြာပါပြီ။အပြောင်းအလဲမြန်တဲ့ ဖက်ရှင်ရေစီးကြောင်းထဲမှာ ပုခုံးလျော စတိုင်လို့ ဆိုရမယ့်  off-the-shoulder စတိုင် ခပ်ကြာကြာတည်ရှိနေနိုင်ခဲ့တာကိုက အံ့ အားသင့်စရာပါပဲ။ ဒါပေမဲ့ ၂ဝ၁၈ မှာတော့ သူတို့ကို ချန်ထားခဲ့သင့်ပါပြီ။ လည်ပင်း နဲ့ ညှပ်ရိုးအလှကို ဖော်ပြဖို့ သူတို့က အကောင်းဆုံးရွေးချယ်စရာဆိုပေမဲ့ နောက်ထပ် အင်္ကျီ Trend တစ်မျိုးကို ပြောင်းလဲသင့်တဲ့ အချိန်ကိုရောက်နေပါပြီ။

ဆက်သွားရမယ့်ဖက်ရှင် - Ruffle Blouse 
ပုခုံး၊ လည်ပင်းနဲ့ ကိုယ်လုံးအလှကို ဦးစားပေးထားတဲ့ ပုခုံးလျောအင်္ကျီတွေကို အနားပေးပြီးနောက် ၂ဝ၁၈ မှာ ခေတ်စားလာမယ့် အင်္ကျီဒီဇိုင်းက အတွန့်အဖတ်တွေနဲ့ မိန်းမဆန်မှုကို အသားပေးမယ့် Ruffle Blouse တွေဖြစ်ပါတယ်။ နာမည်
ကြီး ဖက်ရှင်တိုက်ကြီးတွေရဲ့  Ready-to-wear collections ကို ကြည့်မလား၊ Mid-end Brand တွေကိုကြည့်မလား၊ လက်လီအရောင်းဆိုင်ကြီး တွေကို ကြည့်မလား၊ အသစ်ရောက်ဆိုတဲ့ တန်းတွေမှာ Ruffle Blouse တွေနေရာယူထားကြပြီလို့ ဖက်ရှင်ဂုရုကြီးတွေ မှတ်ချက်ပြုထားပါတယ်။

၂ဝ၁၈ ရဲ့ မရှိမဖြစ် - ဂျင်းဝမ်းဆက်
၂ဝ၁၈ မှာ သင်လက်ဦးမှု ရယူထားသင့်တဲ့ Trend က ဂျင်းဝမ်းဆက် ဖက်ရှင်ပဲဖြစ်ပါတယ်။ ဂျင်းဘောင်းဘီနဲ့ ဂျင်းအင်္ကျီ တွဲဖက်ဝတ်ဆင်တာကို အထာကျတယ်လို့ သင်ခံစားခဲ့ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ အချိန်အတော်ကြာ ပျောက်ဆုံးနေတဲ့ ဒီ Trend က လတ်တလော ရေပန်းစားနာမည်ကြီးနေတဲ့ စူပါမော်ဒယ် Bella Hadid ရဲ့ သဘာဝကျကျ ဂျင်းဖက်ရှင်နဲ့ စတင် အသက်ဝင်လာခဲ့ပါပြီ။ ၂ဝ၁၈ က သင့်ရဲ့ ဖက်ရှင်အပေါ် သက်ဝင်ခံစားမှုကို နောက်တစ်ဆင့် ခေါ်ဆောင်သွားပေးမယ့်နှစ်တစ်နှစ်ပါပဲ။ မမြင်ရတာ ကြာပြီဖြစ်တဲ့ ဂျင်းဝမ်းဆက်ကို အများအမြင်မှာ အထာကျနေအောင် တွဲဖက်ဝတ်ဆင်တတ်ဖို့အတွက် သင့်ရဲ့ ဖက်ရှင်အမြင်က လုံးဝကိုလတ်ဆတ်နေဖို့ လိုအပ်ပါလိမ့်မယ်။