Primary tabs

နာမည်ကျော်တို့ကိုယ်တိုင် နောက်ထပ်မတွေ့ချင်တော့တဲ့ ဖက်ရှင်အလွဲများ

ကမ္ဘာကျော် အနုပညာရှင်တွေကိုယ်တိုင် ပျောက်ပျက်သွားအောင် ဖျောက်ဖျက်ပြစ်လိုက်ချင်ကြပေမဲ့ ပျောက်ကွယ်သွားဖို့ ခက်ခဲတဲ့ ပုံရိပ်တွေအဖြစ် ကျန်ရှိနေခဲ့တဲ့ ဖက်ရှင်အလွဲတွေရဲ့အ ကြောင်းကို အရင်လမှာတုန်းကလည်း ဖော်ပြခဲ့ပါသေးတယ်။ ဒီလမှာလည်း နာမည်ကျော်တို့ ကိုယ်တိုင်တောင် သဘောမကျဖြစ်ရတဲ့ ဖက်ရှင်တွေက ဘာတွေလဲ၊ ဘယ်အနုပညာရှင်တွေက ဘယ်လိုဖက်ရှင်တွေကို မနှစ်သက်တော့တာလဲ၊ အချိန်တစ်ခုကြာလာတဲ့အခါမှ ပြန်တွေ့မိရင်း ရှက်ရွံ့ခံစားမိရတဲ့ ဖက်ရှင်တွေက ဘယ်လိုမျိုးလဲဆိုတာနဲ့ ပတ်သက်လို့ ဆက်လက်ပြီး ဖော်ပြပေးသွားပါဦးမယ်နော်။

၁။ ဆွတ်ပျံ့ဖွယ်ရာ အမှတ်တရပစ္စည်း မဖြစ်နိုင်ခဲ့တဲ့ Sarah Jessica Parker ရဲ့ အနက်ရောင် မင်္ဂလာဝတ်စုံ 
Sex and the City ဇာတ်ကားမှာ Carrie Bradshaw ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်စဉ်က ဝတ်ခဲ့တဲ့ Sarah Jessica Parker ရဲ့ ဗီဗီယန် ဝက်(စ)ဝုဒ် မင်္ဂလာဂါဝန်ကို သူမရဲ့ ပရိသတ်တွေ က အရမ်းကို နှစ်သက်ခဲ့ကြတာပေါ့။ Sarah ကတော့ သူမနဲ့ Matthew Broderick တို့ ထိမ်းမြားလက်ထပ်ကြတဲ့အခါမှာလည်း  မင်္ဂလာဝတ်စုံတစ်စုံလုံးကို အနက်ရောင်တွေသာ ဝတ်ဆင်ခဲ့ပါတယ်။ တကယ်လို့ သူမအနေနဲ့ ခင်ပွန်းဖြစ်သူ Matthew Broderick နဲ့အတူ မင်္ဂလာပွဲကို ပြင်ဆင်ကျင်းပနိုင်တဲ့ အခွင့်အရေး နောက်တစ်ကြိမ်သာ ထပ်ပြီးတော့ ရရှိခဲ့မယ်ဆိုရင် အဲ့ဒီလို အနက်ရောင် ဖက်ရှင်ကို ရွေးချယ်တော့မှာ မဟုတ်လောက်ပါဘူး။ 

ဒီလို စွန့်စားရာကျတဲ့ ရွေးချယ်မှုမျိုး ဘာလို့လုပ်ဖြစ်ခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့ Andy Cohen က သူမကို မေးတဲ့အခါ သူမက အဲ့ဒီလို ပုံစံကို ဝတ်ဆင်ချင်ခဲ့တဲ့အကြောင်းနဲ့ မင်္ဂလာဝတ်စုံရွေးချယ်ဖို့ အချိန်အကြာကြီး ပေးရမှာကိုလည်း ရှိုးတိုးရှန့်တန့်ဖြစ်ခဲ့ရတဲ့အကြောင်း ဖြေကြားခဲ့ဖူးပါတယ်။ လက်ရှိအခြေအနေမှာဆိုရင်တော့ အဲ့ဒီဖက်ရှင်ကို ရွေးချယ်ဖြစ်တော့မှာ မဟုတ်ဘဲ အဖြူရောင်ဝတ်စုံကိုသာ ရွေးချယ်မိမယ်ထင်တဲ့အကြောင်း သူမရဲ့ တကယ့် မင်္ဂလာပွဲနေ့မှာ ဝတ်ဆင်ခဲ့သင့်တဲ့ လှလှပပ ကျက်သရေရှိရှိ မင်္ဂလာဝတ်စုံကိုဘဲ ရွေးချယ်မိမယ့်အကြောင်း ဖြေကြားခဲ့ဖူးပါတယ်။

၂။ အင်္ကျီနောက်ပြန်ကြီး ဝတ်ခဲ့မိတာကို ပြန်ဖျက်လို့မရရှာတော့တဲ့ Taylor Swift
Taylor Swift ရဲ့ နောက်ဆုံးအယ်လ်ဘမ်ဖြစ်တဲ့ Reputation ထွက်လာပြီးနောက်ပိုင်း သူမရဲ့ ချစ်မှုရေးရာကစလို့ ဖက်ရှင်အလွဲတွေအထိ အလွဲပေါင်းစုံအကြောင်း ပွင့်ထွက်လာတဲ့အထဲမှာတော့ ဒီတစ်ခုကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ အဲ့ဒီအလွဲကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဘတ်စကတ်ဘောပွဲတစ်ခုကို တက်ရောက်ခဲ့စဉ်က ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံဘဲ ဖြစ်ပါတယ်။ Taylor Swift ဟာ အဲ့ဒီပွဲမှာ အနီရောင် လည်ပင်းခေါက် ဆွယ်တာအင်္ကျီကို ရှေ့နောက်မှားကာ ဝတ်ဆင်လာပါတယ်။ သူမရဲ့ ပရိသတ်တွေ ခပ်မြန်မြန် သတိထားမိသွားပြီးတဲ့နောက်မှာတော့ အင်္ကျီ ရှေ့နောက်မှားနေတယ်ဆိုတဲ့အကြောင်း ထောက်ပြပြောဆိုကြတော့တာပေါ့။ အင်တာနက်မှာလည်း သူမရဲ့ ဖက်ရှင်အလွဲနဲ့ ပတ်သက်လို့ ညတွင်း
ချင်းဆိုသလို ရုပ်ပြောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒီ ရုပ်ပြောင်ပုံတွေကိုတော့ သူမအနေနဲ့ ဘယ်တော့မှ ဖျောက်ဖျက်လို့မရတော့ပါဘူး။ 

ဒါပေမဲ့ Taylor ကတော့ သူမရဲ့ကိုယ်ပိုင်ရှေ့နောက်လွဲနေတဲ့ လည်ပင်းခေါက်ဆွယ်တာ စတိုင်အင်္ကျီကို Reputation လိုဂိုနဲ့ ဖန်တီးပြီး ထုတ်လုပ်ရောင်းချခဲ့တယ်။ သူမ အမှားတွေ လုပ်ခဲ့တယ်ဆိုပေမဲ့ ဝင်ငွေကတော့ ကြမ်းနေဆဲပါဘဲနော်။ 


၃။ အကြံပြုချက်တွေ လက်ခံပြီး သားမွေးထည်တွေ ဝတ်ဆင်တာကို ရပ်တန့်လိုက်တဲ့ Pharrell Williams
Happy သီချင်းရဲ့ တေးသံရှင် Pharrell Willaims တစ်ယောက်တော့ သားမွေးထည်တွေ ဝတ်ဆင်အလှပြရင်း ကုန်လွန်ခဲ့ရတဲ့ နှစ်တွေအတွက် သိပ်ကို နောင်တရမိပါသတဲ့။ နောက်ပြီး တိရစ္ဆာန်လေးတွေကို ညှင်းဆဲသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံယူချက်ကိုလည်း ပြောင်းလဲလိုက်တော့မယ့်အကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ ပြင်သစ် ဒီဇိုင်နာ Moncler ကို ကူညီအရောင်းမြှင့်တင်ပေးတဲ့အနေနဲ့ ကြမ်းပြင်ထိ တရွတ်ဆွဲနေတဲ့ သားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ တိရစ္ဆာန်လေးတွေရဲ့ အခွင့်အရေးကို တောင်းဆိုပေးနေတဲ့ PETA  အဖွဲ့က Pharrell Williams ထံကို အသိပေးပြောကြားတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ အသံတွေကျယ်လာပြီး တဲ့နောက်မှာတော့ Williams ဟာ သားမွေး ထည်တွေ ဝတ်ဆင်အသုံးပြုခြင်းကို ရပ်တန့်လိုက်ပါတယ်။ 

Pharrell Williams က  ‘ သားမွေးထည်တွေကို ဝတ်ဆင်အသုံးပြုတဲ့သူတွေအပေါ် တချို့သူတွေ ရဲ့ အမြင်က သိပ်ကို အစွန်းရောက်လွန်းတယ်လို့ မကြာခဏ ထင်မိတယ်။ Moncler ကို ကူညီပေးတုန်းကဆိုရင်ပေါ့။ အဲ့ဒီ ကုတ်အကျီအတွက်နဲ့ ပေါ့ဗျာ။ ဒါပေမဲ့ အဲ့ဒီအတွက်လည်း ကျွန်တော် နောင်တရမိပါတယ်။ ဘာကြောင့်လဲဆိုတော့ တိရစ္ဆာန်လေးတွေကို ကာကွယ်ပေးရေးအတွက် တက်ကြွလှုပ်ရှားသူတွေကို ကိုယ်ချင်းစာမိလို့ပါ။ သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေအတွက်လည်း ကိုယ်ချင်းစာပါတယ်။ သူတို့တွေရဲ့ လွှမ်းမိုး နိုင်မှုကိုလည်း အသိအမှတ်ပြုပါတယ်’ ဆိုပြီး Complex မဂ္ဂဇင်းကို ပြောခဲ့ဖူးပါတယ်။

၎။ ကိုယ်ဝန် ၈ လကျော်တဲ့အထိ ထောက်ချွန် ဖိနပ်စီးနင်း သွားလာခဲ့တဲ့ ကိုယ့်ကိုကိုယ် တုန်လှုပ်မိသူ Victoria Beckham
စမတ်ကျကျ ဝတ်ဆင်မှုနဲ့ ပတ်သက်လို့ Victoria Beckha တစ်ယောက် မှားယွင်းသွားတယ်ဆိုတာ သိပ်ကို ရှားပါးပါတယ်နော်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ထောက်ချွန်ဖိနပ် အမြင့်ကြီးစီးထားတဲ့ သူမပုံကို သူမပြန်ကြည့်ရင်း တုန်လှုပ်မိရတယ်လို့ ဆိုလာပါတယ်။ သူမက ‘ဖက်ရှင်နဲ့ ပတ်သက်လို့ အလွဲလေးတွေ တော်တော်များများ ကျွန်မ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ ဘာတွေမှားနေလဲဆိုပြီး ပြန်ကြည့်တာမျိုးတော့ သိပ်မရှိပါဘူး။ ကျွန်မပွဲတွေ တက်တယ်၊ တစ်ခါတလေ ရယ်မောမိတယ်။ ဒါပေမဲ့ အဲ့ဒါတွေနဲ့ ပတ်သက်လို့ ရှက်ရွံ့ခံစားရတာမျိုး မဖြစ်ဖူးပါဘူး။ Romeo လေးကို ကိုယ်ဝန်ဆောင်ထားတဲ့ အချိန်တုန်းက Christian Louboutin ရဲ့ ဒေါက်မြင့်ဖိနပ်ကို စီးပြီး လျှောက်သွားခဲ့တယ်။ ကိုယ်ဝန်က ၉ လနီးပါးရှိနေပြီ။ အဲ့ဒီတုန်းကတော့ အဆင်ပြေတယ်လို့ တွေးခဲ့မိတာဘဲ’ ဆိုပြီး ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဒေါက်မြင့်ဖိနပ်စီးခဲ့မိတာကို ပြန်တွေးကြည့်မိတော့မှ ထိတ်လန့်မိတဲ့အကြောင်းနဲ့ သူမအတွက်တော့ ဖက်ရှင်တွေထဲမှာတော့ အဲ့ဒီဖက်ရှင်က အလွဲဆုံးဖြစ်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

သူမပရိသတ်အများစု တွေးထင်ကြတာ ကတော့ Spice Girls အဖြစ်နဲ့ သီချင်းတွေ ဆိုနေတုန်းက ဝတ်ဆင်ခဲ့တဲ့ PVC ကြောင်ပုံစံ ဝတ်စုံ  ဒါမှမဟုတ် ခင်ပွန်းဖြစ်သူ David Beckham နဲ့ ဆင်တူ ဝတ်ဆင်ခဲ့ကြတဲ့ ခရမ်းနုရောင် ဝတ်စုံက အဆိုးရွားဆုံး ဖက်ရှင်တွေ ဖြစ်နိုင်တယ်ဆိုတာ ပါဘဲ။ ဒါပေမဲ့ Victoria အတွက်တော့ အဲ့ဒီလို မဟုတ်ပါဘူးတဲ့။ 


၅။ Jennifer Lopez Can't Live Down She Once Wore Clogs
တစ်ချိန်က ဝတ်ဆင်ခဲ့ဖူးတဲ့ ခြေစွပ်ဖိနပ်နဲ့ ပုံရိပ်တွေကို ဖျောက်ဖျက်ချင်သူ Jennifer Lopez ကြမ်းပြင်ထိ ပုံကျနေအောင် ရှည်လျားလှပတဲ့ Versace ဂါဝန်ကြီးကို ဝတ်ဆင်ကာ ချစ်သူဟောင်း P Diddy ကို တွဲလို့ ဂရမ်မီပွဲကို တက်ရောက်လာတဲ့ Jennifer Lopez ကို တွေ့မြင်ပြီးတော့ ကမ္ဘာတစ်ဝန်းက သူမ ပရိသတ်တွေရဲ့ အံ့အားသင့်တဲ့ အသံတွေ ညံခဲ့ဖူးပါတယ်။ သူမဟာ အဲ့ဒီဂါဝန်ကို အခုချိန်ထိ သူမရဲ့ အဝတ်ဘီရိုထဲမှာ လုံလုံခြုံခြုံ ထည့်သွင်းသိမ်းဆည်းထားဆဲပါ။ ဆွတ်ပျံ့ကြည်နူးခဲ့ဖူးတဲ့ အတိတ်က အရိပ်အဖြစ် အချိန်မရွေးကြည့်ရှုလို့လည်း ရတာပေါ့။ ဒါပေမဲ့ သူမထပ်ပြီး မမြင်တွေ့ချင်လောက်အောင် ဖြစ်ရတဲ့ ဖက်ရှင်အလွဲက ဘယ်ဟာလဲဆိုရင်တော့ ‘ကျွန်မ အဆိုတော်ဘဝအစက ပေါတောတော ဓာတ်ပုံတစ်ပုံရှိခဲ့တယ်။ အညိုရောင် ကြယ်သီးအပြည့်တပ် ဝတ်စုံနဲ့ စိတ်ပျက်စရာ ခြေစွပ် ဖိနပ်တွေပေါ့။ အဲ့ဒီတုန်းက ကျွန်မကိုယ် ကျွန်မ တွေးမိတာက ကြည့်ကောင်းတယ်ပေါ့။ ဝတ်စုံနဲ့ ဖိနပ်နှစ်ခုလုံးက ကြည့်ကောင်းနေတယ်ပေါ့နော်’ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။ သူမရဲ့ နေ့စဉ်ဘဝမှာ ပုံမှန်ဝတ်ဆင်ဖြစ်တာကတော့ ပါပါရာဇီတွေရဲ့ ဓာတ်ပုံတွေ အများစုမှာ တွေ့မြင်ခဲ့ကြရတဲ့အတိုင်း ခပ်ပွပွ ဂျင်းဘောင်းဘီတွေဘဲ ဖြစ်ပါသတဲ့။ 


၆။ Keira Knightley မလိုချင်ခဲ့တဲ့ Pixie ဆံပင်ပုံစံ 
ဦးခေါင်းရဲ့ နောက်ခြမ်းနဲ့ ဘေးဘက်တွေကို တိုတိုပါးပါး ညှပ်ထားတဲ့ Pixie Cut ဆိုတဲ့ ဆံပင်ပုံစံတစ်မျိုး စပြီး ခေတ်စားလာတော့ နာမည်ကျော်တွေ အားလုံးနီးပါးက Pixie Cut ကြတာပေါ့လေ။ ဒါပေမဲ့ သူတို့တွေထဲက တချို့ကတော့ အဲ့ဒီဆံပင်ပုံစံ ညှပ်ခဲ့မိလို့ တခြားသူတွေထက်ကို နောင်တရမိခဲ့ကြပါသတဲ့။ အဲ့ဒီိလို နာမည်ကျော်တွေထဲက တစ်ဦးဖြစ်တဲ့ ဗြိတိသျှမင်းသမီး Keira Knightley ကတော့ အဲ့ဒီဆံပင်ပုံစံက သူမလိုချင်တဲ့ပုံတော့ မဟုတ်တဲ့အကြောင်း သူမရဲ့ ဆံပင်ပုံ ဖန်တီးရှင်ကို နည်းနည်းတော့ အပြစ်ဖို့ခဲ့ဖူးပါတယ်။ Elle မဂ္ဂဇင်း နဲ့ အင်တာဗျူးခဲ့တုန်းက  ‘Pixie ပုံစံကိုတော့ ဘယ်တော့မှ ထပ်ပြီး ညှပ်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ထင်တယ်။ ကျွန်မရဲ့ ရှေ့ဆံပင်တွေက ကွေးပြီး ထောင်နေရောလေ။ ပုံပန်းမကျတဲ့ ဆံပင်ပုံစံက လုံးဝကို အိမ်မက်ဆိုးပါဘဲ။ Sex Pistols အဖွဲ့က ရော့ခ်စတား Sid Vicious ရဲ့ ဆံပင်ပုံစံနဲ့ သွားတူနေတော့တာဘဲ။ တစ်ခေါင်းလုံးကို ထိုးထိုးထောင်ထောင်နဲ့ပေါ့။ ကျွန်မလိုချင်တဲ့ ပုံစံတော့ မဟုတ်ပါဘူး။’ သူမဟာ ကျရာဇာတ်ရုပ်နဲ့ လိုက်ဖက်ဖို့အတွက် သူမနှစ်သက်တဲ့ ဆံပင်ပုံစံတစ်ခုတည်းကို ထားလို့မရဘဲ ဆံပင်ပုံစံအမျိုးမျိုးကို ပြောင်းလဲ ရပါတယ်။ ဒါပေမဲ့ Pixie Cut ကိုတော့ သူမ နောင်တအရဆုံးလို့ သိရပါတယ်။

၇။ ပြောင်းဖူးတန်းပုံ ဆံပင်ပုံစံနဲ့ Nelson Mendela ကို သွားရောက်တွေ့ဆုံမိလို့ နောင်တရခဲ့သူ David Beckham
စတိုင်ကျတဲ့ နာမည်ကျော်တွေအကြောင်း ပြောကြမယ်ဆိုရင် David Beckham ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ ထင်ရှားလှပတဲ့ ခန္ခာကိုယ်ပေါ်က တက်တူးတွေ၊ အလန်းစားဖက်ရှင်တို့အပြင် ကျစ်လျစ်တောင့်တင်းတဲ့ အမိုက်အစား အချိုးအစားကိုလည်း ထိန်းသိမ်းထားနိုင်တဲ့သူပါ။ သူ့အနေနဲ့ နောက်တစ်ခါ ထပ်ပြီး မမြင်တွေ့ချင်တဲ့ ဖက်ရှင်ကို ပြောပါဆိုရင်တော့ ဆံပင်ပုံစံပါတဲ့။  Graham Norton ရှိုးတုန်းက တချို့သော ဆံပင်ပုံစံတွေက ပြန်ကြည့်မယ်ဆိုရင် သူ့အတွက်တော့ သိပ်ကို ဆိုးရွားလွန်းပါသတဲ့။ သျှောင်ပေစူးလို အပေါ်မှာ ထုံးထားတဲ့စတိုင်က နည်းနည်းတော်သေးတယ်ဆိုပေမယ့် ပြောင်းဖူးတန်းပုံစံလို ကျစ်ထားတဲ့ ပုံစံကို ထားမိတာကတော့ ဆုံးရွားလွန်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ နောက်ပြီး ဆိုးဆိုးရွားရွား တိုက်ဆိုင်လွန်းတာက သူဟာ ပြောင်းဖူးတန်း ဆံပင်ပုံစံနဲ့ Nelson Mendela ကို သွားရောက်တွေ့ဆုံမိခြင်းပါဘဲ။ အဲ့ဒီ ဆံပင်ပုံစံကတော့ သူ့အတွက် နောင်တအရဆုံးဖက်ရှင်တစ်ခု ဖြစ်ပါတယ်။