DJ Girls

နယ်ပယ်စုံမှာ မိန်းကလေးတွေ ရှိလာနေပြီ။
၂၁ ရာစုရဲ့ သမီးပျိုတွေအတွက် သင်ယူလေ့လာစရာ အစုံရှိလာပြီဖြစ်တဲ့ ဒီကာလမှာ မြန်မာ DJ Girl တွေကိုလည်း ဂုဏ်ယူစွာတင်ဆက်လိုက်သည်။

International DJ တစ်ယောက်ဖြစ်တဲ့အထိ ကြိုးစားမယ့် DJ Neonz

ဒီအလုပ်ကို လုပ်ချင်နေတာကြာပြီ။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက မြန်မာနိုင်ငံကို နိုင်ငံခြားက မိန်းကလေး DJ တွေလာရင် ကိုယ်လည်းအားကျပြီး ဖြစ်ချင်တယ်။ ကိုယ်တိုင်ကလည်း Music ကို ကြိုက်တယ်၊ ဖြစ်လည်း ဖြစ်ချင်တယ်၊ 
လုပ်ကြည့်ချင်တယ်ဆိုပြီး DJ KC ဆိုတဲ့ တီချယ်မိုး (မတင်မိုးလွင်) ရဲ့ သူငယ်ချင်း သြစီကရောက်လာတဲ့ ဆရာဆီမှာ ပထမဆုံးသင်တန်းဖွင့်မယ်ဆိုပြီး တက်ဖြစ်တာပါ။ အခုဆို တစ်နှစ်ကျော်လောက်ရှိသွားပြီ။ ၂၀၁၅ ဇူလိုင်လောက်မှာ စတက်ဖြစ်တယ်။ စတက်ပြီး သင်တန်းဆင်းပွဲမှာ စတီးဖြစ်တယ်။ အဲဒီကနေအခုအချိန် DJ အလုပ်ကို လုပ်ဖြစ်နေတာ တစ်နှစ်ကျော်ပါပြီ။ 

သင်တန်းမတက်ခင် တစ်နှစ်၊ နှစ်နှစ်ကျော်လောက်ကအဓိကသင်္ကြန်မှာ နိုင်ငံခြားက မိန်းကလေး DJ တွေ လာတီးတယ်။ အဲဒီမှာ ဖြစ်ချင်စိတ် ပိုများသွားတယ်။ ကိုယ့်မြန်မာနိုင်ငံမှာလည်း မိန်းကလေး DJ က နည်းနေသေးတယ် လုပ်ကြည့်မယ်ဆိုပြီး လုပ်ဖြစ်သွားတာပါ။

DJ KC ဆီမှာ တက်တာသင်တန်းကတော့ တစ်လခွဲပဲအချိန်ကတော့ တစ်ချိန်ကို ၄၊ ၅ နာရီလောက်ကြာတယ်။ ကိုယ်မသိတာတွေဆိုသူငယ်ချင်းတွေထဲမှာ အရမ်းဝါသနာပါပြီးပိုးပါတဲ့သူတွေရှိတယ်။ သူတို့တွေဆီကနေကိုယ်မသိသေးတဲ့ DJ Artists တွေရော၊ ဘာကဘယ်လိုဆိုတာတွေကို၊ ကိုယ်မသိတဲ့ဟာတွေကိုမေးတယ်၊ လေ့လာတယ်။ သင်တန်းမှာဆို မိန်းကလေးကတက်တာ ၃ ယောက်ပဲရှိတယ်။ ယောက်ျားလေးများတယ်။ ပထမဆုံးပွဲအတွေ့အကြုံက ဘွဲ့ယူတဲ့နေ့မှာ ပြိုင်ပွဲလုပ်ပေးတယ်။ အဲဒီမှာ Top 5 ပါတယ်။ စစချင်းတီးတာဆိုတော့ အများကြီး စိတ်လှုပ်ရှားတယ်။ ကိုယ်အာရုံစိုက်တာက တီးတာမှာပဲ များနေတယ်။ အခုနောက်ပိုင်းကျတော့ ပရိသတ်နဲ့ တီးတာနဲ့ကို ဆက်စပ်ပြီး အာရုံစိုက်ရတာ ဘယ် လိုရှိလဲဆိုတာကိုသိသွားပြီ။ အားနည်းချက်၊ အားသာချက်တွေကိုသိသွားတယ်။ 

BME မှာပင်တိုင် DJ ဖွင့်ပေးတယ်။ ပြီးတော့ Novotel  Hotel က လုပ်တဲ့ Event တော်တော်များများမှာတီးဖြစ်ပါတယ်။ တီးတဲ့ပွဲကတော့ ပွဲ၂၀၊ ၃၀ လောက်ရှိပါပြီ။ 

နောက်ပိုင်း Festival တွေကို ကိုယ်က Experience နည်းပေမဲ့ Festival အထိသွားနိုင်တဲ့၊ Oversea ထိပေါက်တဲ့ International DJ တစ်ယောက်ဖြစ်ချင်တဲ့အတွက် ကြိုးစားပါဦးမယ်။
Model - Poe Ei Phyu Zin(DJ Neonz)
Makeup & Hair - Soe Soe Darli
Photo - Kan Su Ho (Black & White)

ဝါသနာသက်သက်နဲ့ Kandy K
Kandy K  ဆိုတဲ့ နာမည်နဲ့ပဲ ဒီဂျေပိုင်းမှာ လှုပ်ရှားသွားမှာပါ။ နာမည်အရင်းကတော့ ခင်ရတနာစိုးပါ။


ငယ်ငယ်လေးကတည်းက ၀ါသနာပါတယ်။ (၁၀)တန်း ပြီးပြီးချင်းမှာ အနေအထိုင်လေး စမတ်ကျအောင်ဆိုပြီး မော်ဒယ်လ်သင်တန်းတက်ကြည့်လိုက်အုံးမယ်ဆိုပြီး တက်ဖြစ်တယ်။ အဲဒီမှာ ဒီဂျေ သင်တန်းဖွင့်မှာကိုတွေ့ပြီး တက်ချင်လိုက်တာဆိုပြီး တက်ဖြစ်သွားတယ်။

၂၀၁၄ -၁၅ ခုနှစ်ကြားမှာ သင်တန်းစတက် ဖြစ်တာပါ၊ ဒီမှာခေတ်စားတဲ့အချိန်မှာ စတက်ဖြစ်တယ်လို့ပဲ ပြောရမယ်ထင်တယ်။ Juice မှာ တက်တယ်။ ထိုင်းမှာလည်း ထပ်ပြီး နည်းနည်းစီလေ့လာဖြစ်တယ်။  အိမ်ကတော့ ဒီဂျေသင်တန်းက နင်နဲ့ ဘာဆိုင်လို့လဲ၊ ယောကျာ်းလေးတွေပဲ တက်တာဆိုပြီး ပြောတာရှိတယ်။ ဒီဂျေကလည်း ကလပ်မှာပဲ အများဆုံးတီးကြတာဆိုတော့ ခွင့်မပြုချင်တာပေါ့။  ၀ါသနာရှင်ပဲလုပ်မယ် စဉ်းစားထားပါတယ်။ ကိုယ်ဝါသနာလည်း တကယ်ပါလို့ တက်ဖြစ်တာပါ။ ကိုယ့်ဖန်တီးမှု ကောင်းရင်ကောင်းသလို ဖန်တီးနိုင်မှာပါ။


လက်တလောမှာတော့ ပြည်ပက Chainsmoker ကို အရမ်းကြိုက်နေပါတယ်။ ပြည်တွင်းကတော့ ကိုယ့်စီနီယာတွေ အကုန်လုံးက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေပါပဲ။
Model : Kandy K 
Makeup & Hair - Soe Soe (Darli)

မခံချင်စိတ်ကြောင့် DJ ဖြစ်လာသူ DJ  Kitty
အနုပညာနဲ့ ပတ်သက်ရင် အရမ်းဝါသနာပါခဲ့ပြီးတော့ DJ ပညာရပ်ကို သိချင် တတ်ချင်ခဲ့လို့ ဆရာ DJ Icez ဆီမှာ ၂၀၁၄ မှာ သင်ယူခဲ့ပါတယ်။ 

ပထမဆုံး အမျိုးသမီး DJ တစ်ယောက်အနေနဲ့ အတွေ့အကြုံကတော့ ၂၀၁၅ မတ်လ ၈ ရက်နေ့  ပြင်သစ်သံရုံးကလုပ်တဲ့ အမျိုးသမီးများနေ့မှာ စဖျော်ဖြေဖူးခဲ့တာပါ။ ပြီးတော့ ၂၀၁၅ သင်္ကြန်  zeus မဏ္ဍပ်မှာဖျော်ဖြေခဲ့တယ်။ နောက်ပိုင်းမှာတော့ မန္တလေးမှာရော၊ အခြား ပရဟိတပွဲတွေမှာပါ ဖျော် ဖြေခွင့်ရခဲ့ပါတယ်။

ချစ်တဲ့အနုပညာကို လုပ်ခွင့်ရတာကို သဘောကျပါတယ်။ အကြိုက်ဆုံး ဂီတပုံစံဆိုတာထက် အခုတလောကြိုက်မိနေတဲ့ ဂီတပုံစံကတော့ Trap နဲ့ EDM ပုံစံပါ။ လက်ရှိကတော့ FUSE မှာ တီးနေပါတယ်။


Model - DJ Kitty
Makeup & Hair - Khin Thar Thar
Photo - Thardu Ko Ko