မြန်မာ

မြန်မာလို့ဆိုရင် အလွန်ကျယ်ပြန့်တဲ့ သမိုင်းနဲ့ မြင့်မားတဲ့ ယဉ်ကျေးမှုရှိခဲ့တာကို မြင်လာစေတယ်။ 

ဒီနေ့ခေတ်မှာ မြန်မာရဲ့ ပြင်ပကမ္ဘာက ယဉ်ကျေးမှုတွေ ပုံစံမျိုးစုံနဲ့ စီးဆင်းလာခဲ့ရင်း ၂၁ ရာစု မြန်မာဟာလည်း ခေတ်မီတဲ့အသွင်တွေနဲ့ပေါ့။ ဘယ်လိုပဲ ခေတ်မီဆန်းပြားကြပါစေ ကျွန်မတို့တွေရဲ့ ကြီးမြတ်သော အခန်းကဏ္ဍမှာ မြန်မာဖက်ရှင်ဟာ ဘာနဲ့မှ အစားထိုးမရအောင် အရေးပါနေခဲ့တာဟာ ငြင်းမရတဲ့ ယဉ်ကျေးမှု ထိန်းသိမ်းခြင်း အစဉ်အလာပါ။ 

ရှေးထုံးကိုလည်း မပစ်ပယ်ဘဲ ယနေ့ခေတ်နဲ့လျော်ညီအောင် ဖန်တီးချုပ်လုပ် ဝတ်ဆင်ကြတဲ့ မြန်မာတွေအတွက် မြန်မာကဏ္ဍကို ဂုဏ်ယူစွာနဲ့ တင်ဆက်လိုက်ရပါတယ်။

မြန်မာ့ကနုတ်ပန်း
ဂုဏ်ကျက်သရေရှိခြင်းနဲ့ မြင့်မြတ်တော်ဝင်ခြင်းဆိုတဲ့ ပြယုဂ်အဖြစ် ကနုတ်ပန်းကို မြန်မာတို့က ဂုဏ်ယူစွာဖော်ပြကြတယ်။ ထူးမြတ်တဲ့နေရာမှာ အဆင်တန်ဆာအဖြစ် မွမ်းမံကြတယ်။ မြန်မာတွေရဲ့ ယဉ်ကျေးမှုမှာ ကနုတ်ဟာ မပါမဖြစ်သလောက် ပါဝင်နေခဲ့ပြီး ဘိုးဘွားစဉ်ဆက်မှတ်တမ်းတင်ခဲ့ကြတဲ့ မှတ်တမ်းတွေမှာတောင် တမြတ်တနိုး မှတ်တမ်းတင် ထိန်းသိမ်းသယ်ဆောင်ခဲ့တဲ့ ကနုတ်ယဉ်ကျေးမှုဟာ ၂၀ ရာစုတိုင် ရှင်သန်ကြီးထွားဆဲ မြတ်နိုးနေကြဆဲ ဖြစ်ပါတယ်။

ကနုတ်ရဲ့ ရာဇဝင်ဟာ ကျယ်ပြန့်စွာရှိပြီး နေရာအလိုက် ကွဲပြားတဲ့ အသုံးအနှုန်း အယူအဆတွေလည်း ရှိနေခဲ့ပါတယ်။ များပြားလှတဲ့ ကနုတ်ပန်းတွေထဲကမှ အဝတ်အစားတွေမှာ ပုံဖော်ဝတ်ဆင်ခဲ့ကြတဲ့ ရှေးမြန်မာတွေရဲ့ ကနုတ်ပန်း ပန်းချီကို အနည်းငယ် မှီငြမ်းလို့ ဒီနေ့ခေတ်နဲ့ လျော်ညီအောင် ဒီဇိုင်နာက ဖန်တီးချုပ်လုပ်လိုက်တာပါ။

Model - Yu Thandar Tin
Photo - Pyay Han(Color Max)
Makeup & Hair - Nyi Nyi Maung (Sanchaung)
Designer - Myat Su (Shwe Ye Win)


ယွန်းဆင်ရေးတဲ့ မြန်မာဖက်ရှင်
ယွန်းထည်သဏ္ဌာန် ရေးခြယ်ဖန်တီးထားတဲ့ မြန်မာဝတ်စုံလေးတွေနဲ့အတူ ယွန်းထည်အကြောင်း သမိုင်းအကျဉ်းလေးကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ ဒီနေ့ဒီအချိန်အထိ တွေ့ရှိပြီးဖြစ်တဲ့ သမိုင်းအထောက်အထားများအရ သစ်စေးအသုံးချ ယွန်းအတတ်ပညာကို ပထမဆုံးအသုံးပြုခဲ့တဲ့နိုင်ငံဟာ တရုတ်နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကမှတစ်ဆင့် အရှေ့အာရှဒေသတွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေကို ပျံ့နှံ့ခဲ့ပါတယ်။

ယွန်းအမျိုးအစားတွေအနေနဲ့ ကညစ်ယွန်း၊ ရွှေဇ၀ါယွန်း၊ သားရိုးပန်းကြွယွန်းရယ်လို့ ယေဘုယျအားဖြင့်ခွဲခြားနိုင်ပါတယ်။  ကညစ်ယွန်းဟာ သံစုတ် နဲ့ ယွန်းပေါ်မှာအလှဆင်တာဖြစ်ပြီး ရွှေဇ၀ါယွန်းလို့ခေါ်တဲ့ ရွှေရေးယွန်းထည်ကတော့ ကလောင်တံနဲ့ ဆေးဒါန်းကို ဖျော်စပ်ပြီး ရေးဆွဲအလှဆင်တာ ဖြစ်ပါတယ်။ သားရိုးပန်းကြွယွန်းကတော့ သတ္တ၀ါတွေရဲ့အရိုးပြာနဲ့သစ်စေးကို ပေါင်းစပ်တေထုပြီး ရုပ်ကြွပုံသွင်းယွန်းထည်ပြုလုပ်တာဖြစ်ပါတယ်။

လူကြိုက်များထင်ရှားတဲ့ ယွန်းထည်တွေကတော့ ဆွမ်းအုပ်၊ လက်ဖက်အုပ်၊ ယွန်းလင်ဗန်း၊ ယွန်းရေခွက် ယွန်းလက်ကောက် အစရှိတဲ့ ပစ္စည်းတွေဖြစ်ပြီး ပြည်တွင်းမှာ ယွန်းထည်ပြုလုပ်ထွက်ရှိရာ လက်ရှိနေရာတွေကတော့ ပုဂံ၊ ကျောက္ကာ၊ ကျိုင်းတုံ၊ လဲချားစတဲ့ဒေသတွေပဲ ဖြစ်ပါကြောင်း ယွန်းသမိုင်းကြောင်းနဲ့ ယွန်းဖက်ရှင် ခံစားရှုမြင်နိုင်စေဖို့ တင်ဆက်လိုက်ရပါတယ်ရှင်။

Model - May Grace 
Designer - May Myat Warso (Happy Heart)
Makeup & Hair - Gucci Aung
Photo - Fred
Venue - Green Elephant (9 Mile)

ရှုတိုင်းယဉ်တဲ့ မြန်မာရင်ဖုံးဖက်ရှင်
အလှမှာ အယဉ်ဆင့်တဲ့ ချစ်စဖွယ် မြန်မာအမျိုးသမီးလေးများဟာ ပဏာတင့်လှတဲ့ မြန်မာဝတ်စုံလေးတွေနဲ့အတူ ခေတ်အဆက်ဆက်က ထင်ရှားပြီး စွဲစွဲမြဲမြဲ ၀တ်ဆင်ခဲ့ကြပါတယ်။ ၀တ်စားဆင်ယင်မှုတွေကလည်း တစ်ခေတ်နဲ့ တစ်ခေတ် မတူကြသလို ရင်ဖုံးကိုလည်း ရင်ဖုံးအပြည့် လက်ရှည်၊ လက်စက၊ ပွပွနဲ့ ထမီရှည်ကိုပတ်ပြီး ၀တ်တာမျိုးလည်း ခေတ်စားခဲ့ပါသေးတယ်။ ခေတ်အဆက်ဆက် လှပတင့်တယ်စွာ ၀တ်စားဆင်ယင်ခဲ့တဲ့၊ ရှုတိုင်းယဉ်တဲ့ မြန်မာရင်ဖုံးအင်္ကျီနဲ့ မြန်မာဖက်ရှင်လေးတွေကို ဒီဇိုင်နာရဲ့စိတ်ကူးဖန်တီးမှုများနဲ့အတူ ပုံဖော်တင်ဆက်ပေး လိုက်ပါတယ်။

Model - Nwe Darli Tun
Photo - Pyay Han (Color Max)
Makeup & Hair - Wine (December Hnin)
Designer - Myo Min Soe
Accessories - Ngwe Htee Thone Latt

မြန်မာ့ ကြိုးကြီးချိတ်
ကြိုးကြီးချိတ်ဆိုတဲ့ အဆင်ဒီဇိုင်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀၀ ကတည်းက စတင်ခဲ့တဲ့ အဆင်ဒီဇိုင်းတစ်မျိုးဖြစ်ပါတယ်။

ထင်ရှားတဲ့ ကြိုးကြီးချိတ်တွေကတော့ လွန်း ၃၀၀ ချိတ်၊ လွန်း ၂၀၀ ချိတ်၊ လွန်း ၁၀၀ ချိတ်၊ ထိပ်ခေါင်တင်ချိတ် နဲ့ ပုရပိုက်ချိတ်တို့ ဖြစ်ကြပါတယ်။

Model - May Barani Thaw
Designer - Latt Latt (Lady Boutique Special)
Make Up & Hair - Soe Soe (Darli)
Photo - Fred