Primary tabs

Women's Power

မြန်မာအမျိုးသမီးတွေပါ။ စွမ်းရည်တွေ မြင့်မားကြတယ်။ လောကကို အလှဆင်လိုကြတယ်။ ဒီလို စွမ်းရည်မြင့်တဲ့ နယ်ပယ်စုံက အမျိုးသမီးအချို့ကို ဇူလိုင်လ (၃)ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုခြင်းအားဖြင့် သူတို့တွေရဲ့ အောင်မြင်ခြင်းမှတ်တိုင်များ၊ ဖြတ်သန်းတည်ဆောက်ခဲ့ရခြင်းများကို တင်ဆက်လိုက်ရပါတယ်။
 
အရှုံးမပေးလိုတဲ့စိတ်ဟာ ကျွန်မအတွက် အထောက်အပံ့အဖြစ်ရဆုံး ခံယူချက်ပါ
ဒေါက်တာစုဇာဇာ
Tutor (Dept: Musci) National University of Art & Culture, Ph.D (Music) Japan, M.A (Music) Japan, B.A (Music) Q
နည်းပြ (အနုပညာနှင့် ယဉ်ကျေးမှုတက္ကသိုလ်)
 
ငယ်ဘဝနှင့်စောင်းပညာ
မြန်မာ့စောင်းပညာကို အသက် ၉ နှစ်အရွယ်မှာ စသင်ခဲ့ပါတယ်။ ၁၉၈၈ ကျောင်းတွေ ပိတ်ထားတဲ့အချိန်မှာ မမက အလယ်တန်းကျောင်းသူဘဝပေါ့ အဲဒီမှာ ပါပါးက မမကို အရေးအခင်းတွေကြားထဲဝင်ပါမှာစိုးလို့ စောင်းကို အိမ်ခေါ်သင်တဲ့ အချိန်မှာ ကျွန်မက မမသင်နေတာကိုကြည့်ပြီး အရမ်းတီးချင်တာကနေ စပြီးသင်ယူဖြစ်ခဲ့တာပါ။ စောင်းတီးသင်ပြီး တစ်နှစ်အကြာမှာ ဆရာက မြန်မာ့အသံ ရေဒီယိုအသံလွှင့်ဌာနမှာ တစ်ကိုယ်တော် လက်စွမ်းပြ ဆယ့်ငါးမိနစ်စာ အသံသွင်းဖို့ ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီ တီလုံးက မြန်မာ့အသံမှာ တစ်သက်စာ ဓါတ်ပြားဆုရခဲ့ပါတယ်။ တစ်သက်စာဓါတ်ပြားဆုဆိုတာက အရင်တုန်းက မြန်မာ့အသံမှာ သီချင်းရဲ့ အရည်အသွေး ကွာလတီအပေါ်မှာမူတည်ပြီးတော့ တစ်ကြိမ်လွှင့်ခွင့် နှစ်ကြိမ်လွှင့်
ခွင်ဆိုတာလေးတွေရှိကြတယ်  တစ်ကြိမ်လွှင့်ခွင့်ဆိုတာက တစ်ကြိမ်လွှင့်ပြီးရင် ဖျက်ပစ်လိုက်ပြီးတော့ နောက်ထပ်အခြားဟာတွေ ထပ်သွင်းတာမျိုးပေါ့ တစ်သက်တာ ဓါတ်ပြားဆိုတာကတော့ မဖက်တော့ဘဲ Record ထားထားတာမျိုးပေါ့။ နောက်ပိုင်း ဆိုကရေးတီးတွေပေါ်လာတော့ ၁၉၉၄ ခုနှစ်လောက်ကနေ စပြိုင်ဖြစ်ခဲ့ပြီးတော့ ပညာရှင်အဆင့်မှာ နှစ်ကြိမ်ပြိုင်တယ် နှစ်ကြိမ်လုံး ရွှေရတယ် ဝါသနာရှင်အဆင့်မှာ တစ်ကြိမ်ပြိုင်တယ်၊ ရွှေရတယ် အခြေခံအဆင့်ပြိုင်ခဲ့တယ် ရွှေရတယ် စုစုပေါင်းရွှေတံဆိပ်လေးခုရခဲ့ပါတယ်။ ဆယ်တန်းအောင်သွားတော့ ယဉ်ကျေးမှုတက္ကသိုလ် အခုဆိုရင်တော့ အမျိုးသားယဉ်ကျေးမှုနဲ့ တက္ကသိုလ်မှာ တက်ခဲ့ပါတယ် ကျောင်းပြီးသွားတော့ ကျောင်းမှာပဲ နည်းပြအနေနဲ့ ဆက်လုပ်ဖြစ်ခဲ့ပါတယ်။ ထူးဆန်းတာက ကျွန်မက ဂီတနဲ့ပြီးခဲ့ပေမယ့် အင်္ဂလိပ်စာနည်းပြ ဖြစ်လာတာပါ။
ဂီတပညာတော်သင်
ကျောင်းမှာပဲ နည်းပြအနေနဲ့ ခုနှစ်နှစ် တာဝန်ထမ်းဆောင်ပြီးတဲ့အချိန်မှာ ဂျပန်နိုင်ငံက မွန်ဂူရှိုး တက္ကသိုလ်ကပေးတဲ့ စကောလားရှစ်ဆုကို ရခဲ့ပါတယ်။ ၂ဝဝ၈ မှာဂျပန်နိုင်ငံမှာ ဂီတဗေဒဘာသာရပ်ကို သင်ယူဖို့ ဂျပန်ကို ထွက်ခွါခဲ့ပါတယ်။ ဂျပန် 
မှာ ၇ နှစ်အကြာ ဂီတဗေဒဘာသာရပ်ကို မာစတာဘွဲ့ကိုယူခဲ့ပြီးတော့ Phd ကိုလည်း ယူခဲ့ပါတယ်။ ၂ဝ၁၅ မှာတော့ မြန်မာနိုင်ငံကို ပြန်ရောက်ပြီးတော့ ကျောင်းမှာပဲ ပြန်လည်တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ ပြန်ရောက်ပြီးတဲ့ အချိန်ကနေ ဒီနေ့
အထိ ဂီတပညာဌါနမှာ မြန်မာ့စောင်းပညာနဲ့ ရသ ပညာတို့တွေကို သင်ကြားပေးနေပါတယ်။
 
ဂီတဗေဒဘာသာရပ်ဆိုတာ
ဂီတဗေဒဘာသာရပ်ဆိုတာက နားလည် လွယ်အောင်ပြောရရင် ခန္ဓာဗေဒလိုပဲ လူရဲ့ခန္ဓာ ကိုယ်ကို ခွဲခြမ်းစိတ်ဖြာ လေ့လာသလိုမျိုး ဂီတပညာရပ်ကို ခွဲခြမ်းစိတ်ဖြာလေ့လာတာမျိုးပေါ့ နားလည်လွယ်အောင် ပြောရမယ်ဆိုရင်တော့ ဒီဟာက ဒါမျိုး 
ဟိုဟာက ဟိုလိုမျိုးဆိုပြီးတော့ နှုတ်တိုက်သင်ကြားပေးလို့ရတဲ့ဟာမျိုး မဟုတ်ပါဘူး သူက သုတေသနကိုဦးစားပေးတဲ့ ဘာသာရပ်မျိုးဆိုတော့ အင်မတန်နက်နဲပါတယ်  ဂီတဗေဒကို လေ့လာသင်ယူဖို့က ဂီတနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားတွေ သက်ဆိုင်ရာနယ်ပယ်ရဲ့ အကြောင်းအရာတွေကို သိလေကောင်းလေပါပဲ။ သွားတက်ခဲ့တဲ့ တက္ကသိုလ်မှာဆိုရင် ဂီတဗေတက်မယ့် ကျောင်းသားတွေဟာ မိခင်ဘာသာစကားအပြင် နိုင်ငံခြားဘာသာ စကားတစ်ခုခုကို တတ်ရပါတယ်။ တူရိယာ တစ်ခုခုကို ဆရာဖြစ် ပရောဖက်ရှင်နယ်ကျကျ ကျွမ်းကျင်စွာ တီးခတ်နိုင်ရမယ်ဆိုတဲ့ အခြေခံ သတ်မှတ်ချက်လေးတွေရှိပါတယ်။ အဲဒီလိုအချက်လေးတွေအပေါ်မှာ မူတည်ပြီးတော့ ဂီတဗေဒသင်ယူမယ့်သူဟာ ဂီတအပေါ်မှာဘယ်လောက်အထိ စိတ်ပါဝင်စားမှုရှိလဲ ဘယ်လောက်သုတေသန ပြုလုပ်ချင်တာလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ဂီတဗေဒကျောင်းသားအဖြစ် လက်ခံမခံရွေးချယ်ဆုံးဖြတ်တာမျိုးပါ။ အဲဒီတော့ ဂီတဗေဒ ဘာသာရပ်ဟာ ဘယ်လိုမျိုးလဲဆိုတာပြေရမယ်ဆိုရင် ဂီတကိုအသေးစိတ် ရှု့ထောင့်အမျိုးမျိုးကနေ ရှုမြင်သုံးသပ်ပြီးတော့ ဒီဂီတဟာဘာလဲဆိုတာကို လူအများသိအောင် ပြန့်ပွားအောင် လက်ဆင့်ကမ်း ဖြန့်ဖြူးပေးတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။
 
စောင်းဘာလို့တီးခဲ့တယ်
တကယ်တမ်းစောင်းကို စသင်တော့ စောင်းရဲ့ ခမ်းနားမှု ကြီးကျယ်ခြင်းတွေကို သိလို့ သင်ယူဖြစ်ခဲ့တာမဟုတ် ဘူးပေါ့။ စောင်းကို ရင်ခွင်ထဲပိုက်ပြီးတီးရတာ ကြိုးတွေကနေနေထွက်လာတဲ့  အသံကနေ သီချင်းလေးဖြစ်သွားတယ်ဆိုတဲ့ ခံစားမှုကိုကြိုက်လို့ သင်ဖြစ်ခဲ့တာပါ။ သင်ပေးခဲ့တဲ့ ဆရာကလည်း Motivation ဖြစ်အောင် စောင်းအပေါ်မှာချစ်တတ်အောင် မြန်မာ့အသံမှာ စောင်းတီးခွင့်ရအောင် အဖွဲ့လိုက်ရော တစ်ယောက်ချင်းရော တီးဖြစ်နေအောင် လုပ်ပေးနေခဲ့တာဟာ စောင်းတီးတာကို စိုက်လိုက်မတ်တပ် တီးဖြစ်နေအောင် အဆက်မပြတ် လုပ်ပေးခဲ့တာတွေကြောင့်လည်းပါမှာပါ။ ပြီးတော့ ဂျပန်မှာ ပညာတော်သင်သွားဖြစ်တော့ စောင်းနဲ့ ပတ်သက်ပြီး ဂျပန်ပြည်က သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ က မြန်မာစောင်းဆိုတဲ့ ရုပ်ရှင်ကားကနေတစ်ဆင့် မြန်မာ့စောင်းအကြောင်းကို ကောင်းကောင်းသိကြတယ် ရုပ်ရှင်ထဲမှာသာ မြင်ဖူးပြီးတော့ အပြင်မှာမမြင်ဖူးတဲ့ စောင်းကို သူတို့စိတ်ဝင်စားကြပြီးတော့ ကျွန်မလုပ်ဖြစ်တဲ့ စောင်းပွဲတွေကို လာအားပေးကြတယ်။ ဂျပန်မှာနေခဲ့တဲ့ ခုနှစ်နှစ်အတွင်းမှာ ကျွန်မစောင်းပွဲတွေတော်တော်လေးလုပ်ဖြစ်ခဲ့ပြီး တော်တော်လေးလည်း အောင်မြင်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်မပိတိဖြစ်ရတာက ကျွန်မတို့ရဲ့ မြန်မာ့စောင်းကို သူတို့တွေ အတော်လေးတန်ဖိုးထား နှစ်ခြိုက်ပါ
လားဆိုပြီးတော့ ကျွန်မရဲ့စောင်းပညာရပ်အပေါ်မှာ လေးစားချစ်ခင်စိတ်ပိုသထက်ပိုလာခဲ့တာပါ။
ခံယူချက်နဲ့ရပ်တည်ချက်
ကျွန်မရဲ့ ကံဇာတာလိုပဲ ပြောရမလား အတိုက်အခိုက်များတဲ့ အခက်အခဲတွေများခဲ့တယ်။ ငယ်ငယ်တည်းက စောင်းစသင်တည်းက ရွယ်တူသင်ယူကြတဲ့ သူတွေထဲမှာလည်း ကျွန်မက တစ်သီးတစ်ခြားတစ်ဘာသာ ဖြစ်တာပေါ့။ ဆရာကတော့ ကျွန်မရဲ့ သင်ယူလိုစိတ်နဲ့ စိတ်ပါဝင် စားမှုကို နားလည်ဆွဲခေါ်ခဲ့ပါတယ်။ တက္ကသိုလ်တက်တော့ ဘာမှန်းမသိ စောင်းကိုမတီးချင်တော့တဲ့ စိတ်ကလေးတစ်ခုဖြစ်သွားတာကြောင်း အခြားတူရိယာ တယောကိုပဲအဓိက ယူပြီးတော့ တယော
ကိုတော်တော်လေး တီးဖြစ်သွားခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်မရဲ့ဘဝဟာ စောင်းဆိုတာ သေချာသွားစေတာကတော့ ဂျပန်ကို ပညာတော်သင်သွားတဲ့ အချိန်ကနေစလို့ မြန်မာ့စောင်းပညာရပ်ဟာ  ကျွန်မပိုတန်ဖိုးထားတတ်လာတာပါ။ စောင်းနဲ့ ကျွန်မ အပြန်အလှန်မှီခိုဖက်တွယ် နေကြတာမျိုးနဲ့ အရှုံးမပေးလိုတဲ့ စိတ်ဟာ ကျွန်မအတွက် အထောက်အပံ့အဖြစ်ရဆုံးခံယူချက်ပါ။
 
လက်ရှိလုပ်ဖြစ်နေတာ
ကျောင်းမှာပဲစာသင်နေရင်းနဲ့ ကျွန်မ သိရှိ သင်ယူလာခဲ့တဲ့ ဘာသာရပ် ဂီတဗေဒဆိုင်ရာအချို့ကို သင်ပြပြောပြတယ် ကျွန်မတို့ဆီမှာက လောလောဆယ် သီးခြားဆီခွဲထွက်ပြီး ဘယ်ဘာသာရပ်ရယ်လို့ ခွဲထုတ်ပြီး သင်ကြားတဲ့ ပုံစံမျိုး မရှိသေးတော့ ကျွန်မ သင်ကြားပေးရတဲ့ ဘာသာရပ်တွေသင်ကြားပေးရတဲ့ အချိန်တွေမှာ နှီးနွယ်ဆက်စပ်နေတဲ့ ဂီတဗေဒထဲက အစိတ်အပိုင်းတစ်ချို့တွေကို ပြောပြပေးဖြစ်ပါတယ်။ ဒါကတော့ ကျွန်မရဲ့ သင်ကြားရေးအပိုင်းမှာ လုပ်ဖြစ်တာပါ။ နောက်တစ်ခုကတော့ JICA ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ နဲ့ မြန်မာနိုင်ငံပညာရေးဌာနနဲ့အကျိုးတူ ပူးပေါင်းပြီးတော့ မူလတန်းပညာရေး သင်ရိုးညွှန်တမ်းကို အသစ်ပြန်ရေးဆွဲနေတဲ့ အစီအစဉ်မှာ ကျွန်မက JICA ဖက်ကနေ သင်ရိုးညွှန်းတမ်းအရာရှိအနေနဲ့ ဆောင်ရွက်ပေးနေပါတယ်။ ပြန်ရေးဆွဲနေတဲ့ ဘာသာရပ် ၁ဝ မျိုးထဲမှာ ဂီတပညာရပ်ကို ဘာသာတစ်ခုအနေနဲ့ ဆရာကိုင်စာအုပ်ရယ် ကျောင်းသားကိုင်စာအုပ်ရယ်ဆိုပြီး ထည့်သွင်းပြုလုပ်ဖြစ်တာက အရမ်းဝမ်းသာစရာ ကောင်းပါတယ်။ 
× × × × ×
 
ဖြစ်ချင်တယ် လုပ်ချင်တယ်ဆိုတဲ့ ရိုးသားတဲ့ စိတ်အပေါ်မှာပဲ အခြေခံပြီး လျှောက်ခဲ့ပါတယ်
ဒေါ်ခင်ထက်ဝေ
Tutor (Dept: Painting) National University of Art & Culture, Dip. (Museology), B.A (Painting) Q, M.A (Fine Arts Design) Japan
 
ငယ်ဘဝနဲ့ ဝါသနာ
ရန်ကုန်မှာနေရာကနေ ဖေဖေဆုံးသွားတော့ ရန်ကုန်ပြောင်းလာကြတယ် ရန်ကုန်ရောက်တော့ ကျောင်းမှာ ပန်းချီပြိုင်ပွဲတွေဝင်ပြိုင်တယ် ပန်းချီကို အရမ်းဝါသနာပါတယ်မပါဘူး သေချာမသိခဲ့ဘဲ ပေါ့ပေါ့ပါးပါးလေးပဲဆွဲပေးခဲ့တာ ငယ်ငယ်က မှတ် 
မှတ်ရရဆို အတန်းထဲမှာ Bio ပုံတွေကို တစ်တန်းလုံးနီးပါးအတွက် ဆွဲပေးခဲ့ဖူးတာပါပဲ။ ဆယ်တန်းအောင် ပြီးသွားတော့ တက္ကသိုလ်တက်မယ်ဆိုတော့ ကျောင်းတွေအားလုံးပိတ်ထားချိန်မှာ ယဉ်ကျေးမှုတက္ကသိုလ်ကလည်း စဖွင့်တယ် ၁၉၉၃ 
မှာပေါ့ အဲဒါနဲ့ ဒီကျောင်းမှာတက်ဖို့ ဂီတနဲ့ပန်းချီကိုလျှောက်လိုက်တယ် အောင်တော့ ပန်းချီနဲ့ အောင်ပြီး တက်ခွင့်ရခဲ့ပါတယ်။ ပထမဂီတကို လျှောက်ဖြစ်ခဲ့တယ်ဆိုတာက ဦးလေးတစ်ယောက်က ဂီတသမားဆိုတော့ ကိုယ့်ကိုဂီတတက်ဖို့ အကြံပေးတော့ ကိုယ်ကလည်း ကိုယ့်ဖာသာ ဘာကိုဝါသနာပါမှန်း သေချာမသိသေးတော့ လျှောက်ကြည့်လိုက်တာ တကယ်တမ်းတက်ဖြစ်တော့ ပန်းချီပညာရပ်အပေါ်မှာ စိတ်ပါဝင်စားမှန်းသေချာသိသွားတာ အဲဒါကြောင့် ဂီတတက်ခွင့်မရခဲ့ပေမယ့် ဘာမှမဖြစ်ခဲ့တာပေါ့ ယဉ်ကျေးမှုတက္ကသိုလ်ရောက်မှ ပန်းချီပညာကို စနစ်တကျလေ့လာသင်ယူနိုင်ခဲ့ပြီး ပန်းချီဆရာဆိုတာကိုလည်း အဲဒီတော့မှ စတွေ့ဖူးခဲ့ တာပေါ့။

ပန်းချီနည်းပြဘဝနဲ့ ပညာတော်သင်ဘဝ
၁၉၉၇ မှာ ကျောင်းပြီးသွားတော့ ကျောင်းမှာပဲ နည်းပြအနေနဲ့ ဝင်လုပ်ဖြစ်ခဲ့ပြီးတော့ အနုပညာနည်းပြအနေနဲ့ ပန်းချီပညာတွေကို ဆက်လုပ်ဖြစ်နေတယ်။ ၂ဝဝ၄ မှာ ဂျပန်ကို စကောလားရှစ် လျှောက်တော့ရတယ်၊ Art Management ၊
ပန်းချီကားထိန်းသိမ်းနည်းတွေရယ်ကို ကျွန်မက သိချင်တော့ ပထမ နှစ်နှစ်မှာ art policy and management ကို ဂျပန်မှာတော့ ဒီဇိုင်းနဲ့ပတ်သက်ရင် နံပါတ် ၁ တက္ကသိုလ်ပေါ့ အဲဒီမှာ အနုပညာနဲ့ပတ်သက်တဲ့ method တွေရော convservation တွေရော  သင်ခွင့်ရပြီး ရလိုက်တယ် ပြီးတော့ ဆူခုမားတက္ကသိုလ်မှာ ဂျပန်ရိုးရာပန်းချီကို မာစတာတက်ခွင့်အောင်လို့ ၂ နှစ် ဆက်တက်ခွင့်ရခဲ့ပါတယ်

သုတေသနပြုခြင်း
ဂျပန်က ပြန်လာတော့ တက္ကသိုလ်က သင်ကြားရေးအပိုင်းမှာ ပြန်တာဝန်ယူသင်ကြားပေးနေရင်းနဲ့ ဂျပန်မှာသင်ခဲ့တဲ့ ဂျပန်ရိုးရာပန်းချီထဲက နည်းစနစ်တွေအတိုင်း မြန်မာမှာရော ရိုးရာရေးဟန်တွေနဲ့ သဘာဝဆေးရောင်တွေနဲ့ မလုပ်နိုင်ဘူးလား 
ဆိုပြီး လေ့လာချင်တဲ့ စိတ်ကရှိနေတော့ အဲဒါကိုလေ့လာဖြစ်တယ် သုတေသနပြုလုပ်ဖြစ်ပါတယ် ဂျပန်မှာ မာစတာတက်ဖို့ ရွေးကတည်းက ဂျပန်ကရိုးရာပန်းချီကရတဲ့ အသိတွေကို မြန်မာရိုးရာပန်းချီထဲမှာလိုက်ရှာဖို့ ရည်ရွယ်သင်ယူဖြစ်ခဲ့တာ
ပါ။ ပုဂံကိုသွား ရိုးရာရေးဟန်တွေ ရိုးရာဆေးတွေရဲ့ အကြောင်းကိုသေချာပြန်ရှာပေါ့ Source တွေ ပြန်လိုက်လုပ်တယ် ရေးနည်းစနစ်တွေကိုလည်း ပုံစံမျိုးစုံနဲ့ စမ်းသပ်ရေးဆွဲဖြစ်ခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ စာတမ်းကို ၂ဝ၁ဝ မှာ ထိုင်း၊ ကိုရီးယား၊ အိန္ဒိယရယ် (အိန္ဒိယကတော့မလာခဲ့ဘူး) လေးနိုင်ငံစာတမ်းဖတ်ပွဲမှာ ဖတ်ဖြစ်ခဲ့ပါတယ်။ တစ်ဖက်မှာသုတေသနလုပ်နေပေမယ့် ကိုယ်တိုင်က Artist ဖြစ်နေတော့ လေ့လာထားတဲ့ သုတေသနပြုနေတဲ့ ရိုးရာနည်းတွေကို အခြေခံ
ပြီးလည်း ပန်းချီတွေရေးဖြစ်နေပါတယ်။ ရွေးချယ်ဖြစ်ခဲ့တဲ့ ကိုယ့်ရဲ့ Subject ပန်းချီရေးတဲ့အခါ  ဘယ်လိုမျိုးတွေ ရေးတယ်ဆိုတာမျိုးထက် စိတ်ခံစားမှုရှိတဲ့အတိုင်း ရေးလေ့ရှိပါတယ်။ ကျောင်းတက်နေစဉ်ကာလတုန်းကတော့ သူ့သက်ဆိုင်ရာ
နယ်ပယ်အလိုက် Subject အစုံရေးခဲ့ရတာပေါ့။ ကျောင်းပြီးသွားလို့ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် Life မှာတော့ Pet ပုံလေးတွေ အများဆုံးရေးဖြစ်လာခဲ့တယ်။ ငယ်ငယ်က အိမ်မှာအငယ်ဆုံးဆိုတော့ Pet လေးတွေက ကိုယ့်ရဲ့ အဖော်လိုမျိုးဖြစ်နေတော့ သူတို့ကိုချစ်စိတ်နဲ့ ခွေးလေးတွေ ကြောင်လေးတွေကို အများဆုံးရေးဖြစ်လာခဲ့တယ် သူတို့ရဲ့အမွှေးလေးတွေကို ကျွန်မ စမ်းသပ်ထားတဲ့ရိုးရာသဘာဝဆေးလေးတွေနဲ့ စမ်းရေးပေါ့ အများဆုံးရေး ဖြစ်တာကတော့ Pet တွေပါ။

ပန်းချီအနုပညာရှင် အမျိုးသမီးတစ်ဦးရဲ့ ရပ်တည်ချက်
ကိုယ်ရှင်သန်ရာပတ်ဝန်းကျင်မှာ ကိုယ်က ဘယ်လောက်ပံ့ပိုးနိုင်လဲဆိုတဲ့ စိတ်က တစ်ဖြည်းဖြည်းပိုရှိလာတယ် life long planning ဆိုတဲ့ ကိုယ်ဘဝရဲ့ ရပ်တည်မှုမှာ အနုပညာရပ်တည်မှုမှာ အရှိန်ကြာကြာ ဘယ်လောက်ရပ်တည်နိုင်မှာလဲ ဆိုတဲ့
စိတ်မျိုးထားပြီး ကိုယ်ရှင်သန်ရာ နယ်ပယ်တိုင်းအတွက် ဘာတွေပံ့ပိုးပေးနိုင်မလဲဆိုတာမျိုးနဲ့ ရပ်တည်လျှောက်လှမ်းခဲ့ပါတယ်။ ဂျပန်က ပြန်လာတော့ Art Education လေးတွေ လိုက်လုပ်ပြီးတဲ့ အချိန်မှာရလာတဲ့ အသိက ကျွန်မတို့ တက္ကသိုလ်
ကနေဆင်းသွားတဲ့ ကျောင်းသားတွေအနေနဲ့ ဘယ်နယ်ပယ်မှာ ဘယ်အရည်သွေးမျိုးပါသွားဖို့ လိုအပ်ပြီဆိုတာတွေကို တွေးမိလာစေတယ် သိမြင်လာစေတယ် အဲဒီအခါမှာ ကိုယ်ကပညာရေး သင်ကြားပေးမှုထဲက ဝန်ထမ်းဖြစ်နေတော့ ကိုယ်ဆီမှာလာတက်ကြတဲ့ အနုပညာရှင်ကလေးတွေဆီမှာ life long planning လို့ အခုနကပြောသလိုမျိုး အနုပညာကို အချိန်ကြာကြာ ချစ်မြတ်နိုးစိတ်ရော အနုပညာကို ကြောင်းကျိုးနည်းတကျ ဆက်စပ်တွေးခေါ်တတ်တာမျိုးတွေကိုပါ ရှိလာစေဖို့ ဆိုတာမျိုးတွေကို ဂရုပြုမိလာစေတယ်ပြီး အဲဒီအတွက် ရပ်တည်ချက်မျိုးတွေရှိလာခဲ့တယ် ရှိနေပါတယ်။
 
အောင်မြင်စေတဲ့ သော့ချက်
အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာထက် ကျွန်မရဲ့ အနုပညာရပ် ကျွန်မရဲ့ သင်ကြားရေးပိုင်းတွေမှာ အခက်အခဲတွေ စိတ်ပင်ပန်းတာတွေ ကြုံရတိုင်း Be Honest ဆိုတဲ့ ရိုးသားမှုကို အခြေခံထားတဲ့ ကျွန်မရဲ့ စိတ်ကလေးနဲ့ ပြီးဆုံးအောင်လုပ်ပါတယ်။ ဖြစ်ချင်တယ် လုပ်ချင်တယ်ဆိုတဲ့ ရိုးသားတဲ့ စိတ်အပေါ်မှာပဲ အခြေခံပြီး လျှောက်ခဲ့ပါတယ်။
× × × × ×
 
သူများ မစဉ်းစားတာတွေ စဉ်းစားပြီး လျှောက်လုပ်တတ်တယ် 
မချိုလဲ့အောင် (Tree Food)
 
ငယ်ဘဝ
ရန်ကုန်ဇာတိပါ။ မွေးချင်းက ညီအစ်မ ၂ ယောက်ပဲရှိပါတယ်။ ကျွန်မက အငယ်ပါ။ အမေက အင်္ကျီချုပ်တယ်။ အဖေက ကားပစ္စည်းတွေ ရောင်းတယ်။  သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ အ.ထ.က (၂) လသာ မှာ ကျောင်းတက်ခဲ့တယ်။ ၂ဝ၁၁ မှာ ဆရာဝန် ဘွဲ့ရခဲ့ပါတယ်။  
ဆယ်တန်းအောင်တဲ့အချိန်မှာ အသက်က (၁၆) နှစ်။ တခြားနိုင်ငံတွေမှာဆို (၁၆) နှစ် အရွယ်တွေက ကိုယ်လိုချင်တာကို ချက်ကျလက်ကျနဲ့ ပြောပြတောင်းဆိုနိုင်ပြီ။ ရည်မှန်းချက်တွေလည်း အပြည့်နဲ့။ ကိုယ်တွေမှာကျတော့ ဘာဖြစ်ချင်မှန်း သိပေမဲ့ ဘယ်လိုလုပ်ယူရမှန်းမသိခဲ့ဘူး။ ငယ်ဘဝ အိပ်မက်ဆိုရင် သိပ္ပံပညာရှင်ကြီး ဖြစ်ချင်တာ။ အိုင်းစတိုင်းကို သိပ်သဘောကျတယ်။ သူ့လိုဖြစ်ချင်တယ်။ အရမ်းကို ရူးသွပ်ခဲ့တာမှ သူ့ဆံပင်လို လိုက်ထားခဲ့တဲ့အထိပဲ။ ဒါပေမဲ့ အခြေအနေမပေးခဲ့ဘူး။ ဆယ်တန်းပြီးလို့ ရူပဗေဒကို ဆက်တက်မယ်ဆိုပါတော့။ ကျောင်းပြီးရင် အသက်မွေးဝမ်းကျောင်းက ဘာလဲဆိုတာမျိုးတွေကို ဖြေဖို့အဖြေမရှိခဲ့ဘူး။ ဒီလိုနဲ့ ဆေးကျောင်းကို ရောက်သွားတယ်။ ဒါပေမဲ့ ကိုယ့်နေရာမဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုသိနေတယ်။ ခန္ဓာဗေဒတို့ ဘာတို့ သင်တဲ့အချိန်မှာ အရမ်းစိတ်ပျက်ခဲ့ရတယ်။ လူ့အရိုးက ဒီနေရာမှာ ချိုင့်နေတယ်။ ဘာကြောင့်လဲဆိုတော့ သွေးကြောတွေရှိလို့ဆိုတာမျိုးတွေကို ဘယ်လိုမှ မခံစားနိုင်ခဲ့ဘူး။ ဒါပေမဲ့လည်း ကိုယ်စခဲ့တဲ့အလုပ်ကို ဆုံးခန်းတိုင်အောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ ကျောင်းပြီးတဲ့အထိ တက်ခဲ့တယ်။ ကျောင်းပြီးရင်တော့ ဆရာဝန်အလုပ်ကို ဆက်မလုပ်ဘူးဆိုတာ ဆေးကျောင်းတတိယနှစ်လောက်ကတည်းက သေချာခဲ့တယ်။ 
စိတ်ကူး
ကျောင်းပြီးသွားတဲ့အချိန်မှာ စားဝတ်နေရေးအတွက် ဘာနဲ့ အသက်မွေးမလဲပေါ့။ စဉ်းစားကြတဲ့အခါ ကျွန်မအစ်မနဲ့ ကျွန်မနဲ့ နှစ်ယောက်ပေါင်းရင် Skill က တစ်ခုပဲရှိတယ်။ အဲဒါက စက်ချုပ်တတ်တာ။ စက်ချုပ်တဲ့အချိန်မှာ စစချင်းဖြစ်ချင်တာက တော့ ကိုယ့် ကိုယ်ပိုင် တံဆိပ်လေးနဲ့ အင်္ကျီလေးတွေ ထွင်ပြီးထုတ်မယ်၊ ရောင်းမယ်ပေါ့။ ဒါပေမဲ့ မဖြစ်ခဲ့ဘူး။ နောက်တော့ အရောင်တွေကို စိတ်ဝင်စားတာနဲ့ အရောင်တွေစပ်တာ၊ Composition တို့ ဘာတို့သင်ပြီး ပန်းချီဆွဲလိုက်သေးတယ်။ ပွဲတွေလည်းပြလိုက်သေးတယ်။ ဒါပေမဲ့ ပန်းချီကို အသက်မွေးဝမ်းကျောင်းအဖြစ် ရပ်တည်ဖို့က ခက်တယ်။ အဲဒီ့အချိန်မှာ ကိုယ့်ဘာသာ ပြန်စဉ်းစားတယ်။ ကိုယ့်အနုပညာဖြစ်တဲ့ ပန်းချီကားတစ်ချပ်ကိုရောင်းလိုက်ရရင် ဝယ်လိုက်တဲ့ သူတစ်ယောက်ကပဲ ပိုင်ဆိုင်ရမှာ။ ကိုယ်လည်းပိုင်ဆိုင်လို့မရဘူး။ လူတော်တော်များများလည်းပိုင်ဆိုင်လို့မရတော့ဘူး။ အဲဒီလိုအနုပညာကို အစားအသောက်တစ်ခုခုထဲ၊ ဒါမှမဟုတ် ပစ္စည်းတစ်ခုခုထဲကို ထည့်ပြီးရောင်းမယ်ဆိုရင် ကိုယ့်မှာ လည်း လက်ဆုပ်လက်ကိုင် ပြစရာရှိမယ်။ လူတော်တော်များများလည်း ပိုင်လို့ရမယ်လို့ စစဉ်းစားမိတယ်။ အဲဒါနဲ့ ကိုယ့်စိတ်ကူးတွေကို အစားအသောက် တစ်ခုခုထဲ ထည့်ဖို့ စကြိုးစားခဲ့တယ်။ 
 
အဲလို စိတ်ထဲ ဘာလုပ်ရင်ကောင်းမလဲ
စဉ်းစားနေမိတုန်းမှာ ထမင်းဆိုင်တစ်ဆိုင်သွားစားဖြစ်ရင်း ထန်းလျက်ခဲကို ၂ ကိုက်၃ ကိုက်စားပြီးတဲ့အခါမှာ လုံလောက်သွားပြီလို့ထင်လို့ ကျန်တဲ့ အပိုင်းကို သယ်သွားရမလားထားခဲ့ရမှာလဲ နှမြောဖြစ်တာ။  ထန်းလျက်ကလည်း အကြီးကြီး 
တွေ။ အဲဒီမှာ ရိုးဟောင်းနေတဲ့ ထန်းလျက်ကို ငါတို့တွေ မေ့နေကြတာကြာပြီ။ စားသောက်ကုန်အသစ်တွေက အမြဲမပြတ် ပေါ်လာနေတာကိုး။ ထန်းလျက်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကလည်း ဒီအတိုင်းပဲ။ ခေတ်တွေ ပြောင်းလာေ တာ့ လူတွေ ရဲ့ နေထိုင်မှုပုံစံကလည်း ပြောင်းလဲသွားကြပြီ။ ဒါကြောင့် ထန်းလျက်ကိုလည်း ပုံစံပြောင်းပေးရင်ကောင်းမယ်ဆိုတဲ့ အတွေးစရပြီး အကြီးကနေ အသေးဖြစ်အောင် ကြိုးစားကြည့်တယ်။ သုံးလေးလလောက်တော့ကြာတယ်။ ကိုယ်လိုချင်တဲ့ပုံစံ 
ရလာတယ်။ အဲဒီ့မှာ တစ်ခါထပ် စဉ်းစားတယ်။ ဒီထန်းလျက်ကို ဘာအတွက်ကြောင့် ဝယ်စားရမှာလဲပေါ့။ သူ့မှာ ရွေးချယ်စရာရှိပြီး ထူးဆန်းတဲ့ အရသာတွေရှိရင်ရောလို့ ထပ်စဉ်းစားမိတယ်။ အဲဒါနဲ့ အရသာတွေ ရောစပ်ဖြစ်ခဲ့တယ်။ 
 
ဖြတ်သန်းမှုများ
၂ဝ၁၅ စက်တင်ဘာမှာ ဈေးကွက်ထဲကို စရောက်ခဲ့တယ်။ ကိုယ့်ကုန်ပစ္စည်းကို PerFect ဖြစ်ချင်တဲ့အတွက် အကြိမ်ကြိမ် စမ်းနေခဲ့ပြီး ဈေးကွက်ထဲကို မထုတ်ဖြစ်ခဲ့ဘူး။ သူငယ်ချင်းတွေက အတင်းတိုက်တွန်းတော့မှ ဈေးကွက်ထဲကို စဖြန့်
ခဲ့တယ်။ စဖြန့်တဲ့အချိန်မှာ ဆရာတစ်ယောက်ကိုလက်ဆောင်သွားပေးတော့ ဆရာက သူ့ Facebook မှာ တင်လိုက်တဲ့အတွက် လူတော်တော်သိလာပြီး ဆိုင်တွေကနေလိုက်လာတယ်။ စစချင်းမှာ အရမ်းရုန်းကန်ရတယ်။ အပြောင်းအလဲတစ်ခုကို လုပ်ဖို့ ဆိုတာ တကယ်မလွယ်ဘူး။ အပြောင်းအလဲကို လူတွေလက်ခံလာဖို့က မလွယ်ဘူး။ စိတ်ရှည်ရှည်ထားပြီး အခေါက်ခေါက်အခါခါ အစအဆုံး ရှင်းပြခဲ့ရတယ်။
စိတ်ဓာတ်ကျတဲ့ အချိန်တွေလည်း ရှိခဲ့တာပေါ့။ ဈေးကွက်နဲ့ ကိုယ်နဲ့ မအပ်စပ်မိတဲ့ အချိန် ကာလတွေမှာလည်း စိတ်ဓာတ်ကျတယ်။ ဝေဖန်မှုတွေ ရှိလာခဲ့ချိန်မှာလည်း စိတ်ဓာတ်ကျတယ်။ ဆိုးဆိုးရွားရွား ဝေဖန်ခံရတာမဟုတ်ပေမဲ့ ကိုယ်က 
ကိုယ့် ကုန်ပစ္စည်းကို ပြီးပြည့်စုံချင်လွန်းတဲ့သူဆိုတော့ အဲဒီ့အပေါ်မှာ ခံစားမှုများခဲ့တယ်။ အမှန်တော့ စိတ်ကိုဖွင့်ပြီး ဝေဖန်မှုတွေကို သုံးသပ်ပြီး ကိုယ့်ပစ္စည်းကို ကောင်းသထက် ကောင်းအောင်လုပ်တာကသာ နည်းလမ်းမှန်တယ်။ ဈေးကွက်လို့ ဆိုပေမဲ့ တကယ်က အသက်ရှိတယ်။ လူသားတွေနဲ့ဖန်တီးထားတဲ့ဈေးကွက်ကိုး။ လူသားတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ခံစားမှုတွေမတူဘူး။ အကြိုက်တွေမတူဘူး။ အဲဒီတော့သူတို့ရဲ့အလိုကိုလိုက်ဖို့ဆိုတာ အင်မတန်မှ ခက်တယ်။ အဲဒီ့ ပညာက အရမ်းနက်နဲတယ်။ 
 
အောင်မြင်မှု အမှတ်တရ
Tree Food နဲ့ ပတ်သက်ရင် အမှတ်တရကတော့ အများကြီးပါပဲ။ အမှတ်ရဆုံးတစ်ခု ကတော့ ဂျာမန်ရုပ်ရှင်မင်းသားက ကိုယ့် Tree Food ကို အီးမေးလ်ကနေ လာဝယ်တယ်။ သူ့ကို မင်းသားမှန်းလည်းမသိဘူး။ နောက်ပြီး ကိုယ်က အဲဒီ့အချိန် 
ခရီးတစ်ခုသွားနေတော့ ချက်ချင်း အီးမေးလ် မပြန်နိုင်ဘူး။ သူက ရန်ကုန်လေဆိပ်ကနေ တစ်ထုပ်ဝယ်သွားပြီး စားကြည့်တဲ့အခါ ကြိုက်တော့မှာတာ။ အီးမေးလ်မပြန်တော့ Facebook Page ကနေ လာခေါ်တယ်။ ဂျာမနီကို ပို့ခိုင်းတာ။ ကိုယ့် အနေနဲ့ အဲဒီ့အချိန်တုန်းက လူခွဲကလည်းမရှိတော့ ပို့ရမှာကလည်းဝေး၊ ငွေတွေဘာတွေကလည်းဘယ်လိုလွှဲရမှန်းမသိနဲ့ ကြာသွားပြန်ရော။ သူကတော့ စိတ်ရှည်လက်ရှည်မှာရှာတယ်။ သူ့ သူငယ်ချင်းတွေကို ခရစ္စမတ်လက်ဆောင်ပေးဖို့တဲ့။ အဲဒါနဲ့ အားနာပြီးနောက်ဆုံးကျ ပို့ပေးလိုက်ရော။  ပို့ပေးလိုက်တဲ့အထိလည်း သူက မင်းသားဆိုတာကို မသိသေးဘူး။ နောက်တော့မှ သိတာ။ သိတော့ သူငယ်ချင်းတွေကို ကြွားတာပေါ့။ အဲဒီ့မှာ သူတို့ကလည်း မဖြစ်နိုင်ဘူး။ အဲဒါ ငါတို့ နောက်တာ ဘာညာပြောတော့ သူငယ်ချင်းတွေက နင် မင်းသားဆိုတာ မယုံဘူးလို့ ပြောလိုက်တယ်။ အဲဒီ့မှာသူက Tree Food အထုပ်လေးကိုင်ပြီး သူတို့ စတူဒီယိုနဲ့ နီးတဲ့ အထင်ကရနေရာ တစ်ခုရှေ့မှာ ဓာတ်ပုံ ရိုက်ပြီး ပို့လိုက်တယ်။ အဲဒါကတော့ Tree Food နဲ့ ပတ်သက်တဲ့ တကယ့်အမှတ်တရပါပဲ။
နောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆွေးနွေးပွဲတစ်ခုမှာ ကိုယ့်နာမည်ကို မိတ်ဆက်တဲ့အခါ ကုန်ပစ္စည်းကိုသိတယ်။ comment လည်းပေးတယ်။ ဘာတွေ ထပ်ထုတ်ဦးမလဲပေါ့။ စိတ်ဝင်တစားနဲ့လည်း မေး တယ်။ အဲဒီ့အတွက်လည်း ဂုဏ်ယူရပါတယ်။ 
တကယ်တမ်းကျတော့ ဘေးနားကနေ ကိုယ့်ကို ဝိုင်းဝန်းကူညီပေးကြတဲ့ လူတွေကြောင့် အများကြီးပါပါတယ်။ ကိုယ်တိုင်က ဒီလုပ်ငန်းကိုစေတနာထားတယ်။ ဖြစ်ချင်တာကိုလည်း မရ ရအောင်လုပ်တယ်။ အဲဒါကြောင့်လားတော့ မသိဘူး။ ကိုယ့်ဘေးနားကလူတွေ၊ စီနီယာတွေရော၊ ငယ်တဲ့သူတွေရော၊ supplier တွေရော အားတက်သရော ဝိုင်းကူပေးတယ်။ အဲဒါကြောင့် အမြဲဝမ်းသာပီတိဖြစ်ရတယ်။ ကိုယ့်မှာလည်း တာဝန်ကြီးသွားတယ်။ ပြောချင်တာက ဒီလုပ်ငန်းကို ဝိုင်းဝန်းကူညီကြတဲ့သူ တွေကြောင့် Tree Food အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်တာပါ။
လက်ရှိ
Tree Food လို့ နာမည်ပေးဖြစ်တာကတော့ သစ်ပင်တွေကို သဘောကျလို့ပါ။ တောင်ပေါ်မှာ ပေါက်နေတဲ့ အပင်တွေဆို မာန်အပြည့်နဲ့၊ မျက်နှာတွေက နေမင်းဘက်ကို မော့ထားသလို။ တချို့ကျတော့လည်း ပင်စည်အရှည်ကြီးတွေက မိုးထိုးတော့မတတ်။ တချို့ကျတော့ အကိုင်းအခက်တွေဖြာပြီး ဂုဏ်သရေရှိရှိ မားမားမတ်မတ်ရပ်တည်နေသလို။ တချို့ကျတော့လည်း ရှုံ့တွတွလေးဖြစ်နေပေမဲ့ အနုပညာဆန်တဲ့ အကွေ့အကောက်တွေနဲ့။ အပင်တိုင်းမှာ သူတို့ရဲ့ သွင်ပြင်တွေက မတူကြဘူး။ သစ်ရွက်တစ်ရွက်နဲ့ တစ်ရွက်လည်းမတူကြဘူး။ ဒါပေမဲ့လည်း အဲဒီ့ မတူညီမှုတွေဟာလှပတယ်။ မတူညီမှုတွေဟာ အနုပညာဆန်တယ်။ အဲဒါတွေကို ကိုယ်စားပြုတဲ့အနေနဲ့ Tree ဆိုတဲ့ နာမည်ကို ပေးဖြစ်တာပါ။ logo မှာပါတဲ့ သစ်ပင် သုံးပင် ဟာ မြန်မာနိုင်ငံရဲ့ ရာသီ ၃ မျိုးကို ကိုယ်စားပြုတယ်။ ကိုယ့်ဘာသာဆွဲထားတဲ့ Logo ပါ။ 
အရသာ (၄) မျိုး နဲ့ ထုတ်ထားတယ်။ သံပရာကတော့ ချဉ်ချဉ်မွှေးမွှေးလေးပေါ့။ အအီပြေစေတယ်။ နောက်ပြီး ကားမူးတတ်တဲ့သူတွေအတွက် အသုံးဝင်တယ်။ ဒိန်ချဉ်ကတော့ အပျော်ပေါ့။ ကလေးတွေ ကြိုက်ကြတာများတယ်။ ဂျင်း က
တော့ အမျိုးသမီးတွေနဲ့ အဆင်ပြေတယ်။ တချို့မိန်းကလေးတွေဆို တစ်လ တစ်ထုပ်လောက်တော့ ပုံမှန်စားရင်နေလို့ ကောင်းတယ်လို့ပြောကြတယ်။ ရာသီပြောင်းမှာ အအေးပတ် နှာစေး ချောင်းဆိုး ဖြစ်ခါနီးရင် ကာကွယ်တဲ့အနေနဲ့ စားလို့ ရတယ်။ လူကြီးတွေအတွက် အစာကြေတယ်။ အပူငြိမ်းစေတယ်။ ဇီးမဆလာကတော့ ငယ်ဘဝကို ပြန်တမ်းတမိစေတဲ့ ပုံရိပ်လေးထည့်ထားတာလို့ပြောလို့ရတယ်။ ငယ်ငယ်တုန်းကဆို စလေဇီးသီးတွေကို ယိုထိုးထားတဲ့ သရေစာကို အရမ်းကြိုက်တယ်။ အဲဒီတော့သူကတော့ ငယ်ဘဝက ဇီးထုပ်စားတဲ့ ပုံရိပ်ကို ပြန်တမ်းတစေတာပေါ့။ 
 
ရှေ့ဆက်အစီအစဉ်
အရသာအသစ် ထပ်ထုတ်ဖို့ရှိတယ်။ စမ်းနေတယ်။ နောက်တစ်ခုက ထုတ်ပိုးမှုပုံစံတစ်မျိုးနဲ့ corporate gift လေးတွေလည်း လုပ်တယ်။ ပွဲတွေအတွက် သီးသန့်မှာလို့ရတယ်။ နောက်တစ်ခုက သကြားလုံးလို စက္ကူပတ်လေးနဲ့ ထုတ်နေ
ပြီ။ ဟိုတယ်လို၊ အခြားသော public area တွေမှာ ကျွေးတာမျိုးကို ရည်ရွယ်တာပါ။ မြန်မာ့အစား အစာတွေကိုတော့ လေ့လာနေပါတယ်။ သူများနဲ့လည်း မတူချင်တာကြောင့် အချိန်ယူနေတာပါ။ 
 
အောင်မြင်မှုသော့ချက်
သူများမစဉ်းစားတာတွေကို စဉ်းစားပြီး လျှောက်လုပ်တတ်တယ်။ အခုစိတ်ကူးရရင် အခု ချက်ချင်းထလုပ်တတ်တယ်။ အဲဒီ့အကျင့်က တစ်ခါတလေသူများအတွက် အခက်အခဲဖြစ်တတ်ပေမဲ့ ကိုယ့်အတွက်ကျတော့ ကောင်းတယ်။ ကိုယ်စိတ်
အားထက်သန်နေတဲ့ အချိန်ဖြစ်တဲ့အတွက် အဲဒီ့အချိန်လုပ်တဲ့အလုပ်က ပိုမြန်တယ်။ 
Tree Food ကို တချို့တွေက ဈေးများတယ်လို့ပြောကြတယ်။ ဒါပေမဲ့ တကယ်တမ်း ထန်းလျက် ကိုယ်တိုင်က တန်ဖိုးရှိပါတယ်။ သုံးထပ်တိုက်လောက်အမြင့်ရှိတဲ့ ထန်းပင်ကို တစ်နေ့ ၂ ခေါက်တက်ရတယ်။ နောက်ပြီး ထန်းလျက်ရလာဖို့ မီး
ပူပူဘေးမှာ ထိုင်ကြိုရတယ်။ အဲဒီ့ထဲမှာမှ အညာအရပ် သဲတလျှပ်လျှပ်မှာ သန့်ရှင်းအောင်လုပ်ဖို့ဆိုတာက အရမ်းခက်တယ်။ နောက်တစ်ခုက ထန်းလျက်က ဆယ့်နှစ်ရာသီပတ်လုံး မထွက်ပါဘူး။ (၆) လလောက်ပဲထွက်တယ်။ တစ်ခါတလေ ရာသီဥတုဖောက်ပြန်ရင် ပိုဆိုးတယ်။ အဲဒါတွေကို သန့်သန့်ရှင်းရှင်း သိုလှောင်ဖို့ဆိုတာက ကုန်ကျစရိတ်တစ်ခုရှိပါတယ်။ အထဲမှာ ထည့်တဲ့ ပါဝင်ပစ္စည်းတွေဆိုတာလည်း quality ကို ထိန်းထားတာ ဖြစ်တဲ့အတွက် ပေးရတဲ့ဈေးနဲ့ တန်ပါတယ်လို့။
× × × × ×
 
လုပ်တစ်ခုလုပ်ရင် အာရုံစိုက်ပြီး သေချာလုပ်တဲ့ အကျင့်ရှိတယ်
အိမ့်ဖူးဖူး (Angel Phoo’s Bakery)
 
ငယ်ဘဝ
အရင်က YIEC အခုတော့ ISM ဖြစ်သွားပြီ။ အဲ့ကျောင်းရဲ့ Class oF 2014 ကနေ Graduate ဖြစ်ပါတယ်။ တစ်ဦးတည်းသော သမီးပါ။ ဇာတိက ရန်ကုန်။ College ပြီးတဲ့အချိန် တစ်နှစ်လောက်နားမယ်ဆိုပြီးနားရင်း Bakery လုပ်လိုက်တာ ခုချိန်ထိ University မတက်ဖြစ်သေးပါဘူး။ အဖေရော၊ အမေရောက ကျွန်းပရိဘောဂတွေလုပ်တယ်။ အခုလောလောဆယ်မှာတော့ အဲဒီ့ ပရိဘောဂလုပ်ငန်းကို ခဏရပ်ထားပြီး ကျွန်မလုပ်ချင်တဲ့ Bakery ဘက်ကို ဝင်လုပ်ပေးနေပါတယ်။ 
စိတ်ကူး
ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလို Bakery လုပ်လိုက်မယ်ဆိုတဲ့ အိပ်မက်မရှိခဲ့ဘူး။ သူ့ဘာ သာသူဖြစ်သွားတာ။ (၁၂) တန်းကျောင်းပြီးတဲ့ နွေရာသီမှာ ဂျန်းရှင်းမော်တင်အပေါ်ထပ်မှာ ဖွင့်ထားတဲ့ Valentin Bakery မှာ သင်တန်းသွားတက် ဖြစ်တယ်။ သင်တန်းတက်ပြီးသွားတော့ မုန့်စမ်းဖုတ်ကြည့်တယ်။ ပြီးတော့ ပုံကို Facebook မှာ တင်လိုက်တယ်။ အဲဒီ့မှာသူငယ်ချင်းတွေက မရောင်းဘူးလား၊ စားချင်တယ်။ ချစ်စရာလေးဆိုတာမျိုးတွေ လာပြောကြတယ်။ အဲဒါနဲ့ ရောင်း ကြည့်ရင် ကောင်းမလားဆိုပြီး ကိုယ့်အသိုင်းအဝိုင်းလေးပဲ ရောင်းမယ်ဆိုပြီး Home Made စလုပ်ခဲ့တယ်။ Rainbow Crepe Cake ရဲ့ Recipe ရော Ingredients ရော သင်တန်းကရတာပါ။ အဲဒါကို ပိုကောင်းအောင် နည်းနည်းထပ်ကွန့် ထားတာ။ ဖူးလုပ်တဲ့ ကိတ်ဆိုတော့ Angel Phoo’s Bakery ဆိုပြီး ဖြစ်လာတယ်။ 
ဆိုင်ဖွင့်ဖြစ်တာကတော့ အရင်တုန်းက Home made ဖြစ်တဲ့အတွက် ဖူးလုပ်တဲ့ ကိတ်ကိုစားချင်ရင် ၂ ရက် ၃ ရက် လောက်စောင့်ရတယ်။ မှာရင် ချက်ချင်းမရဘူ။ ဘာလို့လဲဆိုတော့ ကိုယ့်မှာ ဝန်ထမ်းမရှိသေးဘူး။ အဲဒီ့အချိန်တုန်းက။ အိမ်မှာရှိတဲ့ အစ်မတွေနဲ့ပဲ လုပ်ခဲ့တာ။ လူနည်းတော့ အလုပ်လည်းများ အိပ်ရေးတွေလည်းပျက်နဲ့ ဖြစ်လာတယ်။ နောက်ပြီး ၁ လ တစ်ခါဆိုသလို၊ ၂ လ တစ်ခါဆိုသလို Slices Day ဆိုပြီး ကိတ်ကိုစိပ်ပြီးရောင်းတယ်။ Home Made ဖြစ်တဲ့အတွက် ဖူးလုပ်တဲ့ ကိတ်ကိုစားချင်ရင် ကိတ်တစ်လုံးလုံးကိုမှာရတယ်။ အဲဒီ့အတွက် ကိတ်ကိုစိပ်ပြီးရောင်းပေးတာ။ နောက်တော့ customer တွေက ဆိုင်ဖွင့် ဖို့တောင်းဆိုလာတယ်။ ဒါကြောင့်ဖွင့်ဖြစ်ခဲ့တာပါ။ Home made လုပ်တာပဲ နှစ်နှစ် ကြာခဲ့တယ်။ အတိုချုပ်ပြောရရင် Customer တွေ ရှိနေလို့ Angel Phoo လည်းရှိနေတာပါ။ သူတို့ရဲ့ အားပေးမှုတွေနဲ့ နောက်တစ်ဆင့်တက်ပြီး CoFFee Heaven ဆိုပြီးဖွင့်ဖြစ်ခဲ့တာပါ။ 
 
ဖြတ်သန်းမှု
Home made လုပ်တုန်းက Management ကို အများကြီးလုပ်စရာမလိုဘူး။ ဆိုင်ဖွင့်လိုက်တဲ့အခါ အရင်ကထပ် ပိုပင်ပန်းတယ်။ ပိုတာဝန်ကြီးတယ်။ ဝန်ထမ်းတွေကိုလည်း အုပ်ချုပ်ရပြီ။ ဈေးကွက်ကိုလည်းကြည့်ရတယ်။ Supply ကို သက်သာအောင်လုပ်ရတယ်။ Supply ကို ဒီရန်ကုန်အတွင်းမှာရှိတာတွေနဲ့ အစားထိုးပြီးလုပ်ရတယ်။ ဖူးကို လူသိများတာက Rainbow နဲ့ဆိုတော့ တခြားမုန့်တွေကိုလည်း Rainbow ရနိုင်တယ်ဆို အကုန်လုပ်ခဲ့တယ်။ ချိစ်ကိတ်ဆိုလည်း Rainbow 
တွေ ရှိမယ်၊ Bagel ဆိုရင်လည်း Rainbow ရအောင်လုပ်ထားတယ်။ အရင်ကတည်းကလည်း ကိုယ်က Rianbow တို့ Unicorn တို့ဆိုရင် ကြိုက်တယ်။ အဲဒါကြောင့် မုန့်ထုတ်မယ်ဆိုရင် တတ်နိုင်သမျှကို အကုန် Rainbow Theme လေး ရအောင် လုပ်တယ်။
အောင်မြင်မှုအမှတ်တရ
Angel Phoo ဆိုရင် လူစသိတာက Rainbow Crepe Cake ပဲ။ ဒါက ကိုယ်ခံယူထားတာ မဟုတ်ဘူး။ customer တွေ သတ်မှတ်ထားတာပါ။ Angel Phoo ဆိုရင်တောင် သြော်… အဲဒါ Rainbow Crepe Cake လုပ်တဲ့ ကောင်မလေးလို့ ပြော 
ကြတယ်။ တချို့ဆို နာမည်တောင်မသိဘူး။ Rainbow Crepe Cake လုပ်တဲ့ကောင်မလေးလို့ပဲ သိကြတယ်။ နောက်ပိုင်းမှ တခြား Crepe ကိတ်တွေ ထပ်တိုးခဲ့တယ်။ နောက်တစ်ခုက ကိုယ်ကဆိုင်ဖွင့်မယ်လို့ မရည်ရွယ်ဘူး။ Home Made ပဲ လုပ်မယ်ဆိုပြီးစခဲ့တယ်။ ဒါပေမဲ့ ဆိုင်ဖွင့်ဖြစ်တဲ့အထိ ဖြစ်လာခဲ့တယ်။ 
 
ရှေ့ဆက်အစီအစဉ်
ဆက်လုပ်ဖို့ စိတ်ကူးတွေတော့ရှိတယ်။ ဒါပေမဲ့ စိတ်က ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေတယ်။ ၂ဝ၁၇ ဇူလိုင်ဆို ဒီကော်ဖီဆိုင်ကိုဖွင့်တာ တစ်နှစ်ပြည့်ပြီ။ Franchise တွေပေးချင်တယ်။ တချို့တွေ ကော်ဖီဆိုင်ဖွင့်ထားတယ်။ ကိတ်မရှိ
ဘူး။ သူတို့ဆီမှာ Angel Phoo က ကိတ်တွေ တင်ချင်တယ်ဆိုတာမျိုးတွေရှိတယ်။ နောက်ပြီး အခုဖွင့်ထားတဲ့ ဆိုင်ကကိုယ့်အိမ်မှာပဲ ဖွင့်ထားတာ။ ဖူးဆိုင်က ကိတ်တွေကိုစားချင်ရင် တကူးတကနဲ့ လာစားရတယ်။ အဲဒီ့အတွက် Customer တွေကိုကျေးဇူးတင်ပါတယ်။ ကိုယ့်ဆိုင်က Shopping Center တွေမှာ ဖွင့်ထားသလို အလွယ်တကူဝယ်လို့ ရနိုင်တဲ့ နေရာမှာမရှိဘူး။ သီးသန့်ကြီး ဖြစ်နေတယ်။ ဒါကြောင့် တခြားနေရာမှာ ကော်ဖီဆိုင်တွေ ဖွင့်ချင်တယ်။ နောက် အလုပ်တွေလည်း အများကြီး လုပ်ချင်ပါသေးတယ်။ ဒီလို Bakery မှ မဟုတ်ပါဘူး။ တခြားလုပ်ငန်းတွေလည်း လုပ်ကြည့်ချင်ပါသေးတယ်။
 
အောင်မြင်မှုသော့ချက်
အဓိကကတော့ ကိုယ့်ကုန်ပစ္စည်းအတွက်  Quality Control ပဲ။ ကိတ်ကို ဖူးလုပ်လာတာ အခုဆို သုံးနှစ်ကျော်သွားပါပြီ။ အမြဲတမ်း မဟုတ်ရင်တောင် တစ်ခါတလေမှာကိုယ့်မုန့်ကိုယ်စားကြည့်တယ်။ Quality ကိုထိန်းထားတယ်။ နောက်တစ် ချက်က ဖူးလုပ်တဲ့မုန့်တွေက မချိုဘူး။ အဲဒီတော့ ဆီးချိုသမားတွေအတွက် အဆင်ပြေတယ်။ သကြားနည်းတယ်။ အလုပ်တစ်ခုလုပ်ရင် အာရုံစိုက်ပြီး သေချာလုပ်တဲ့ အကျင့်လည်းရှိတယ်။ ဘယ်ကိစ္စမဆို လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့။ အစွမ်း ကုန်ထိကြိုးစားပါ။ “၇ ကြိမ်လဲကျရင်တောင် ၈ ကြိမ်မြောက်ပြန်ထပါ” ဆိုတဲ့အတိုင်း ကိုယ်ကောင်းအောင်လုပ်နိုင်တဲ့အထိ အစွမ်းကုန် ကြိုးစားရင်ဖြစ်နိုင်ပါတယ်။
× × × × ×
 
ဘဝမှာ ရှုပ်ရှုပ်ထွေးထွေးမနေချင်ဘူး၊ ရိုးရိုးရှင်းရှင်းပဲ နေချင်တယ်
ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော်
 
ဒါရိုက်အလုပ်ကို စတင်လုပ်ဖြစ်ခဲ့ပုံစိတ်ကူး
ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကိုယ် ဒါရိုက်တာအလုပ်ကို ဝါသနာပါမှန်းမသိခဲ့ဘူး။ ငယ်ငယ်တုန်းက ဖြစ်ချင်တာကတော့ အင်ဂျင်နီယာ။ အဲဒီကနေတဆင့် သူငယ်ချင်းတွေနဲ့ ဓာတ်ပုံတွေလျှောက်ရိုက်ဖြစ်တယ်။ ငယ်ငယ်တုန်းကဆို အဖေ့
ဇာတ်ညွှန်းတွေယူပြီး သူငယ်ချင်းတွေ၊ ညီမတွေနဲ့ လျှောက်ရိုက်တာတွေရှိတယ်။ ဒါပေမဲ့ အနုပညာကို ဝါသနာပါမှန်း မသိခဲ့ဘူး။ တဖြည်းဖြည်းနဲ့မှ အင်ဂျင်နီယာတက်နေရင်းနဲ့ မတက်ဖြစ်တော့ဘဲ Directing အလုပ်ကို ရွေးဖြစ်တယ်။ စစချင်းမှာ အဖေ့နောက်လိုက်တယ်၊ အဲဒီတုန်းကလည်း ယောင်ဝါးဝါးပဲ၊ သေသေချာချာကြီး မလုပ်ဖြစ်ဘူး။ နောက်ပိုင်းကျတော့ အဖေ့သမီးလည်းဖြစ်တော့ အကုန်လုံးက ဝိုင်းဝန်းကူညီပေးကြရင်းနဲ့မှ တဖြည်းဖြည်းဖြစ်လာခဲ့တာပါ။
အစပိုင်းကာလဖြတ်သန်းမှု အမှတ်တရအကြောင်း အရာအချို့
စစချင်းလုပ်ကတည်းက အမှတ်တရဆိုရင် ပျော်စရာတွေပဲရှိပါတယ်။ တအားကြီးအခက်ခဲတွေတွေ့ခဲ့တာမျိုးတော့မရှိပါဘူး။ အလုပ်ပင်ပန်းတယ်၊ Pressure များတယ် အဲဒီလောက်ပါပဲ။
 
ကိုယ့်ရဲ့အောင်မြင်မှုအမှတ်တရ
ကိုယ့်ရဲ့အမှတ်တရအနေနဲ့က ဗီဒီယိုစရိုက်တော့ ပွင့်ကို လူတော်တော်များသိတာ ချုပ်ဆေး နဲ့ လူသိကြတယ်။ အဲဒီကား Trailer ကတည်းက ပရိသတ်ကြားမှာ ပေါ်ပြူလာဖြစ်တယ်ပေါ့နော်။ အဲဒီကားကို ပွင့်ရိုက်မှန်းမသိကြတာလည်း ရှိတယ်။ 
အဲဒါလေးကတော့ အမှတ်တရဖြစ်တာပါ။
 
လက်ရှိအနုပညာလုပ်ရှားမှု
စေ့ထားသောစကားများ ဗီဒီယိုကား ကိုအောင်ရဲလင်း၊ ပက်ထရစ်ရှာတို့နဲ့ ရိုက်နေပါတယ်။ ဗီဒီယိုကားတွေ၊ ရုပ်ရှင်ကားတွေလည်း ရိုက်ဖို့ရှိနေပါတယ်။ သူငယ်ဇာတ်ကားရိုက်ထားတာ ရုံတင်နေပါပြီ။
လက်ကိုင်ထားတဲ့ဆောင်ပုဒ်
အဓိကက ဒီအလုပ်လုပ်နေရရင်ပျော်တယ်။ အားတဲ့အချိန်တွေမှာ Dota ခုတ်ရင်လည်း ခုတ်မယ်။ ကိုယ်စေတနာထားပြီးလုပ်ရင် အကျိုး ပြန်ခံစားရမယ်၊ အဲဒီလိုပဲ စိတ်ထားပါတယ်။ ဘဝမှာ ရှုပ်ရှုပ်ထွေးထွေးလည်း မနေချင်ဘူး၊ ရိုးရိုးရှင်းရှင်း
ပဲ နေချင်တယ်။ 
 
အမျိုးသမီးတစ်ယောက်အနေနဲ့ခံယူချက်
ပွင့်လုပ်ရတဲ့နယ်ပယ်မှာဆိုရင် အမျိုးသားတွေများတယ်ဆိုပေမဲ့ ပွင့်ကတော့ ရှိန်တာတွေ ဘာတွေမရှိဘူး။ ပွင့်ကိုယ်တိုင်ကလည်း မိန်းကလေးဆိုပေမဲ့ မိန်းကလေးပုံနဲ့လည်း မတူဘူး၊ နူးနူးညံ့ညံ့လည်းမရှိဘူးဆိုတော့ ယောက်ျားလေးတွေနဲ့ ပြောရဆိုရတာ အဆင်ပြေတယ်။ အဖေ့ရဲ့သမီးဖြစ်တယ်ဆိုတော့ အကုန်လုံးကလည်း ကူညီပြီးလုပ်ပေးကြတယ်။ တအားကြီးပုံစံပြောင်းလဲပစ်ရတာမရှိဘူး။ ဒီအလုပ်ကို တစိုက်မတ်မတ်လုပ်ဖြစ် သွားမယ်လို့မထင်ဘူး။ ဒါပေမဲ့လည်း ကိုယ်ဝါသနာ
ပါတဲ့အလုပ်ဆိုတော့ လုပ်နေရရင်လည်း ပင်ပန်းတယ်လို့ မထင်ပါဘူး။ ပျော်တော့ပျော်တယ်။ ဒါပေမဲ့ တစ်ခါတလေကျရင် ၂လ၊ ၃လလောက်ရိုက်ကူးရေးတွေ တအားဆက်ပြီး ဆက်တိုက်လုပ်ရတဲ့အချိန်မျိုးဆိုရင်တော့ ပင်ပန်းတာတော့ ရှိပါ
တယ်။ အမျိုးသမီးတွေကို ပြောချင်တာက အမျိုးသမီးဖြစ်တယ်ဆိုပြီး ယောက်ျားတွေထက် နိမ့်တယ် ဆိုတဲ့ စိတ်မျိုးမထားပါနဲ့။ အခုခေတ်က အရင်ခေတ်လိုမျိုး မဟုတ်တော့ဘူးဆိုတော့ ရှက်တာ၊ ကြောက်တာမျိုးတွေ မရှိဘဲနဲ့ ကိုယ်လုပ်စရာရှိတာလုပ်ကြပါလို့ ပြောချင်ပါတယ်။
× × × × ×
 
ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ အလုပ်တွေကို ခြေလှမ်းဖြစ်ဦးမှာပါ ရွှေရေးထင်ထင်
 
စာရေးဆရာမအဖြစ် စတင်လုပ်ဖြစ်ခဲ့ပုံ၊ စိတ်ကူး နှင့် အစောပိုင်း ကာလဖြတ်သန်းမှု
ရွှေရေးစာကို စပြီးရေးဖြစ်တဲ့အချိန်ဆိုရင် မဂ္ဂဇင်းတိုက်ကို စပို့တဲ့အချိန်ရယ်၊ မဂ္ဂဇင်းတိုက်ကို မပို့ဖြစ်ဘဲ ကိုယ့်ဘာသာကိုယ် ရေးတဲ့အချိန်ရယ်ကို ခွဲပြောရမှာပါ။ ပထမဆုံးစာ စရေးဖြစ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် စာရေးဆရာတစ်ယောက်အနေနဲ့ ရေးဖြစ်ခဲ့တာမဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက ကဗျာ၊ ဝတ္ထုတို၊ ပုံပြင်တွေနဲ့ အရမ်းရင်းနှီးခဲ့တယ်။ ရွှေရေးက တစ်ဦးတည်းသောသမီးဖြစ်တော့ အဖော်သိပ်မရှိဘူး၊ မေမေ့ကိုအဖော်ပြုတာကလွဲရင် ကျန်တဲ့အချိန်တွေမှာက စာအုပ်တွေနဲ့အဖော်ပြုခဲ့တာဆိုတော့ စာပေနဲ့ရင်းနှီးခဲ့တယ်။ ကိုယ်ဖတ်ဖူးတဲ့ စာရေးဆရာ၊ စာရေးဆရာမကြီးတွေကို မြင်ပြီးတော့ အရမ်းသဘောကျတယ်။ ကိုယ်ကိုယ်တိုင်လည်း ဒီလိုရေး ကြည့်ချင်တဲ့စိတ်ဖြစ်တော့ ငယ်ငယ်ကတည်းက လက်စမ်းပြီး ဟိုရေး၊ ဒီရေးလေးတွေ၊ ကဗျာလည်းမဟုတ်ဘူး၊ အက်ဆေးလည်းမကျ၊ ဝတ္ထုတိုလည်း မကျတာလေးတွေကို လက်သွေးပြီး ရေးလာတာ၊ အဲဒါက စာရေးဆရာတစ်ယောက်အနေနဲ့ စတင်တဲ့ ခြေလှမ်းရယ်လို့ မဟုတ်ခဲ့ဘူး။ 
အရွယ်ကလည်း တော်တော်ငယ်သေးတယ်။ ၄တန်း၊ ၅တန်းလောက်ကတည်းက ရေးတာအများကြီးပဲ။ အဲဒီအရွယ်လောက်ကတည်းက မဂ္ဂဇင်းထဲမှာပါတဲ့ ကဗျာလေးတွေ ကြိုက်တာတွေ့ရင် လက်ရေးနဲ့ကူးထားပြီး မှတ်ထားတတ်တဲ့ အကျင့်
ရှိတယ်။ ပြီးရင် စာသားလေးတွေ လိုက်ရွတ်ကြည့်တယ်။ အဲဒါလေးတွေ အတုခိုးပြီး လိုက်ရေးကြည့်တတ်တဲ့အကျင့်ဖြစ်လာတယ်။ နောက်ပိုင်းကျတော့ ရွှေရေးဒီလိုရေးလာတာကို မေမေက သတိထားမိလာတော့ စာရေးဆရာဖြစ်ချင်တာလားလို့ မေးတယ်။ အဲဒီမှာ ကိုယ်ကဘယ် Professional ကို ရွေးမလဲဆိုတော့ ကိုယ်နဲ့ရင်းနှီးပြီး တစိုက်မတ်မတ်လုပ်လာတာ စာရေးသားတာဆိုတော့ စာရေးတဲ့ဘက်ကိုသွားမယ်ဆိုတဲ့ အတွေးနဲ့ မဂ္ဂဇင်းတိုက်တွေကို စပြီးပို့ကြည့်ခဲ့ဖူးတယ်။ မဂ္ဂဇင်းတိုက်အများကြီးကိုလိုက်ပို့ပြီး အရွေးမခံရတဲ့အချိန်ကျတော့ မရေးတော့ဘူးဆိုပြီး စိတ်ဓာတ်ကျလာတယ်။ နောက်တော့ မေမေကအားပေးလို့ ပြန်ရေးပြီး ပို့တဲ့အခါလည်းရှိတယ်။ ဝတ္ထုတို၊ ကဗျာ၊ အက်ဆေးတွေ ပို့တယ်။ ပထမဦးဆုံးရွေးချယ်ခံရတာကတော့ ၂ဝ၁ဝခုနှစ် ဇူလိုင်မှာ စိတ်ကူးချိုချိုစာပေတိုက်ကထုတ်တဲ့ ပင်ကိုယ်ရေး ပုံပြင်စာအုပ်ကလေး၊ ရွေရေးက ကလေးပုံပြင်စာအုပ်လေးမှာ ရွေးချယ်ခံရတာပါ။ ၂ဝဝ၈ ဝန်းကျင်လောက်မှာ ရေးတာပိုပြီးစိပ်လာတယ်။ လုံးချင်းဝတ္ထုရှည်လေးတွေလည်း ရေးဖြစ်တယ်။ ကိုယ့်လက်ရာကိုယ်တော့ ကောင်းတယ်ထင်ပေမဲ့ ၃၊ ၄လလောက်နေလို့ ပြန်ဖတ်ကြည့်ရင် အားနည်းချက်တွေ အများကြီးတွေ့လာတယ်။ အဲဒီကျရင် ပယ်လိုက်ပြီး တခြားဈာန်ဝင်နေတဲ့ ဇာတ်လမ်းအသစ်တစ်ပုဒ်ကို ပြန်ပြီးရေးတယ်။ ဒီလိုနဲ့ပဲ လုံးချင်းဝတ္ထုရေးလိုက်၊ မဂ္ဂဇင်းတိုက်ပို့လိုက်နဲ့ လုံးလည်ချာလည်လိုက်နေတယ်။ ၂ဝဝ၈ဝန်းကျင်လောက်မှာ ဇာတ်ညွှန်းဘက်ကို ခြေလှမ်းသစ်လှမ်းဖြစ်တယ်။ ရွှေရေးရဲ့ ဝတ္ထုလေးတွေကို ဒါရိုက်တာတချို့ကိုပြကြည့်တယ်။ ဝတ္ထုရှည်ကို ပြကြည့်တော့ အကြံပေးတာက ဇာတ်ညွှန်းအနေနဲ့ ရေးဖွဲ့ပြီးပြဖို့အကြံပေးတယ်။ အဲဒီမှာ ဒုတိယခြေလှမ်းအနေနဲ့ ဇာတ်ညွှန်းဘက်ကို ခြေလှမ်းဖြစ်တယ်။ ဒါရိုက်တာကိုဝိုင်းက ဇာတ်ညွှန်းရေးပုံရေး နည်းကဘယ်လိုဆိုတာကို သူရေးထားတဲ့ ဇာတ်ညွှန်းတွေ ရွှေရေးကိုပြပြီး လေ့လာခိုင်းတယ်။ ကိုဝိုင်းကြောင့် ဇာတ်ညွှန်းဆိုတာ ဘယ်လိုဆိုတာကို ရွှေရေးလေ့လာဖြစ်ပါတယ်။ နောက်ပြီးအခြားသောရိုက်ကွင်းတွေမှာ လေ့လာဖြစ်ပြီး ဇာတ်ညွှန်းလေးတွေကို ကိုယ်တိုင်ခွဲဖြစ်လာတယ်။ ဒါပေမဲ့ ပုံပေါ်လာခြင်းမရှိဘူး။ အဲဒီအချိန်မှာ တော်တော်စိတ်ဓာတ်ကျတယ်၊ မဂ္ဂဇင်းမှာလည်းရွေးခံရတာမရှိ၊ ဇာတ်ညွှန်းမှာလည်း ပုံပေါ်မလာနဲ့ ၂ဝ၁ဝကျတော့ ကလေးပုံပြင်လေးတွေ စပါလာတယ်။ နောက်ပိုင်းကျတော့ မဂ္ဂဇင်းတွေမှာ ရွှေရေးရဲ့ ဝတ္ထုလေးတွေ ဆက်တိုက်ပါလာတယ်။
အမှတ်တရ
ရွှေရေးက စာရေးရင် စာလုံးပေါင်း အရမ်းမှားလေ့ရှိတယ်၊ စာလုံးပေါင်းသတ်ပုံ မျက်စိအရမ်းလျှမ်းတတ်တယ်။ မြန်မာစာလုံးပေါင်းညံ့တယ်။ သတ်ပုံပြန်စစ်ရင်လည်း လျှမ်းတတ်တယ်ဆိုတော့ စာရေးပြီးပြီဆိုရင် မေမေက ပြန်စစ်ပေးရတယ်။ မှတ်မှတ်ရရဆိုရင် ငယ်ငယ်ကစာစီစာကုံးပြိုင်ပွဲ ဝင်ပြိုင်တဲ့အခါ မပြိုင်ခင် အိမ်မှာလေ့ကျင့်တော့ ထင်ရှားသောပုဂ္ဂိုလ်များကို ထင်းရှာသောပုဂ္ဂိုလ်များဆိုပြီးရေးခဲ့လို့ မေမေဆိုရင် အခုထိပြောပြီးနောက်လို့ မဆုံးဘူး။ အခုရေးတဲ့အခါမှာတော့ အများကြီး သတိထားပြီး ရေးပါတယ်။
 
ကိုယ့်ရဲ့အောင်မြင်မှုနဲ့အမှတ်တရ
ရွှေရေးထင်ထင်ဆိုပြီး ပရိသတ်သိလာတဲ့ အချိန်မှာ အမှတ်တရကတော့ ရွှေရေးရဲ့ကဗျာလေးတွေကို ပြန်ပြီး လူစိတ်ဝင်စားလာတယ်။ အရင်တုန်းက ကဗျာတွေအများကြီးရေးခဲ့ဖူးတယ်၊ ကဗျာကို နှစ်သက်တဲ့အတွက် မဂ္ဂဇင်းတိုက်တွေလည်း ပို့ဖူးတယ်။ ရွေးချယ်ခြင်းမခံရတာတွေ၊ အွန်လိုင်းမှာတင်တဲ့အခါမျိုးမှာဆိုရင်လည်း ရွှေရေးကိုယ်တိုင်က စာရေးသူတစ်ယောက်ပါဆိုပြီး မတင်တဲ့အတွက် ဘယ်သူမှ သိပ်စိတ်မဝင်စားကြဘူး။ မှတ်မှတ်ရရဆိုရင် ရွှေရေးရဲ့ Facebook Friend တွေက အကြံပေးကြတာရှိတယ်။ စကားလုံးတွေဖွဲ့နွဲ့တာကို ကြိုက်တယ်ဆိုရင် ကဗျာမရေးဘဲ သီချင်းရေးပါလားဆိုပြီး အကြံပေးကြတယ်။ ကဗျာတွေနဲ့ပဲ အချိန်ကုန်နေမှာလားဆိုတဲ့ ဝေဖန်အကြံပေးချက်တွေတောင် ရပါတယ်။ ရွှေရေးထင်ထင်ဆိုပြီး လူသိလာတဲ့အချိန်ကျတော့ အရင်တုန်းက စိတ်ဝင်စားခြင်းမခံရတဲ့ ကဗျာလေးတွေ၊ အလေးပေးခြင်းမခံရတဲ့ ကဗျာလေးတွေကို ပြန်ပြီးစိတ်ဝင်စားလာကြတယ်၊ ကြိုက်နှစ်သက်တယ်ဆိုပြီး Share လာကြတာတွေ့ရတယ်။ မှတ်မှတ်ရရဆိုရင် ကူးယူပြီး အချင်းချင်းဝေမျှတာကိုတွေ့ရတော့ ပီတိဖြစ်မိပါတယ်။
လတ်တလောလှုပ်ရှားမှု
အခုဇာတ်လမ်းတွဲ ဇာတ်ညွှန်းရေးနေပါတယ်၊ ရှေ့လထဲမှာ ကြော်ငြာအချို့ ရိုက်ဖို့ရှိပါတယ်။ ဗီဒီယိုရိုက်ဖို့ ရှိပါတယ်။ ခေါင်းဆောင်အနေနဲ့ ရိုက်ဖို့ရှိပါတယ်။ Korea Brand အလှကုန်ပစ္စည်း၊ အမျိုးသမီးသုံး ရင်သားအလှအပဆေးနဲ့ Good Care အမျိုးသမီးလစဉ်သုံးပစ္စည်း ကြော်ငြာရိုက်ဖို့ ရှိပါတယ်။ ဇာတ်ကား ၃ကား ရိုက်ပြီးတဲ့အချိန်မှာ ဇာတ်လမ်းတွဲ ဇာတ်ညွှန်း ၃ပုဒ်ဝင်သွားတယ်။ ဇာတ်လမ်းတွဲ ဇာတ်ညွှန်းတစ်ပုဒ်ကို အချိန် ၅ လ လောက်ယူရပါတယ်။ MRTV-4 အတွက် ဇာတ်လမ်း တွဲ ၂ပုဒ်ကတော့ ပုံဖော်ပြီးသွားပါပြီ။ တတိယဇာတ်လမ်းတွဲအတွက် ရေးနေပါတယ်။ ဇာတ်လမ်းတွဲရေးနေတဲ့အချိန်ဆိုရင် တခြားရိုက်ကူးရေးတွေ အရေးမပေးဖြစ်တော့ဘူး။ ၂ ခု ပြိုင်ပြီး လုပ်ဖို့အတွက်ကျတော့ ရွှေရေးအတွက် ခက်ခဲပါတယ်။ ရိုက်ကူးရေးအတွက်ကျတော့ အဝတ်အစားပြင်ဆင်ရတာ၊ အချိန်အတိအကျပေးရတာတွေ ရှိတဲ့အတွက် ရိုက်ကူးရေးကို ရပ်ထားလိုက်တယ်။ တချို့ဇာတ်လမ်းတွေဆိုလည်း ကိုယ့်ကိုယ်ကိုယ် confident မရှိတဲ့အတွက် မရိုက်ဖြစ်ပါဘူး။ သရုပ်
ဆောင်ခြင်းအနုပညာကို ကိုယ်ကိုယ်တိုင် လေ့လာကြည့်ချင်တဲ့အတွက် သရုပ်ဆောင်လုပ်ကြည့်တာပါ။ ရှေ့လျောက်မှာ ရွှေရေးက ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအလုပ်တွေကို ခြေလှမ်းဖြစ်မှာပါ။ 
 
လက်ကိုင်ထားတဲ့ဆောင်ပုဒ်
ရွှေရေးလက်ခံကျင့်သုံးနေတဲ့ ဆောင်ပုဒ်တွေကတော့ အများကြီးပါပဲ။ အခုလက်ရှိမှာတော့ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံဆိုတဲ့ ဆောင်ပုဒ်အတိုင်း လက်ခံကျင့်သုံးနေပါတယ်။
× × × × ×
 
ဘယ်အရာပဲလုပ်လုပ် အလိမ်အညာမရှိဘဲ ပရိသတ်ကို အစစ်အမှန်ပဲ ပေးချင်ပါတယ်
ထားထက်ထက်
Makeup & Hair -  Shwe Pon
Photo & Retouch - Thardu Ko Ko
Venue - Myanmar Gymnastics Federation
 
ငယ်ငယ်တုန်းက ကျွမ်းဘားမယ်တစ်ယောက်အနေနဲ့ ၁ဝ နှစ်တာကာလလောက် ဖြတ်သန်းခဲ့တယ်။ အဲဒီကတစ်ဆင့် အရွယ်ရောက်လာတဲ့အခါ Miss Myanmar တစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့တယ်။ Miss Myanmar ဖြစ်ပြီးတော့မှ နောက်ထပ်တစ်ဆင့်အနေနဲ့ သရုပ်ဆောင်ဘက်ကို ထပ်ကူးခဲ့ပါတယ်။ အခုချိန်မှာထိ ကျွမ်းဘားကို ကိုယ်ကိုယ်တိုင်ကစားနေဆဲဖြစ်သလို ကျွမ်းဘားအားကစား နည်းပြတစ်ယောက်အဖြစ်လည်း မျိုးဆက်သစ် ကလေးငယ်တွေကို ပြန်လည်သင်ကြားပို့ချပေးနေပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီးတော့ ဇာတ်ကားတွေရိုက်ကူးဖြစ်နေသလို ပရဟိတအလုပ်တွေလည်း အများကြီးဆက်လုပ်နေပါတယ်။
ကလေးလေးတစ်ယောက်ရဲ့ ကျွမ်းဘားအစ
အသက် ၅ နှစ်အရွယ်က စတင်ကစား ဖြစ်ခဲ့ပါတယ်။ မြန်မာနဲ့ ရုရှားချစ်ကြည်ရေး ကျွမ်းဘားကစားပွဲကို သွားကြည့်ခဲ့ပြီးနောက်ပိုင်းမှာ ဝါသနာပိုးပါသွားပြီးတော့ အိမ်မှာ တစ်ချိန်လုံး ကျွမ်းတွေပဲထိုးနေတော့တယ်။ အဲဒါနဲ့ အဖေတို့က ကျွမ်းဘားသင်တန်းကို ပုံမှန်ပို့ပေးခဲ့တယ်။ စစချင်းတက်တုန်းကတော့ နွေရာသီသင်တန်းပေါ့။ သင်တန်းမှာ ပြိုင်ပွဲတွေလုပ်တော့ ကိုယ်က ဆုရရော။ ဆုရတော့ ကိုယ့်ကိုယ်ကို ပိုအားတက်ပြီး ပိုဆော့ချင်လေ ဖြစ်လာခဲ့တယ်။ ဆော့ရင်း ဆော့ရင်းနဲ့မှ တဖြည်းဖြည်း Level တက်လာပြီးတော့ အသက် ၈ နှစ်လောက်မှာ လက်ရွေးစင်ဖြစ်လာတယ်။ နောက်ပိုင်း ပြည်နယ်နဲ့တိုင်းမှာ ရွေးချယ်ခံရတယ်။ အရင်ကစားနေ တုန်းကတော့ သိပ်ပြီး မခက်ခဲ မပင်ပန်းခဲ့ဘူး။ လက်ရွေးစင်ဖြစ်လာတော့မှ ခက်ခဲပင်ပန်းလာတယ်။ Training တွေက ပိုပြီး များလာတယ်။ အသက်က ၁ဝ နှစ်အရွယ်မှာ တရုတ်ပြည်ကို ၃ လလောက် Training သွားရတယ်။ အဲ့အချိန်တွေမှာ ကျောင်းမတက်ရဘူး။ စာမေးပွဲဖြေခါနီးမှ ပြန်လာပြီး စာတွေ အသားကုန်ကျက်ပြီး ဖြေရတာ။ အဲလိုပဲ များသောအားဖြင့် ငယ်ငယ်တုန်းက ကျောင်း သိပ်မတက်ဖြစ်ဘူး။ မြန်မာပြည်မှာရှိနေတဲ့ အချိန်ဆို နံနက်အစောကြီးထ Training လုပ်၊ ရေမိုးချိုးပြီး ကျောင်းသွား။ ကျောင်းကနေပြန်လာတာနဲ့ ကျွမ်းဘားရုံကိုသွား Training လုပ်။ Camp သွင်းထားတာဆိုတော့ အိမ်မှာတောင်မနေရဘူး။ အဲဒီလို နိစ္စဓူဝဆိုတော့ ကလေးတစ်ယောက်အနေနဲ့ အရမ်းငြီးငွေ့လာတယ်။ ကစားရင်း ထိခိုက်မိတာတွေ ရှိပေမဲ့ နာနေလည်း ကျင့်ရတာပဲ။ လူရောစိတ်ရော အရမ်းပူလောင်မွန်းကျပ်လာတယ်။ နောက်ဆုံး လက်လျှော့လိုက်ချင်စိတ်အထိတောင် ဖြစ်လာတယ်။ ဒါပေမဲ့ အဲလိုဖြစ်လာတဲ့အခါကျတော့လည်း ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး အားပေးရတယ်။ စစချင်းဆော့တုန်းက ထားထက်တို့မှာ အဖွဲ့ကလူများတယ်။ သူငယ်ချင်းတွေရှိတယ်။ အားပေးမယ့်သူရှိတယ်။ တဖြည်းဖြည်းနဲ့ တခြားသူတွေက ဆက်မကစားကြတော့ အဖွဲ့က လူနည်းလာပြီး နောက်ဆုံး ထားထက်တစ်ယောက်ပဲ ကျန်တော့တယ်။ အဲကျတော့ ကိုယ့်ကိုယ်ကိုပဲပြန်ပြီး အားပေးရတယ်။ ငါစလုပ်ထားတဲ့အလုပ်ကို ဘယ်လိုပဲဖြစ်ဖြစ် ရအောင်လုပ်ရမယ်ဆိုပြီး စိတ်ကို ပြန်အားတင်းရတယ်။
 
အမှတ်တရ အောင်မြင်မှုများ
ပြည်တွင်းမှာဆို ပြည်နယ်နဲ့ တိုင်းပြိုင်ပွဲတွေမှာ ပြိုင်တယ်တယ်။ အမျိုးသား အားကစားပွဲတော်မှာ ပြိုင်တယ်။ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေ အများကြီးရခဲ့တယ်။ SEA Games ကိုကျတော့ ၂ဝဝ၃ မှာ ဗီယက်နမ် နဲ့ ၂ဝဝ၅ မှာ ဖိလစ်ပိုင် နှစ်နှစ်သွားပြိုင်ရတယ်။ ကျွမ်းဘားကစားနည်းက အရမ်းခက်ခဲတော့ ကစားတဲ့သူနည်းတယ်။ အချိန်အများကြီးပေးရတယ်။ တစ်နှစ် နှစ်နှစ်နဲ့ လက်ရွေးစင် မဖြစ်ဘူး။ ကိုယ်ကလည်း တစ်ယောက်တည်း နောက်ဆုံးကျန်ခဲ့တဲ့သူဖြစ်တယ်။ အဲလိုသွားပြိုင်တဲ့နေရာမှာ တခြားနိုင်ငံတွေက အဖွဲ့လိုက်လာပြိုင်ကြတယ်။ ထားထက်ကတော့ အဖွဲ့နဲ့မဟုတ်ဘဲ တစ်ယောက်တည်း သွားပြိုင်ရတယ်။ အဲဒီတော့ ကိုယ်ပြုတ်ကျတဲ့အခါ ကိုယ့်ဘာသာကိုယ် အားပေး၊ ဆရာမတွေက အားပေး အဲလိုပဲရှိတော့တာပေါ့နော်။ ၂ဝဝ၅ ဆီးဂိမ်းတုန်းက ဖွင့်ပွဲတက်တဲ့ အချိန်မှာ ကစားနည်းတစ်ခုစီက လူတစ်ယောက်နှစ်ယောက်ရွေးပြီး တိုင်းရင်းသားဝတ်စုံလေးတွေနဲ့ နိုင်ငံကိုယ်စားပြု တက်လျှောက်ရတဲ့အထဲမှာ ထားထက်က ချင်းဝတ်စုံဝတ်ပြီး တက်ခွင့်ရခဲ့
တယ်။ ပြိုင်ပွဲ ပြိုင်တဲ့အခါကျတော့လည်း ဆုတံဆိပ်ကြီး မရခဲ့ပေမဲ့ နိုင်ငံကိုယ်စားပြုအနေနဲ့ Top 10 အထိ ဝင်နိုင်ခဲ့တာကတော့ အမှတ်တရပါပဲ။
 
ကျွမ်းဘားနည်းပြ နဲ့ သရုပ်ဆောင်
စနေ၊ တနင်္ဂနွေကိုတော့ ကလေးတွေကို ကျွမ်းဘားသင်ပေးနေတဲ့အတွက် သေသေချာချာကို ဂရုစိုက်ပြီး ဒီအလုပ်ကို လုပ်ပါတယ်။ ဒီနှစ်ရက်မှာ ကားရိုက်နဲ့ အချိန်တိုက်နေရင်တောင် သင်တန်းချိန်ရှိတဲ့ နံနက်ပိုင်းနဲ့ မတိုက်အောင် အတတ်နိုင်ဆုံးညှိယူပြီးတော့ လုပ်ပါတယ်။ မဖြစ်မနေ ခရီးထွက်ပြီး ရိုက်ရတဲ့အခါမျိုးမှသာ ထားထက်ရဲ့ လက်ထောက်ကို လွှဲထားခဲ့ပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ရှုတင်ချိန်ရှုတင်၊ ပရဟိတလုပ်စရာတွေလည်းလုပ်သလို၊ တခြားသူတွေနဲ့ လိုက်ကူညီပါတယ်။ ထားထက်တို့ အဓိကဖွဲ့ထားတဲ့ ပရဟိတအဖွဲ့က Miss Myanmar Charity Group ပါ။ ကိုယ့်အဖွဲ့နဲ့ကိုယ်ကတော့ အလှူလုပ်ဖြစ်သလို တခြားအဖွဲ့အစည်းတွေကလည်း အကူအညီ တောင်းတဲ့အခါမှာလည်း လိုက်လုပ်ဖြစ်ပါတယ်။ ထားထက်တစ်ယောက်တည်း လှူခဲ့တုန်းကလည်း လူသိပ်မသိသေးတဲ့နေရာမျိုးတွေကို ရှာဖွေပြီး လိုက်လှူဖြစ်တယ်။ ထားထက် အလှူနဲ့ပတ်သက်ပြီး အမှတ်ရစရာတစ်ခုက မြောက်ဒဂုံက တိုင်းရင်းသားပေါင်းစုံကလေးတွေရှိတဲ့ ရီမာကျောင်း ဆိုတာရှိတယ်။ အဲ့ကျောင်းလေးကို ဘယ်သူမှ သိပ်မသိကြသေးတဲ့အချိန်၊ အတော်လေးကို နွမ်းပါးတဲ့ အချိန်မှာ ကလေးတွေဆို ထမင်းစားရင် တစ်ခါတလေ ဟင်းတောင်မပါဘဲ ဆားနဲ့စားရတယ်။ အဲဒီအချိန်မှာ ထားထက် အဲ့ဒီကျောင်းလေးကို သွားလှူပြီး Facebook မှာတင်တယ်။ ကြော်ငြာပေးတယ်။ အလှူရှင်တွေကို လိုက်ပြောပေးတဲ့အခါကျတော့ လူသိလာပြီး ခုဆိုရင် ကျောင်းလေးက အရမ်းအဆင်ပြေလာတယ်။ ကျောင်းလေးကလည်း ထားထက်ကိုအမှတ်တရရှိတယ်။ သူတို့ကို လူသိလာအောင်စပြီး လုပ်ပေးခဲ့တာ ထားထက်ထက်လို့ သူတို့အမြဲတမ်းပြောပြကြတယ်လို့ ပြောတဲ့အခါ စိတ်ထဲမှာဖြစ်တဲ့ပီတိက ဘာနဲ့မှလဲလို့ မရဘူးပေါ့နော်။
သရုပ်ဆောင်ပိုင်းမှာတော့ ထားထက်က နည်းနည်းရွေးပြီးရိုက်ပါတယ်။ ကြိုးနဲ့ချည်ထားတဲ့ ဗာရာဏသီ၊ လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ရုံကြီးကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဗီဒီယိုကားတွေလည်း အတော်များများ ရိုက်ထားပါတယ်။ သရုပ်ဆောင်ရတာကတော့ အက်ရှင်ကားတွေ၊ ဒရာမာတွေဆို အဆင်ပြေတယ်။ ဟာသတော့ အများကြီးမရဘူး။ ကြိုးစားရတာပေါ့နော်။
လက်ကိုင်ထားတဲ့ဆောင်ပုဒ်
ကိုယ့်ကိုယ်ကို အမြဲတမ်းအားပေးဖြစ်တာကတော့ ကိုယ်ဝါသနာပါလို့လုပ်တဲ့ အလုပ်ဖြစ်စေ၊ တာဝန်အရလုပ်ရတဲ့ အလုပ်ဖြစ်စေ ဘယ်အရာပဲလုပ်လုပ် ကိုယ်လုပ်တဲ့အရာသည် အကောင်းဆုံး ဖြစ်နေရမယ်။ စေတနာအမှန်ဆုံး ဖြစ်နေရမယ်။ ကြိုးစားမှုတိုင်းမှာ အောင်မြင်မှုဆိုတာ ရှိတယ်။ ဒါပေမဲ့ ကြိုးစားမှုက မရပ်သွားဖို့ပဲ လိုပါတယ်။ ထားထက်ရဲ့အကျင့်က ဘယ်အရာပဲလုပ်လုပ် တစ်ခုခုကို စမိရင် အဆုံးထိ အကောင်းဆုံး လုပ်သွားတာကြိုက်တယ်။
 
အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ခံယူချက်
အလုပ်တွေလုပ်နေတဲ့နေရာမှာ ကိုယ့်ကိုယ် ကျိုးအတွက်ချည်းပဲမဟုတ်ဘဲ အတ္တဟိတနဲ့ ပရဟိတကို မျှအောင်လုပ်ချင်တယ်။ ကိုယ့်ဆီမှာ အများကြီးရှိရင် ကိုယ်လုပ်ချင်တဲ့ ပရဟိတကိုလည်း အများကြီးပြန်ပြီးပေးနိုင်မယ်။ ဒါကြောင့် ကိုယ့်ဆီ
မှာလည်း အများကြီးဖြည့်နေသလို သူတပါးကိုလည်း အများကြီးပေးနိုင်အောင် ထားထက်အမြဲတမ်းကြိုးစားနေတယ်။ တစ်ချိန်မှာ အများက စံပြထားရတဲ့၊ ရှေ့ကနေ ကာကွယ်ပေးနိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်အောင်ပဲ ရပ်တည်သွားချင်ပါတယ်။
 
People မှ ပရိသတ်များသို့
ထားထက် ပရိသတ်ကိုပြောချင်တာ သရုပ်ဆောင်လုပ်သည်ဖြစ်စေ… အားကစားပိုင်းဆိုင်ရာ ကျွမ်းဘားနည်းပြလုပ်သည်ဖြစ်စေ… ပရဟိတလုပ်သည်ဖြစ်စေ ဘယ်အရာပဲလုပ်လုပ် ထားထက် စိတ်ထဲက အစစ်အမှန်အတိုင်းပဲလုပ်ပါတယ်။ ပရိသတ်ကိုလည်း မညာပါဘူး။ အလိမ်အညာမရှိဘဲ အကုန်လုံးအစစ်အမှန်ကိုပဲ ပေးချင်ပါတယ်။ ဒီထက်ပိုပြီး အများကြီးကြိုးစားနေပါတယ်။ ထားထက်ကို ခုချိန်မှာပရိသတ်တွေ လက်ခံပေးပြီး ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့အတွက် ကျေနပ်ပါတယ်။ ကောင်းသည် ဆိုးသည် အမြဲတမ်း ဝေဖန်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။
× × × × ×
 
ရည်ရွယ်ချက်ထားပါ။ ရည်မှန်းချက်ထားပါ။ ကြိုးစားရင် မအောင်မြင်ဘူးဆိုတာ မရှိပါဘူး
ကြူကြူသင်း (လက်ဝှေ့နည်းပြ)
 
သူမဟာ ရွှေရောင်လက်တစ်စုံနဲ့ နိုင်ငံ့ကိုယ်စားပြု ဆုတံဆိပ်တွေကို သယ်ဆောင်လာပေးခဲ့တဲ့ လက်ဝှေ့မယ်တစ်ဦးဖြစ်သလို ယခုလက်ရှိအချိန်မှာလည်း မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ရဲ့ နည်းပြတစ်ဦးအဖြစ် မျိုးဆက်သစ် လူငယ်တွေအတွက် ပညာအမွေ လက်ဆင့်ကမ်းပေးလျက် ရှိနေပါတယ်။ ခုလိုထူးချွန်တဲ့ အမျိုးသမီး လက်ဝှေ့အားကစားသမားတစ်ယောက်ဖြစ်လာဖို့ သူမဘဝ ဘယ်လိုစခဲ့သလဲ။
ငယ်ဘဝဖြတ်သန်းမှု
သူမက မန္တလေးသူပါ။ မိဘတွေဟာ ကုန်သည်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုကြပေမဲ့ ဖခင်ဖြစ်သူ ဦးသန်းဌေး (ခ) ဦးပတ်မစိန်ဟာ မြန်မာ့ရိုးရာ လက်ဝှေ့ပညာရှင်တစ်ဦးလည်းဖြစ်တဲ့အတွက် သူမဟာ ဖခင်ရဲ့အမွေကို ဆက်ခံနိုင်ခဲ့သူ ဖြစ်ပါတယ်။ 
 
ရိုးရာလက်ဝှေ့ချန်ပီယံ
ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကို စံနမူနာယူအားကျခဲ့သလို ဖခင်ရဲ့စနစ်ကျတဲ့ သင်ကြားပေးမှုအောက်မှာ မြန်မာ့ရိုးရာလက်ဝှေ့မယ်တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ရိုးရာလက်ဝှေ့ပြိုင်ပွဲပေါင်း ၅ဝ ကျော်ကို ရှုံးပွဲမရှိ၊ သရေ သို့မဟုတ် အနိုင်ပွဲများနဲ့ မှတ်တိုင်တွေ စိုက်ထူခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရိုးရာလက်ဝှေ့မှာ မိမိထက်ဝါကြီးသူ စီနီယာအမျိုးသမီးကစားသမားများကို ဖြတ်ကျော်ပြီး တစ်ပြည်လုံးချန်ပီယံဖြစ်သည်အထိ ကြိုးစားခဲ့သူ ဖြစ်ပါတယ်။
 
လက်ရွေးစင်ဘဝအစ
ရိုးရာလက်ဝှေ့မှာ ထူးချွန်အောင်မြင်လျက်ရှိတဲ့ သူမရဲ့ ဘဝတစ်ဆစ်ချိုးအပြောင်းအလဲအနေနဲ့ အသက် ၁၅/၁၆ နှစ်အရွယ်မှာ အနောက်တိုင်းလက်ဝှေ့လောကကို စတင်ရောက်ရှိလာခဲ့ပါတယ်။
သူမတို့လို ရိုးရာလက်ဝှေ့မယ်တွေကို နိုင်ငံတကာမှာသွားရောက် ယှဉ်ပြိုင်နိုင်ခွင့်ရရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က ခေါ်ယူလေ့ကျင့်ပေးခဲ့တဲ့အတွက် သူမဟာ ရန်ကုန်ကို ရောက်ရှိလာခဲ့ပြီး အနောက်တိုင်း လက်ဝှေ့ကစားသမားတစ်ယောက်ဘဝကို စတင်ခဲ့ပါတယ်။
မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ အများတကာထက်ကို ပိုပြီး ပြင်းပြင်းထန်ထန်ကြိုစားလေ့ကျင့်ခဲ့သလို သူများမလုပ်နိုင်တဲ့အရာကို ဖြစ်အောင်လုပ်တတ်တဲ့ စိတ်ဓာတ်ကို မွေးမြူခဲ့ပြီးဝါသနာကို အခြေခံ ရပ်တည်လာခဲ့သူပီပီ သူမအားကျခဲ့ရတဲ့ စီနီယာတွေကို အတုယူ ရည်မှန်းချက်ထားရင်း အောင်မြင်မှုတွေရဖို့အတွက် တစ်လျှောက်လုံး ဇွဲရှိရှိနဲ့ ကြိုးစားခဲ့တယ်လို့ သူမက ဆိုပါတယ်။
 
ကျော်ဖြတ်ခဲ့ရသော အခက်အခဲများ
နေ့စဉ်ပုံမှန်လေ့ကျင့်မှုတွေအဖြစ် နံနက် ၆ နာရီ အိပ်ရာထပြီး ၇ နာရီမှ ၉ နာရီအထိ အပြေးလေ့ကျင့်၊ သဲအိတ်ထိုး၊ ကြံ့ခိုင်မှုအတွက် အလေးမ အားကစားတွေကို ဖိဖိစီးစီးလေ့ကျင့်ခဲ့ပါတယ်။ ညနေပိုင်း လေ့ကျင့်ရေးကတော့ နေ့လယ် ၂ 
နာရီနောက်ပိုင်းတိုင်းမှာ ကစားသမားနှစ်ဦး ပူးတွဲ လေ့ကျင့်မှုတွေ ပြုလုပ်ရတာ ဖြစ်ပါတယ်။
ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေပြုလုပ်ရ ပေမဲ့  သူမရဲ့ စိတ်မှာ လေးလံတဲ့ ခက်ခဲမှုမျိုးမရှိခဲ့ဘဲ အရာအားလုံးကို တက်ကြွစွာလုပ်ကိုင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အကြောင်းကတော့ အိမ်မှာနေစဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ ရိုးရာလက်ဝှ့လေ့ကျင့် သင်ကြားမှုအောက်မှာ တန်းတူအမျိုးသမီးများထက်ကိုသာအောင် လေ့ကျင့်ခွင့်ရခဲ့တာကြောင့် ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဟာ အလေးမတာက အစ၊ လက်သီးထိုးတာအဆုံး စနစ်တကျ လေ့ကျင့်ပေးခဲ့ပြီး ယောက်ျားလေးများနဲ့တန်းတူထိုးနိုင်တဲ့အထိကို လေ့ကျင့်ပေးခဲ့တယ်လို့ဆိုပါတယ်။
ရိုးရာလက်ဝှေ့နဲ့စတင်ခဲ့ပြီး အနောက်တိုင်း ဘက်ကို ပြောင်းခဲ့ပေမဲ့ ခြေမကန်၊ ဒူးမတိုက်၊ ခေါင်းမတိုက်ရတာကလွဲရင် ပုံစံနဲ့ နည်းစနစ် ကွာခြားမှုများစွာမရှိလှတာကြောင့် အနောက်တိုင်းလက်ဝှေ့နဲ့လည်း သူမအဆင်ပြေခဲ့တယ်လို့ ဆိုပါတယ်။ ပိုပြီးအဆင်ပြေတာကတော့ ပင်ကိုကပင် သူမဟာ ခြေထောက်ပိုင်းထက် လက်သီးအားပိုသန်သူ ဖြစ်တဲ့အတွက်ပါ။ နောက်ထပ် သူမကို သင်ကြားပေးခဲ့တဲ့ ဆရာတွေကတော့ ဦးခင်မောင်ကြည်၊ ဦးတင်မောင်ဖေ၊ ဦးစံလှလေးနဲ့  ဦးထွန်းမြင့်တို့ ဖြစ်ပါတယ်။ ဆရာတစ်ဦးက သူမကို ဒါကိုလုပ်ကိုင်ရမယ်လို့ ညွှန်ကြားလိုက်တာနဲ့ သူမအနေနဲ့ မဖြစ်ဖြစ်အောင် ဆောင်ရွက်ခဲ့ပြီး ဆရာများရဲ့ယုံကြည်စိတ်ချမှုကို ရရှိသည်အထိ ကြိုးစားနိုင်ခဲ့ပါတယ်။  
အောင်မြင်မှုများ
အနောက်တိုင်းလက်ဝှေ့နဲ့ ပထဆုံးပြိုင်ပွဲအဖြစ် သူမ စိတ်လှုပ်ရှားစွာ ယှဉ်ပြိုင်ခဲ့ရတဲ့ပွဲကတော့ ၂ဝဝ၅ ခုနှစ်၊ ဖိလစ်ပိုင်မှာ ကျင်းပတဲ့  SEA Games ပြိုင်ပွဲ ဖြစ်ပါတယ်။ ပွဲဦးထွက်မှာ အနိုင်ရရှိခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာပျော်ရွှင်ပြီး အမှတ်တရလည်းဖြစ်ခဲ့ရတယ်လို့ သူမကဆိုပါတယ်။ 
အဲဒီနောက်ပိုင်းမှာတော့ ၂ဝဝ၇၊ ၂ဝဝ၉ ဆီးဂိမ်းပြိုင်ပွဲများနဲ့ ၂ဝ၁ဝ ဘာဘေဒိုးနိုင်ငံ၊ ကမ္ဘာ့အမျိုးသမီးပြိုင်ပွဲ၊ ၂ဝ၁၁ အင်ဒိုနီးရှား သမ္မတဖလားပြိုင်ပွဲစတဲ့ ပြည်ပြပြိုင်ပွဲများမှာ တောက်လျှောက်သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုများကို ဆွတ်ခူးသယ်ဆောင်လာခဲ့ပါတယ်။
ဒီလိုအောင်မြင်မှုတွေရဖို့အတွက် ပြိုင်ပွဲတိုင်းမှာ သင်ယူလေ့ကျင့်ခဲ့ရသမျှကို အကောင်းဆုံး အသုံးချပြီး ကြိုးစားယှဉ်ပြိုင်ခဲ့တယ်။ လက်လျှော့ဖို့ဆိုတာကို ဘယ်တော့မှမစဉ်းစားဘူး။ ဘာကြောင့်လဲဆိုတော့ လက်လျှော့ချင်စိတ်ဖြစ်ခဲ့ရင်တောင် နိုင်ငံအတွက် မိသားစုအတွက်ဆိုတဲ့စိတ်နဲ့ ပိုအားတင်းပြီး အောင်မြင်မှုရအောင် ကြိုးစားခဲ့တယ်လို့ သူမက ပြောပြခဲ့ပါတယ်။
 
လက်ရှိ
လက်ရှိအချိန်မှာ မြန်မာနိုင်ငံလက်ဝှေ့ အဖွဲ့ချုပ်မှာ နည်းပြတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသလို ပြည်ထဲရေးဝန်ကြီးဌာနမှာ ရဲမေတစ်ဦးအဖြစ် နိုင်ငံတာဝန်ထမ်းဆောင်လျက်ရှိနေပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့မှာ ဒိုင်လူကြီးသင်တန်းကို A အဆင့်နဲ့ အောင်မြင်ထားပြီးလည်း ဖြစ်ပါတယ်။ 
 
ရှေ့ဆက်အစီအစဉ်
နည်းပြ တာဝန်ထမ်းဆောင်နေချိန်မှာ အနာဂတ်မျိုးဆက်သစ်တွေကို ဆရာထက် တပည့်လက်စောင်းထက်အောင် လေ့ကျင့်သင်ကြားပေးဖို့ ရည်ရွယ်ချက်နဲ့ သင်ကြားပေးနေသလို ရိုးရာလက်ဝှေ့ပညာကိုလည်း ဖခင်ဆီက အမွေရခဲ့သမျှ လက်ဆင့်ကမ်းမျှဝေလျက်ရှိနေပါတယ်။
 
အောင်မြင်မှုသော့ချက်
လက်ကိုင်ထားခဲ့တဲ့ စကားတစ်ခွန်းကတော့ “ကိုယ်ကြိုးစားရင် ကိုယ်အောင်မြင်မယ်”။ တက်သစ်စလူငယ်တွေအတွက် ပြောချင်တာလေးကတော့ ရည်ရွယ်ချက်ထားပါ။ ရည်မှန်းချက်ထားပါ။ ကြိုးစားရင် မအောင်မြင်ဘူးဆိုတာ မရှိပါဘူး။ မရပ်ဘဲသွားရင် တစ်နေ့အောင်မြင်လာမှာပါ။
× × × × ×

ဘက်စုံတော်တဲ့ အနုပညာရှင်ဖြစ်ချင်ပါတယ်။ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားပါမယ်
အေးမြဖြူ

မိသားစု
အိမ်မှာက မိသားစုလေးယောက် ရှိပါတယ်။ ဖေဖေ ဦးမျိုးဇင်၊ မေမေက ဒေါ်ရီရီအောင်၊ မမ နာမည်က အေးချမ်းဖြူ ဖြစ်ပါတယ်။

ဝါသနာ
သမီးက ဝါသနာပါတာက အဆိုပေါ့နော်။ သရုပ်ဆောင်ကလည်း လုပ်ဖြစ်သွားတော့ ဝါသနာပါ ပါတယ်။ မေမေ ပြောပြတာတော့ ငယ်ငယ်ကတည်းက ၂နှစ်လောက်ကတည်းက သီချင်းသံကို ကြားချင်လို့ ကက်ဆက်ကို လက်ညှိုးထိုးပြတာပေါ့နော်။ သမီးက သီချင်းနားထောင်ရတာ အရမ်းကြိုက်တယ်။ ၃ နှစ်၊ ၄နှစ်အရွယ်ရောက်တော့ သီချင်းတွေဆိုတယ်။ ပြီးတော့ မူကြိုမှာအက ပြိုင်တယ်။ မူကြိုကျောင်းပေါင်းစုံပြိုင်ပွဲမှာ ပထမရခဲ့တယ်။ ပြီးမှ အဆိုက ပြိုင်ဖြစ်သွားတာပါ။ ဒါကတော့ မေမေတို့ ပံ့ပိုးပေးလို့လည်း သမီးက ဒီလိုဖြစ်လာရတာပေါ့နော်။ သမီးပဲ ဝါသနာပါနေရင်လည်း မဖြစ်ဘူးပေါ့နော်။ သမီးပြိုင်ပွဲတွေ ပြိုင်တော့ မေမေက အချိန်တွေကုန်ပြီး လိုက်ပြီး အပင်ပန်းခံပေးတာပေါ့နော်။ ဒီလို ပင်ပန်းခဲ့လို့လည်း သမီးအခုလို ဖြစ်လာရတာပါ။

အနုပညာလောက ဝင်လာပြီ
အဆိုကတော့ မြန်မာ့အသံကလာတဲ့ ဂီတတံခါးလေးဖွင့်ပါဦးမှာ ပြိုင်တယ်။ မမဖြူဖြူကျော်သိန်းရဲ့ ဘယ်သူ ကိုယ့်လောက်ချစ်သလဲနဲ့ပြိုင်တော့ လူတွေ သမီးကို သိလာကြတယ်။ သရုပ်ဆောင်ကတော့ ပထမဆုံးက ဘဘဦးမျိုးမင်း (ရင်တွင်းဖြစ်)ရဲ့ တစ္ဆေများနဲ့တွေ့ဆုံခြင်း ဇာတ်ကားမှာ မမချစ်သုဝေတို့နဲ့ပေါ့။ သမီး ငါးနှစ်အရွယ်တုန်းက စခဲ့တာပါ။ ဂီတဘက်ကတော့ ကျောင်းပွဲတွေဆိုတယ်။ အဆိုပြိုင်တုန်းကလည်း မြန်မာသံတွေဆိုတယ်။ ဒါကြောင့် မြန်မာအသံကတော့ ပိုလုပ်ဖြစ်နေတာပါ။ ဒါပေမယ့် ဆယ်တန်းပြီးရင်တော့ စတီရီယိုဘက်ကို ပိုပြီး အားစိုက်လုပ်ဖြစ်မယ် ထင်ပါတယ်။ သရုပ်ဆောင်ကတော့ သမီးက အခုလူကောင်ကအရမ်းထွားလာပြီး အသက်က ငယ်သေးတော့ ကလေးသရုပ်ဆောင်လည်း လုပ်လို့မရဘူးဖြစ်နေတာပါ။

စနစ်တကျသင်ယူ
ငယ်ငယ်က မြန်မာအကကို ယဉ်ကျေးမှုတက္ကသိုလ်က ဆရာမကြီး ဒေါ်အုန်းရီပါ။ အဆိုကတော့ မြန်မာသံ မာမီဒေါ်ရီရီသန့်၊ ဆရာမဆုမွန်၊ အန်တီထား၊ ဆိုကရေးတီးလည်း ပြိုင်တော့ မြန်မာသံကို ကောင်းကောင်းလေ့လာဖြစ်ပါတယ်။ အခုကတော့ စတီရီယို အဆိုအတွက် ဆရာ အိမ်မင်းထက် (MEBC) သင်တန်းကျောင်းမှာ Vocal ပိုင်းတက်နေပါတယ်။

လိမ္မာတဲ့ကလေး
အခက်အခဲက သိပ်မရှိပါဘူး။ ပညာရေးနဲ့ ပတ်သက်ရင်လည်း ပညာရေးက အဓိကပဲဆိုတော့ အနုပညာကို ဖြေးဖြေးမှန်မှန်ပဲ လုပ်နေခဲ့တာပေါ့နော်။ သမီးကြိုးစားနေပါတယ်။ ကျောင်းရောက်ရင်လည်း ကျောင်းမှာ ကျောင်းသားပဲလေ။ သူငယ်ချင်းတွေနဲ့ပျော်ရတာပဲ။ အနုပညာအလုပ် လုပ်နေရင်လည်း အလုပ်စိတ်လေးသွင်းထားရတာပေါ့နော်။ ဒါပေမယ့် အားလုံးက ဝိုင်းဝန်းကူညီ ကြတဲ့အတွက် အဆင်ပြေပါတယ်။ သမီးကနေတာ နည်းနည်းအေးတယ်လို့ ပြောကြတယ်။ ဒီတော့ 
တစ်ချို့ ကိစ္စတွေဆို သမီး စကားပြောမှားတာတို့ဘာတို့ဖြစ်မှာစိုးရင် မေမေက ထိန်းပေးပါတယ်။ အဝတ်အစားပိုင်းနဲ့ပက်သက်ရင်လည်း မေမေ ဆင်ပေးတဲ့အတိုင်းပဲ ဝတ်ပါတယ်။

ရည်မှန်းချက်
သမီးက အခု ကိုးတန်းတက်နေပါပြီ။ ဆယ်တန်းရောက်ရင်တော့ ပညာရေးကိုပဲ တစိုက်မတ်မတ် လုပ်သွားပါမယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါမယ်။ မေမေတို့ဖြစ်စေချင်သလို ပညာတတ်ကြီးဖြစ်အောင် ကြိုးစားပါမယ်။ အနုပညာ
ကတော့ အကုန်လုံးဖြစ်ချင်တယ် ဟီးဟီး (ရယ်လျက်)။ ဘက်စုံတော်တဲ့ အနုပညာရှင်ဖြစ်ချင်ပါတယ်။

လက်ရှိလှုပ်ရှားမှု
လက်ရှိမှာတော့ ဝမ်းစာဖြည့်နေတဲ့ သဘောပေါ့နော်။ ပညာတွေ သင်နေပါတယ်။ ပွဲတွေဆို ဖြစ်နေပါတယ်။ အစ်ကိုတစ်ယောက်ရဲ့  MTV မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ နောက်ဆုံးရိုက်ထားတဲ့ဇာတ်ကားကတော့ အခု TV မှာ ပြနေတဲ့ ချစ်ခြင်းကိုဖန်ဆင်းသူဆိုတဲ့ ဇာတ်လမ်းတွဲလေးရိုက်ထားပါတယ်။

ဆယ်ကျော်သက်ဆိုတာ
ဆယ်ကျော်သက်ဆိုတာက လန်းလန်းဆန်းဆန်းနဲ့လူငယ်ပေါ့။ အရမ်းတက်ကြွတဲ့ အချိန်ပေါ့နော်။ လူတစ်ယောက်ဘဝမှာ အလန်းဆန်းဆုံး အတတ်ကြွဆုံးအချိန်ပေါ့။ ဒီအချိန်ကတော့ ဆယ်ကျော်သက်တွေက ကြိုးစားရမယ့်အချိန်ပါ။ ပညာရေးမှာလည်း မလျှော့သင့်ဘူး။ ကိုယ်ဝါသနာပါတဲ့ အရာတွေကိုလည်း သေသေချာချာ အောင်မြင် အောင်လုပ်သင့်ပါတယ်။ လုပ်ကြဖို့လည်း သမီးက တိုက်တွန်းချင်ပါတယ်။

× × × × ×

ကိုယ်ဖြစ်ချင်တဲ့ ရည်ရွယ်ချက် ဒါမှမဟုတ် အိပ်မက်ရှိရင် ကိုယ်ဖြစ်ချင်စိတ်က အရမ်းများရင် မရရအောင်လုပ်ရင် တကယ်ဖြစ်ပါတယ်
ပြုံးမြသွယ်

မိသားစု
မိသားစုအကြောင်းကတော့  ဖေဖေက ဦးနိုင်အောင်ထွန်း၊ မေမေက ဒေါ်ချယ်ရီကြူကြူ၊ မမက ခိုင်မြတ်သဇင်ပါ။ ဇာတိက တောင်ကြီးမြို့ပါ။

ငယ်ဘဝ
ငယ်ငယ်ကတည်းက ၈ နှစ် ၇ နှစ်လောက်ဖြစ်မယ်ထင်တယ်။ အဲဒီ့ကနေစပြီး မူဆယ် Twins Stars မဏ္ဍပ်မှာ သီချင်းစဆိုပြီး ဝါသနာပါမှန်း သိရတာ။ ဟိုးတလောကတော့ ငယ်ငယ်က လှုပ်ရှားမှုလေးတွေကို ရိုက်ထားတဲ့ ဗွီဒီယိုလေးတွေ ပြန်ကြည့်တော့ သုံးနှစ်လောက်ပဲရှိသေးတယ် သီချင်းတွေမရပေမယ့် ဝါးချပြီး လျှောက်အော်ဆိုပြီး ကခုန်နေတာတွေ့တယ်။ မိဘတွေကတော့ အစက ညီမစင်ပေါ်မှာ စဆိုတဲ့အချိန်မှာ မလုပ်နိုင်ဘူးထင်တာပေါ့နော်။ ဒါပေမယ့်လည်း ညီမကြိုးစားပြီးလုပ်တဲ့အတွက် လုပ်နိုင်မှန်းလဲသိသွားရော အဲဒီ့ကနေစပြီး တောက်လျှောက်ပံ့ပိုးခဲ့ပါတယ်။

ဝါသနာ
Hip Hop ကို ဝါသနာပါပြီး ရွေးချယ်ဖြစ်တာက ငယ်ငယ်ကတည်းကလည်း Hip Hop သီချင်းတွေအမြဲနားထောင်ခဲ့တယ်။ ဒါပေမယ့် Rock လည်းကြိုက်တယ်။ Pop လည်းကြိုက်တယ်။ ဒါပေမယ့် Rock ဆိုလည်း အရမ်းဆူညံတဲ့အရာမျိုးဆို မကြိုက်ဘူး။ နည်းနည်းအေးရင် ကြိုက်တယ်။ ဒါပေမယ့် Hip Hop ကျတော့ ကိုယ်နည်းနည်းအားသန်ပြီးတော့ အမြဲလည်းနားထောင်ဖြစ်ပြီး ဝါသနာပိုပါသွားတယ် ထင်ပါတယ်။

ဂီတလောကအဝင်
ညီမတကယ် ဝါသနာပါမှန်း၊ လုပ်ချင်မှန်းသိတော့ ဦးဆောင်းဦးလှိုင်နဲ့ ဖေဖေက သူငယ်ချင်းဆိုတော့ အဲဒီမှာ ဦးဆောင်းဦးလှိုင်ရဲ့ သမီးနဲ့ နှစ်ယောက်အတူပေါ့ ဆီးဂိမ်းမှာ သီချင်းတစ်ပုဒ် စဆိုခဲ့ပါတယ်။ အောင်သပြေပန်းနဲ့ လမ်းဆိုပြီး။ အဲဒီ့
ကနေစပြီး စလုပ်ဖြစ်ပေမယ့် ပရိသတ်က မသိသေးပါဘူး။ ကိုယုန်လေးရေးပေးတဲ့ မမရတနာမိုင်နဲ့အတူ ဆိုတဲ့ I’m a doctor သင်္ကြန်သီချင်းကနေစပြီး ဆက်တိုက်ပရိသတ်တွေ သိလာတာပါ။

စနစ်တကျသင်ယူ
ဂီတနဲ့ပတ်သက်ပြီး စနစ်တကျလေ့လာ တာကျတော့ ဆရာအိမ်မင်းထက်ရဲ့ MEBC ကျောင်းမှာ အသံပိုင်း၊ အကပိုင်း သင်တန်းတက်နေပါတယ်။ သီချင်းရေးတဲ့အပိုင်းကျတော့ ကိုကြီး Ice-Cold ၊ ကိုကြီး G Fatt ၊ ကိုကြီး J Fire တို့က သင်ပေးပါတယ်။ သီချင်းတွေစဆိုတဲ့အချိန်တုန်းကတော့ လက်ဦးဆရာက ဦးဆောင်းဦးလှိုင်ပါ။ လေရှူတဲ့နေရာမှာ ဘယ်လိုရှူရမယ်ဆိုတဲ့ အပိုင်းတွေလည်း သင်ပေးပါတယ်။ ဆရာစိုးမိုးသန်းကလည်း သင်ပေးပါတယ်။

ကြုံတွေ့သောအခက်အခဲ
ကျောင်းပညာရေးနဲ့ အနုပညာဘက်က တစ်ချိန်လုံးအခက်အခဲ ဖြစ်ရတာပေါ့နော်။ တနင်္လာကနေ သောကြာအထိက ကျောင်းတက်။ ပြီးတော့ ပွဲတွေရှိရင် စနေ တနင်္ဂနွေဆို ဒီကိုချက်ချင်လာ။ ပွဲတွေမရှိလည်း သင်တန်းလာတက်ရတာပေါ့ နော်။ ပြီးတော့ ကြားရက်မှာမှ အရမ်းဆိုချင်တဲ့ ပွဲမျိုးရှိရင်လည်း လာဆိုပြီးတော့ နောက်ရက်ဆို ကျောင်းကိုအစောကြီးသွား ဆရာမတွေ၊ သူငယ်ချင်းတွေ ဆီကနေ စာတွေပြန်ကူးရတာပေါ့။

ပတ်ဝန်းကျင်
ကိုယ်တစ်နေရာရာသွားမယ်ဆို ဆင်ခြင်ပြီးသွားဖို့ အဝတ်အစား၊ အနေအထိုင်က ဘယ်လိုပေါ့။ ညီမကကျတော့ တစ်နေရာရာသွားရင် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးသွားတာပဲ။ ဘယ်သူရှိတာတွေ ဘယ်သူကြည့်တာတွေ မသိဘူး။ ဒါပေမယ့် နောက်ပိုင်းကျတော့ မေမေက ဒါကို သင်ကြားပေးတဲ့အတွက် ဆင်ခြင်ပြီးလုပ်ဖြစ်လာပါတယ်။ ကိုယ်က Celebrity ပဲဆိုတဲ့ အတွေးနဲ့ ဆက်ဆံလေ့မရှိဘူး။ ကျောင်းမှာဆိုလည်း အရူးလေးလိုပဲ သူငယ်ချင်းတွေကို လိုက်စပြီးနေတာ။ ဆရာမတွေကလည်း ချစ်ကြပါတယ်။

ရည်မှန်းချက်
ပညာရေးကတော့ အတန်းကြီးလာလေ စာက ပိုခက်လာလေပဲပေါ့နော်။ ဒါပေမယ့် ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းလောက်ရောက်ရင်တော့ စာပိုင်းကိုပဲ ပိုပြီးဦးစားပေးဖြစ်မယ် ထင်ပါတယ်။ ပညာရေးက အရေးကြီးတယ်လို့ထင်ပါတယ်။ အနုပညာဘက်က လျှော့ပြီးလုပ်မှနဲ့တူတယ်။ မဟုတ်ရင် စာကိုစိတ်မဝင်စားပဲ အနုပညာတစ်မျိုးတည်းကိုပဲ အားသန်သွားမှာစိုးတယ်။ အနုပညာကိုလည်း တတ်နိုင်သမျှတော့ လုပ်သွားမှာပါ။ သီချင်းဆိုတာ တစ်မျိုးပဲ အဓိက လုပ် 
ဖြစ်မှာပါ။ ဒါပေမယ့် ဇာတ်ကားတွေ ကမ်းလှမ်းလာမယ်ဆိုရင်လည်း ပုံစံအများကြီးတော့ မရိုက်ချင်ပါဘူး။ ဟာသကား၊ သရဲကားတို့ အဲ့ဒါလေးတွေ ရိုက်ချင်ပါတယ်။

လက်ရှိလှုပ်ရှားမှု
ဇွန်လမှာ ပျော်ချင်တယ် သီချင်းတစ်ပုဒ်တည်းပေါ့နော် ထွက်ထားတယ်။ ပြီးရင် ကို Ice-Cold နဲ့ သီချင်းတစ်ပုဒ်တွဲဆိုဖို့လုပ်နေပါတယ်။ ပြီးတော့ အစက ညီမရဲ့ တစ်ကိုယ်တော်အခွေလုပ်မလို့ပဲ။ ဒါပေမယ့် အခုတော့ ပြောင်းသွားပြီး အတွဲခွေပုံစံ
မျိုးပဲပေါ့။ Featuring တွေ အများကြီးနဲ့ လုပ်ဖို့ ဖြစ်သွားပါတယ်။ တစ်ကိုယ်တော်က နည်းနည်း နောက်ဆုတ်သွားပါမယ်။

ဆယ်ကျော်သက်ဆိုတာ
ဆယ်ကျော်သက်ဆိုတာက အင်္ဂလိပ်လို Teenager ဆိုရင် ဆယ့်သုံးနှစ်ကနေ ဆယ့်ကိုးနှစ်အထိဆို ဆယ်ကျော်သက်လို့ခေါ်တယ် ထင်ပါတယ်။13 ဆိုလည်း teen ၊ 19 အထိ teen ပေါ့။ ဆယ်ကျော်သက်သူငယ်ချင်းတွေ၊ ပရိသတ်တွေကို ကိုယ်ဖြစ်ချင်တဲ့ ရည်ရွယ်ချက် ဒါမှမဟုတ် အိပ်မက်ရှိရင် ကိုယ်ဖြစ်ချင်စိတ်က အရမ်းများရင် မရရအောင် လုပ်ရင် တကယ်ဖြစ်ပါတယ်။ လုံးဝဇွဲမလျှော့ဘဲ ရည်ရွယ်ရာဆီကို ရောက်အောင်သွားကြပါလို့ ပြောချင်ပါတယ်။