Plus Size တို့ လှနိုင် လန်းနိုင် ဖက်ရှင်ကျနိုင်ဖို့

စစ်မှန်တဲ့ အလှအပကို  အဝတ်အစားပေါ်က Size ၊  ပေါင်ချိန်စက်ပေါ်က ကိန်းဂဏန်း၊ ပေကြိုးပေါ်က အတိုင်းအတာတွေနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ လှပမှုကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါ လူတစ်ယောက်စီတိုင်းရဲ့ အမြင်အပေါ်လိုက်ပြီး စံ တွေ၊ သတ်မှတ်ချက်တွေ ပြောင်းလဲသွားတတ်ပါတယ်။ စစ်မှန်တဲ့ လှပမှုကို ရှာဖွေဖို့ သင်လုပ်ရမှာက ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ချစ်မြတ်နိုးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေဖို့ပါပဲ။ ဒါကြောင့် Plus Size ပိုင်ရှင်မမ၊ ညီမလေးတို့လည်း ယုံကြည်မှုရှိရှိနဲ့ လှနိုင်၊ လန်းနိုင်၊ ဖက်ရှင်ကျနိုင်ပါတယ်။ သင်လုပ်ရမှာက ဖက်ရှင်နဲ့ ပတ်သက်တဲ့ အခြေခံသဘောတရား အနည်းငယ်ကို သိထားရုံပါပဲ။

၁။ ဆန့်ကျင်ဘက် အရောင်များကိုတွဲမဝတ်ပါနဲ့
ခပ်ပြည့်ပြည့် ခန္ဓာကိုယ်ပိုင်ဆိုင်ထားသူများဟာ ဆန့်ကျင်ဘက်အရောင်များ တွဲစပ်ဝတ်ဆင်ခြင်းကို ရှောင်သင့်ပါတယ်။ ဒီလို ဆန့်ကျင်ဘက်အရောင်တွေ တွဲဝတ်တဲ့အခါ သီအိုရီအရ အခြားသူများရဲ့ အမြင်မှာ သင့်ကို ပိုပြီး ဝသလိုထင်ရ မြင်ရစေပါတယ်။ Monochrome လို့ခေါ်တဲ့ တစ်ရောင်တည်းကို အသွေးစုံဝတ်တာမျိုးက Plus Size မမ၊ ညီမလေးများအတွက် အသင့်တော်ဆုံးပါပဲ။ ဂျင်းဘောင်းဘီ နက်ပြာကို အင်္ကျီအဖြူနဲ့ တွဲဖက် ဝတ်ဆင်တာက ဆန့်ကျင်ဘက်အရောင်တွေ တွဲဖက်ဝတ်ဆင်ခြင်းဖြစ်ပြီး ဂျင်းနက်ပြာကို အပြာရောင် အင်္ကျီနဲ့ဝတ်ဆင်တာက တစ်ရောင်တည်းအသွေးစုံဝတ်ဆင်တာပါ။ အရောင်ခပ်ရင့်ရင့်တွေ ကတော့ သင့်ရဲ့ Pluz Size ကို လုံးဝ သွယ်လျသွားစေနိုင်ပါတယ်။

Tip: အကယ်၍ ဒီလိုတစ်ရောင်တည်း ဝတ်ရတာကို ပျင်းပါတယ်ဆိုရင် ရောင်စုံ Accessories တွေနဲ့ သင့်ရဲ့ ဖက်ရှင်ကို အားဖြည့်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Classic Fashion  ဖြစ်တဲ့ ဂျင်းဘောင်းဘီနဲ့ တီရှပ်အဖြူကိုတော့ မစွန့်လွှတ်နိုင်ပါဘူးဆိုရင် ဂျင်းဘောင်းဘီနဲ့ အရောင်တူ အသွေးခပ်ရင့်ရင့် ဂျက်ကတ် ဒါမှမဟုတ် အပေါ်ဖုံးအင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ပါ။ ဒါက သင့်ကို ပိုပြီး အထာကျသွားစေနိုင်ပါတယ်။

၂။ အဝတ်အစားအားလုံးက ဒေါင်လိုက်ဖြစ်နေပါစေ
ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ အဝတ်အစားအားလုံးရဲ့ ဦးတည်ရာက ဒေါင်လိုက်ဖြစ်နေမှသာ သူများတွေရဲ့ အမြင်ဟာလည်း ခေါင်းမှခြေထောက်သို့ ဆင်းသွားမှာဖြစ်ပြီး သင့်ကို ပိန်သွယ်တယ်လို့ မြင်ရစေမှာဖြစ်ပါတယ်။ အလျားလိုက် အစင်းတွေ ဝတ်ဆင်ထားမယ်ဆိုရင် အမြင်က ဘေးတိုက်သွားမှာဖြစ်တာကြောင့် သင့်ခန္ဓာကိုယ်ကို ပိုပြီး ဗြက်ကျယ်သယောင် ထင်မှတ်စေမှာပါ။ ဒေါင်လိုက်ဝတ်စားတယ်ဆိုတဲ့ အခါမှာ ဇစ် နဲ့ ကြယ်သီးပါတဲ့ အင်္ကျီတွေ၊ ဒေါင်လိုက်စင်း အဆင် တွေကို ရောနှောပြီး ဝတ်ဆင်တာမျိုးပါ။ ဒါ့အပြင် ခန္ဓာကိုယ်ကို ပိန်သွယ်ပြီး အရပ်ရှည်လာအောင် ဝတ်စားမယ်ဆိုတဲ့အခါ V ပုံသဏ္ဌာန် လည်ပင်းပါတဲ့ ဖက်ရှင်ကို မေ့ထားလို့မရပါဘူး။ ဒီလို V shape အင်္ကျီတွေ၊ ဝတ်စုံတွေကလည်း ဂျီသြမေတြီအရ ဒေါင်လိုက်မျဉ်းကို ဖြစ်ပေါ်စေပါတယ်။

Tip: အကယ်၍ သင့်ရဲ့ ဖက်ရှင်က ဒေါင်လိုက်အသွင်အပြင်ဖြစ်ဖို့  ဘယ်လိုမှအဆင်မပြေဘူးဆိုရင် ဆွဲကြိုးခပ်ရှည်ရှည်တစ်ကုံးကိုသာ ဝတ်လိုက်ပါ။ မာဖလာကို လည်ပင်းမှာ မပတ်လိုက်ပဲ ဒီအတိုင်းနှစ်ဖက်ချထားတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒီလိုနည်းနဲ့ သင့်ရဲ့ ခန္ဓာကိုယ်မှာ ဒေါင်လိုက်မျဉ်းတစ်ကြောင်းကို အရေးပေါ်ဖန်တီးလိုက်လို့ ရပါတယ်။


၃။ ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်ရပါမယ်
ခပ်ပြည့်ပြည့်ဖြစ်နေလို့ ခပ်ပွပွ ဝတ်စားမယ်ဆိုတာက လုံးဝမှားပါတယ်။ ကိုယ့်ရဲ့  Size ကို ခပ်ပွပွဖားဖား အဝတ်အစားများအောက်မှာ ဖုံးကွယ်ထားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုအဝတ်အစားများ ရွေးချယ်ဝတ်ဆင်တဲ့အခါ သင့်ကို နေရထိုင်ရ သက်တောင်သက်သာ ဖြစ်စေနိုင်တဲ့ အချက်ကလေးတစ်ခုပဲ အားသာချက်ရှိပြီး ခန္ဓာကိုယ်ကို ရှိရင်းစွဲထက်ပိုပြီး ပြည့်တယ်လို့တောင် ထင်ရစေနိုင်ပါတယ်။ ပွပွ မဝတ်ရဘူးဆိုလို့ အဆီလေးတစ်ရစ်၊ အသားလေးတစ်တစ် ပေါ်နေအောင်အထိ ခပ်ကြပ်ကြပ် ဝတ်ရမယ်လို့ ဆိုလိုနေတာတော့ မဟုတ်ပါဘူး။ Plus Size ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံး အဝတ်အစားက ခန္ဓာကိုယ်မှာ မပွလွန်း၊ မကြပ်လွန်းဘဲ ကွက်တိဖြစ်နေတဲ့ အဝတ်အစားများပဲဖြစ်ပါတယ်။


၎။ ကိုယ့်ရဲ့ခန္ဓာကိုယ် အသွင်အပြင်ကို သိထားပါ
Plus Size ဖြစ်လာတဲ့အခါ ကိုယ့်ကို Plus Size ဖြစ်နေမှန်း မသိအောင် ဝတ်စားဆင်ယင်နိုင်ဖို့က ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ သင်ဝတ်စားမယ့် အဝတ်အစား၊ Accessories ၊ အိတ်၊ ဖိနပ်အားလုံးဟာ သင့်ခန္ဓာကိုယ်ကို မီးမောင်းထိုးပြနေတဲ့ အရာများမဖြစ်သင့်ဘဲ သူများတွေရဲ့ အာရုံကို သင့်ရဲ့ ခန္ဓာကိုယ်ကနေ ခွဲယူပေးမယ့်အရာများ ဖြစ်နေဖို့လိုပါတယ်။ အကယ်၍ သင်က အရပ်မြင့်ပြီး ကိုယ်လုံးကြီးတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတယ်ဆိုပါစို့။ အဝတ်အစားဆိုရင် အပွင့် အဆင် ခပ်ကြီးကြီး၊ အိတ်ဆိုရင်လည်း ခပ်ကြီးကြီးနဲ့ အရောင်ရင့်ရင့် ခါးပတ်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အကယ်၍ သင်က အရပ်လည်းသိပ်မမြင့်ဘူး၊ ခပ်လုံးလုံး ခန္ဓာကိုယ်မျိုးဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တာနဲ့ ဆန့်ကျင်ဘက်တွေကို ရွေးချယ်ဝတ်ဆင်ရမှာဖြစ်ပါတယ်။

Tip: Plus Size တော့ မှန်ပါရဲ့၊ သင့်ရဲ့မျက်နှာနဲ့ အစိတ်အပိုင်းတွေက ခပ်သေးသေးဖြစ်နေတယ်ဆိုရင် သင့်ရဲ့ လက်ဝတ်ရတနာနဲ့ Accessories တွေဟာလည်း ခပ်သေးသေးပဲဖြစ်သင့်ပါတယ်။ အကယ်၍ သင်က ခါးသေးပြီး တင်ဖွံ့ဖြိုးသူဆိုရင် တော့ လည်ဆွဲခပ်ကြီးကြီးတွေနဲ့ ကိုယ့်ရဲ့ ကောက်ကြောင်းကို ပြေပြစ်သွားအောင် ညှိယူနိုင်ပါတယ်။ အနည်းငယ်တုတ်တဲ့ ခြေသလုံးကို ပိုင်ဆိုင်ထားရင် ကြိုးပြားသေးသေးနဲ့ ဒေါက်ချွန်ပါတဲ့ ဖိနပ်တွေ ထက် ကြိုးပြားခပ်ကြီးကြီးနဲ့ ခုံပါတဲ့ ဖိနပ်တွေက ပိုပြီး လိုက်ဖက်မှု ရှိမှာဖြစ်ပါတယ်။


၅။ အတွင်းခံအဝတ်အစားတွေအတွက် ငွေသုံးပါ
ဒါက Plus Size ခန္ဓာကိုယ်ပိုင်ရှင်များအတွက် အရေးအကြီးဆုံးပါပဲ။ အနည်းဆုံးတော့ Shapewear ကောင်းကောင်းတစ်ထည် ပိုင်ဆိုင်ထားသင့်ပါတယ်။ Shapewear တွေက သင့်ရဲ့ ခါး၊ ကျောပြင်၊ ဝမ်းဗိုက်နဲ့ပေါင်နေရာတစ်ဝှိုက်ကို တင်းတင်းရင်းရင်းနဲ့ ချပ်ချပ်ရပ်ရပ် ဖြစ်နေအောင် ထိန်းထားပေးနိုင်တာကြောင့် အဝတ်အစားဝတ်တဲ့ အခါမှာ သင့်ကို ပိုပြီး ပိန်သွယ်ကျစ်လစ်သယောင် ထင်ရစေပါတယ်။ အတွင်းခံအဝတ်အစား ဝယ်တဲ့အခါမှာလည်း မကျပ်လွန်း၊ မချောင်လွန်ဘဲ သက်တောင့်သက်သာနဲ့ အထိန်းအကွပ်ကောင်းကောင်းပေးနိုင်တဲ့ အမျိုးအစားတွေကို သေချာ ရွေးဝယ်သင့်ပါတယ်။

အထက်မှာပြောပြီးသလိုပါပဲ။ စစ်မှန်တဲ့ အလှအပဆိုတာ Size နဲ့ အတိုင်းအတာ ကိန်းဂဏန်းတွေပေါ်မှာ မူတည်နေတာမဟုတ်ပါဘူး။ ဒီလိုပဲ ဖက်ရှင်ဆိုတာလည်း ခန္ဓာကိုယ်အချိုး အစားနဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိပါဘူး။ ယုံကြည်မှုရှိရှိနဲ့ မိန်းကလေးတိုင်း လှနိုင်၊ လန်းနိုင်၊ ဖက်ရှင်ကျနိုင်ပါတယ်။