Primary tabs

မတော်တဆအလွဲများ

အဖြစ်အပျက်တစ်ခုကြောင့် စိတ်ထဲမှာ မသက်မသာနဲ့ ရှက်ရွံ့ခံစားရတဲ့ အခိုက်အတန့်မျိုးမကြုံဖူးတဲ့သူဆိုတာရှားပါးလိမ့်မယ်ထင်ပါတယ်နော်။ လူတိုင်းလိုလိုဘဲ ဒီလိုအခိုက်အတန့်မျိုးကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ တွေ့ကြုံဘူးကြမှာပါ။ ဒါပေမဲ့ ပရိသတ်အများစုရဲ့ရှေ့မီးရောင်တွေအောက်မှာ အမြဲလိုလို ရှင်သန်လှုပ်ရှားနေရတဲ့ နာမည်ကျော်တို့အတွက်ကတော့ ရုတ်တရက် ရှက်ရွံ့စရာ အခိုက်အတန့်ကြုံတွေ့ရတဲ့အခါ လူများများသိမြင်ခံရသလို ပြောစမှတ်လည်း ဖြစ်ကျန်ခဲ့တတ်တာပေါ့။ သူတို့ကအချိန်တိုင်းလိုလို မျက်ဝန်းပေါင်းမြောက်များစွာရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့သူတွေ ဖြစ်နေတာကြောင့်လည်း ပါတာပေါ့ရှင်။ တကယ်တမ်းမှာတော့ သူတို့ဟာ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်လို့ သိုဝှက်ပိုင်ခွင့် နည်းပါး 
လွန်းတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနားမှာရှိနေတဲ့ ကင်မရာကိုင်ထားသူတစ်စုံတစ်ယောက်ဟာသူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို မှတ်တမ်းတင်နေတတ်တာကြောင့်ပါဘဲ။ ဒီတစ်လရဲ့ နာမည်ကျော်တို့ရဲ့ အလွဲများကဏ္ဍမှာ ပါဝင်နေကြတဲ့သူတွေကတော့ 

၁။    ကံမကောင်းဖြစ်ခဲ့ရတဲ့ Ariana Grande
၂၀၁၄ ခုနှစ် Victoria’s Secret ရဲ့ ဖက်ရှင်ရှိုးပွဲတစ်ခုမှာ Victoria’s Secret က နတ်သမီးလေးတစ်ပါးရဲ့ တောင်ပံတွေနဲ့ Ari ကို မတော်တဆထိခိုက်မိမလို ဖြစ်သွားခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရမလိုပါဘဲ။ ကင်မရာသမားကလည်း Ari ရဲ့ ရုပ်ပျက်ဆင်းပျက် ကြောက်ရွံ့နေတဲ့ ပုံရိပ်ကို မှတ်တမ်းတင်ထားနိုင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ Ari က အဲ့ဒီပွဲမှာ သီချင်းဆိုတာရောက ခုန်ခြင်းကိုပါ အရှိန်မပျက်စေဘဲ ပရိသတ်ကြီးကို ကောင်းကောင်းမွန်မွန် ဆက်လက်ဖျော်ဖြေသွားနိုင်ခဲ့ပါတယ်။ 

၂။    ပိုက်ကွန်ခြေအိတ် ပေါက်သွားခဲ့သူ Britney Spears
BritneySpears ရဲ့ ပိုက်ကွန်ခြေအိတ်က ပေါင်မှာရှိတဲ့ ကြွက်သားတွေကို ထိန်းသိမ်းထား နိုင်စွမ်းမရှိတော့ဘူးနဲ့တူပါရဲ့။ သူမရဲ့ Piece of Me ကို မြူးမြူးကြွကြွ ဖျော်ဖြေတင်ဆက်နေစဉ်မှာဘဲ ပေါက်သွားခဲ့ပါတယ်။ ခြေအိတ်ကသူမရဲ့ ပေါင်အတွင်းသားရှိရာ နေရာလောက်ကနေစပြီး တဖြည်းဖြည်းပေါက်လာခဲ့တာမို့ သိပ်မသိသာလို့ တော်ပါသေးတယ်လို့ ဆိုရပါမယ်။ ကိုယ်လက်လှုပ်ရှားမှုများတဲ့သူ ဒါမှမဟုတ် ကခုန်ဖျော်ဖြေတဲ့သူတွေမှာတော့ ဒါမျိုးက ကြုံရတတ်တဲ့ အဖြစ် အပျက်လေးတစ်ခုပါဘဲ။ 

၃။    တစ်ကိုယ်တော်လဲခဲ့ရသူ Katy Perry
One Lady Show မဟုတ်ဘဲ One Lady Down ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ ၂၀၀၈ ခုနှစ် MTV ဆုပေးပွဲမှာတုန်းက Katy Perry ဟာ ကိတ်မုန့်တစ်ခုပေါ် စတန့်ထွင်ပြီးခုန်လိုက်ရာကနေ စင်မြင့်ထက်မှာဘဲချော်လဲသွားခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာစင်နောက်ကို တဖြည်းဖြည်းတွားသွားရင်းနဲ့ ပြန်ဝင်သွားနိုင်ခဲ့ပါတယ်။ စတန့်ထွင်လို့ မအောင်မမြင်ဖြစ်ပြီဆိုရင် စင်နောက်ကိုသိက္ခာရှိရှိနဲ့ ပြန်ဝင်သွားနိုင်တဲ့ နာမည်ကျော် အရေအတွက် တော်တော်နည်းတာကြောင့် Katy Perry ကတော့ တကယ်တော်တဲ့သူလို့ ဆိုနိုင်မယ်ထင်ပါတယ်။ 

၎။    စင်မြင့်ထက်မှာ ချော်လဲကျသူနောက်တစ်ယောက်
မြင်တွေ့ရသူတွေအဖို့ ထိတ်လန့်စရာကောင်းသလို၊ ကိုယ်တိုင်ကြုံတွေ့ရတဲ့သူမှာလည်း ကြောက်လန့်မှုအပြင် ရှက်ရွံ့ခံစားရမယ့် အဖြစ်အပျက်တစ်ခုပါ။ BRIT ဆုပေးပွဲမှာတုန်း က Madonna တစ်ယောက် လှေကားထစ်တွေ ပေါ်ကနေ ချော်လဲကျခဲ့ဘူးပါတယ်။ စင်မြင့်ပေါ်ကဖျော်ဖြေမှုတွေ အပြီးမှာ သူမခမျာဆေးဝါးတွေ အသည်းအသန် မှီဝဲခဲ့ရပါသတဲ့။ အဲ့ဒီလို ဖြစ်စေခဲ့တဲ့ အကြောင်းအရင်းကတော့ ဝတ်စားဆင်ယင်မှု အလွဲလို့ဘဲဆိုနိုင်မယ် ထင်ပါတယ်။ Pop အဆိုကျော် Madonna ရဲ့ ဝတ်ရုံက ပြေလျော့ကျမလာဘဲ လှေကားထစ်ကိုဆင်းလိုက်တဲ့အခါ သူမကို ဆောင့်ဆွဲလိုက်သလို ဖြစ်သွားပါတယ်။ Madonna ဟာ ကြမ်းပြင်ပေါ်မှာ အတော်ကြာမထနိုင်ဘဲနဲ့ သူမကို ကြည့်ရတာလည်းတုန်လှုပ်နေပုံပါဘဲ။ ဒါပေမဲ့ အဲ့ဒီပွဲမှာသူမဟာသူမ ပြန်လည်တည့်မတ်နိုင်သွားခဲ့ပြီး ဖျော်ဖြေတင်ဆက်မှုတွေ ပြီးဆုံးအောင် လုပ်သွားနိုင်ခဲ့ပါတယ်။ 

၅။    စင်ပေါ်မှာဆန်ပြုတ်ရောင်းခဲ့သူ
လူတိုင်းကတော့ အနေခက်ရတဲ့ အခိုက်အတန့်ကို ကြုံဖူးကြတာပါဘဲ။ ဒါပေမဲ့ ပရိသတ်တွေ အများကြီးမတ်တပ်ရပ်နေတဲ့ ဖျော်ဖြေရေးစင်မြင့်ပေါ်မှာတော့ မဟုတ်နိုင်လောက်ပါဘူး။ ကနေဒီးယန်းစူပါစတား Justin Bieber ကတော့ စင်ပေါ်မှာတစ်ကြိမ်တောင်မက နှစ်ကြိမ်တိတိတောင် ဆန်ပြုတ်ရောင်းခဲ့ပါသတဲ့။ တနည်းအားဖြင့် ပြော ရမယ်ဆို အရီဇိုးနားဖျော်ဖြေပွဲမှာတုန်းက ပရိသတ်တွေ အများကြီးရဲ့ ရှေ့မှာတင် Bieber တစ်ယောက် ပျို့အန်ခဲ့တာပါ။ Bieber ကတော့ ပွဲ မစတင်ခင်လေးမှာ နို့တွေအများကြီးသောက်မိခဲ့တာကြောင့်လို့ ဆိုပါတယ်။ 

၆။    အားပါးတရ ပြုတ်ကျသွားခဲ့တဲ့ Jennifer Lawrence
Jennife Lawrence အနေနဲ့ နာမည်ကျော် အနုပညာရှင်တွေ အများကြီးတက်ရောက်ကြတဲ့ ကော်ဇောနီပွဲတွေမှာ သုံးလေးကြိမ်လောက်တော့ ဒယိမ်းဒယိုင်ဖြစ်တာ ခလုတ်တိုက်မိတာတို့တော့ ဖြစ်ခဲ့ဘူးပါတယ်။ သူမတက်ရောက်တဲ့ ပွဲတွေ
အားလုံးနီးပါးမှာ မကြာခဏဆိုသလို ခလုတ်တိုက်လဲကျတာမျိုး ဖြစ်နေတော့ ခလုတ်တိုက်လဲကျတယ်ဆိုတာက သူမရဲ့ ကိုယ်ပိုင်အမှတ်အသားလို ဖြစ်နေတော့တာပေါ့။ ဒါပေမဲ့ ၂၀၁၃ ခုနှစ် အကယ်ဒမီဆုပေးပွဲမှာက အရင်တစ်ခေါက်တွေနဲ့ ကွဲပြားတယ်လို့ ဆိုနိုင်မလားပါဘဲ။ လှေကားထစ်တွေကိုပါ လက်နဲ့ထောက်ပြီးတော့ ထိန်းကိုင်ထားလိုက်ရပါတယ်။ သူမရဲ့ ဂါဝန်ကြီးက ကြားခံဖြစ်နေလို့ သူမအတွက် သက်သာသွားတယ်ဆိုရမှာပါဘဲ။ သူမအနေနဲ့တော့ တော်တော်လေး ရှက်ရွံ့ခဲ့ရမှာပါဘဲ။ 

 

၇။    ဘောင်းဘီပြဲသွားခဲ့သူ Lady Gaga
ကနေဒါနိုင်ငံ Vancouver က Rogers Arena မှာကျင်းပခဲ့တဲ့ ပွဲမှာ Lady Gaga ရဲ့ ပြောင်ပြောင်လက်လက် အနက်ရောင် ဘောင်းဘီ  ဟာ Heavy Metal Lover ကို ဖျော်ဖြေတင်ဆက်နေတဲ့အချိန်မှာဘဲ ကွဲသွားခဲ့ရှာပါတယ်။ သူမဖျော်ဖြေတင်ဆက်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မော်တော်ဆိုင်ကယ်ပေါ်ကို ခြေတစ်ဖက် ခုန်တက်လိုက်တဲ့အချိန်မှာ ဘောင်းဘီနောက်ခြမ်းက အလယ်ကနေကွဲသွားပြီးတင်ပါးတွေကိုပါ ဖော်ပြသလို ဖြစ်ခဲ့ရပါတယ်။ သူမရဲ့ စတန့််ထွင်မှုက မအောင်မြင်လိုက်ပေမဲ့ ဖျော်ဖြေတင်ဆက်မှုကတော့ ရပ်တန့်မသွားခဲ့ပါဘူး။