Primary tabs

အချစ်အကြောင်း ဖွင့်ဆိုကြခြင်း...

ပိုင်ဖြိုးသု
အချစ်ဆိုတာ
ဟယ်တော် မဖြေတတ်ဘူး (ရယ်လျက်)။ လူများစွာက အဓိပါယ်များစွာ ဖွင့်ကြပါတယ်။ သု အတွက်ကတော့ အပြန်အလှန်နားလည်နေကြတဲ့ လူနှစ်ဦးပေါ့။ ယုံကြည်မှုလည်းရှိကြတယ်လို့ Defination ဖွင့်ချင်ပါတယ်။

အသက်အရွယ်အလိုက် အဓိပ္ပါယ်ပြောင်းခဲ့လား။
ပြောင်းလဲခဲ့တယ်ပြောရမှာပေါ့။ မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် Teenage အရွယ်မှာ စိတ်ကစားတာ၊ Crush ရှိတာတို့ ဒါကို  အချစ်လို့ ထင်ကြတယ်၊ ချစ်တယ်လို့ ပြောတတ်ကြတယ်။ ဒါပေမယ့် အသက်အရွယ်ရလာတဲ့အခါ တည်ငြိမ်လာတယ်။ အချစ်က ဘဝမဟုတ်ဘူးဆိုတာလည်း သိလာတယ်။ လူတွေက အချစ်ဆိုတာကို အချိန်အလိုက်၊ အခြေအနေအလိုက် ပြောင်းလဲ သတ်မှတ်ကြတယ်လို့ သု ထင်ပါတယ်။ လက်ရှိအခြေအနေအရ သု အချစ်က အေးချမ်းပါတယ်။

ချစ်သူစထားတဲ့အရွယ်ကနေ အခုထိ ဗယ်လင်တိုင်းဒေးကို စုံတွဲဖြတ်သန်းဖူးပြီလား။
ရှိတော့ ရှိတာပေါ့နော်။ ဒါပေမယ့် မှတ်မှတ်ရရ ခမ်းခမ်းနားနားမဖြတ်သန်းဖူးပါဘူး။

ဗယ်လင်တိုင်းအတွက်ရခဲ့တဲ့ အမှတ်တရဖြစ်ရပ်တွေ၊ လက်ဆောင်တွေရှိလား။
သူလည်း သူအသုံးဝင်၊ ကိုယ်လည်း ကိုယ်အသုံးဝင်တဲ့ ပစ္စည်းမျိုးတွေပဲ ပေးတတ်တာပေါ့နော်။ နုနုရွရွလေးတွေတော့ ပိုင်ဖြိုးသုက လုံးဝ မလုပ်တတ်ဘူး (ရယ်လျက်)။

ဒီဗယ်လင်တိုင်းဒေးမှာရော ဘယ်လိုဖြတ်သန်းမလဲ။
သု မေမြို့မှာ ဇာတ်ကားရိုက်နေဖို့ များတယ်။ အဲဒါဆိုရင်တော့ မန္တလေး Fan တွေနဲ့ တွေ့ဖြစ်မယ် ထင်တယ်။

ချစ်သူစုံတွဲတွေအတွက် အမှတ်တရစကားလေး။
ချစ်တယ်ဆိုတာ ကောင်းတဲ့အရာပါပဲ။ တစ်ယောက်စိတ်ချမ်းသာတာ တစ်ယောက်က လိုချင်တယ်။ အဓိက သု ထင်တာက ချစ်တယ်ဆိုတာ ကိုယ့်ချစ်သူကို စိတ်ချမ်းသာအောင်ထားတာပေါ့နော်။ အပြန်အလှန်လေးစားမှုရှိ၊ သစ္စာရှိမယ်ဆို ဘယ်အချစ်မဆို အေးချမ်းကြမယ်လို့ ထင်ပါတယ်။ ချစ်သူတိုင်း ဒီလို အချစ်မျိုးနဲ့ ချစ်ကြပါစေလို့ သုက ဆုတောင်းပေးပါတယ်။

နီနီခင်ဇော်
အချစ်ဆိုတာ
အတွယ်အတာပေါ့။ ဒီလောက်ပဲ အဓိပ္ပါယ် ဖွင့်တတ်တယ်။ သိပ်အများကြီး မပြောတတ်ဘူး။ သေချာတာက သိပ်များရင် ပူလောင်တယ်။

အသက်အရွယ်အလိုက် အဓိပ္ပါယ်ပြောင်းခဲ့လား။
ပြောင်းလဲပါတယ်။ ပြောင်းလဲခဲ့ပါတယ်။ အသက်အရွယ်ရလာတော့ အရာရာကို ချင့်ချိန်စဉ်းစားတတ်လာတယ်။ သွေးမပူတတ်တော့ဘူး။

ချစ်သူစထားတဲ့အရွယ်ကနေ အခုထိ ဗယ်လင်တိုင်းဒေးကို စုံတွဲဖြတ်သန်းဖူးပြီလား။
ဖြတ်သန်းဖူးပါတယ်။ သာမန်မိန်းကလေး တစ်ယောက်လိုပါပဲ။

ဗယ်လင်တိုင်းအတွက် ရခဲ့တဲ့အမှတ်တရဖြစ်ရပ်တွေ၊ လက်ဆောင်တွေရှိလား။
လက်ဆောင်တွေတော့ ရှိပါတယ်။ ကိုယ်ကပေးတာရော ကိုယ်ရခဲ့တာရောမှာ ထူးထူးခြားခြား၊ ကြီးကြီးမားမားဆိုတဲ့ လက်ဆောင်မရှိပါဘူး။ ဗယ် လင်တိုင်းဆိုတာ ချစ်တဲ့သူအချင်းချင်း လက်ဆောင်ပေးလို့ရတာဆိုတော့ နီနီ့ကို ချစ်လို့ Fan တွေက ပေးကြတဲ့ အရုပ်တွေအများကြီး ရှိပါတယ်။

ဒီဗယ်လင်တိုင်းဒေးမှာရော ဘယ်လိုဖြတ်သန်းမလဲ။
ပုံမှန်ဆိုရင်တော့ သီချင်းတွေဆိုပြီး ဖြတ်သန်းတာများပါတယ်။ ဒီနှစ်ကတော့ သေချာမသိသေးဘူး။ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းမလား၊ Fan တွေနဲ့ ဖြတ်သန်းမလား မသေချာသေးပါဘူး။

ချစ်သူစုံတွဲတွေအတွက် အမှတ်တရစကားလေး။
အချစ်ဆိုတာ ကောင်းပါတယ်။ ဒါကိုမှ အချစ်၊ မေတ္တာ၊ သံယောဇဉ်ပေါင်းရင် ပိုခိုင်မြဲမယ်လို့ ထင်ပါတယ်။ အချစ်ကြီးပဲ တစ်ခုကတော့ ပူလောင်ပါတယ်။ အင်မတန်ပူလောင်ပါတယ်။ မေတ္တာများများ၊ သံယောဇဉ်များများထားပြီး အချစ်ကို နည်းနည်းလျှော့နိုင်မှ အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်မယ်ထင်ပါတယ်။


ကျော်ထက်အောင်
အချစ်ဆိုတာ
အချစ်က အမျိုးမျိုးရှိပါတယ်။ ခံယူပုံပဲ ကွာပါတယ်။ သူချစ်ရှိမယ်။ ကိုယ်ချစ်ရှိမယ်၊ မေတ္တာချစ်ရှိမယ်၊ ရယူလိုစိတ်ချစ်ရှိမယ်၊ ပေးဆပ်လိုစိတ်ရှိမယ်။ခံယူတဲ့ ခံယူချက်ပဲ ကွာပါတယ်။ တစ်ကမ္ဘာလုံး လိင်တူပဲချစ်ချစ်၊ လိင်ကွဲပဲချစ်ချစ် အချစ်ဆိုတာကတော့ ကောင်းတဲ့အရာပါပဲ။ နောက်ပြီး ကိုယ့်ကိုယ်ကိုချစ်လို့ သူ့ကိုချစ်တာလား၊ သူမရှိရင် မဖြစ်ဘူးဆိုတာမျိုးတွေပေါ့။

အသက်အရွယ်အလိုက် အဓိပ္ပါယ်ပြောင်းခဲ့လား။
ဒီအသက်အရွယ်ဆို အချစ်ကိုဦးစားပေးလို့ မရဘူးပေါ့နော်။ ဘဝတွေပါလာပြီ။ သူ့ဘဝ ကိုယ့်ဘဝ နှစ်ဘဝတည်း ကြည့်လို့မရတဲ့အပြင် သူ့မိသားစု၊ ကိုယ့်မိသားစုတွေပါ ပါလာတဲ့အခါ ကျွန်တော်တို့လို သုံးဆယ်ကျော်တွေက ပိုဆိုးပါတယ်။ ချစ်ကြိုက်ကွဲဆိုတာတွေထက် ဒီတစ်ယောက်ကိုချစ်ရင် ယူဖို့အပိုင်းတွေပါပါလာပြီ။ သူ့မိသားစု၊ အကျင့်စရိုက်၊ ပတ်ဝန်းကျင် ဒါတွေပါထည့်တွက်ရတာပေါ့။ အသက်အရွယ်အလိုက်ကတော့ ကျောင်းမှာတုန်းကဆို သူများချစ်ရင် လိုက်ချစ်ချင်တာမျိုး။ ဒီတော့ ဒီကောင်မလေးတွေကို ချစ်လားလို့မေးရင် အဲဒီအရွယ်တုန်းကတော့ ချစ်တယ်ဖြေမှာပဲ။ ဒီအရွယ်မှာမေးရင် ထားတဲ့ရည်းစားတွေကို မချစ်ခဲ့ဘူး။ ဒါအမှန်ပါ။

ချစ်သူစထားတဲ့အရွယ်ကနေ အခုထိ ဗယ်လင်တိုင်းဒေးကို စုံတွဲဖြတ်သန်းဖူးပြီလား။
ကျောင်းသားဘဝကတော့ မှန်သောစကားပါ။ ကောင်မလေးတွေက လိုက်တာများပါတယ် (ရယ်လျက်)။ ကျောင်းမှာက အတန်းမှာ King လိုဖြစ်နေတော့၊ ကြိုက်တဲ့ထဲ ဟော့ရှော့တွေတော့ မပါပါဘူး(ရယ်လျက်)။ အလုပ်တွေမလုပ်ခင် ကျောင်းသားဘဝကတော့ လိုက်လိုက်လျောလျောနဲ့ကို ချစ်တာပေါ့။ သူမချစ်လည်း ကိုယ်ချစ်။ ဖြတ်သန်းခဲ့တာတော့ အဲဒီ့တစ်ယောက်က အိမ်ထောင်တောင် ကျနေပါပြီ(ရယ်လျက်)။

ဗယ်လင်တိုင်းအတွက်ရခဲ့တဲ့ အမှတ်တရဖြစ်ရပ်တွေ၊ လက်ဆောင်တွေရှိလား။
အဲဒီတစ်ယောက်ဆို ကျွန်တော်ကကိုယ်တိုင်လုပ်ပေးရတယ် Handicraft တွေ သဘောကျတော့ အဲဒါလေးတွေ ပေးတယ်။ ကိုယ်လည်း တန်ဖိုးကြီး ပစ္စည်းတွေမရဖူးသလို တစ်ခါမှလည်း ကိုယ်တိုင်မပေးဖြစ်ဖူးဘူး။ လက်ဆောင်တချို့တော့ အိမ်
ရှင်းရင်း ပြန်ထွက်လာတာ ရှိတယ်။ စာအုပ်တစ်အုပ်လုံး ကိုယ့်ကို ချစ်ကြောင်းတွေ ရေးပေးထားတာ။ ရီရတယ်နော် သူက အခု အိမ်ထောင်ကျနေပြီ။ အရင်က ဓာတ်ပုံဆိုင်တွေမှာပေါ်တဲ့ စတစ်ကာပုံသေးသေးလေးတွေ ကပ်ပေးထားတာမျိုးဆိုတော့ အခုတော့ သူနဲ့ကိုယ်နဲ့ ဘယ်လိုမှ အပ်စပ်စွာကြည့်လို့မရ ဖြစ်နေတာပေါ့(ရယ်လျက်)။ Bambino အခွေခေတ်စားနေတဲ့အချိန်ဆိုတော့ အဲ့အခွေမှာ စာလေးတွေ ရေးပြီး ပေးထားတာပေါ့။ Best Bunny အရုပ်ကြီး အိမ်ရောက်လာတာမျိုး။

ဒီဗယ်လင်တိုင်းဒေးမှာရော ဘယ်လို ဖြတ်သန်းမလဲ။
နယ်မှာပဲ Idol အစီအစဉ်နဲ့ ရှိနေမယ် ထင်ပါတယ်။ လက်ဆောင်တွေကတော့ ၅၂၈ ကြောင့်ပဲဖြစ်ဖြစ် ၁၅ဝဝနဲ့ပဲဖြစ်ဖြစ် ရောက်လာမယ် ထင်ပါတယ်။ အချစ်ရေးကတော့ အေးခဲသွားတာ ကြာပါပြီ။ အလုပ်တွေ၊ မိဘ၊ ချစ်ကြတဲ့သူတွေအတွက် အချစ်တွေ မျှပေးထားပါတယ်လို့။

ချစ်သူစုံတွဲတွေအတွက် အမှတ်တရစကားလေး။
ချစ်တာက ကောင်းပါတယ်။ သစ္စာရှိရှိချစ်ရင် လူမှုရေးပြဿနာလေးတွေပါ မဖြစ်ဘူးပေါ့နော်။ ချစ်တယ်ဆိုတဲ့စကား နားမှာကြားရတာနဲ့တင် ဘာသာရေးအရကြည့်လည်း မင်္ဂလာတစ်ပါးပါ။ လိင်တူဖြစ်ဖြစ်၊ လိင်ကွဲဖြစ်ဖြစ်၊ ကြီးသူကို ငယ်သူကချစ်ချစ်၊ ငယ်သူကို ကြီးသူက ချစ်ချစ်၊ ချစ်ခြင်းမေတ္တာဆိုတာ မွန်မြတ်ပါတယ်လို့။


ဆုမြတ်နိုးဦး
အချစ်ဆိုတာ
အချစ်ဆိုတာအမျိုးမျိုး ရှိတယ်လေနော်။ ၅၂၈၊ ၁၅ဝဝ၊ မိဘမောင်နှမ၊ ချစ်သူရည်းစား၊ သံယောဇဉ်ဆိုတာမျိုးတွေ။ ဒါပေမယ့် အချစ်ဆိုတဲ့အရာက ဘာလဲဆိုတာ တစ်လောကလုံးလည်း တိတိကျကျ အဖြေမထုတ်နိုင်သေးသလို မြတ်နိုးကိုယ်တိုင်လည်း မပြောတတ်သေးပါဘူး။

အသက်အရွယ်အလိုက် အဓိပ္ပါယ်ပြောင်းခဲ့လား။
သမီးရည်းစားဘက်ဆိုရင်တော့ မြတ်နိုးအတွက် သတ်မှတ်ထားတာ အများကြီးမရှိဘူး။ အဓိကက ကိုယ့်ချစ်သူဖြစ်လာမယ့်သူက ကိုယ့်အလုပ်ကို နားလည်ရမယ်၊ ကိုယ့်ကိုနားလည်ပေးနိုင်ရမယ်။ အပြန်အလှန် နားလည်မှု၊ သစ္စာရှိရင် ရပါပြီ။

ချစ်သူစထားတဲ့အရွယ်ကနေ အခုထိ ဗယ်လင်တိုင်းဒေးကို စုံတွဲဖြတ်သန်းဖူးပြီလား။
ချစ်သူနဲ့ တစ်ခါမှ မဖြတ်သန်းဖူးပါဘူး။ ကိုယ်ချစ်တဲ့သူတွေနဲ့ဆိုရင်တော့ အလုပ်လုပ်ရင်းပဲဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ သွားလာစားသောက်ရင်းတော့ ဖြတ်သန်းပါတယ်။ ဟိုလိုချစ်သူမျိုးနဲ့တော့ မဖြတ်သန်းဘူးသေးပါဘူး။
ဗယ်လင်တိုင်းဒေးတိုင်း ဘဲ မရှိလို့ (ရယ်လျက်)။

ဗယ်လင်တိုင်းအတွက်ရခဲ့တဲ့ အမှတ်တရဖြစ်ရပ်တွေ၊ လက်ဆောင်တွေရှိလား။
အမှတ်တရဖြစ်တဲ့ လက်ဆောင်ဆိုတာမျိုးကျ သီးသန့်မရှိပေမယ့် သူငယ်ချင်းအချို့ ဗယ်လင်းတိုင်းဒေးကျ ပန်းစီးလေးတွေ ပေးဖူးတယ်။

ဒီဗယ်လင်တိုင်းဒေးမှာရော ဘယ်လိုဖြတ်သန်းမလဲ။
မြတ်နိုး အလုပ်တွေအများကြီးလုပ်ရင်းပဲ ဖြတ်သန်းချင်ပါတယ်။ ကိုယ့်ပရိသတ်တွေဆီက ချစ်ခြင်းမေတ္တာတွေ၊ ကိုယ့်အနားဝန်းကျင်က လူတွေဆီက အချစ်တွေ အများကြီး လွှမ်းခြုံခံရတဲ့သူအဖြစ်ပဲ ဖြတ်သန်းချင်ပါတယ်။

ချစ်သူစုံတွဲတွေအတွက် အမှတ်တရစကားလေး။
ကိုယ့်ကို ချစ်တဲ့သူတွေကိုပဲ ပြောချင်ပါတယ်။ မြတ်နိုးကို ချစ်တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မြတ်နိုးရဲ့ အကောင်း၊ အဆိုး အားလုံးကို နားလည်ပြီး ချစ်ပေးနေလို့ ကျေးဇူးတင်ပါတယ်လို့။


ပိုးမီ
အချစ်ဆိုတာ
အချစ်ဆိုတာ ပူလောင်ရတာပဲ။ ကိုယ်က ချစ်ပြီဆိုတည်းက အတ္တတွေက ဖယ်နိုင်ဖို့ခက်တယ်လေ။ ဒီတော့ ပူလောင်ရတာပဲ။ ဒါကြောင့် အချစ်ဆိုတာ ပူလောင်မှုနဲ့မကင်းတဲ့ ခံစားချက်တစ်မျိုးပါ။

အသက်အရွယ်အလိုက်အဓိပ္ပါယ်ပြောင်းခဲ့လား။
ပြောင်းလဲတယ်ပြောရမှာပေါ့။ ဆယ်ကျော် သက်တုန်းကတော့ ဟိုတစ်ယောက်ကြိုက်သလို၊ ဒီတစ်ယောက်ကြိုက်သလိုနဲ့ ချောလိုက်တာ ဘာညာနဲ့ တဖက်သတ်ရင်ခုန်မှုလေးတွေ ရှိကြတာပဲ။ နောက်အသက်လေး နည်းနည်းကြီးလာတော့လည်း အချစ်က အရေးကြီးတယ်၊ အချစ်ကို ဦးစားပေးမယ်ဆိုတာမျိုးပေါ့။ အချစ်ရှိရင် ဘာမဆို ရင်ဆိုင်ရဲတယ်ဆိုတဲ့ မိုက်ရူးရဲလည်း ဖြစ်ခဲ့ဖူးတာပဲ။ အခုကျတော့ တယောက်ထဲ အေးဆေးနေချင်တယ် ဆိုတာမျိုးဖြစ်လာတယ်။ အချစ်စစ်ဆိုတာထက် မေတ္တာပေးနိုင်မလား။ ကိုယ့်ပတ်ဝန်းကျင်ကို ၅၂၈ မေတ္တာတွေနဲ့ အေးချမ်းနေစေတာပေါ့။ အခုကျ ဦးနှောက်က ပိုအလုပ်လုပ်လာတယ်ပေါ့။  နှလုံးသားက အလုပ်မလုပ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ရွေးချယ်ဖို့ခက်တယ်။ ရင်ခုန်တာတစ်ခုတည်း မဟုတ်ဘူး။ ဘောင်က ပိုကျဉ်းကျဉ်းလာပြီး အချစ်ကို Negative က တွေးလာတာပေါ့။

ချစ်သူစထားတဲ့အရွယ်ကနေ အခုထိ ဗယ်လင်တိုင်းဒေးကို စုံတွဲဖြတ်သန်းဖူးပြီလား။
သေချာတာ တစ်ခုကတော့ ချစ်ရသူနဲ့ ဖြတ်သန်းဖူးပါတယ်။ ရည်းစားဦးပဲပြောပါတော့ သုံးနှစ်ကျော်ကျော်လောက် ဖြတ်သန်းဖူးတယ်။ စရိုက်မတူ တော့ အတွေးအမြင်လည်း မတူဘူး။ ဒီလိုနဲ့ အေးဆေးလမ်းခွဲဖြစ်ခဲ့ကြတယ်။

ဗယ်လင်တိုင်းအတွက်ရခဲ့တဲ့ အမှတ်တရဖြစ်ရပ်တွေ၊ လက်ဆောင်တွေရှိလား။
ကိုယ်တိုင်က မိန်းမ မဆန်တော့ Romantic တွေ မလုပ်တတ်ဘူး။ ဒီတော့ ရင်ခုန်စရာ လက်ဆောင်နုနုလေးတွေ ဘာညာတွေမရှိဘူး။ ချောကလက်ပေးတယ်၊ ပန်းစည်းပေးတယ် ဒီလောက်ပဲ။ အခုနောက်ပိုင်းဆို သူငယ်ချင်းတွေရဲ့ ချောကလက်တွေပဲ စားဖြစ်တော့တယ်။

ဒီဗယ်လင်တိုင်းဒေးမှာရော ဘယ်လိုဖြတ်သန်းမလဲ။
လောလောဆယ်တော့ ဘဝဟာ တစ်ယောက်တည်းပါပဲ။ ကြင်နာမယ့်သူဆို ကိုယ့်ကိုချစ်တဲ့ Fan တွေပါပဲ။

ချစ်သူစုံတွဲတွေအတွက် အမှတ်တရစကားလေး။
နှစ်ယောက်ပေါင်းမှ တစ်ဘဝဖြစ်တဲ့အခါ နားလည်မှုက အရေးကြီးပါတယ်။ ကိုယ့်အတ္တ တစ်ခုတည်းမကြည့်ပါနဲ့လို့။ တကယ်ကို ဘက်ညီတဲ့ Relationship မျိုး တည်ဆောက်နိုင်ပါစေလို့ ပိုးမီက ဆုတောင်းပေးချင်ပါတယ်။


Tyron
အချစ်ဆိုတာ
ခံယူထားတဲ့အချစ်က အချစ်ကြီးသူရှုံးတယ်။

ပထမဆုံးရင်ခုန်မိတဲ့ ကောင်မလေးအကြောင်း
ပထမဆုံးရင်ခုန်ခဲ့တာ ကျောင်းသားဘဝတုန်းကဆိုတော့ မမှတ်မိတော့ဘူး။

ဘယ်လိုလူမျိုးကို ချစ်သူတော်ချင်လဲ
အော် တခုကျန်ခဲ့တယ်။
ဘယ်လိုကောင်မလေးကို ချစ်သူတော်ချင်လဲဆိုတော့ ကိုယ့်ပေါ်ဂျီကျပြီး အရမ်းဂရုစိုက်တဲ့ သူ။

ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မယ့်သူက ဘယ်လိုမိန်းကလေးမျိုးလဲ။
ရိုးသားအလုပ်ကြိုးစားအနေအေးတဲ့ သူကိုဘဲရွေးချင်တယ်။

အခုလောလောဆယ်မှာရော ချစ်သူရှိလား။
လက်ရှိမှာ ချစ်သူမရှိပါဘူး။

ချမ်းမင်းရဲထွဋ်
အချစ်ဆိုတာ
ခံယူထားတဲ့အချစ်ကတော့ အဓိကက နားလည်မှုပေါ့...

ပထမဆုံးရင်ခုန်မိတဲ့ ကောင်မလေးအကြောင်း
မရှိသေးပါဘူး၊ ပထမဆုံးရင်ခုန်တဲ့ ကောင်မလေးက...

ဘယ်လိုလူမျိုးကို ချစ်သူတော်ချင်လဲ
ကိုယ့်ကိုချစ်တဲ့ စိတ်ထားကောင်းတဲ့ ချစ်သူမျိုးပေါ့...

ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မယ့်သူက ဘယ်လိုမိန်းကလေးမျိုးလဲ
ဘဝလက်တွဲဖေါ်အဖြစ် ရွေးချယ်မယ်ဆိုရင် တော့အများကြီးစဉ်းစားမှာပါ... ကျွန်တော့်ကို အားကိုးပြီး အိမ်ထောင်မှုနိုင်နင်းတဲ့ မိန်းကလေးမျိုးကိုပဲ လက်တွဲချင်တယ်။

အခုလောလောဆယ်မှာရော ချစ်သူရှိလား။
လက်ရှိ 100% single ပါ။

ကြည်ဖြူအောင်
အချစ်ဆိုတာ
ခံယူထားတဲ့အချစ်ဆိုတာကတော့ ရှင်းပါတယ်။ လူတိုင်းချစ်တတ်တာပဲလေ လူပုဂ္ဂိုလ် အချင်းချင်းမှမဟုတ်ဘူး။ တိရစ္ဆာန်လေးတွေ ဝတ္တုပစ္စည်းလေးတွေတောင် ချစ်တတ်သေးတာပဲ ချစ်ရင် ပိုင်ဆိုင်ချင်မှာပဲ။ လိုအပ်နေမှာပဲ။ ကျွန်တော့်
အတွက်အချစ်ဆိုတာကတော့ လက်တွေ့ဆန်တဲ့ ပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတယ်။ ချစ်တဲ့ အရာကို ပိုင်ဆိုင်အောင်ကြိုးစားခွင့်ရှိတယ်လေနော။

ပထမဆုံးရင်ခုန်မိတဲ့ ကောင်မလေးအကြောင်း
ကျွန်တော်က အရင်က တစ်ရက်မှာ ၉ ခါလောက် ရင်ခုန်နေတော့ ဘယ်သူ့ကို စခုန်မိမှန်းကို မသိတော့ဘူး။

ဘယ်လိုလူမျိုးကို ချစ်သူတော်ချင်လဲ
ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့ရမယ် မိဘနဲ့အသိုင်းဝိုင်းကြားမှာ လိုက်လျောညီထွေနေနိုင်ရမယ်၊ အရေးကြီးဆုံးကတော့ ကျွန်တော့်ကို (ကျွန်တော်တစ်ယောက်ထဲကို) သေချာစွဲစွဲမြဲမြဲ သစ္စာရှိပြီး ချစ်ရမယ်။

ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မယ့်သူက ဘယ်လိုမိန်းကလေးမျိုးလဲ။
ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ကတော့ တွေးထားတဲ့ မျှော်လင့်ထားတဲ့အရာတွေနဲ့ ပြည့် နှက်နေပါတယ်။ အချိန်တန်တော့လည်း သိရပါမယ်။

အခုလောလောဆယ်မှာရော ချစ်သူရှိလား။
လတ်လတ်ဆတ်ဆတ် အထီးကျန်နေပါတယ်။


လင်းအောင်ခေတ်
အချစ်ဆိုတာ
အချစ်ကို ခံယူထားတာကတော့ အချစ်ကြောင့် ပျော်ရွှင်ပြီးဆိုရင်လည်း ကမ္ဘာလောကကြီး မေ့သွားသလို ပျော်ရွှင်ရပြီး အချစ်ကြောင့် စိတ်ညစ်ရပြီဆိုရင်လဲ လူငရဲကျသလိုပဲ ပူလောင်ပါတယ်... အချစ်ဆိုတဲ့ အရာက လူတိုင်းရှိမှာရှိသလို လူတိုင်း 
အတွက်လဲ အရေးကြီးပါတယ်။ ကျွန်တော်အတွက် အချစ်က ကျွန်တော်ချစ်တဲ့လူကို ပျော်ရွှင်စေချင်တယ်.. ကျွန်တော် ချစ်တာခံရတဲ့ လူက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူဖြစ်စေချင်တယ်။

ပထမဆုံးရင်ခုန်မိတဲ့ ကောင်မလေးအကြောင်း
ပထမဆုံး ရင်ခုန်ခဲ့တဲ့ ကောင်မလေးကတော့ သူကအရမ်းချစ်တတ်တဲ့ မိန်းကလေးပါ...အချစ်ရဲ့ကောင်းကျိုးကော ဆိုးကျိုးကော နှစ်မျိုးလုံးကို ခံစားစေခဲ့ရတဲ့မိန်းကလေးပါ... သူကြောင့်တော်တော် ရင့်ကျက်စေခဲ့တယ်။ ပထမဆုံးဆိုတော့လည်းအမှားအယွင်းလေးတွေရှိတာပေါ့။

ဘယ်လိုလူမျိုးကို ချစ်သူတော်ချင်လဲ
အဓိကတော့ စိတ်ထားလေးကောင်းရမယ်၊ ယုံကြည်မှုရှိရမယ်၊ နားလည်မှုရှိရမယ်၊ သစ္စာရှိရမယ်၊ ကိုယ်ကိုလည်း ပျော်အောင်ထားနိုင်ရမယ် ချစ်သူရည်းစားထားတာ ပျော်ချင်လို့ စိတ်ချမ်းသာချင်လို့ထားကြတာလေ စိတ်ဆင်းရဲနေရမယ် အချစ်ရေးကိုတော့ ဘယ်သူမှ ကြာရှည်တွဲမှာ မဟုတ်ဘူး။

ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မယ့်သူက ဘယ်လိုမိန်းကလေးမျိုးလဲ။
ဘဝအတွက်ရွေးချယ်မယ့်သူက ရှိလာခဲ့ရင် ကျွန်တော်ပြောပါမယ်။ အခုလောလောဆယ်တော့ ရှာတုန်းပဲပေါ့နော်။ 

အခုလောလောဆယ်မှာရော ချစ်သူရှိလား။
ဒီမေးခွန်းကိုတော့ နောက်မှပဲ ဖြေပါမယ်။


ထူးအောင်
အချစ်ဆိုတာ
ခံယူထားတဲ့အချစ်က ဘယ်လိုမျိုးလဲဆိုတော့ ကိုယ်က ချစ်နေပြီဆိုရင်တော့ ကျွန်တော်အတွက်ပြောပါတယ်။ ကျွန်တော့်ဘက်က ချစ်နေပြီ ဆိုရင်တော့ ဘယ်အရာမဆို ကိုယ့်ဘက်က ပေးဆပ်ပြီးတော့ ချစ်နေမယ်ပေါ့နော်။ အရာရာတိုင်းကို သူ့အတွက် စတေးခံမယ်။ အနစ်နာခံမယ်ပေါ့နော်။ အဲ့လိုမျိုး ပုံစံမျိုးတော့ ရှိတာပေါ့။

ပထမဆုံးရင်ခုန်မိတဲ့ ကောင်မလေးအကြောင်း
ပထမဦးဆုံးရင်ခုန်ခဲ့တဲ့ ကောင်မလေးဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ၉ တန်း၊ ၁ဝ တန်းတုန်းက ရင်ခုန်ခဲ့တဲ့ ကောင် မလေးတစ်ယောက်ရှိတယ်။ ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျွန်တော်တို့ တူတူ ကျောင်းတက်တယ်။ ကျူရှင်အတူတူဆိုတော့ ရင်ခုန်မိတယ်။ ဒါပါပဲ။

ဘယ်လိုလူမျိုးကို ချစ်သူတော်ချင်လဲ။
အဲ့ဒါမျိုးကျတော့ ပြောလို့မရဘူးဗျ။ စိတ်ကူးထဲမှာက ပုံစံမျိုးစုံရှိတယ်လေ။ ချောတာတို့ အသား ဖြူတာတို့ ရှိတယ်လေ။ တကယ့်တကယ် အပြင်မှာ ကြုံတဲ့ ကောင်မလေးက ပုံစံမျိုးစုံဖြစ်နိုင်တယ်လေ။ အရည်အချင်းမျိုးစုံလည်း ရှိရင်ရှိနိုင်တယ်။ ဘယ်အချိန် ဘယ်ကာလမှာ တွေ့မယ်ဆိုတာလည်း မသိဘူးလေ။ ကျွန်တော်ကတော့ ချစ်တယ်ဆိုရင် ဘယ်လိုလူမျိုးဖြစ်ဖြစ် လက်ခံမှာပဲ။

ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မယ့်သူက ဘယ်လိုမိန်းကလေးမျိုးလဲ။
ခုနက ပြောသလိုပေါ့နော်။ ကိုယ်ချစ်တဲ့ သူဆိုရင်တော့ ဘယ်လိုလူမျိုးမဆို လက်ခံပေးမှာပဲ။ 
ဒါပေမယ့် အခုတော့ နောက်ပိုင်းမှာ အသက်အရွယ်ရလာတဲ့အခါ ဘယ်လိုစဉ်းစားမိလဲဆိုတော့ ကိုယ့်ကိုပါ နားလည်ပေးမယ့်သူဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ ကိုယ်လုပ်နေတဲ့ အလုပ်တွေ၊ ပြီးရင် အတူတူကြိုးစားကြမယ်ဆိုတဲ့ စိတ်တွေ၊ တစ်ယောက်နဲ့ တစ်ယောက်ဖေးမကူညီတာတွေ အဲ့ဒါတွေပါ ပါနေတာပေါ့နော်။ 

အခုလောလောဆယ်မှာရော ချစ်သူရှိလား။
လက်ရှိမှာတော့ ချစ်သူမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမှာ ကျွန်တော် စိတ်ဝင်စားနေတဲ့ အနုပညာအလုပ်တွေကို လုပ်နေပါတယ်။ လိုအပ်တာတွေ လေ့လာစရာရှိတာတွေကို ဆည်းပူးရင်း ပရိသတ်ကို ပေးဆပ်ဖို့ ကြိုးစားနေပါတယ်။