သူတို့ခေတ်နဲ့ ယနေ့ဖက်ရှင်

“အသစ်ဘယ်လိုပဲ ကောင်းကောင်း အဟောင်းတလည်လည်ပါပဲဆိုတဲ့ စကားပုံအတိုင်းပဲ အသစ်တွေဆန်းချင်သလောက်ဆန်း ကုန်သွားပြီဆိုရင်၊ ထပ်ဆုံးပြန်ရောက်သွားပြီဆိုရင် တစ်ပတ်ပြန်ကျော့၊ တစ်ပတ်ပြန်လည်တာပါပဲ။ အချိန်ကာလတွေသာ ရွေ့လျားသွားတာ ဒီဘက်ခေတ်က သူတွေက အရင်ခေတ်ကပုံတွေ ပြန်ဝတ်ရတာပါ ပဲ” လို့ ဖက်ရှင်တစ်ခေတ်ကို ပြန်ပြောပြခဲ့တဲ့ တေး သံရှင် မေရွက်ဝါရဲ့ အမှတ်တရပုံရိပ်များနဲ့ အမှတ်တရအကြောင်းအရာများအကြောင်းကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

၁၉၈၂ ၀န်းကျင်လောက်တုန်းက မှန်ဇာတွေ၊ အိတုန်လိုအသားမျိုး အဲဒီတုန်းကတော့ အိရှန်လို့ခေါ်တယ် အပျော့တွဲအသားတွေ ခေတ်စားတယ်။ အဲဒါကို အရောင်ဖျော့ဖျော့လေးတွေ ချုပ်ဝတ်တယ်။ ကိုယ့်ရဲ့ပင်တိုင် ဒီဇိုင်နာဒေါ်ခင်စန်းဆိုတာ ကျောက်မြောင်း အောင်မင်္ဂလာလမ်းမှာ နေတယ်။ ပထမဆုံးသီချင်းစဆိုတဲ့ အချိန်တုန်းက တောက်လျှောက်သူနဲ့ ချုပ်တယ်။ အပျော့တွဲအသားတွေကို ကာလာတွေ စပ်ပြီးချုပ်ဝတ်တယ်။ အနီရဲရဲနဲ့ အစိမ်းတောက်တောက်နဲ့ စပ်တာမျိုး၊ ပန်းဆီရောင်နဲ့ အ၀ါတောက်တောက်နဲ့ စပ်တာမျိုး၊ ပန်းဆီရောင်နဲ့ အပြာ၊ ခရမ်းနဲ့အ၀ါစပ်တာမျိုးတွေ ကန့်လန့်ဖြတ်ဆက်ပြီး ဖက်ရှင်ထွင်ဝတ်ဖြစ်တယ်။ အင်္ကျီဆိုရင် လက်တစ်ဖက်ကပါရင် တစ်ဖက်က မပါဘူး၊ အဲလိုတစ်ခြမ်းပြုတ်တွေစပြီး ထွင်ဝတ်ဖြစ်
တယ်။ အဲဒီခေတ်တုန်းက မေရွက်ဝါဖက်ရှင်ဆိုပြီးတော့ တော်တော်ထွက်တယ်။ အိရှန်တွေကို အပေါ်နဲ့အောက် မချုပ်ဘဲ တစ်ဆက်တည်း ရင်ဘတ်အောက်ကနေဖြတ်ဆက်ပြီး ရင်ဘတ်နေရာကို အရှုံ့လေးတွေထည့်လိုက်တဲ့ ဒီဇိုင်းတွေ တော်တော်ဝတ်တယ်။ အောက်စီဂျင်စီးရီးရိုက်တော့ မြန်မာ့အသံမှာ အဲဒီဒီဇိုင်းတွေကို ၀တ်ရိုက်ရတယ်။ အဲဒီအပေါ်ကနေမှ တကယ့်ပန်းအစစ် စင်္ကြာပန်းတွေကို တခြမ်းစောင်းလေးတွေ ကိုယ့်အိုင်ဒီယာနဲ့ ကိုယ်ကပ်ပြီးရိုက်တာ မှတ်မှတ်ရရပဲ။ 

အဲဒီအချိန်တုန်းက ဒီဘက်ခေတ်လို TV တို့၊ အောက်စက်တို့ မပေါ်သေးတော့ မြန်မာ့အသံကလာတဲ့ ရိုက်ကူးရေးတွေမှာ မေရွက်ဝါတို့၊ ဟေမာနေ၀င်းတို့၊ ကော်နီတို့၊ မေဆွိတို့ရဲ့ သီချင်းအသစ်တွေကို ပရိသတ်တွေက ဘယ်အချိန်လာမလဲလို့ စောင့်ကြည့်ရတယ်။ အဲဒီတော့ ကိုယ်ရိုက်လိုက်တဲ့ သီချင်းတစ်ပုဒ်မှာ ထွင်ဝတ်လိုက်တဲ့ ဖက်ရှင်ဒီဇိုင်းတစ်ခုကို ပရိသတ်တွေက အရမ်းလက်ခံအားပေးကြတယ်။ 

ပြီးတော့ စန္ဒရားခလုတ်များရဲ့အချစ်ဆိုတဲ့ သီချင်းမှာ စန္ဒရားခလုတ်တွေက အဖြူ၊ အမည်းဆိုတော့ အင်္ကျီဒီဇိုင်းကို အဖြူ၊ အမည်းဒီဇိုင်းမျိုးထွင်ဝတ်ပြီး စန္ဒရားခလုတ်တွေပေါ်မှာ ရိုက်တဲ့ စတိုင်လ်မျိုး Video Edit လုပ်ပြီး ရိုက်ကူးခဲ့တာကလည်း ပရိသတ်ကြားမှာရေပန်းစားခဲ့တယ်။ 

ကိုယ့်ကိုပရိသတ်တွေက တစ်နှစ်ထက် တစ်နှစ်အားပေးလာပြီ၊ အသိအမှတ်ပြုလာပြီဆိုတဲ့အချိန်ကျတော့ ကိုယ့်အတွက်က ပိုပြီးတာဝန်ကြီးလာလေဖြစ်လာတယ်။ ဖက်ရှင်ပိုင်းမှာလည်း မရိုးရအောင် အမြဲတမ်းဆန်းသစ်ပြီး ထွင်ရတယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ ကိုယ်က လူငယ်မျက်စိနဲ့ထွင်ပြီး ၀တ်ချင်ပေမဲ့ အိမ်က အဖေနဲ့ အမေက ရှေးဆန်တော့ သိပ်မကြိုက်တာတွေရှိတယ်။ နယ်ရှိုးတွေမှာ ခိုးဝတ်ရတယ်၊ ကြိုးတစ်လုံးအင်္ကျီတွေ ရောင်စုံချုပ်ထားပြီး ၀တ်တယ်။ အောက်က ဂျင်းခေါင်းလောင်းဘောင်းဘီတွေကို ခါးပတ်အကြီးကြီးတွေ၊ အင်္ကျီအပွတွေကို ခါးပတ်အကြီးကြီးနဲ့ ခါးသေးသေးလေး ပြန်ထွက်သွားအောင်ဝတ်၊ ဆွဲကြိုးတွေအများကြီးဆွဲချ၊ နားဆွဲဆိုလည်း အကြီးကြီးတွေ ဆွဲချပစ်လိုက်တယ်။

Accessories တွေဆိုရင် မုန့်ပုံး၊ သံပုံးတွေနဲ့ အပြည့်၊ ၀ယ်ဖို့ဆိုရင်လည်း သဘောင်္သားတွေနဲ့ မှာရတာခက်ခဲတယ်။ မြန်မာဝတ်စုံတွေကျတော့ မင်္ဂလာဆောင်တွေ၊ ရန်ကုန်ပွဲတွေမှာ ၀တ်တယ်။ ကြိုက်လည်းကြိုက်တယ်။ ၁၀ကျောင်းသူဘ၀တုန်းကဆိုရင် ခါးက ၁၉လက်မပဲရှိတယ်၊ ၂၀တောင် မပြည့်ဘူး၊ ကျောင်းမှာဆိုရင် ရှည်ရှည်ကြီးဆိုတော့ ဗုံလုံသီးလို့ခေါ်တယ်။ 

သင်္ကြန်မိုးရိုက်တဲ့အချိန် အသက် ၁၉ နှစ် လောက်မှာတော့ ခန္ဒာကိုယ်က ပြည့်စပြုနေပြီ။ အဲဒီအချိန်က သီချင်းလည်း အရမ်းဆိုနေရပြီ၊ ပရိသတ်ကလည်း အသိအမှတ်ပြုနေတဲ့အချိန်ဆိုတော့ ညဘက်ရှိုးပွဲတွေမှာ ကိုယ်က အမြဲအပိတ်မှာ ဆိုရတယ်။ ပြန်လာတဲ့အချိန်က ၂နာရီ၊ ၃နာရီမှ ဆိုတော့ သီချင်းမဆိုခင် ဘာမှမစားဘဲ သီချင်းဆိုပြီးတဲ့အချိန်မှာ အ၀စားပြီး အိပ်တယ်။ Recording လုပ်တဲ့အချိန်ဆိုရင်လည်း သီချင်းအပုဒ် ၄၀၊ ၅၀လောက်ဆိုရတယ်။ Recording အခန်းက ၁၂နာရီကျော်လောက်မှ ထွက်ရတော့ ဆိုင်မှာဝင်စားပြီး အပြန် အိပ်တော့ ၀ိတ်တက်လာတယ်။ မန္တလေးမှာ သင်္ကြန်မိုးရိုက်မယ်ဆိုတော့ အကုန်လုံးကို တူညီဝတ်စုံဆင်ပေးလိုက်တာ။ မေသန်းနုရော၊ မေရွက်ဝါရော ဒီဝတ်စုံပဲ။ သူတို့က နောက်ဆုံးဇာတ်သိမ်းတဲ့အခန်းမှာ ကိုယ့်စိတ်ကြိုက် ၀တ်စုံဝတ်ရမယ်ဆိုတော့ မဆင့်ကမေးတယ်၊ သူကတော့ ငွေရောင်ဝတ်မယ်၊ ကိုယ်ကဘာဝတ်မလဲဆိုတော့ သူနဲ့မတိမ်းမယိမ်းလေး ၀တ်မယ်ဆိုပြီး ဒီဇိုင်နာနဲ့တိုင်ပင်ပြီး မြန်မာ့ရိုးရာလည်း မပျောက်အောင် ငွေတစ်ဆုပ်ကို ဒီဘက်ခေတ် ဇာပါးပါးလေးထည့်ပြီး ချုပ်လိုက်တယ်။ အဲဒီဝတ်စုံက တစ်ကားလုံးမှာ ပရိသတ်ကြိုက်ပြီး အသိအမှတ် ပြုခံခဲ့ရတာ အမှတ်တရပါပဲ။

သင်္ကြန်တွင်း ၁၉၈၉၊ ၁၉၉၀ မှာ ဦးထုပ် အကွက်တွေတစ်ခေတ် ခေတ်စားလိုက်တယ်။ သင်္ကြန်မှာ တချို့စင်တွေက အမိုးမရှိဘူး၊ နေပူတယ်၊ နေကာမျက်မှန်တပ်လို့ရပေမဲ့ ခေါင်းပေါ်မှာအရမ်းပူတဲ့အခါကျတော့ ဖလင်ပြားအကြီးကြီးတွေဝယ်ပြီး အရှေ့ကမျက်နှာလုံလောက်တဲ့အတိုင်းအတာအထိ ၀ိုက်ညှပ်ပြီး ယောက်ျားလေးရှပ် အကွက်တွေနဲ့ နောက်ကနေအမှီးချပြီး ဖယ်ကြိုးပုံစံပြန်ချည်ရတဲ့ဒီဇိုင်း ဦးထုပ်ထွင်တယ်။ မေရွက်ဝါဦးထုပ်ဆိုပြီး ပေါက်သွားတယ်။ နောက်ပိုင်းစီးပွားရေးသမားတွေက လိုက်လုပ်ပြီး တစ်လုံးကို ၂၅၀၊ ၃၀၀ ထိ ရောင်းကြတယ်။

၁၉၈၄ လောက်မှာ မန္တလေးကို သီချင်းသွားဆိုရတော့ နယ်စပ်ကသူငယ်ချင်းတစ်ယောက်ဆီက ဆံပင်ဆိုးဆေး၊ သွားတိုက်ဆေးလို အတောင့်တွေနဲ့ ရွှေရောင်တို့၊ ငွေရောင်တို့မှာတယ်။ ကိုယ်ကရွှေရောင်ဆိုးချင်တော့ ဆေးစပ်ပုံစပ်နည်းကို ပြောပြပြီး မန္တလေးမှာရောက်နေတုန်းမှာပဲ ဆံပင်ရွှေရောင်ကို တစ်ခေါင်းလုံး ဆိုးလိုက်တယ်။ ဘယ်သူမှ မဆိုးတဲ့အချိန်မှာ ကိုယ်ပထမဆုံးပဲ။ ဆံပင်က ရွှေရောင်ဆိုတော့ ၀တ်တဲ့အ၀တ်အစားကအစ၊ ဖိနပ်၊ Accessories အဆုံး အကုန်ရွှေရောင်တွေပဲ ၀တ်ရတယ်။ မြန်မာ့အသံမှာဆံပင်ရွှေရောင်နဲ့ သီချင်းဆိုမရဘူးဆိုတော့ ညွှန်ချုပ်အထိတက်ပြောတယ်။ တစ်ပုဒ်တော့ဆိုလို့ရမယ်ဆိုတော့ ဆိုတဲ့သီချင်းကလည်း သမင်လိုက်ဆိုတဲ့သီချင်း၊ ရွှေ သမင်လေးကဘယ်လိုလိုက်တယ်ဆိုတဲ့ သီချင်းဆိုတော့ အတော်ပဲဖြစ်သွားတယ်။ ခေတ်ဦးကို အရမ်းလုပ်ခဲ့တော့ အိမ်ရဲ့အဆူကို အမြဲခံရတယ်။ ဆံပင်ဆိုရင်လည်း ပန့်ကေကို နားရွက်နားကနေ ညှပ်ချပစ်လိုက်ပြီး နားရွက်တစ်ဖက်မှာ နားပေါက် ၅ပေါက်စီ ဖောက်ပြီး၊ အောက်ဆုံးက စိန်နားကပ်အကြီးကြီး၊ တဖြည်းဖြည်းအပေါ်ကိုတက်သွားပြီး အပေါ်ဆုံးမှာ စိန်နားကပ်သေးသေးလေး ဖြစ်သွားတာ။ နားကပ်တွေပေါ်အောင်ဆိုပြီးတော့ ပန့်ကေကို ယောက်ျားတွေဒေါက်ကို ဖြတ်ချသလိုမျိုး နားရွက်အတိုင်း ၀ိုက်ဖြတ်ချပစ်လိုက်ပြီး ထိပ်မှာဆံပင်တွေထောင်လိုက်တာ။ အဲဒီပုံနဲ့ ပွေလီဆိုတဲ့ စီးရီးကက်ဆက်ကာဗာကို ဓာတ်ပုံခွာနီးနဲ့ ရိုက်ခဲ့တယ်။ အဲဒီလိုဖက်ရှင်တစ်ခေတ် လုပ်ခဲ့သေးတယ်။