Primary tabs

နာမည်ကျော်တို့ရဲ့ ကမ္ဘာကျော်ကားများ

တကယ်လို့ မိတ်ဆွေဟာ အလန်းစား အင်ဂျင်တွေ တပ်ဆင်ထားတဲ့ ကားတွေကို အသည်း အသန် နှစ်သက်တဲ့သူတစ်ယောက်ဆိုရင် ဒီတစ်လမှာ ပြောပြပေးသွားမယ့် အကြောင်းအရာကို စိတ် ဝင်စားမှာပါဘဲ။ ကျွန်တော်တို့ အားလုံး သိထားတဲ့
အတိုင်း နာမည်ကျော်တို့ဟာ တချို့သော ကိစ္စတွေမှာ တန်ဖိုးနည်းသည် များသည်ကို အလေးမထားဘဲ လက်ဖွာစွာနဲ့ ဝယ်ခြမ်းသုံးစွဲတတ်ကြပါတယ်။ အဲ့ဒီလို အချွေအတာမရှိ လက်ဖွာပြီး ဝယ်တတ်တဲ့ အရာဝတ္ထုတွေထဲမှာတော့ ဇိမ်ခံကားတွေကလည်း တစ်ခုအပါအဝင်ပါဘဲ။ နာမည်ကျော်တွေအနေနဲ့ ဒီလိုသုံးဖြုန်းနိုင်တဲ့ ငွေအင်အားလည်း ရှိနေတာပါတာပေါ့။ ဒါကြောင့် တန်ဖိုးကြီးလွန်းတဲ့ ကားတွေရဲ့ ဈေးနှုန်းကလည်း သူတို့အတွက်တော့ မှုလောက်စရာ မဖြစ်တာပေါ့လေ။ သာမန်လူတစ်ယောက်အတွက်ကတော့ သူတို့အကုန်အကျခံ ဝယ်ယူကြတဲ့ ဇိမ်ခံကားတွေရဲ့ တန်ဖိုးက အဓိပ္ပာယ်မရှိဘူးလို့တောင် ထင်ရစေပါလိမ့်မယ်။ 

ဒီတစ်လမှာ ဖော်ပြပေးဖို့ ပြင်ဆင်ထားတဲ့ ကားတွေကတော့ ၂၀၁၇ ခုနှစ်မှာ နာမည်ကျော်တို့ ပိုင်ဆိုင်ထားကြတဲ့ ကားတွေထဲက တန်ဖိုးအကြီးဆုံး ကား ၁၀ စီးဘဲ ဖြစ်ပါတယ်။ မော်တော်ကားနဲ့ ပတ်သက်လို့ အရူးအမူးစွဲလမ်းတတ်ကြသူ နာမည်ကျော်တို့ဟာ  ဈေးကွက်ထဲက အမိုက်စား စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ ကားတွေကို ဝယ်ယူထားကြတာကို တွေ့ရမှာပါ။

၁။ Paris Hilton ရဲ့ Bentley GT continental 
ဟောလိ့ဝုဒ်ရဲ့ နာမည်ကျော် မင်းသမီး Paris Hilton ကတော့ သူမပိုင်ဆိုင်ထားတဲ့ Bentley GT Continental လေးကို ခရစ်စမတ် လက်ဆောင်အဖြစ် သူမဘာသာ လက်ဆောင်ပေးခဲ့တာပါ။ သူမရဲ့ ကားကို ထူးခြားသိသာနေစေဖို့အတွက် ကား တစ်စီးလုံးကို ပန်းရောင်ဆေး ပြန်မှုတ်ထားပြီး ဒတ်ဘုရှ်ကိုလည်း စိန်ပွင့်တွေနဲ့ စီခြယ် အလှဆင်ထားပါတယ်။ သူမရဲ့ကားကတော့ W12 အင်ဂျင်တပ်ဆင်ထားပြီး အလိုအလျောက် suspension စနစ်နဲ့ ဖြစ်ပါတယ်။ ဖော်ပြပေးသွားမယ့် ကားတွေထဲမှာ တန်ဖိုးအနေအထားအရ အနိမ့်ဆုံးဖြစ်ပေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်တဲ့နှုန်းမှာတော့ ဒီကားလေးက အနည်းပါးဆုံးပါဘဲ။ ကားရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၂၈၅,၀၀၀ ပါ။ တကယ်တမ်း တွက်ကြည့်မယ်ဆိုရင်တော့ ကားရဲ့ တန်ဖိုးက မသေးလှပါဘူး။

၂။ P.Diddy ရဲ့ Maybach 
နာမည် အကျော်ကြားဆုံး ရက်ပါတွေထဲက တစ်ယောက်လို့ ပြောရမယ့် P.Diddy ရဲ့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ ကားကတော့ Maybach ပါ။ ဒီ ကားက တကယ်တော့ P Diddy က သူ့သားရဲ့ ၁၆ နှစ်ပြည့် မွေးနေ့အတွက် ဝယ်ပေးခဲ့တာဖြစ်ပါတယ်။ ကားရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၃၆၀,၀၀၀ ဖြစ်ပြီး မြင်းကောင်ရေအား ၆၁၂ မက်ထရစ်ရှိတဲ့ V 12 အင်ဂျင် တပ်ဆင်ပါရှိပါတယ်။ အဲ့ဒီအင်ဂျင်ကို Mercedes-Benz AMG က ထုတ်လုပ်ပေးထားတာပါ။ နောက်ပြီး မယုံနိုင်လောက်အောင်ကို မြန်ဆန်တဲ့ ကားလေးပါ။ သားဖြစ်သူအပေါ် ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပြသတဲ့ လက်ဆောင်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။

၃။ David Beckham ရဲ့ Rolls-Royce Phantom Drophead 
ကမ္ဘာကျော် ဘောလုံးသမား David Beckham ကတော့ အထူးထုတ်လုပ်ထားတဲ့ Rolls-Royce Phantom Drophead ကို သူ့မိသားစုနဲ့အတူ စီးနင်းနိုင်ဖို့အတွက် ဝယ်ယူထားပါတယ်။ ဒီလို ကားအမျိုးအစား ထုတ်လုပ်မှုက ဒီနှစ်အတွင်းမှာ
ဘဲ ရပ်တန့်တော့မှာလို့လည်း သိရပါတယ်။ ဒီကားကို ၆၇၄၉ စီစီဆံ့ V 12 အင်ဂျင် တပ်ဆင်ထားတာပါ။ ကားကို ထုတ်လုပ်ထားတဲ့ ကုမ္ပဏီကလည်း ကမ္ဘာ့ကားလောကမှာတော့ နာမည်ကြီး လူသိများတဲ့ Rolls-Royce ဖြစ်ပါတယ်။ ကားရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၄၀၇ ၀၀၀ ဖြစ်ပြီး နာမည်ကျော်တို့ ပိုင်ဆိုင်ထားတဲ့ တန်ဖိုးကြီးကားတွေထဲမှာ တစ်စီး အပါအဝင်လည်း ဖြစ်ပါတယ်။ 


၎။ Jay Leno ရဲ့ Mercedes SLR McLaren 
Leno ဟာ မော်တော်ကားတွေနဲ့ ပတ်သက်လာရင် သိပ်ကို အစွဲအလမ်းကြီးတဲ့သူဆိုတာ တော်တော်များများက သိထားကြပြီးသား ဖြစ်မယ် ထင်ပါတယ်။ ဟိုးအရင်ကတည်းက ဇိမ်ခံကား ရာပေါင်းများစွာကို စုဆောင်းပြီး ပြန်လည်ပြင်ဆင်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း နာမည်ကျော်တို့ရဲ့ ကမ္ဘာ ကျော်ကားများဆိုတဲ့ စာရင်းထဲမှာ McLaren နဲ့အတူ ပါဝင်လာတာက အံ့သြစရာတော့ မဟုတ်ပါဘူး။ သူက ဒီကားအတွက် ဒေါ်လာ ၅၀၀,၀၀၀ လောက် သုံးခဲ့ရပါသတဲ့။ ဒီကားကိုတော့ Mer-
cedes-Benz  က ဒီဇိုင်းဆွဲပြီး McLaren Auto-motive က ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်အတွင်းတွေမှာ ထုတ်လုပ်ခဲ့တာပါ။ ဒီကောင်ကိုတော့ ၅.၄ လီတာဆံ့ M155 SLR V8 အင်ဂျင် တပ်ဆင် အားဖြည့်ထားပါတယ်။ 


၅။ Nicolas Cage ရဲ့ Ferrari Enzo 
ဆိုင်ကယ်ကြီး စီးလိုက်တဲ့အခါ သရဲပုံပြောင်း သွားပြီး လူတွေရဲ့ အသက်ကိုကယ်တဲ့သူအဖြစ်နဲ့ သရုပ်ဆောင်ခဲ့သူ  Nicolas Cage ကို အားလုံးရင်းနှီးကြမှာပါ။ ဒါပေမဲ့ ကမ္ဘာကျော်မင်းသားကြီးရဲ့ အကြောင်း ကျွန်တော်တို့ သိသမျှ အနည်းငယ်ထဲ
မှာ သူ့ရဲ့အချစ်တွေကို မော်တော်ကားတွေအပေါ်မှာလည်း ခွဲထုတ်မျှဝေထားတယ်ဆိုတဲ့အကြောင်းလေး မပါသေးဘူး ထင်ပါရဲ့။ သူ့ရဲ့ Ferrari Enzo က ဒေါ်လာ ၆၇၀ ၀၀၀ တန်ဖိုးရှိပါတယ်။ ဒီကားကို ဒီဇိုင်းရေးဆွဲထားတာကတော့ အီတလီက နာမည်ကြီး ကားဒီဇိုင်းရေးဆွဲတဲ့အဖွဲ့ Pininfarina  ရဲ့ အဖွဲ့ဝင် ဂျပန်လူမျိုး စက်ရုံပိုင်းဆိုင်ရာ ဒီဇိုင်းပညာရှင် Ken Okuyuma ပါ။ ၂၀၀၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ Ferrari Enzo ကို ၆ လီတာဆံ့ V 12 အင်ဂျင် တပ်ဆင်ထားပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ စိတ်ကူးမိသလို မျိုးဘဲ မောင်းနှင်တဲ့အခါမှာတော့  ချောချောမွေ့မွေ့ လျင်လျင်မြန်မြန် ရှိတာပေါ့။ လက်ရှိမှာတော့ ဒီလိုကားမျိုးက ၃၄၉ စီးသာ အပြင်မှာ ရှိနေပါတယ်။ Nicolas Cage ရဲ့ ကားကတော့ ၄၉ စီးထဲက တစ်စီးအပါအဝင်ပေါ့။ 


၆။ Jerry Seinfeld ရဲ့ Porsche 959
အခုဖော်ပြမယ့် စာရင်းထဲမှာတော့ Jerry Seinfeld က မော်တော်ကားတွေနဲ့ ဆက်စပ်မှု အရှိဆုံးလို့ ဆိုရမှာပါ။ သူပိုင်ဆိုင်ထားတဲ့ Porsche 959 ကိုတော့ ၁၉၈၆ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိနဲ့ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်တွေမှာ ထုတ်လုပ်ခဲ့တာပါ။ ဒါပေမဲ့ အစီးရေအားဖြင့်တော့ ၃၄၅ စီးသာ ထုတ်လုပ်ထားခဲ့ပါတယ်။ ဒီကားတွေကိုတော့ ၂၈၄၇ စီစီဆံ့ flat 6 အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ Porsche က ထုတ်လုပ်ခဲ့တာပါ။ Seinfeld က ဒီကားကို ဒေါ်လာ ၇၀၀,၀၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ တကယ်လို့ ဒီလိုကားမျိုးကို ဝယ်ယူချင်တယ်ဆိုရင်လည်း အစီးရေ အနည်းငယ်သာ ရှိတာမို့ ခက်ခက်ခဲခဲ ရှာဖွေရဖို့ ရှိပါတဲ့အပြင် ဈေးနှုန်းကလည်း သေးမှာတော့ မဟုတ်လောက်ဘူးဗျ။ 


၇။ Kanye West ရဲ့ Lambo
သီချင်းတွေကိုလည်း ရေးသလို၊ ဖက်ရှင်ဒီဇိုင်နာလည်း လုပ်တယ်၊  စွန့်ဦးတီထွင်သူတစ်ဦးလည်းဖြစ်တဲ့  အမေရိကန် rapper Kanye West ကတော့ ပြန်မေးစရာမလိုလောက်တဲ့  နာမည်ကျော် ဖျော်ဖြေတင်ဆက်သူပါ။ သူက တေးဂီတအတွက် အလုပ်ရှုပ်မနေခဲ့ဘူးဆိုရင် တွစ်တာပေါ်မှာ ပေါတောတောအကြောင်းအရာ တချို့အပေါ် ဒေါသူပုန်ထနေတာကို တွေ့မြင်နိုင်ပါလိမ့်မယ်။ သူ့ရဲ့ကားကတော့ သူ့ကို ဒေါ်လာ ၇၅၀,၀၀၀ တောင် ကုန်ကျစေခဲ့ပါသတဲ့။ Kanye West ရဲ့ ကားကတော့ တံခါးနှစ်ပေါက်ပါ Lamborghini ဖြစ်ပြီး မော်တော်ကားတွေကို ဒီဇိုင်းရေးဆွဲသူ Filippo Perini က ဒီဇိုင်းထုတ်ခဲ့တာပါ။ လက်ရှိမှာလည်း ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ ၆.၅ လီတာဆံ့ L 539 V12 အင်ဂျင် တပ်ဆင်ထားပါတယ်။ 


၈။ Simon Cowell ရဲ့ Bugatti Veyron 
Simon Cowell ကတော့ ဒေါ်လာ ၁.၇ သန်းတန်တဲ့ Bugatti Veyron ကို ဝယ်ယူပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဂျာမနီရဲ့ နာမည်ကြီး Volkswagen Auto ကနေ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတာပါ။ ဒီကားက မြန်တယ်ဆိုတာထက်ကို မြန်တယ်လို့ ဆိုနိုင်ပါတယ်။ ၈ လီတာဆံ့ W-16 အင်ဂျင်နဲ့ ထုတ်လုပ်ထားပါတယ်။ ဒီကားတွေရဲ့ ထုတ်လုပ်မှုကိုတော့ လွန်ခဲ့တဲ့နှစ်က ရပ်ဆိုင်းလိုက်ပါပြီ။ 


၉။ Rapper birdman ရဲ့ Bugatti Veyron 
Rapper birdman ကိုတော့ သူ့ရဲ့ rap သီချင်းတွေကြောင့် လူသိများပါတယ်။ ဒါပေမဲ့ နာမည်ကျော်တွေရဲ့ ကမ္ဘာကျာ် မော်တော်ကားတွေအကြောင်းကို ပြောမယ်ဆိုရင်လည်း သူ့ကို တော့ ချန်လှပ်ထားခဲ့ဖို့ မဖြစ်နိုင်ပါဘူး။ သူနဲ့ Simon တို့က ညီတဲ့ ကားအမျိုးအစားကို ပိုင်ဆိုင်ထားပေမယ့် Birdman ကတော့ ပိုပြီး ဈေးကြီးပေးရတဲ့သူပါ။ သူဟာ ဒီကားကို ရဖို့အတွက် ဒေါ်လာ ၂ သန်းတောင် ကုန်ကျခဲ့ရပါတယ်။ သူနဲ့ Simom ရဲ့ ကားမှာ ကွာခြားတာဆိုလို့ အရောင်လေး ဘဲ ရှိတာပါ။ Birdman ရဲ့ ကားကတော့ အနီရောင်ဖြစ်ပါတယ်။ အင်ဂျင်ကလည်း  စီးနင်းရတာအခါ သိပ်ကို ငြိမ့်ညောင်းလျင်မြန်တဲ့ W-16 ကိုဘဲ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ 


၁၀။ Jay Z ရဲ့ Maybach Exelero 
ကျွန်တော်တို့ အားလုံး သိထားပြီးဖြစ်တဲ့အတိုင်း Jay-Z တစ်ယောက်ဟာဆိုရင် ဘာမှကို မလိုအပ်လောက်အောင် ပြည့်စုံနေတဲ့သူပါ။ အဲ့ဒါတွေထဲက အကောင်းဆုံးကို ပြောရမယ်ဆိုရင်တော့ သူ့ရဲ့ ဇနီးလို့ဆိုရမလား ဒါမှမဟုတ် သူ့ရဲ့ ကားလို့ဘဲ ပြောရမလား။ Jay-Z က သူ့ကား Maybach  Exelero အတွက် ဒေါ်လာ သိန်း ၈၀ တောင် သုံးခဲ့ရပါသတဲ့။ ဒီကားက အချိန်တိုအတွင်းမှာ မြန်မြန်ခရီးရောက်အောင် ဖန်တီးထုတ်လုပ်ထားတာပါ။ တစ်နာရီမှာ ၂၁၈.၃၈ မိုင်တောင် အမြန်နှုန်းရှိပါတယ်။ သူ့ရဲ့ ဗီဒီယိုတစ်ခုမှာလည်း ဒီကားကို တွေ့နိုင်ပါတယ်။ ဒီလိုကားအမျိုးအစား ပထမတစ်စီးကို ၂၀၀၄ ခုနှစ်က ထုတ်လုပ်ခဲ့ပြီး တံခါးနှစ်ချပ်နဲ့ အမိုးဖွင့်နိုင်ပါတယ်။ V12 အင်ဂျင်နှစ်လုံးကို တပ်ဆင်ထားတဲ့ ဒီကားကို အရင်ကတော့ Birdman က ပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့ သိပ်မကြာခင်မှာဘဲ ဒေါ်လာ ၈ သန်းနဲ့ ပြန်ရောင်းထုတ်ခဲ့ပါတယ်။ Maybach Exelero က နာမည်ကျော်တို့ ပိုင်ဆိုင်ထားတဲ့ ဈေးအကြီးဆုံးကားလည်း ဖြစ်ပါတယ်။

Ref: Top 10 Most Expensive Celebrity Cars in The World