Primary tabs

Cele တို့ရဲ့ သင်္ကြန်

သင်္ကြန်ဆိုတာနဲ့ လူကြီးလူငယ်မရွေးရင်ခုန်ရတဲ့ ချစ်စရာရိုးရာဓလေ့တစ်ခု သင်္ကြန်နဲ့ပတ်သက်တဲ့ဖီလင် အတွေ့အကြုံတွေဟာလည်း အမှတ်တရတွေအဖြစ်နဲ့ ရှိနေခဲ့ကြတဲ့ ဒီသင်္ကြန်နဲ့ပတ်သက်ရာလေးတွေကို လက်လှမ်းမီသမျှ အနုပညာရှင် တစ်ချို့ကို မေးမြန်းတင်ဆက်လိုက်ပါတယ်။

တင်မိုးလွင်
သင်္ကြန်လို့ဆိုလိုက်တာနဲ့ ခံစားမှုက…
သင်္ကြန်ဆိုတာကတော့ မြန်မာတို့ရဲ့ နှစ်သစ်ကူး။ အဓိပ္ပါယ်များစွာရှိတယ်။ မင်္ဂလာများစွာရှိတယ်။ အမှတ်တရများစွာလည်း ရှိပါတယ်။ ငယ်စဉ်ကတည်းက သင်္ကြန်ကို အရမ်းကြိုက်တဲ့သူပါ။ သင်္ကြန်ပိုးလည်း အရမ်းများတဲ့သူပါ မမိုးက။ တော်တော်အသက်ကြီးတဲ့အထိလည်း ရေကစားခဲ့ပါတယ်။ ဒါပေမယ့် အန္တရာယ်အရမ်းများတဲ့ ရေဘောလုံးတွေကစားတဲ့ခေတ်မှာ ရေပက်တာတာတို့၊ သင်္ကြန်လည်ထွက်တာတို့ မရှိတော့ဘဲ ဖျော်ဖြေရေးပွဲတွေ လိုက်ကြည့်တာပေါ့နော်။ သင်္ကြန်ဟာ နည်းနည်းအကျည်းတန်လာတယ်။ သရုပ်ပျက်တဲ့ ယဉ်ကျေးမှုနဲ့ အလေ့အထတွေကြောင့် သင်္ကြန်ပိုးအရမ်းရှိတဲ့သူ၊ ခေတ်ဖက်ရှင်တွေဝတ်တဲ့ မော်ဒယ်လ်တစ်ယောက် ဖြစ်တာတောင်မှ သင်္ကြန်ကို မခံစားရဲတော့ဘူး။ အပြင်ထွက်ပြီး မကစားရဲတော့တာပေါ့။ ဒါကြောင့် သင်္ကြန်ကို ကျောခိုင်းခဲ့တယ်။

သင်္ကြန်လို့ဆိုလိုက်တာနဲ့ ဖြတ်ခနဲသတိရလိုက်တာက…
သင်္ကြန်ဆိုရင် ပိတောက်ပန်း၊ သင်္ကြန်သီချင်း၊ သင်္ကြန်အက အဲ့ဒါတွေကိုပဲ ပြေးမြင်တာပေါ့။ နောက်နွေကြိုတဲ့ ရွှေဥသြ၊ ဥသြသံသံကလည်း တအားကြိုက်တာလေ။ အခုတော့ခေတ်စနစ်တွေကလည်း ပြောင်းလာပြီ၊ စည်းစနစ်တွေလည်း ပြောင်းလာတော့ သင်္ကြန်ကို အပြင်ပြန်ထွက်ဖို့ စဉ်းစားနေပါတယ်။

ဘ၀တစ်လျောက် ဖြတ်သန်းခဲ့တဲ့ သင်္ကြန်တွေထဲမှာ အမှတ်တရက...
အမှတ်တရသင်္ကြန်ကတော့ အမြင့်ကနေ ရေပူပေါင်းပစ်ချလိုက်တာ နှာခေါင်းကိုထိသွားပြီး နှာခေါင်းကနေ သွေးတွေထွက်လာတာပေါ့။ အဲ့ဒါတော့ အမှတ်တရသင်္ကြန်ပဲ။ အဲဒီနောက်ပိုင်း မလည်ဖြစ်တော့ဘူး။

၂၀၁၇ သင်္ကြန်ကို ဘယ်လိုဖြတ်သန်းမလဲဆိုတော့…
မမိုး သင်္ကြန်ဆို မလည်တာကြာပြီ။ ရှမ်းပြည်နယ်ဘက်ကို သွားတယ်။ ဒီနှစ်လည်းသွားမှာ။ နှစ်တိုင်းသွားတာ။ ဘုရားဖူးခရီးပေါ့။

ပရိသတ်အားလုံးအတွက် အမှတ်တရ စကားလေး က….
အပြင်မှာပဲ လည်လည်၊ အိမ်ထဲမှာပဲ နေနေ၊ သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။ ကျွန်မဆိုလည်း မလည်ဖြစ်ပေမယ့် သင်္ကြန်သီချင်းလေးတွေ နားထောင်တယ်၊ ဘုရားဖူးတယ်၊ အလှူလုပ်တယ်။ ရှေ့လာမယ့်နှစ်သစ်အတွက်ကို မင်္ဂလာတွေယူတာပေါ့။ အဲဒီလို အပြောအဆို၊ အတွေး လုပ်ရပ်လေးတွေအားလုံး မင်္ဂလာရှိစွာ လုပ်နိုင်၊ 
တွေးနိုင်၊ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။

အဆိုတော် ဖြိုးကြီး
သင်္ကြန်ရောက်ရင် ဖြစ်လာတဲ့ဖီလင်…
အဆိုတော် စဖြစ်တဲ့ အချိန်က အသက် ၂၁ မှာ၊ အဲဒီအချိန်တုန်းကတည်းက ဖျော်ဖြေခဲ့ရတဲ့သူ ဖြစ်ခဲ့တာဆိုတော့ သင်္ကြန်ရဲ့ ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းက ကိုယ်နဲ့ တိုက်ရိုက်မသက်ဆိုင်တော့ဘူး၊ ကိုယ်ဖျော်ဖြေနေတဲ့အချိန်မှာ သူတို့ ပျော်တယ်ဆိုရင် ကျွန်တော်လဲပျော်တယ် ဒီလိုပါပဲ...

ကိုယ်ပိုင်ဆိုင်ခဲ့ရတဲ့ သင်္ကြန်တွေဆိုရင်ရော…
ငယ်ငယ်တုန်းကတော့ ရေပြွတ်နဲ့ လိုက်ပက်ရတာပျော်တယ်၊ ကြီးလာတော့ သူငယ်ချင်းတွေစုပြီး မဏ္ဍပ်ထောင်ကြတယ် ရှုံးသွားတယ်... အဲဒါလဲ ပျော်တယ် (ရယ်လျက်)

သင်္ကြန်ရောက်တိုင်းပြန်ပြောဖြစ် အမှတ်တရဖြစ် နေတဲ့ဖြစ်ရပ်…
ငယ်ငယ်တုန်းက ကျွန်တော်တို့အိမ်အောက်ထပ်က လက်ဖက်ရည်ဆိုင်ရှိတယ်၊ ကျွန်တော်တို့က အင်းစိန်လမ်းမပေါ်မှာနေတာဆိုတော့ ပုံမှန်ချိန်ဆို အရမ်းရှုပ်တယ်၊ သင်္ကြန်ရောက်ပြီဆိုရင် အားလုံးရှင်းလင်းပြီးတော့ နေရတာကောင်းတယ်၊ ပြီးတော့ မနက်အစောဆို ဘုန်းကြီးတွေတန်းစီပြီး ဆွမ်းခံထွက်ကြတယ် လမ်းထဲက လူတွေက အိမ်စိတန်းစီပြီး ဆွမ်းလောင်းကြတယ် ကြည်နူးဖို့ကောင်းတယ်။ အဲဒါလေးကိုတော့ သတိရမိတယ်၊ ကြာတော့ကြာပြီ ခုချိန်မှာလဲ ပြန်မရနိုင်တော့တဲ့ နေ့ရက်လေးတွေပါ။

ဒီနှစ်သင်္ကြန်ကို ဘယ်လို ဖြတ်သန်းမလဲ…
ဒီနှစ်သင်္ကြန်က မဏ္ဍပ်တွေ နည်းမယ်လည်းပြောတယ်၊ သေချာတော့ မသိသေးပါဘူး၊ သီချင်းဆိုဖို့တွေလဲ မေးထားတာတော့ရှိတယ် စာချုပ်မချုပ် ရသေးဘူး၊ ခါတိုင်းဆိုရင် ဒီလိုအချိန်မှာ သေချာသိရပြီးတော့ စာချုပ်ချုပ်ပြီးပြီ၊ ဒီနှစ်တော့ ဘယ်မှာကျဖြစ်မလဲ မသိဘူး၊ အတတ်နိုင်ဆုံးတော့ ကြိုးစားထားတယ်။ ကြိုးစားထားတယ်ဆိုတာ စောစောစီးစီး စာချုပ်ချုပ်ထားချင်ပြီလေ... အဲဒါမှ ကိုယ် လုပ်စရာရှိတာတွေအတွက် ပြင်လို့ရမှာဆိုတော့၊ ဒီနှစ်တော့ နည်းနည်းအေးနေတယ်၊ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး အားလုံးပဲဆိုတော့၊ ဘာပဲဖြစ်ဖြစ် မပျော်ဘဲနဲ့တော့ မနေပါဘူး ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းသွားမှာပါ။

သင်္ကြန်မှာ ပုံစံမျိုးစုံးနဲ့ ဖြတ်သန်းကြမယ့် ပရိသတ်တွေအတွက် စကားလက်ဆောင်...
အားလုံး ငြိမ်းချမ်းကြပါစေ၊ နှစ်တွေ စနစ်တွေကလဲ ပြောင်းလဲလာတယ်ဆိုတော့ ကောင်းတာတွေရော၊ မကောင်းတာတွေရောပါလာတယ်၊ အဲ့တော့ နှစ်သစ်မှာ ကောင်းသောအရာများကို ယူဆောင်သွားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

အေးမြတ်သူ
သင်္ကြန်လို့ဆိုလိုက်တာနဲ့ခံစားမှုက...
သင်္ကြန်ဆို ရေပက်ရမှ။ မုန့်လုံးရေပေါ်စားရမှ။ ရေပက်ရမှဆိုတာ အေးမြတ်သူက ရေကိုခွက်နဲ့ လောင်းပက်ရတာကို ကြိုက်တယ်။ ရေပိုက်ကြီးကိုင်ပြီး ပက်ရတာကို သိပ်မကြိုက်ဘူး။ အားမရဘူး။ သင်္ကြန်ဆိုရင် တရားစခန်းဝင်တာထက် ရေပက်ရတာကို ပိုကြိုက်တယ် (ရယ်လျက်)။ 

နှစ်ဆန်းတစ်ရက်နေ့မှာ ငါးတွေလွှတ်၊ လူကြီးသူမတွေကို ကုသိုလ်ကောင်းမှုလုပ်ရတာလည်း ကြိုက်တယ်။ သင်္ကြန်ဆို ရေလောင်းခံရတာထက် သူ များကို ရေပက်ရတာကို ပိုကြိုက်တယ်။ ဆယ့် နှစ်လထဲမှာ အေးမြတ်သူအပျော်ဆုံးက သင်္ကြန်ပဲ။

သင်္ကြန်လို့ဆိုလိုက်တာနဲ့ ဖြတ်ခနဲသတိရလိုက်တာ...
ဒါလေးက ရယ်စရာလေးပေါ့။ ငယ်ငယ်တုန်းကပေါ့ အပျိုဖြန်းအရွယ်လေးပေါ့။ ရုပ်ရှင် ကားတွေကြည့်ပြီး အိမ်ရှေ့မှာ ပိတောက်ပန်းတွေလာထားတာ၊ ပိတောက်ပန်းတွေ တက်ခူးပေးတာလေ အဲ့ဒါတွေက ရုပ်ရှင်ထဲမှာ မြင်ဖူးတယ်လေ။ အပျိုဖြန်းလေးဆိုတော့လေ ငါ့အိမ်ရှေ့မှာ ဘယ် သူများ ပိတောက်ပန်းလာထားမလဲဆိုပြီး အိမ်ရဲ့ ကိုယ့်အခန်းပြတင်းပေါက်လေးကနေ အိမ်ရှေ့ကိုမျှော်ကြည့်ပြီး တညလုံးမအိပ်တဲ့ နှစ်ဖြစ်ဖူးတယ်(ရယ်လျက်)။ ကြောင်တာပေါ့လေ။ ဘယ်သူမှလည်းမသိ။ မိဘတွေလည်းမသိ။ ဘယ်သူမှလည်းလာမထား။ အိပ်ရေးပျက်တာပဲ အဖတ်တင်သွားတာပေါ့(ရယ်လျက်)။

ဘ၀တစ်လျောက်ဖြတ်သန်းခဲ့တဲ့ သင်္ကြန်တွေထဲမှာ အမှတ်တရက...
အေးမြတ်သူတို့ မိသားစုက အရမ်းပျော်တတ်တာ။ အဖေရော အမေရောကအစ ဘုန်းကြီးဝတ်ဖို့၊ သီလရှင်ဝတ်ဖို့ ဘယ်တော့မှမတိုက်တွန်းဘူး။ မိသားစုတွေအိမ်ရှေ့ မှာ ရေတိုင်ကီကြီးချပြီး ရေပက်ကြတာ။ နောက်ဆုံးအတက်နေ့ဆို ရေခဲတွေပါဝယ်ပြီး ပက်ကြတာ။ သင်္ကြန်က အမြဲအမှတ်တရဖြစ်ပါတယ်။ မိသားစုတွေ ပျော်ရတယ်။ အမှတ်တရတွေကတော့ အများကြီးရှိတာပေါ့။ ဒါပေမယ့် အမှတ်အရဆုံးဆိုရင် မနှစ်က ၂၀၁၆ သင်္ကြန်ပေါ့။ 

ငယ်ငယ်တုန်းက ဘ၀လိုမျိုးကို ပြန်ရတယ်။ ကိုယ့်အိမ်ရှေ့မှာ မဏ္ဍပ်လေးနဲ့ ရေပက်တယ်။ ကိုယ်ရေပက်တာလေးကို ပရိသတ်တွေ အကုန်လုံးက မေတ္တာတရားနဲ့ ချစ်ပေးကြပြီး ချစ်စရာကောင်းလိုက်တာ၊ လှလိုက်တာနဲ့မှတ်ချက်လေးတွေလည်း ပေးကြတယ်။ ဒါကြောင့်မနှစ်က သင်္ကြန်က ဘ၀မှာ အမြဲအမှတ်ရပြီး လွမ်းမောတမ်းတနေရမယ့် သင်္ကြန်တစ်ခုပါပဲ။

ဒီနှစ်သင်္ကြန်ကို ဘယ်လိုဖြတ်သန်းမလဲဆိုတော့...
ထွေထွေထူးထူး မရှိပါဘူး။ မနှစ်ကလည်း ထွေထွေထူးထူး စီစဉ်ထားတာ မဟုတ်ပါဘူး။ အလုပ်နားရက်လေးပေါ့။ ကိုယ့်အိမ်ရှေ့မှာ ရေပက်ချင်တာနဲ့ အုန်းလက်မဏ္ဍပ်လေးကလည်း ရှိနေတော့ ၀င်ပက်ဖြစ်သွားတာ။ ဒီနှစ်ဖျော်ဖြေ
ရေးလည်းမရှိပါဘူး။ ရေပက်ရင်ပက်၊ မဟုတ်ရင် ဒီလိုပဲ အလုပ်နားရက် အချိန်လေးဖြုန်းပေါ့။ အိမ်တွင်းတော့ မအောင်းပါဘူး။ သင်္ကြန်မှာ အိမ်တွင်းအောင်းရတဲ့ feeling ကို အေးမြတ်သူ မကြိုက်ဘူး။ သင်္ကြန်သီချင်းသံတွေကြားရင်ကို ပျော်နေပြီ။ တူးပို့ တူးပို့ကြားလိုက်ရင်ကို နေလို့ မရတော့ဘူး။

ပရိသတ်အားလုံးအတွက် အမှတ်တရ စကားလေးက…
သင်္ကြန်ကတော့ ပျော်ပါ။ (ရယ်လျက်) အေးမြတ်သူကတော့ မြှောက်ပေးတာပဲ။ တစ်နှစ်တာလုံးရဲ့  စိတ်ညစ်မှုတွေကို သင်္ကြန်ရေနဲ့ မျှောချလိုက်။ အကုန်လုံးရေလောင်း ရေပက်။ အိမ်တွင်း မအောင်းနဲ့။ တရားဘာဝနာ ပွားများချင်လည်းပွားများ။ မပွားများချင်လည်း ရေပက်။ သင်္ကြန်မှာ ရေပက်တာ အပြစ်မဟုတ်ပါဘူး။ တစ်ဖက်သားကို စိတ်အနှောင့်အယှက် မဖြစ်အောင်သာ ရေဆော့စေချင်တာပါ။ နှစ်ဆန်းတစ်ရက်နေ့ကျ ကုသိုလ်ကောင်းမှုတွေလုပ်။ နောင်နှစ်အတွက် အားအင်သစ်တွေယူပြီး အလုပ်ကိုပြန်ကြိုးစားကြမယ်။ အေးမြတ်သူတောင် ဒီနှစ်ပရိသတ်တွေ တိုက်တွန်းအားပေးကြလို့ တရားစခန်းဝင်ဖို့ တွေးမိနေပါတယ်(ရယ်လျက်)။

R ဇာနည်
သင်္ကြန်လို့ဆိုလိုက်တာနဲ့ ခံစားမှုက…
ပျော်ပါတယ်။ သင်္ကြန်ဆိုတာကတော့ မြန်မာနိုင်ငံသားအားလုံး ပျော်ကြရတဲ့ပွဲတော်ပါ။

သင်္ကြန်လို့ဆိုလိုက်တာနဲ့ ဖြတ်ခနဲသတိရလိုက်တာက… 
ကျွန်တော်ရဲ့ ငယ်ဘ၀ကိုပေါ့။ ကျောင်းသားဘ၀ကိုပဲပြေးမြင်တယ်။

ဘ၀တစ်လျောက်ဖြတ်သန်းခဲ့တဲ့ သင်္ကြန်တွေထဲမှာ အမှတ်တရက…
သင်္ကြန်တွေကတော့ အမှတ်တရတစ်မျိုးဆီရှိတာပေါ့နော်။ ငယ်ဘ၀၊ ကျောင်းသားဘ၀မှာတုန်းကပေါ့။ ရေပူပေါင်းတွေလုပ်တယ်။ စစ်တိုက်သလိုဆော့တယ်။ အိုးမဲသုတ်တယ်။ အိုးမဲမပေချင်တဲ့သူကို အိုးမဲသုတ်ရတာကို ပိုသဘောကျမိတာပေါ့။

၂၀၁၇ သင်္ကြန်ကို ဘယ်လိုဖြတ်သန်းမလဲဆိုတော့…
သင်္ကြန်နဲ့ပက်သက်တာ ဒီနှစ်သီချင်းတစ်ပုဒ်ဆိုထားတယ်နော်။ ကွီးတို့ရဲ့ သင်္ကြန်အခွေထဲမှာ။ ဒီနှစ်သင်္ကြန်ကတော့ သီချင်းဆိုရင်းပဲ ဖြတ်သန်းဖြစ်မှာပါ။ ပြောထားတာတွေရှိတယ်။ ဘာမှ comfirm မဖြစ်သေးလို့ပါ။

ပရိသတ်အားလုံးအတွက် အမှတ်တရ စကားလေးက…
သင်္ကြန်မှာ အားလုံးအန္တရာယ်ကင်းကင်း ရှင်းရှင်းနဲ့ ပျော်ရွှင်နိုင်ပါစေ။

ဖွေးဖွေး
သင်္ကြန်လို့ဆိုလိုက်တာနဲ့ ခံစားမှုက...
သင်္ကြန်ကတော့ ကောင်းပါတယ်။ ငယ်ငယ်ကတည်းက ဖွေးသင်္ကြန်ရောက်ခါနီးဆိုရင် အပြင်မထွက်ဘူးလို့ ဆုံးဖြတ်ထားလည်း အနားနီးရင် ပျော်ပြီး အပြင်ထွက်ချင်တယ်။ ဒါပေမယ့် သင်္ကြန်မှာ အက်စီးဒင့်တွေ ဘာတွေဖြစ်ဖူးတဲ့သူငယ်ချင်းရှိတော့ အန္တရာယ်ကင်းကင်းနဲ့ ပျော်ကြစေချင်တယ်။

သင်္ကြန်လို့ဆိုလိုက်တာနဲ့ ဖြတ်ခနဲ သတိရလိုက်တာက…
ငယ်ငယ်က အိမ်ရှေ့မှာ ရေပုံးချပြီး ဆော့တာပေါ့။ ဘယ်လိုပြောရမလဲ ပကာသနမပါဘဲ ပျော်တာပေါ့ အဲ့ဒါလေးတွေသွားပြေးမြင်တယ်။

ဘ၀တစ်လျောက် ဖြတ်သန်းခဲ့တဲ့ သင်္ကြန်တွေထဲမှာ အမှတ်တရက...
သူငယ်ချင်းတွေ တစ်ယောက်မုန့်တစ်မျိုးဆီ ယူလာပြီး မုန့်လုံးရေပေါ်လုပ်စားတယ်။ ငရုတ်သီးတွေထည့်ကြတယ်။ ဖွေးဆို ငယ်ငယ်က တစ်ခေါက်အဆူခံရဖူးတယ်။ မုန့်လုံးရေပေါ်ထဲမှာ ပိုက်ဆံကြီးထည့်လိုက်တာ။ စားတဲ့လူတွေက ပိုက်ဆံကြီးဝါးမိပြီး ဟင်ဘာကြီးလဲပေါ့။ ကိုယ်က ပိုက်ဆံထည့်လိုက်တော့ ပျော်ရမယ် ထင်နေတာ။ ပျော်လည်းမပျော်ရဘူး။ ပိုက်ဆံက ညစ်ပတ်နေတော့ ဟီးဟီး။ ဖွေးက အဲဒီ့လိုတလွဲလေးတွေ ဖြစ်တတ်တယ်။ ပြီးတော့ မဏ္ဍပ်နဲ့ပတ်သက်တဲ့ အမှတ်တရပေါ့။ လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ် လောက်က အရမ်းမဏ္ဍပ်တွေ များသွားတဲ့ နှစ်ကပေါ့။ ရေတွေစုပ်တာက အိမ်သာနဲ့ သိပ်မကွာဘူး ဖြစ်နေတော့ ဖွေးကအဲဒီ့မဏ္ဍပ်မှာသွားကျတော့ အိမ်လည်းပြန်သွားရော ဖွေးတစ်ကိုယ်လုံး ပျား
တုပ်ခံထားရသလို အဖုကြီးတွေထပြီး နောက်နေ့ကျထွက်လို့ မရတော့ဘူး။ အရမ်းရုပ်ဆိုး သွားဖူးတယ်။ Allergic ဖြစ်တာပေါ့။

၂၀၁၇ သင်္ကြန်ကို ဘယ်လိုဖြတ်သန်းမလဲဆိုတော့…
သင်္ကြန်ဆိုတာက ဖွေးအနေနဲ့ပြောရမယ်ဆိုရင်တော့ အနုပညာရှင်တစ်ယောက်အနေနဲ့က သိပ်မလွတ်လပ်တော့ဘူး။ Live တွေ ဘာတွေလည်း  အရိုက်ခံရတာရှိတော့ ကိုယ်ကလည်း လူငယ်ပဲ ဖြစ်တဲ့အတွက် တစ်ခါတစ်လေ စိတ်လွတ်ကိုယ်လွတ် ပျော်ချင်တာတွေရှိတယ်။ ဒါပေမယ့် ကိုယ့်ကိုချစ်တဲ့သူရှိသလို မုန်းတဲ့သူလည်းရှိတာပေါ့။ အဲဒီတော့ ဒီနှစ်တော့ ဖွေးအပြင်ထွက်ဖြစ်ဖို့ သိပ်မမြင်ဘူး။ ခရီးသွားဖြစ်လိမ့်မယ်ထင်တယ်။

ပရိသတ်အားလုံးအတွက် အမှတ်တရ စကားလေး က...
ပရိသတ်ကြီးအားလုံး အန္တရာယ်ကင်း၊ ဘေးရှင်းနဲ့  နှစ်သစ်ကို ကိုယ်ချစ်တဲ့သူတွေနဲ့အတူတူ ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်လာနိုင်ပါစေလို့ ဖွေးက ဆုတောင်းပေးပါတယ်။

မင်းသွေး
သင်္ကြန်လို့ ဆိုလိုက်တာနဲ့ခံစားမှုက...
ဒါကအသက်အရွယ်အရ ပြောင်းလဲမယ်ထင်ပါတယ်။ ကျွန်တော်တို့ဆို နယ်ကလာတော့ နယ်မှာဆိုရင် ငယ်ငယ်တုန်းက ကိုးတန်း၊ ဆယ် တန်းလောက်အထိက နယ်မှာပဲဖြတ်သန်းခဲ့တယ်ဆိုတော့ သင်္ကြန်ဆိုအရမ်းပျော်တယ်။ နယ်မှာကျတော့ ရေပူဖောင်းတွေပစ်တယ်။ ဟိုဘက်ရပ်ကွက် ဒီဘက်ရပ်ကွက် သူငယ်ချင်းတွေချိန်းပြီး ဆော့ကြတယ်။ ရန်လည်းဖြစ်ကြတယ်။ အသက်ကြီးလာတော့ ရန်ကုန်ရောက်တော့ အနုပညာအလုပ်တွေမလုပ်ခင် လည်ဖူးတယ်။ မဏ္ဍပ်တွေလည်း ထိုင်ဖူးတယ်။ အဲဒီတုန်းကလည်း ပျော်တယ်။ အလုပ်လည်း မရှိဘူးလေ။ လူငယ်ပီပီ လွတ်လွတ်လပ်လပ်ပဲ။ နောက်ပိုင်းအနုပညာအလုပ်တွေလုပ်တော့ သင်္ကြန်ရောက်ရင် သီချင်းဆိုချင်လာတယ်။

သင်္ကြန်လို့ဆိုလိုက်တာနဲ့ ဖြတ်ခနဲသတိရလိုက်တာ...
သင်္ကြန်လို့ဆိုရင် မျက်လုံးထဲမြင်တဲ့ ပုံရိပ်ထက် အနံ့တစ်ခုကိုအဓိကသွားပြီးသတိရတယ်။ မြေသင်းနံ့လို့ ခေါ်မှာပေါ့။ အဲဒါ ကျွန်တော်သင်္ကြန်ကိုစပြီးတော့ ရောက်တော့မယ်ဟေ့လို့ သိတဲ့အချိန်မှာ ဒီအနံ့သည် သင်္ကြန်အနံ့ပဲ ကျွန်တော့်အတွက်တော့။ ကျန်တဲ့ ရေပက်တဲ့စနစ်တို့ ဘာတို့က အမြဲပြောင်းလဲနေတာပဲလေ။ ပိတောက်ပင်တောင် တစ်ခါတစ်လေကျရင် သင်္ကြန်ပြီးမှ ပွင့် တာဆိုတော့ မပြောင်းလဲတာဆိုလို့ ဒီမြေသင်းနံ့ လေးပဲရှိမယ်ထင်တယ်။

ဘ၀တစ်လျောက် ဖြတ်သန်းခဲ့တဲ့ သင်္ကြန်တွေထဲမှာ အမှတ်တရက...
ကျွန်တော်ဆယ်တုန်းက တစ်နှစ်ကျတယ်။ ဆယ်တန်းကို ဒုတိယနှစ်ဖြေပြီးတုန်းကပေါ့ ကြာပြီ တော်တော်ကိုကြာပြီပေါ့။ အဲဒီတုန်းကလျှောက်လည်ကျတယ်။ ကားစီစဉ်ပေးတာက ကိုနေထက်လင်း။ ပါဘလစ်ကာကားလေးပေါ့။ အနောက်မှာထိုင်တယ်။ ရေတွေလည်းပက်တယ်။ အင်းလျားလမ်းလည်း အရမ်းစည်သေးတယ်။ အဲဒီ့အချိန်လေးပေါ့။ ပြန်ပြီးသတိရတယ်။ အခုနောက်ပိုင်းတော့ သင်္ကြန်က ပုံစံတွေလည်း ပြောင်းလာတယ်။ လူတွေကလည်း ရေပက်ဖို့ထက် အခုခေတ်လူငယ်တွေအတွက်က ပျော်ပါးမှုပုံစံတွေက များလာတယ်လို့မြင်တယ်။ အရင်ကဆို သင်္ကြန်ဟေ့ဆိုတာနဲ့ ဂျစ်ကားတွေစီစဉ်ရတာနဲ့ ဘာနဲ့ပေါ့။ အခုနောက်ပိုင်းက သိပ်မရှိတော့ဘူးပေါ့။ တဖြည်းဖြည်းနဲ့ သင်္ကြန်က ပျော်စရာမကောင်းတော့ဘူးလို့ ခံစားရတယ်။ ဒါ ကျွန်တော့်တစ်ယောက်တည်းအမြင်ပါ။

ဒီနှစ်သင်္ကြန်ကို ဘယ်လိုဖြတ်သန်းမလဲဆိုတော့…
မနှစ်ကလည်း ရခိုင်ရိုးရာသင်္ကြန်ကို မသွားဖြစ်ဘူး။ မသွားဖြစ်တာက နေပြည်တော်ရောက်နေလို့ပါ။ ACE မဏ္ဍပ်မှာသီချင်းဆိုနေရတယ်။ ဒီနှစ်တော့ သွားဖြစ်မယ်ထင်တယ်။ ဖျော်ဖြေရေးလာငှားရင်တော့ ဖျော်ဖြေဖို့ရှိမယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်မန္တလေးမှာ သီချင်းအရမ်းဆိုချင်နေတယ်။ ဘာကြောင့်လဲ မသိဘူး။ နည်းနည်းတော့ထူးဆန်းတယ်။ သင်္ကြန်ဆို မန္တလေးမှာ ဆိုချင်စိတ်ဖြစ်တာ မနှစ်ကလည်း အဲဒီလိုပဲ။ မန္တလေးမှာ သင်္ကြန်ကျဖူးတယ်။ မဆိုဖူးဘူး။ မန္တလေးကျတော့ ပြင်ဦးလွင်တို့ မုံရွာဘက်ကတို့ ပရိသတ်တွေရှိတော့ ပျော်စရာကြီးလို့ ခံစားရတယ်။ ရန်ကုန်မှာက ဖျော်ဖြေမှုပုံစံထက် အီလက်ထရစ် ဂီတတွေများတာကိုးနော့။ ပြီးတော့ မန္တလေးပရိသတ်နဲ့လည်း နွေးနွေးထွေးထွေးတွေ့ချင်တယ်။

ပရိသတ်အားလုံးအတွက် အမှတ်တရ စကားလေးက...
အတာရေသည် ကျန်းမာရေးကိုလည်း အန္တရာယ်မဖြစ်စေဘူး။ ဒီလောက်နေပူပူထဲ ရေတွေပက်ကြတာတောင် ဘာမှရောဂါမဖြစ်ဘူး။ အဖျားအနာလည်းမရှိဘူး။ ဒီတော့ အတာရေအေးချမ်းပါတယ်။ အိမ်ထဲမှာပဲနေနေ အပြင်ပဲထွက်ထွက်ပေါ့ သေချာပါတယ်။ အိမ်ထဲမှာနေပေမယ့် သင်္ကြန်သီချင်းကြားတာတို့ လမ်းပေါ်ကနေ ဟေးဟားနဲ့ အသံတွေကြားရင် ဘာပဲဖြစ်ဖြစ်စိတ်ဓာတ် တက်ကြွလာမှာပဲ။ အဓိကကတော့ အန္တရာယ်ကင်းကင်းနဲ့ပျော်ဖို့ပါပဲ။ ကိုယ်ပျော်တဲ့အချိန် သူတစ်ပါးကို အနှောင့်အယှက်မဖြစ်ဖို့၊ အပျော်ကနေ အပျက်မဖြစ်ဖို့ပါပဲ။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။ အန္တရာယ်ကင်းရှင်းကြပါစေ။ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ရတနာမိုင်
သင်္ကြန်လို့ဆိုလိုက်တာနဲ့ ခံစားမှုက…
သင်္ကြန်ရောက်တိုင်း မိုင်လေးက ပျော်ပါတယ်။ သင်္ကြန်က မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး၊ ကိုယ့် ရခိုင်လူမျိုးတွေရဲ့ နှစ်သစ်ကူးလည်း ဖြစ်ပါတယ်။ အထင်ကရပွဲတော်ဆိုလည်း မမှားဘူးပေါ့။ နှစ်ဟောင်းက အညစ်အကြေးတွေထားခဲ့ပြီး စိတ်သစ် လူသစ်နဲ့ပေါ့။

သင်္ကြန်လို့ဆိုလိုက်တာနဲ့ ဖြတ်ခနဲသတိရလိုက်တာက…
သင်္ကြန်မိုး။ သင်္ကြန်မိုးဇာတ်ကားကို သွားမြင်ယောင်တယ်။

ဘ၀တစ်လျောက်ဖြတ်သန်းခဲ့တဲ့ သင်္ကြန်တွေထဲမှာ အမှတ်တရက...
ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းသွားတာ သင်္ကြန်မှာ။ လမ်းမှာ ကောင်လေးတစ်ယောက်က အဖေ့ကို ခွက်စောင်းခုတ်ဖို့လုပ်တာ ကာကွယ်လိုက်တာပေါ့။ ကာကွယ်ရင်းနဲ့ အဲဒီ့ကောင်လေးနဲ့ ရန်ဖြစ်ကြတာ။ ကိုယ်ထိလက်ရောက်တွေ ဖြစ်ကြရော။ အဲဒါ အိမ်လည်းရောက်ရော အဖေ့ဆီမှာ အရိုက်ခံရတယ်။

၂၀၁၇ သင်္ကြန်ကို ဘယ်လိုဖြတ်သန်းမလဲဆိုတော့…
ဒီနှစ်သင်္ကြန်ကတော့ သီချင်းဆိုဖို့ပဲ ရှိပါတယ်။

ပရိသတ်အားလုံးအတွက် အမှတ်တရ စကားလေးက...
မိုင်လေး ပရိသတ်တွေအတွက် စကားလက်ဆောင်ကတော့ အားလုံးပဲ သ​င်္ကြန်မှာ အိမ်ထဲမှာ နေတဲ့သူပဲဖြစ်ဖြစ်၊ အပြင်ကိုလျှောက်လည်ကြတဲ့ ပရိသတ်တွေပဲဖြစ်ဖြစ် အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။ နှစ်ဟောင်းက ညစ်နွမ်းနေတဲ့ အရာမှန်သမျှပေါ့၊ စိတ်ညစ်စရာတွေလည်း နှစ်သစ်ကိုယူမလာဘဲ အပျော်တွေနဲ့ပဲ ဖြတ်သန်းနိုင်ကြပါစေ။

အဆိုတော် ဥာဏ်လင်းအောင်
သင်္ကြန် ဖီလင်…
သင်္ကြန်မတိုင်ခင် ဧပြီ ၁၁ ရက်နေ့က ကျွန်တော်မွေးနေ့လေ... ပြီးတော့ ၁၂ ရက်နေ့ က အမေ့မွေးနေ့ဆိုတော့ အမြဲပျော်နေတတ်တယ်...။ အပျော်တွေနဲ့ပဲ ဖြတ်သန်းဖြစ်တယ်ပေါ့...။ စိတ်ညစ်စရာတွေ မရှိသလောက်ပါပဲ...။

သင်္ကြန်ဘယ်မှာ ရှိမလဲ…
ဒီနှစ်တော့ ဘယ်မှာရှိမလဲ မသိသေးဘူး... ရန်ကုန်မှာပဲရှိဖို့ များမယ်ထင်တယ်... လည်ဖို့တော့ အစီစဉ်မရှိပါဘူး.၊ သီချင်းဆိုဖို့ ရှိလာတယ်ဆိုရင်တော့ သွားဆိုဖြစ်မှာပါ။

သင်္ကြန်ဆိုတာနဲ့ အမှတ်တရဖြစ်စေတာက…
အမှတ်တရဆိုရင်တော့ ၂၀၁၀ လောက်ကစပြီး သီချင်းတွေ ဆိုလာတယ်ဆိုတော့ ကိုယ်က ဖျော်ဖြေသူဖြစ်သွားတော့ အပြောင်းအလွဲလေးပေါ့... ကိုယ်တိုင်ပျော်ရတယ်ဆိုတာထက် သူများပျော်အောင် တင်ဆက်ပေးရတယ်ဆိုတော့ ပိုပြီး ခံစားချက်ကောင်းလာတယ်...

ပရိသတ်တွေအတွက် ဆုတောင်းစကား…
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေ… ရာသီဥတုပူတဲ့အတွက် အပြင်သိပ်မထွက်ကြပါနဲ့လို့ ပြောချင်ပါတယ်…။

သရုပ်ဆောင် စိုးနန္ဒာကျော်
သင်္ကြန်ဆိုတာကို ဒီလိုနားလည်ထားတယ်...
နှစ်ဟောင်းမှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပြီး နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ အမှားတွေ ပြင်ဆင်ပြီး  ဖြတ်သန်းကြရမယ်လို့ ယုံကြည်ထားတယ်။

နှစ်တိုင်း သင်္ကြန်နီးလာပြီဆို ခံစားချက်က...
အရမ်းပျော်တယ်၊ ဘာလို့လဲဆိုတော့ အခု အနုပညာရှင်ဖြစ်လာတဲ့ အချိန်မှာ ပရိသတ်တွေနဲ့ အနီးကပ် ပိုတွေ့ခွင့်ရလို့ပါ၊ အရင်တုန်းကတော့ တရားစခန်းဝင်ဖြစ်တာများတယ်။

ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲ...
ဒီနှစ် သင်္ကြန်တော့ ဘယ်မှာရှိမလဲ မသိဘူး။

သင်္ကြန်လို့ ပြောလိုက်တာနဲ့ အမှတ်ရမိတဲ့ ဖြစ်ရပ်လေးက….
ငယ်ငယ်တုန်းက ရေဆော့ရင်း၊ ရေပတ်ရင်း ခွက်ပါလွှင့်သွားတာလေးပေါ့၊ အဲဒါက အမှတ်တရပါပဲ...။

ဖြတ်သန်းခဲ့ရတဲ့ ငယ်ဘ၀ သင်္ကြန်
ငယ်ငယ်တုန်းက လည်ရတဲ့နှစ်က နည်းတယ်၊ များသောအားဖြင့် အိမ်က သင်္ကြန်ရောက်ပြီဆိုတာနဲ့ တရားစခန်း သို့မဟုတ် ယဉ်ကျေးလိမ္မာ သင်တန်းတွေ တက်ရတယ်... ဒီနောက်ပိုင်း အနုပညာလုပ်ငန်းတွေ လုပ်တော့မှသာ နှစ်တိုင်းမဏ္ဍပ် တစ်ခု မဟုတ် တစ်ခုမှာ ထိုင်ဖြစ်နေတာပါ…

သင်္ကြန်မှာလည်ကြမယ့် ပရိသတ်တွေအတွက် စကားလက်ဆောင်...
ပရိသတ်ကြီးအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေ၊ ပြီးတော့ သင်္ကြန်မှာ လည်ကြမယ့် ပရိသတ်တွေလည်း အန္တရယ်ကင်းကင်းနဲ့ လည်ကြဆော့ကြပါ။ အလွန်အကျွံ မဖြစ်ပါစေနဲ့၊ သတိမလွတ်စေချင်ပါဘူး... အားလုံးနှစ်ဟောင်းက အညစ်အကြေးတွေ သန့်စင်ပြီးတော့ နှစ်သစ်မှာ ပျော်ရွှင်စရာတွေ ကံကောင်းခြင်းတွေနဲ့အတူ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဖြိုးလေး (Snare)
သင်္ကြန်လို့ဆိုလိုက်တာနဲ့ ခံစားမှုက….
သင်္ကြန်ရောက်တိုင်း ဖီလင်က တခြားအရသာနဲ့ကို မတူဘူး။ ဒီဇင်ဘာ နယူးရီးယားရောက်တာနဲ့ မြန်မာသင်္ကြန်ရောက်တဲ့ ခံစားမှု မတူ ဘူး။ မြန်မာသင်္ကြန်ဆိုရင် မြူးကြွတဲ့တေးသံ… အဲဒီ့လိုအသံကြားလိုက်ရင် ဘာမှန်းမသိဘူး။ ကဲ 
ချင်တာလိုလို ပျော်တာလိုလိုနဲ့ mood တွေက မျိုးစုံရတယ်။ မနှစ်ကဟာကိုပဲ လွမ်းသလိုလို အရမ်းမိုက်တယ်။ သင်္ကြန် mood ကို ကျွန်တော်ကြိုက်တယ်။ ပျော်တယ်။ သင်္ကြန်တွင်းမှာ ဘုန်းကြီးဝတ်ရမယ်တို့၊ တရားစခန်းဝင်ရမယ်တို့ဆို မဖြစ်လောက်ဘူး(ရယ်လျက်)။ အနုပညာသမားတစ်ယောက် အနေနဲ့ကျတော့ ဖျော်ဖြေရမှာတွေလည်းရှိတယ်။ အဲဒါကိုလည်းပျော်တယ်။ ဒီအတိုင်းရေတွေပက်ပြီး တနေကုန်နေကြတဲ့ ဓလေ့ကိုလည်း ချစ်တယ်။

သင်္ကြန်လို့ဆိုလိုက်တာနဲ့ ဖြတ်ခနဲသတိရလိုက်တာက…
သင်္ကြန်ဆိုတာနဲ့ ပြေးမြင်တာက မဏ္ဍပ်ပေါ်မှာရေတွေနဲ့ အမြှုပ်တွေနဲ့ ဆော့ကြပေါ့ အဲဒီလို ပျော်စရာလေးတွေ ပြေးမြင်တာပေါ့။

ဘ၀တစ်လျောက် ဖြတ်သန်းခဲ့တဲ့ သင်္ကြန်တွေထဲမှာ အမှတ်တရက...
အမှတ်တရတွေက ငယ်ငယ်တုန်းကတော့ အများကြီးပဲ။ အင်းလျားလမ်းဖွင့်တုန်းက ကျွန်တော် သီချင်းစဆိုတယ်။ ၂၀၀၄၊ ၂၀၀၅ လောက်ပဲ ရှိဦးမယ်။ အဲဒီတုန်းကဆို သီချင်းက နှစ်ပုဒ်လောက်ပဲရှိသေးတာကို မဏ္ဍပ်မှာ ကိုယ့်ကိုယ်ကို အဟုတ်ကြီးတွေထင်ပြီး စင်ပေါ်တက် သီချင်းတွေဆို။ ရီနေရတာပေါ့။ အဲဒီ့သင်္ကြန်တွေကို သတိရတယ်။

၂၀၁၇ သင်္ကြန်ကို ဘယ်လိုဖြတ်သန်းမလဲဆိုတော့…
ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲဆိုတာတော့ သေချာမသိသေးဘူး။ ဒါပေမယ့် အနုပညာအလုပ်နဲ့ပဲပေါ့။ သီချင်းတွေဆိုရင်း ဖြတ်သန်းမှာပါ ကျိန်းသေပါတယ်။

ပရိသတ်အားလုံးအတွက် အမှတ်တရစကားလေးက...
ပရိသတ်ကြီး နှစ်ဟောင်းက အညစ်အကြေးတွေထားလိုက်။ ဒီနှစ်မှာ ကိုယ်လုပ်မယ့် အလုပ်တွေကို ငါးခုလောက် လျာထား။ သုံးခုလောက်လုပ်ဖြစ်ရင် ကိုယ့်အတွက် plus ဖြစ်တာပဲ။ ကျွန်တော်လည်းအဲဒီလို လုပ်ချင်တယ်။ 
ပရိသတ်ကြီး အကုန်လုံးလည်း လုပ်ချင်တဲ့ဟာတွေကို လုပ်ခွင့်ရနိုင်ပါစေ။ ကံတွေကောင်းကြပါစေ။ ကျန်းမာပါစေ ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။

ထက်ဘုန်းနိုင် ( Project K )
သင်္ကြန်ဆိုတာကို ဘယ်လို မြင်လဲ၊ သင်္ကြန်ရောက် ရင် ဖြစ်လာတဲ့ Feeling?
ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ နှစ် သစ်ဖြစ်တဲ့အတွက် သင်္ကြန်ရက်အတွင်း လူငယ်သဘာဝ ပျော်ချင်ပါးချင်တယ်၊ အဲဒါကို သဘောကျတယ်၊ ပြီးတော့ နှစ်ဆန်းတစ်ရက်နေ့ဆိုရင် ကောင်းမှုပြုရတာကိုရောပဲ…

ဒါပေမယ့် နောက်ပိုင်းကျတော့ ငယ်ငယ်တုန်းက သင်္ကြန်နဲ့ အခု သင်္ကြန်နဲ့ ယှဉ်လာပြီဟေ့ဆိုရင် ငယ်ငယ်တုန်းက သင်္ကြန်ကိုတော့ ပိုပြီး သဘောကျမိတယ်၊ ဘယ်လို့လဲဆိုတော့ ငယ်ငယ်တုန်းကဆိုရင် အိမ်အနီးအနားက လမ်းတွေထဲမှာ ခွက်လေးတွေနဲ့ ရေတွေလိုက်ပက်ကြတယ်၊ ဆော့ကြတယ်၊ အခုနောက်ပိုင်းမှာကြတော့ တော်တော်များများက မဏ္ဍပ်တွေပေါ်မှာပဲရှိတတ်လာကြတာဆိုတော့ အဲ့အထိ ထွက်လည်ရတဲ့အတွက် ကားကြပ်တာတွေ ပိတ်တာတွေ ဖြစ်လာတယ်။ အဲ့တော့ အခုဖြစ်နေတဲ့ သင်္ကြန်ဖီလင်ဆိုရင် ငယ်ငယ်တုန်းကလို ပြန်ဆော့ချင်တယ်… (ရယ်လျှက်)

သင်္ကြန်လို့ပြောလိုက်တာနဲ့ ပြန်လည်သတိရမိတဲ့ အဖြစ်အပျက်ဆိုရင်ရော?
အဖြစ်အပျက်ဆိုတာထက် သတိရမိတာက မုန့်လုံးရေပေါ်တွေ … အခု မုန့်လုံးရေပေါ်စားချင်နေတယ်… (ရယ်လျက်)

ဖြတ်သန်းခဲ့ဖူးတဲ့ သင်္ကြန်တွေ တောက်လျောက်မှာရော ...
ဖြတ်သန်းခဲ့ဖူးတာဆိုရင်… နောက်ပိုင်း သင်္ကြန်တွေတော့ ဖျော်ဖြေရေးအနေနဲ့ မဏ္ဍပ်တွေမှာ ရှိနေဖြစ်တာဆိုတော့ အမှတ်တရအနေနဲ့ဆို ရင်... ငယ်ငယ်တုန်းက နက်ဖြန်လို သင်္ကြန်ဆိုရင်ဒီနေ့လို ည မအိပ်တော့ဘဲနဲ့ အတူလျှောက်လည်မည့် သူငယ်ချင်းတွေ စုပြီးတော့ အိုးမည်းလိုက်သုတ်တယ်... ပြီးတော့ နောက်ရက်ဆို ဂျစ်ကား နဲ့ လည်တယ်… ဒါတွေကတော့ ဒီအချိန်မှာ အမှတ်တရ အဖြစ်ရှိနေတာပါပဲ…

ဒီနှစ်သင်္ကြန်ရော ဘယ်မှာရှိမှာလဲ?
ဒီနှစ်သင်္ကြန်ကို ဘယ်မှာရှိမလဲဆိုတာတော့ ရေရေရာရာ မသိသေးပါဘူး… အလုပ်ရှိရင်လဲ အလုပ်လုပ်မယ် မရှိဘူးဆိုရင်လဲ သူငယ်ချင်းတွေနဲ့ပဲ လည်ဖြစ်မယ်ထင်ပါတယ်။

သင်္ကြန်မှာ ပုံစံမျိုးစုံနဲ့ ကျော်ဖြတ်ကြမယ့် ပရိသတ် သူငယ်ချင်းတွေအတွက် စကားလက်ဆောင် ပြောပေးဦး
သင်္ကြန်မှာ များသောအားဖြင့် ကြားနေမြင်နေရတာက အပျော်လွန်ကြတာပေါ့... အဲ့တော့ပျော်တာလည်းပျော်ကြပါ... အန္တရာယ်မဖြစ်ပါ စေနဲ့... သင်္ကြန်ရဲ့ အရသာစစ်စစ်ကို ခံစားကြည့်ပါ… အဲ့လိုပျော်ရွှင်မှုကိုလည်း ပြည့်ပြည့်၀၀ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မော်ဒယ်၊ သရုပ်ဆောင် ငြိမ်းသော်
မကြာခင် ရက်ပိုင်းအတွင်း သင်္ကြန်ရောက်တော့မယ်ဆိုတော့ ခံစားချက်က…
မြန်မာတို့ရဲ့ ရိုးရာလည်း ဖြစ်တယ်ဆိုတော့ ပျော်တယ်၊ ပြီးတော့ ကျွန်တော့်မွေးနေ့ကလည်း သင်္ကြန်အကြိုနေ့ ၁၃ ရက်နေ့ ဖြစ်နေတာလည်းပါမယ်ထင်တယ်။ အဲ့ဒီတော့ ပျော်လည်းပျော်တယ်၊ နှစ်လည်းနှစ်သက်တယ်။ ဒါပေမယ့် မွေးနေ့ရယ်လိုတော့ နှစ်တိုင်းမလုပ်ဖြစ်ဘူး၊ မွေးနေ့လုပ်ဖြစ်တယ်ဆိုလဲ သူငယ်ချင်းတော်တော်များများက တစ်ချို့ဆို ခရီးထွက်နေကြတယ်၊ တစ်ချိုဆို သူ့ဘာသူ တစ်ခြား အစီစဉ်တွေရှိတာ ကြောင့်လည်း ကျွန်တော့်ကို အချိန်မပေးနိုင်ကြတာ များတယ်ဆိုတော့ အနီးနားရှိတဲ့ သူငယ်ချင်းတွေကိုတော့ မုန့်ကျွေးဖြစ်တယ်။ လူအများကြီးနဲ့တော့ မွေးနေ့ပွဲရယ်လို့ မလုပ်ဖြစ်ပါဘူး။

ဒီနှစ်သင်္ကြန်ရော ဘယ်မှာရှိမလဲ...
ဒီနှစ်သင်္ကြန်တော့ မွေးနေ့အလှူလေးလုပ် ဖြစ်ဖို့ရှိတယ် ရန်ကုန်မှာပဲ ဖြစ်ဖို့ များတယ်၊ မွေးနေ့မှာ AIDS ကူးစက်ခံထားရတဲ့ ကလေးတွေကို သွားရောက်လှူဒါန်းဖို့ရှိပါတယ်။ ကျန်တဲ့ရက်တွေ လည်း လျှောက်လည်ဖို့တော့ အစီစဉ်မရှိပါဘူး။

အရင်သင်္ကြန်တွေတုန်းကရော  ဘယ်လို ဖြတ်သန်းဖြစ်လဲ...
အရင်နှစ်တွေတုန်းကတော့ ခရီးသွားရင်လဲသွားတယ်၊ ဒါမှမဟုတ် ရန်ကုန်မှာပဲ လည်ရင်လည်တယ်၊ ငယ်ငယ်တုန်းကတော့ ကျွန်တော့်မွေးရပ်နယ်လေးဖြစ်တဲ့ မုံရွာမှာပဲ ကုန်ဆုံးတာများတာပေါ့။

သင်္ကြန်လို့ ကြားလိုက်တာနဲ့ အမှတ်တရ ဖြစ်စေတဲ့ အကြောင်းအရာက…
ကျွန်တော့် မွေးနေ့ပဲ ဖြစ်မယ် (ရယ်လျက်) ဘာလို့လဲဆိုတော့ သင်္ကြန်ရောက်တာနဲ့ မွေးနေ့လဲ ရောက်ပြီ၊ ငယ်ငယ်တုန်းကတော့ ပိုပြီး တက်ကြွ တာပေါ့လေ၊ ဒါပေမယ့် အခု အရွယ်လည်း ရလာ ပြီဆိုတော့ အရင်လောက်တော့ မဟုတ်တော့ဘူးပေါ့။

ကလေးဘ၀တုန်းက ဖြတ်သန်းခဲ့တဲ့ သင်္ကြန်တွေ မှာဆိုရင် ဘယ်လိုမျိုး ကဲဖြစ်လဲ…
ဘယ်လောက်ထိ ကဲလဲဆို ၅ တန်းလောက် ကဖြစ်မယ်ထင်တယ် ညာဘက် မျက်ခုံးကွဲသွားတဲ့အထိ သောင်းကျန်းပြီး ရေဆော့ဘူးတယ်။ ဒါကတော့ ကလေးဘ၀တုန်းက အမှတ်တရ ဖြစ်စရာပေါ့။

ဒီနှစ် သင်္ကြန်မှာ ပုံစံမျိုးစုံနဲ့ ဖြတ်သန်းကြမယ့် ပရိသတ်တွေအတွက် စကားလက်ဆောင်လေးပြောပေးဦး…
သင်္ကြန်မှာလည်ကြမယ့် ပရိသတ်တွေအတွက် ဆုတောင်းပေးချင်ပါတယ်… ပျော်တာလဲ ပျော်ကြပါ အလွန်အကျွံမဖြစ်ကြပါစေနဲ့  ပြီးတော့ ပျော်ပျော်ရွှင်ရွှင် အန္တရာယ်ကင်းကင်းနဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းစကား လက်ဆောင်ပါးလိုက်ပါတယ်။