Primary tabs

၂၀၁၈ထဲမှာတော့ အိမ်ထောင်ပြုဖို့ မရှိသေးပါဘူး

အနုပညာလောကမှာ ကိုယ်ဝါသနာပါရာ အလုပ်ကို တစိုက်မတ်မတ် ကြိုးစားလုပ်ကိုင်ရင်း ကျရာဇာတ်ရုပ်ကနေ အပီအပြင်သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်၊ ပရိသတ်အချစ်တွေကို ယနေ့အချိန်အထိ သိမ်းပိုက်ထားနိုင်တဲ့ သရုပ်ဆောင်၊ သရုပ်ဆောင်ခြင်း အတတ်ပညာအပြင် သီချင်းဆို ခြင်းအနုပညာမှာလည်း ကျွမ်းကျင်သူ၊ ဟာသအတတ်ပညာအားဖြင့်လည်း ပရိသတ် အသည်းနှလုံးကို ဆွဲဆောင်ညှို့ငင်နိုင်သူ၊ ခုချိန်အထိ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး လောလောဆယ်ပြောစရာ စကားလုံးမရှိသေးပါဘူးဆိုတဲ့... သရုပ်ဆောင် အကယ်ဒမီနေတိုးရှိရာ ရိုက်ကွင်းဆီသို့ တစ်ခေါက်ရောက်မိတဲ့အခါမှာတော့...

အနုပညာလှုပ်ရှားမှု
Life နဲ့ Romance နဲ့ ရောထားတဲ့ကားလေး ဒါရိုက်တာက ပွင့်သိင်္ဂီဇော်နဲ့ ရိုက်နေတယ်။ သူနဲ့က ကျွန်တော်နဲ့ ခြေရာတစ်စုံဆိုတဲ့ ဇာတ်ကားတစ်ကားရိုက်ဖူးတယ်။ ကိုဇော်(အာရုဏ်ဦး)ရဲ့ သမီးပါ။ အနုပညာကိုလည်း အရမ်းဝါသနာပါတယ်၊ Directing ကိုလည်း သူကျွမ်းကျွမ်းကျင်ကျင်လုပ် နိုင်တယ်။ ဒါရိုက်တာမျိုးရိုးကနေ ပေါက်ဖွားလာတဲ့အတွက် သူ့အတွက် ထွေထွေထူးထူးတကူးတက သွားလေ့လာစရာမလိုဘူး။ ဇာတ်လမ်းတွေရော၊ ဇာတ်ညွှန်းတွေရော သူ့အိမ်မှာပဲဖန်တီးထားတာ၊ ကျွန်တော်တို့နဲ့လည်း ခင်နေတော့ ညီမလေးကို ဖြစ်စေချင်တဲ့စိတ်နဲ့ ကျွန်တော်တို့က လက်တွဲပြီးတော့ နောက် Generation ကိုခေါ်တဲ့သဘောပါ။ မင်းသမီးက ခင်ဝင့်ဝါပါ။ လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာ၊ ဘ၀ကိုဖြတ်သန်းတဲ့ နေရာမှာ မမျှော်လင့်တာတွေလည်း ဖြစ်နိုင်တယ်၊ မျှော်လင့်ထားတာတွေလည်း ဖြစ်နိုင်တယ်။ ဒီနှစ်ခုကြားထဲမှာမှ လူတွေရဲ့ချမ်းသာကြွယ်ဝမှု အနိမ့်အမြင့်ပေါ်ကိုလိုက်ပြီး ဇာတ်လမ်းတွေက ဖြစ်ပေါ်လာတာဆိုတော့ အဲဒီဇာတ်လမ်းတွေပေါ် အခြေခံပြီး ဘ၀ထဲမှာရှိနေတဲ့ အရာတစ်ခုကိုအခြေခံပြီး ရိုက်ထားတဲ့ ဗီဒီယိုကားလေးပါ။ 

ရုပ်ရှင်ကားကြီး
ရုပ်ရှင်ကားကြီး ဒါရိုက်တာကိုစတီးနဲ့ ရိုက်နေပါတယ်။ ၂၀၁၇မှာ ပထမဦးဆုံးရိုက်တဲ့ Adventure ဇာတ်ကားပါ။ ရုပ်ရှင်မှာ နည်းနည်းရှားပါးနေတဲ့ လမ်းကြောင်းတစ်ခု၊ ကျွန်တော်ငယ်ငယ် လေးကတည်းက လုပ်ခဲ့တဲ့ Action ကားတွေနဲ့ ကြီးပြင်းလာခဲ့ရတာဆိုတော့ ဒီ Action ကားတွေ မရိုက်တာလည်းကြာတော့ ပရိသတ်အတွက် ခံစားမှုတစ်ခုအနေနဲ့ မြင်စေချင်လို့ပါ။ 

မျိုးဆက်သစ်အနုပညာရှင်တွေ အပေါ်အမြင်
ကျွန်တော်တို့ဆီမှာ အနုပညာနဲ့ ပတ်သက်ပြီးတော့ ကျောင်းတွေ၊ သင်တန်းတွေရှားတယ်။ တကယ်ရှိရင်လည်း International ဖြစ်တဲ့ ကျောင်းတွေ ရှားပါတယ်။ အနုပညာရှင်ကြီးတွေက ကိုယ်တတ်တဲ့၊ လေ့လာခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ သင်ကြတယ်။ အနုပညာလောကထဲမှာ နိုင်ငံတကာ အဆင့်မီတဲ့ ရုပ်ရှင်သင်တန်းမျိုးတွေ ဖွင့်လာစေချင်တဲ့ ရည်ရွယ်ချက်တွေရှိတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ နိုင်ငံခြားကပညာရှင်တွေ ခေါ်ပြီး Workshop တွေ လုပ်သွားဖို့ ရှိပါတယ်။ အဲဒီလိုမျိုးအချိန်မှာ သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီးတော့ တကယ့်ကိုပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့၊ ဘယ်လိုဇာတ်ရုပ်မျိုးမဆို ပါဝင်သရုပ်ဆောင်နိုင်တဲ့၊ မိမိရဲ့ ပင်ကိုယ်ဟန်တွေကို ဖျောက်ပြီးတော့ လုပ်နိုင်တဲ့ ဒီ Expression တွေရဲ့ လျှို့
ဝှက်ချက်တွေ၊ နိုင်ငံတကာ သရုပ်ဆောင်သင်တန်းတွေကို လေ့လာကြည့်တဲ့အချိန်မှာ သူတို့ဟာ သဘာဝတရားအပေါ်မှာ အခြေခံပြီးတော့ အပြင်ကအတိုင်းဖြစ်နေလဲဆိုတဲ့ သရုပ်ဆောင်မှုမျိုး၊ ခံစားမှုမျိုးတွေကို တွေ့ရတယ်။ အဲဒါက နည်းပညာရှိသလို၊ သီအိုရီတွေ၊ Technic တွေလည်း ရှိတယ်။ ခံစားမှု mood တစ်ခုတည်းနဲ့ အလုပ်လုပ်တာ မဟုတ်ဘူး၊ အတတ်ပညာတွေပါ ပါနေတယ်ဆိုတော့ နောက် Generation တွေကို အဲဒီ လိုမျိုး စနစ်တကျလေးတွေ ဖြစ်စေချင်ပါတယ်။ အခုလက်ရှိအချိန်မှာလည်း အောင်မြင်ချင်တယ်၊ ဒီလိုမျိုးအနုပညာကို ၀ါသနာပါလို့ ကြိုးစားတာ ကံတရားကြောင့် အနုပညာလောကထဲကို ရောက်လာကြတဲ့သူတွေကို ကြိုဆိုသလို၊ နောက် Generation တွေကိုလည်း အဲ့လိုမျိုးတွေ စနစ်တကျနဲ့ အနုပညာလောကထဲကို ၀င်ရောက်ဖို့ ပံ့ပိုးပေးသွားမယ့် အစီအစဉ်တွေလည်း ရှိပါတယ်။

မျိုးဆက်သစ်တွေအပေါ် လက်တွဲခေါ်မှု
အဓိက ကျွန်တော်တို့နဲ့ ထိတွေ့တဲ့ အသစ်တွေဆိုလို့ရှိရင် ကျွန်တော်တို့က ကိုယ်တတ်နိုင်တဲ့ ဘက်က၊ ကိုယ်လက်လှမ်းမီသလောက် ပြောတာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ အနုပညာဆိုတာ တသမတ်တည်း သတ်မှတ်ထားလို့ မရဘူး။ တစ်ခါတလေကျရင် အနုပညာကို လုပ်ချင်တဲ့စိတ်နဲ့ လုပ်ကြည့်တယ်၊ လုပ်ကြည့်တဲ့ဟာကို ကျွန်တော်တို့က အနုပညာအပေါ်မှာ ဟိုလိုလုပ်ရမယ်၊ ဒီလိုလုပ်ရမယ်ဆိုပြီး ကန့်သတ်လို့မရဘူး။ လူတစ်ယောက်မှာ ကိုယ်ပိုင်ဟန်တစ်ခု ထွက်လာဖို့အတွက် သူ့ရဲ့ကိုယ်ပိုင်အနုပညာ၊ ဗီဇတွေကို ဆွဲထုတ်နိုင်ဖို့  သင်ပြပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ကိုယ်ဖြစ်စေချင်တဲ့ပုံစံကိုပဲ လုပ်ပြနေမယ်ဆိုရင် ကိုယ့်ပုံစံကြီးတွေ ဖြစ်နေမယ်။ အဲဒီလိုမျိုးဆိုတော့ အငယ်တွေကို သင်ပြတဲ့အချိန်မှာ သူတို့လုပ်နိုင်သလောက်ကို လုပ်ပြီးတော့မှ သူတို့ရဲ့လုပ်တဲ့နေရာတွေမှာ နည်းနည်းဖြည့်ဆည်းတာမျိုးပဲ ရှိပါတယ်။

မိမိကိုယ်ကိုယ် ပြန်သုံးသပ်မိသမျှ
ကိုယ့်ကိုယ်ကိုယ် လေ့လာမိသလောက်တော့ ဖြတ်သန်းနေတဲ့ အနုပညာသက်တမ်း ၁၇ နှစ်လောက်ထဲမှာ ဇာတ်လမ်း Presentation တွေ ပြောင်းလဲလာတယ်၊ ခေတ်စနစ်တွေ၊ နည်း ပညာတွေ ပြောင်းလဲလာတယ်။ ကျွန်တော်တို့ လုပ်ရတဲ့ အနုပညာတွေကလည်း ပိုပြီးတော့ ပြောင်းလဲမှုတွေ ရှိလာတယ်။ အဲဒီပြောင်းလဲမှုတွေ ရှိလာတဲ့အပေါ်မှာ ပြောင်းလဲမှုရဲ့ အားသာချက်အ   ပေါ်မှာ အခြေခံပြီးတော့ ကြိုးစားမှုတွေလည်း အများကြီး တွေ့လာရတယ်။ ကိုယ်ကိုယ်တိုင် ပြောင်းလဲမှုဆိုရင်တော့ ဇာတ်ရုပ်နည်းနည်းလေး ရှားပါးမှုတွေနဲ့အတူ မတူညီတဲ့ဇာတ်ရုပ်တွေကို ရှာရတာ နည်းနည်းပင်ပန်းတာရှိတယ်။ တခြား ထွေထွေထူးထူးပြောင်းလဲမှုကတော့ ပိုပြီးတော့ သဘ၀ဆန်တဲ့ဘက်ကို ဦးစားပေးလာတယ်။ 

သီချင်းဆိုခြင်း
အဆိုပိုင်းနဲ့ ပတ်သက်ရင်တော့ ထွေထွေထူးထူးမရှိပါဘူး။ ဇာတ်ဝင်သီချင်းတွေကတော့ ရုပ်ရှင်ကားကြီးတွေမှာ ဆိုထားတာတွေရှိပါတယ်။ ခွေထုတ်ဖို့တော့ လောလောဆယ်ထုတ်ဖို့ မရှိသေးပါဘူး။

အနုပညာရှင်နှင့် စီးပွားရေး
ကျွန်တော်က စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ထွေထွေထူးထူးအပြင် စီးပွားရေးမျိုး မရှိဘူး။ ရုပ်ရှင်ထုတ်လုပ်မှုပိုင်းဆိုင်ရာ အနုပညာ field ထဲမှာပဲရှိနေမယ့် ထုတ်လုပ်မှုပိုင်းဆိုင်ရာ Storyboard Production ကနေပြီးတော့ ကျွန်တော်တို့ ဇာတ်ကားတွေ ရိုက်သွားဖို့ရှိပါတယ်။ စလည်း စ နေပါပြီ။ 

ပရဟိတလှုပ်ရှားမှု
ပရဟိ လှုပ်ရှားမှုပိုင်းအနေနဲ့ကတော့ ကျွန်တော်တို့ နှင်းဆီဖောင်ဒေးရှင်းကနေပြီးတော့ မူလတန်းကျောင်း နှစ်ထပ်ကျောင်းဆောင်ဆောက်ပြီး လှူဒါန်းထားတာရှိပါတယ်။ 

စိတ်ခံစားမှုအပြောင်းအလဲ
စိတ်ခံစားမှုအပြောင်းအလဲကတော့ ထွေထွေထူးထူးမရှိပါဘူး။ အနုပညာနဲ့ပတ်သက်ပြီးတော့ အမြဲတမ်းလေ့လာနေရတဲ့ အခါကျတော့  ဒီနှစ်ပိုင်းမှာ ပိုပြီးတော့ လေ့လာမှုတွေလုပ်ရမယ်ဆိုတဲ့စိတ် ရှိလာတယ်။ အချိန်ပိုပေးလာရတာပေါ့။ လုပ်ချင်တာတွေကတော့ အခုနောက်ပိုင်းမှာ သူငယ်ချင်းတွေနဲ့ပေါင်းပြီးတော့ ကိုယ်ကိုယ်တိုင် ဇာတ်ဖန်တီးတာမျိုးတွေ ရှိပါတယ်။

စိတ်ဖိစီးမှုများလာရင်
စိတ်ဖိစီးမှုအတွက် အပန်းဖြေတာဆိုရင်တော့ ပုံမှန်က ကျွန်တော် တစ်ရက်၊ နှစ်ရက်လောက် နားလိုက်တယ်။ Movie တွေကြည့်တယ်၊ သူငယ်ချင်းတွေနဲ့ တွေ့တယ်။ သင်္ကြန်တွင်းတို့၊ New Year တို့လိုမျိုး ပိတ်ရက်တွေတော့ ခရီးသွား
ဖြစ်တယ်။ နောက်ပိုင်းတော့ သိပ်မသွား ဖြစ်တော့ဘူး။ 

နေတိုးပြောတဲ့ အချစ်ရေး၊ အိမ်ထောင်ရေး
နှလုံးသားရေးရာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ ပြောစရာစကားလုံး လောလောဆယ်မှာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ အိမ်ထောင်ပြုမလားဆိုရင်တော့ အချိန်အခါ သိပ်လည်း ကြာလို့မကောင်းတော့သလို၊ သိပ်လည်း မြန်လို့မကောင်းသေးဘူးလို့ ထင်ပါတယ်။ ၂၀၁၈ ထဲမှာတော့ အိမ်ထောင်ပြုဖို့ မရှိသေးပါဘူး။

ပရိသတ်အတွက်
၂၀၁၇မှာ ကျွန်တော်အားရကျေနပ်ခဲ့တဲ့ ကျွန်တော့်ရဲ့ ဇာတ်ကားတွေ အများကြီးထွက်လာပါလိမ့်မယ် ဆက်လက်ပြီးတော့ အားပေးကြပါဦး။

Photo - TharduKoKo