Primary tabs

နာမည်ကျော်တို့ရဲ့ သားကြီးသြရသအကြောင်း

နာမည်ကျော်တို့ရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြနေတဲ့ ဒီကဏ္ဍလေးမှာ ငယ်ငယ်ချောချော ကောင်မလေးတွေရဲ့ လျှို့ဝှက်ချက်တွေထဲက  ဘာအကြောင်းတွေများပြောပြရင် ကောင်းမလဲဆို ပြီး ရှာဖွေလိုက်တဲ့အခါ မျက်နှာချိုချိုနဲ့ ခန့်ညားတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ရပါတော့တယ်။ သူက နာမည်ကျော်မိဘနှစ်ပါးကနေ ပေါက်ဖွားလာတဲ့ သားကြီးသြရသတစ်ယောက်ပါ။ သူ့ရဲ့ တချို့သော လျှို့ဝှက်ချက်တွေကို ပရိသတ်ကြီးလည်း စိတ်ဝင်စားမယ်လို့ မျှော်လင့်မိပါတယ်။ သူကတော့ ကမ္ဘာကျော် ဘောလုံးသမား David Beckhamsနဲ့ Victoria တို့ရဲ့သားကြီး Brooklyn Beckhams ပါဘဲ။ 

ပရိသတ်ကြီး စိတ်ဝင်စားနိုင်မယ့် သူ့ရဲ့လျှို့ဝှက်ချက်တွေထဲက တချို့ကိုပြောပြရမယ် ဆိုရင်......    
Brooklyn ဆိုတဲ့ နာမည်ပေးရတာကတော့ Brooklyn ဆိုတဲ့ နာမည်ကတော့ သူ့ကိုကိုယ်ဝန်လွယ်ခဲ့ရတဲ့ နယူးယောက်မြို့ရဲ့ တစ်နေရာကိုအစွဲပြုပြီး နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်က Victoria ပါဝင်ခဲ့တဲ့  အမျိုးသမီး ပေါ့ အဆို
တော်အဖွဲ့ Spice Girls နဲ့ အမေရိကကို နယ်လှည့်ဖျော်ဖြေခဲ့တဲ့ ကာလတုန်းကလို့ ဆိုရမှာပေါ့။  

ညီညာလှပတဲ့ သွားတွေက
ခန့်ငြားလှပတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထား သူ Brooklyn ဟာ ညီညာလှပတဲ့ သွားတွေပိုင်ဆိုင်နိုင်ဖို့အတွက် ၂၀၁၂ ခုနှစ်က သွားထိန်းကြိုးတပ် ခဲ့ရဖူးပါသတဲ့။ 

သူနှစ်သက်တဲ့ အဆိုတော်
Beckham တို့ မိသားစုဟာ Justin Bieber ကို ၂၀၁၁ ခုနှစ် Teen Choice ဆုပေးပွဲမှာ ဆုံတွေ့ခဲ့ကြပြီး Bieber ရဲ့ အမာခံပရိသတ်တွေ ဖြစ်ခဲ့ကြတာပါဘဲ။ သူတို့ရဲ့ လော့စ်အိန်ဂျလိစ့်  စံအိမ်တော်ကြီးမှာ Bieber ရဲ့ သက်ရှိထင်ရှားအရွယ် ကတ်ထူ ပြားကြီးရှိပါသတဲ့။

Brooklyn လုပ်နေကျ အားကစား
အားကစားခန်းမထဲမှာဘဲ ရှေ့ကိုရွေ့မသွားဘဲနင်းနေလို့ရတဲ့ စက်ဘီးစီးတဲ့ အားကစားနည်းကို Brooklyn နှစ်သက်ပါတယ်။ သူနဲ့ လက်ရှိချိန်းတွေ့ ဖြစ်နေတဲ့ သရုပ်ဆောင် Chloe Grace Moretz တို့ဟာ Brentwood က Soul Cycle gym ကို အရင်​ကတည်းက အတူသွားလေ့ရှိတယ်ဆိုပြီး လူသိများကြတယ်။ တကယ်တော့ Brooklyn ဟာ သူ့အဖေနဲ့အတူ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ကြရင်း အသက် ၁၈ နှစ်အရွယ် Chloe နဲ့ ပထမဆုံးတွေ့ခဲ့ကြတယ်လို့လည်း တွေးထင်စရာ ရှိပါတယ်။ 

ဖေဖေ့ခြေရာနင်းတဲ့သား
Brooklyn က ဖခင်ဖြစ်သူရဲ့ ခြေရာကိုနင်းနိုင်တဲ့သူပါ။ ဘောလုံးကစားတဲ့ နေရာမှာတော့ သဘာဝကပေးထားတဲ့ လက်ဆောင်ကိုရရှိထားတဲ့ သူတစ်ယောက်ပေါ့။ သူကအာစင်နယ်ရဲ့ Hale End အကယ်ဒမီမှာ တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ 
၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီ ၂၃ ရက်မှာတော့ Daily Mail ရဲ့ ဖော်ပြချက်အရ Brooklyn ဟာအာစင်နယ်ရဲ့ ပညာသင်ဆုကို မရရှိခဲ့တဲ့အကြောင်းသိရပါတယ်။ ငယ်ရွယ်သူရဲ့မျှော်လင့်ချက်အတွက် ကြီးမားတဲ့ရိုက်ချက်လို့ ဆိုရမှာပေါ့။ 

ကမ္ဘာ့ဖလားတုန်းက သူအားပေးခဲ့တဲ့ အသင်း
ဘရာဇီးမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကျင်းပတုန်းတော့ David က သားသုံးယောက်လုံးကို ခေါ်သွားခဲ့ပါသတဲ့။ အဲ့ဒီပွဲမှာ သူနှစ်ခြိုက်အားပေးတဲ့ အာဂျင်တီးနားအသင်းက ဂျာမနီကိုရှုံးခဲ့တာကြောင့် ရှက်ဒေါသတွေ ဖြစ်ခဲ့ရတဲ့သူက Brooklyn 
ပေါ့။ 

မေမေ့ရဲ့ ပွဲတက်ဖော် 
David လို အလုပ်သိပ်များတဲ့ သူကိုခင်ပွန်းတော်ထားရတဲ့  Victoria ဟာ မကြာခဏဆိုသလို သူမရဲ့ သားကိုကော်ဇောနီပွဲတက်ဖော်အဖြစ် စာရင်းသွင်းလေ့ရှိပါတယ်။ Harper’s Bazaar ရဲ့ တစ်နှစ်တာအတွက် အထူးချွန်ဆုံးအမျိုးသမီး
ဆုပေးပွဲလိုပွဲတွေမျိုးမှာ Brooklyn လည်းအတူ လိုက်ပါတတ်တာပေါ့။ 

ကော်ဖီဆိုင်က အချိန်ပိုင်းအလုပ်သမားလေး
Brooklyn ရဲ့ မိဘတွေဟာ သိပ်ကိုချမ်းသာတဲ့သူတွေ ဖြစ်တာကြောင့် သူ့ရဲ့ ဘဝမှာတစ်ရက်ကလေးတောင် အလုပ်လုပ်စရာမလိုပါဘူး။ ဒါပေမဲ့ သူကလန်ဒန်အနောက်ပိုင်းက ကော်ဖီဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်းအလုပ်ကိုဝင်လုပ်ခဲ့ဖူးပါတယ်။ 

Brooklyn အရမ်းချစ်ရသူ
ပရိသတ်ကြီးရော ဘယ်သူလို့ ထင်ပါသလဲ။ Brooklyn အရမ်းချစ်ရသူတစ်ယောက်ကတော့ သူ့ရဲ့ ညီမလေးဘဲဖြစ်ပါတယ်။ အကြီးဆုံးသား တစ်ယောက်အနေနဲ့ အလုပ်များတဲ့ မိဘတွေကို ကလေးကူထိန်းပေးခြင်းနဲ့ ကူညီလေ့ရှိသလိုသူက Harper ကိုအချစ်သည်းလွန်းတဲ့သူပါ။

သူလေးစားအားကျရတဲ့ ပုဂ္ဂိုလ်
စန္ဒယားပညာရှင်၊ တေးသီချင်းတွေ စပ်ဆိုတဲ့အပြင် အယ်(လ)ဘမ် အချပ် ၃၀ ထွက်ရှိခဲ့တဲ့ Elton John , Elton John မှတ်တမ်းရုပ်ရှင်နဲ့ နာမည်ကျော်ခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူ David Furnish နဲ့ အင်္ဂလိပ်ရုပ်ရှင်မင်းသမီးနဲ့ မော်ဒယ် Elizabeth Hurley တို့ကတော့ Brooklyn လေးစားအားကျရတဲ့သူတွေလို့ သိရပါတယ်။
 
မဂ္ဂဇင်းမျက်နှာဖုံးရှင် 
Brooklyn က ကိုယ်ဟန်ပြတဲ့ အလုပ်တွေကို အရင်ကတည်းကလုပ်ခဲ့ဖူးပါတယ်။ သူက Man About Town ဆိုတဲ့ ဖက်ရှင်မဂ္ဂဇင်းမှာ ၂၀၁၄ ခုနှစ်က မျက်နှာဖုံးရှင် ဖြစ်ခဲ့ဖူးသူပါ။

စကိတ်ဘုတ် စီးရတာကို မြတ်နိုးသူ
Brooklyn နဲ့ သရုပ်ဆောင် Chloe Grace Moretz တို့ရဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ကောလာဟလတွေကလွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းကပျံ့လွင့်နေခဲ့တာပါ။ စန်တာမိုနီကာမှာအတူတူစကိတ်ဘုတ်စီးကြတဲ့ ဓာတ်ပုံပေါ်ထွက်လာကတည်းကလို့ ဆိုရမှာပေါ့နော်။ သရုပ်ဆောင်၊ မော်ဒယ်မလေးက  Brooklyn ရဲ့ စွန့်စွန့်စားစား စကိတ်ဘုတ်စီးနေတဲ့ စတိုင်ကိုဖော်ပြပြီး ‘သူကသိပ်စွန့်စားတဲ့သူပေါ့။ အများနဲ့ မတူတဲ့သူတစ်ယောက်ပေါ့’ ဆိုပြီး ရေးထားခဲ့တာကိုလည်း တွေ့ခဲ့ကြရပါတယ်။

လူအများရဲ့ အာရုံစိုက်ခံဘဝနဲ့ ကြီးပျင်းလာရသူ
အများနဲ့မတူဘဲ ငယ်စဉ်ကလေးဘ၀ကတည်းက ကင်မရာပေါင်းများစွာရဲ့ ရှေ့မှာ ကြီးပျင်းလာခဲ့ရတဲ့သူဆိုတော့ လူရှေ့ထွက်ပြီးလူလုံးပြရတာ အဆန်းတော့လည်း မဟုတ်ပါဘူး။ နောက်ပိုင်းမှာလည်း Brooklyn ကိုကော်ဇောနီပွဲတွေမှာ ပိုပြီးတွေ့ လာရဖို့လည်း မျှော်လင့်ရင်း Brooklyn ရဲ့အကြောင်း ပြောတာလေးကို ဒီမှာဘဲအဆုံးသတ် လိုက်ပါရစေနော်။