Primary tabs

အချစ်နဲ့ ဘာညာသာရကာ…

အချစ်
အကြီးမားဆုံးဆွဲအားနဲ့
နှလုံးသားများ သူ့အဝေး 
ထွက်မပြေးနိုင်အောင်
ဆွဲအားပြင်းလွန်းတယ်

မရှာဖွေချင်လည်း
သူဝင်လာတတ်သလို
မျှော်နေသူဆီကလည်း
ပြေးတတ်ပြန်တယ်

ကြေကွဲခြင်း… အမုန်း
အလွမ်း… အဆွေးနဲ့
မာယာတွေ ရောထွေးလည်း
သူ့ဂုဏ်သတ္တိက မပျက်ပြယ်

ဒီအချစ်ကြောင့် ဘဝတွေ တက်ကြရတယ်
ဒီအချစ်ကြောင့် ဘဝတွေ ပျက်ကြရတယ်
ဘာတွေပဲ ဖြစ်ဖြစ်…
ဒီအချစ်နဲ့ မကင်းနိုင်သမျှတော့
အချစ်အကြောင်း ပြောဖြစ်ကြဦးမယ်…။

 

အချစ်ဆိုတာ ချစ်တာ

လတ်တလောမှာ Single ဖြစ်နေပေမယ့် အမြဲတမ်း Single ဖြစ်နေမယ်လို့တော့ မဆိုလိုပါဘူးလို့ အဆိုတော် ဖြူဖြူကျော်သိန်းတစ်ယောက် People ကို ရင်ဖွင့်လာပုံက.....
လောလောဆယ် ဒီ အင်တာဗျူးကို ဖြေနေတဲ့အချိန်မှာ Single ဖြစ်နေလို့ Single လို့ ပြောတာပါ…  အဟဲ… နောက်မှ အဖြေပေးမိသွားလို့  RS ဖြစ်သွားရင်တော့ “ဘွာတေး” ပါလို့ … ဟိဟိ

Single Life ဆိုတာ...
Single Life ဆိုတာကတော့... ဟို… ဘယ်လိုပြောရမလဲ ?
Relationship တစ်ခုနဲ့ တစ်ခုကြားမှာ လစ်လပ်နေတဲ့ အချိန်လေးပေါ့။

Single Life နဲ့ RS Life ကွာခြားချက်ဆိုရင်...
Single ဆိုတာကတော့ တစ်ယောက်တည်းလည်းဖြစ်တယ်၊ ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ရတယ်၊ Phone bill မကုန်တဲ့အတွက်လည်း ပိုက်ဆံလေး စုမိ ဆောင်းမိ ဖြစ်တယ်ပေါ့...
RS Life ကတော့ နှစ်ယောက်ပေါ့လေ…  နှစ်ယောက်ဖြစ်သွားတော့ ဘာလုပ်လုပ် နှစ်ယောက် ညှိနှိုင်းရတယ်၊ Phone bill တွေလည်း အတော်ကုန်တယ်ပေါ့...

အချစ်ကို ဖွဲ့ဆိုချင်တယ်...
ချစ်တယ်ဆိုတာ ချစ်တာပါပဲ… အင်မတန် ရိုးရှင်းပါတယ်။ ဇာချဲ့နေရင် လိုရင်းမရောက်ဘူးရယ်… အင်း… တစ်ခါတစ်လေတော့လည်း “ချစ်တယ်” ဆိုတာကို ၀န်မခံနိုင်လို့ ခေါင်းစဉ်မျိုးစုံ လျှောက်တပ်ကြရတာလဲ ရှိမှာပေါ့လေ…

ချစ်သူများနေ့အတွက် အမှတ်တရစကား...
ချစ်သူတွေ အားလုံးပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

Phyu Phyu Kyaw Thein
Makeup & Hair - Jhonny June (Thin Thin)
Photo - Aung Kyaw Tun

 

နှလုံးသားကို ဦးစားပေးတဲ့...

သာမန်အားဖြင့် လူသားအားလုံးနဲ့ မကင်းနိုင်တဲ့ အချစ်… 
သာမန်အားဖြင့် လူသားအားလုံးရယူလိုချင်တဲ့အချစ်… 
သာမန်အားဖြင့် လူသားအားလုံးပေးဆပ်ကြရတဲ့ အချစ်…
သာမန်အားဖြင့် Expiry Date မရှိတဲ့အချစ်…
ဒီအချစ်နဲ့ ပတ်သက်တဲ့ အကြောင်းတချို့ကို
သာမန်အားဖြင့် ချစ်တတ်တဲ့ 
နိုင်ငံကျော် အနုပညာရှင်တစ်ဦးနဲ့ မေးဖြစ်ပြောဖြစ် ခဲ့ကြတော့...

    
နားလည်ထားတဲ့ အချစ်
လူတွေအတွက် အရေးအကြီးဆုံးက ချစ်ခြင်းမေတ္တာနဲ့ အသိဉာဏ်ပညာဆိုတာ ကျွန်တော်ဖတ်ဖူး ၊ ကြားဖူးပါတယ်။ ဒါကြောင့် အချစ်ဆိုတာ လူတွေအတွက် အရေးအကြီးဆုံးအရာထဲမှာ ပါဝင်တဲ့ အချက်တစ်ချက်ပါပဲ။

မိသားစုနဲ့ ချစ်ခြင်းမေတ္တာ
ကျွန်တော်က broken family က လာတာပေါ့နော်။ ကျွန်တော်ငယ်စဉ်မှာ အဖိုးအဖွားတွေနဲ့ ကြီးတယ်။ ဒါပေမဲ့ အဖေနဲ့အမေမကွဲခင်က ကျွန်တော်လူမှန်းသိတတ်စပြုနေပြီဖြစ်တဲ့အတွက် အဖေနဲ့ အမေရဲ့ ကျွန်တော့်အပေါ်ထားတဲ့မေတ္တာ၊ ကျွန်တော့်အပေါ်ထားတဲ့ မျှော်လင့်ချက်ကို ကျွန် တော်ခံစားလို့ရတယ်။ ပြီးတော့ လူပျိုပေါက်တစ်လျှောက်လုံးမှာအဖေနဲ့နေတယ်။ အဲ့မှာ အတော်များများတွေ့ဖူးတဲ့အတိုင်း အဖေနဲ့ကျွန်တော်က တကျက်ကျက်ပေါ့ဗျာ…။ ငြင်းခုံကြတာလည်း 
ရှိတယ်… အတူတူသောက်ကြစားကြတာလည်းရှိတယ်။  အဖေ့ရဲမေတ္တာတရားနဲ့ လုံခြုံမှု၊ အေးမြမှုကို ကျွန်တော်ခံစားရပါတယ်။  ၈ တန်း ၉ တန်းအရွယ်လောက်မှာ အမေနဲ့ပြန်နေဖြစ်တယ်။ အဲ့မှာလည်း တူတူမနေဖြစ်ခဲ့ပေမဲ့ အမေတစ်ယောက်ရဲ့ သားတစ်ယောက်အပေါ်ထားတဲ့ မေတ္တာကို နှလုံးသားအသိနဲ့ ကျွန်တော်သိပါတယ်။ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကတော့ အားလုံးနားလည်ခံစားသိပြီး ဖြစ်တဲ့အတိုင်းပါပဲ။

လိုချင်တဲ့အချစ်
ချစ်ခြင်းမေတ္တာဆိုတဲ့နေရာမှာ မောင်နှမတွေ ရဲ့ချစ်ခြင်း၊ သူငယ်ချင်းအချစ်… ပြီးတော့ ပရိသတ်တွေကချစ်တာရှိမယ်... ချစ်သူရည်းစားလိုချစ်တာမျိုးရှိတယ်။ ကျွန်တော့်အနေနဲ့ကတော့ မောင်နှမတွေနဲ့ သူငယ်ချင်းတွေနဲ့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နေထိုင်ပါတယ်။ ကျွန်တော့်ပရိသတ်တွေနဲ့ ကျွန်တော်ကြားမှာလည်း အပြန်အလှန်သံယောဇဉ်ဖွဲ့တည်မှုလေးတစ်ခုရှိပါတယ်။ ချစ်သူရည်းစားအနေနဲ့ကတော့ ကျွန်တော်လိုချင်တာ အေးမြတဲ့မေတ္တာမျိုးပေါ့။ ကျွန်တော့် အသက်အရွယ်၊ ကျွန်တော့် ဖြတ်သန်းမှုအရတော့ အချစ်ကပူလောင်တဲ့အချစ်ဆိုတာလည်း ရှိတယ်။ အေးမြတဲ့ အချစ်ဆိုတာလည်းရှိတယ်။ မီးတောက်လေးတစ်ခုလိုပါပဲ။ မီးဟာလူသားတွေကို အကျိုးပြုသလို အန္တရာယ်လည်း ပြုတတ်တယ်။ အဲလိုပဲ ဒီသမီး
ရည်းစားအချစ်မှာလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ ကူညီဖေးမမှု ကြင်နာနွေးထွေးမှုတွေနဲ့နေရင်တော့ မတူညီတဲ့လူသား နှစ်ယောက်ကို အမှီသဟဲပြုစရာအဖြစ်၊ ဘ၀အဖော်အဖြစ် ဖြစ်လာနိုင်ပြီး ပူလောင်တဲ့အချစ်ဘက်ကို ရောက်သွားရင်တော့ နာကြည်းတာတွေ၊ မုန်းတီးတာတွေ၊ ဒေါသတွေနဲ့ ရန်သူတွေဖြစ်လာနိုင်တယ်။ ကျွန်တော့်အနေနဲ့ကတော့ အေးမြတဲ့ မေတ္တာကိုပဲလိုချင်ပါတယ်။

လူနှစ်ယောက်ရဲ့ချစ်ခြင်းမှာ အရေးအကြီးဆုံးအ ရာ
နံပါတ် ၁ အရေးအကြီးဆုံးကတော့ ချစ်ဖို့ပေါ့။ မချစ်ဘဲနဲ့တော့ ဒီအချစ်ဆိုတာ မဖြစ်လာနိုင်ဘူး။ ချစ်တဲ့အခါမှာ အတ္တတွေ မာနတွေ… အင်း… အတ္တမပါဘဲနဲ့ ကိုယ်ကချည်းပဲ အလျှော့ပေးဆိုတော့လည်း မဟုတ်သေးပြန်ဘူး… ဆိုတော့… ဒီမှာစကားလုံးတစ်လုံးထွက်လာတယ်... မျှတမှုပေါ့။ မျှမျှတတနားလည်မှု၊  ကြင်နာမှု… ဒါတွေနဲ့ ဖြည့်စွက်လိုက်မယ်ဆိုရင်တော့ ပိုကောင်းမလားပေါ့လေ…။ ကျွန်တော်လည်း ဒါကို People က မေးလို့သာဖြေနေရတာပေါ့နော်။ ကိုယ်တိုင်ကလည်း ဒီဘာသာရပ်မှာအရမ်းကြီးကျွမ်းကျင် ပြီးတော့ အောင်မြင်နေတဲ့ သူတစ်ယောက်တော့ မဟုတ်ဘူးလေ…။

လက်ရှိအချစ်...
ကျွန်တော်လည်းအများနည်းတူ မိသားစုဘဝလေးတည်ဆောက်ချင်တယ်။ တည်ဆောက်ဖို့လည်း ကျွန်တော်ကြိုးစားပါတယ်။ ဒါပေမဲ့ လတ်တလောမှာ အချစ်ရေးထက်ကိုပိုပြီးတော့ ကျွန်တော့်ရဲ့ အနုပညာ၊ ကျွန်တော့်ရဲ့ အလုပ်ကိုတော့ ဦးစားပေးဖြစ်တုန်းပါပဲ။

စိုင်းစိုင်းချစ်တတ်တဲ့ပုံစံ
ကျွန်တော်ကသာမန်ပါပဲခင်ဗျ။ အေးတိ အေးစက်ကြီးလည်း မနေတတ်ဘူး။ လွန်လွန်ကျူးကျူးကြီးလည်း မလုပ်ပြတတ်ဘူး။

နှလုံးသားနဲ့ ဦးနှောက်ယှဉ်လာရင်...
ကျွန်တော့်ဘဝ သက်တမ်းတစ်လျှောက်လုံး က ကျွန်တော်လုပ်ချင်တာလုပ်တာပဲဗျ။ ဂီတနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်... အနုပညာ... နောက်ဆုံး ကုန်ကုန်ပြောရရင် အချစ်ကိစ္စမျိုးမပြောနဲ့… စီး  ပွားရေးကိစ္စမျိုးမှာတောင် သိပ်ပြီးတော့… မစဉ်းစားဘူးတော့ မဟုတ်ဘူး… စဉ်းစားပါတယ်။ ဒါပေမဲ့ ပြီးရင်တော့… (ရယ်လျက်) ကျွန်တော် လုပ်ချင်ရာလုပ်တာပဲ… ဆိုတော့….ကဗျာဆန်ဆန်ပြောရရင် ကျွန်တော်က နှလုံးသားကိုဦးစားပေးတဲ့သူ ဖြစ်ပါလိမ့်မယ်။

Sai Sai Kham Hlaing
Photo - Fred
Stylist - Thi Han KyawOo
Makeup & Hair - Irene Aung Aung
Venue - Melia Hotel - Olea Restaurant

 

အချစ်အဖြူရောင်လေး

အချစ်ဆိုတဲ့ အဓိပ္ပာယ်...
အချစ်ဆိုတာကိုတော့ အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြတာပေါ့။ တချို့ကတော့ အချစ်ဆိုတာ ရယူခြင်းတဲ့။ တချို့ကျတော့ အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့။ စိုးပြည့်အမြင်ကတော့ အချစ်ဆိုတာ ပူလောင်ခြင်းလည်းရှိသလို အေးမြခြင်းလည်းရှိမယ့် ရသစုံပေးနိုင်တဲ့ အရာပဲ။ ချစ်ခြင်းတရားဆိုတာ လူတိုင်းအတွက် အေးချမ်းစေပါတယ်။ အမုန်းတရားတွေမရှိဘဲ ချစ်ခြင်းတရားနဲ့သာဆိုရင် လူတွေအားလုံး အရမ်းအေးချမ်းမှာပါ။ စိုးပြည့်အတွက်တော့ အချစ်ဆိုတာ အဖြူရောင်လေးတစ်ခုပဲလို့ သတ်မှတ်ချင်ပါတယ်။

မျှော်လင့်တဲ့အချစ်...
စိုးပြည့်က ပူပူလောင်လောင်တွေကို သိပ်မခံစားချင်ဘူး။ အေးမြတဲ့စစ်မှန်တဲ့ ချစ်ခြင်းတရားကိုပဲ မျှော်လင့်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ သစ္စာရှိတဲ့ ချစ်ခြင်းတွေတွေ့ရင် သိပ်အားကျမိပါတယ်။ အနီးစပ်ဆုံး ဥပမာဆိုရင် ကိုယ့်မိဘ နှစ်ပါးပေါ့။ သူတို့နှစ်ယောက်တစ်ယောက်ကို တစ်ယောက်ချစ်ကြတယ်။ အခုချိန်ထိ သစ္စာရှိရှိနဲ့ တစ်ယောက် အပေါ်တစ်ယောက် ချစ်နေကြဆဲ။ သစ္စာရှိတဲ့ချစ်ခြင်းဟာ ချိုမြိန်တယ်လို့ ခံစားရတယ်။ 

ဖြတ်သန်းခဲ့သော ချစ်သူများနေ့...
ချစ်သူများနေ့ရောက်ရင် စိုးပြည့် Fan တွေက လက်ဆောင်တွေ ပို့ပေးလေ့ရှိပါတယ်။ အဲဒီတော့ ချစ်သူများနေ့ကို Fan တွေပေးတဲ့ ချောကလက်တွေ၊ ပန်းစည်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တာပေါ့။

စိတ်ကူးထဲက ချစ်သူ...
ကံဆိုတာမမြင်ရဘူးလေ။ ဘယ်လိုမျိုး ဖူးစာရှိလဲဆိုတာကိုလည်း မမြင်နိုင်တဲ့အတွက် ကြိုမစဉ်းစားထားပါဘူး။

ချစ်သူများနေ့အတွက်ဆုတောင်း...
ချစ်သူများနေ့မှာ ချစ်သူအားလုံး ပျော်ရွှင်ကြပါစေ။ သစ္စာရှိစွာ ချစ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

Soe Pyae Thazin
Makeup & Hair - Ah Naw La Mu
Photo - Kan Su Ho
Floral - Lady Rose
Outfits - TBY Jeans

 

အချစ်အလာဂျီ


ကျွန်တော်ဖက်က ချစ်လိုက်တာနဲ့ ကံဆိုးသွားစေတယ်လို့ အချစ်နဲ့ဓာတ်မတည့်တတ်တဲ့ ဥာဏ်လင်းအောင်က သူ့ရဲ့အချစ်အကြောင်းတွေကို ဖွင့်ဟခဲ့တယ်။

ငယ်စဉ်က ထင်ခဲ့တဲ့ အချစ်ဆိုတာက...
ငယ်တုန်းက အချစ်စတွေ့တဲ့အချိန်တုန်းက တစ်သက်လုံးချစ်မယ်ပေါ့နော်။ ဒီတစ်ယောက်ကို၊ အဲဒီလိုပေါ့ ၇ နှစ်ကြာသွားတယ်။ ၇ နှစ်ကြာပြီးတော့ ကျွန်တော့်သူငယ်ချင်းနဲ့ ယူသွားတယ် ကောင်မလေးက။ အဲဒီ့ကနေပြီး ကျွန်တော်အချစ်ကို မယုံတော့ဘူး။

ပထမဆုံးကြုံခဲ့တဲ့ အချစ်ဆိုတာက...
အချစ်ရယ်လို့မဟုတ်ဘူး ဘယ်လိုပြောရမလဲ ဒီလိုပဲ သံယောဇဉ်ရယ်၊ အချိန်ကြာလာတာရယ် ဖြစ်သွားတာပေါ့။ ၇ နှစ်တုန်းက ဝေးနေတာလည်းပါတယ်။ 

ဉာဏ်လင်းအောင်အတွက် အချစ်ဆိုတာ...
ကျွန်တော်သိသလောက်တော့ အချစ်က ကျွန်တော့်အတွက် ကံမကောင်းဘူး။ အဲဒီ့တုန်းက အချစ်ဆိုတာက မတွေ့ရရင် မနေနိုင်တာ။ အဲ့လိုမျိုးပေါ့။ ဒါပေမယ့် သူကလည်း နိုင်ငံခြားမှာနေတာကြာ
တော့ long distance ဖြစ်သွားတာပေါ့။ ကျွန်တော်ကလည်း အပေါင်းအသင်းတွေနဲ့ပဲ နေတာများသွားတယ်။ အချစ်က သိပ်မသိလိုက်ဘူး။ သူများတွေလို  သမီးရည်းစားအချိန် သိပ်မရှိလိုက်ဘူး။ အဲဒီ့တုန်းက အသက် ၁၄ ကနေ ကြိုက်တာ ၂၁ အထိပေါ့။

ထပ်မံတွေ့ရှိတဲ့ အချစ်ဆိုတာက...
ဒုတိယတွေ့တဲ့အချစ်ဆိုတာက တကယ်ကြီး တည်ငြိမ်သွားပြီ ယူတော့မယ်ဆိုပြီး ဖြစ်ပြီးတော့မှ သူက ကျွန်တော့်ကို အညှိုးတွေနဲ့  မိသားစုကိစ္စတွေနဲ့ မထင်ထားဘူး ကျွန်တော့်ကို အညှိုးတွေနဲ့ ကြိုက်ခဲ့တာပေါ့။ တော်တော် ကံဆိုးပါတယ်။ နောက်ဆုံးတစ်ယောက်ကျတော့လည်း ပြဿနာပေါင်းစုံနဲ့ အမှန်တော့ ကျွန်တော်နဲ့မဆိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကပဲ ကားနဲ့လိုက်တိုက်တယ်တို့၊ ကျွန်တော်လုပ်လိုက်တယ်တို့ မနှစ်က တော်တော်ဂယက်ရိုက်သွားပါတယ်။

အချစ်ကို သတ်မှတ်ချင်တာက...
ပြဿနာတွေနဲ့ ကြုံရပြီး နောက်ဆုံးတစ် ယောက်မတိုင်ခင်ကပေါ့ အချစ်မရှိခင်က အပူမရှိဘူး။ တော်တော်ငြိမ်းချမ်းတာ။ တစ်ယောက်ထဲနေရတာ ဖုန်းဆက်တာတွေ၊ သ၀န်တိုရတာတွေ၊ စိတ်ပူရတာတွေမရှိဘူး။ တကယ်လည်း ပြန်ချစ်ရော အဲ့တာတွေက ပြန်ရောက်လာပြန်ရော။ ပူလာပြန်ရော။ သိသိကြီးနဲ့လည်း တိုးမိနေတယ်ပေါ့ အဲဒီ့လိုပြောရမှာပဲ။ အချစ်ဆိုတာ မရှိခင်ကတော့ တော်တော်ငြိမ်းချမ်းတယ်။

လက်ရှိအချိန်မှာ အချစ်ကို ခံစားပုံက...
အခုအချစ်ရေးကတော့ တစ်နှစ်ကျော်ပါပြီ။ ကျွန်တော်နဲ့ အသက်ကွာတယ်။ သူက ၂၀ ပဲရှိသေးတယ်။ အစ်ကိုလိုလည်း ဖြစ်နေတာပေါ့။ ဒီ အချစ်ကတော့ ဘေးလူတွေပြောတာတော့ ကျွန်တော် ငြိမ်သွားတယ်လို့ ပြောကြတယ်။ ပြဿနာ
လည်း ပေါင်းစုံတတ်ခဲ့တယ်။ သူများမိန်းမကို ကြိုက်တာလည်း မဟုတ်ပဲနဲ့ ကြာကူလီလို့တောင် အပြောခံရတယ်။ ဘ၀မှာ အမုန်းဆုံးစကားပဲ။ ကျွန်တော် သူငယ်ချင်းတွေရဲ့ ကောင်မလေးတွေကိုတောင် မျက်လုံးနဲ့စေ့စေ့မကြည့်ဖူးဘူး။ ဒါပေ 
မယ့် photo comment တွေကအစပေါ့ facebook မှာလည်း တော်တော် အပြောခံလိုက်ရတယ်။ ကျွန်တော်စိတ်ကုန်သွားတယ်။

အချစ်နဲ့ဘဝကို တည်ဆောက်တော့မလား...
အချစ်နဲ့ဘ၀ကို တည်ဆောက်တော့မလားဆိုတာက ပြောရခက်တယ်။ ကျွန်တော့်အရှေ့ မှာ က အကုန်ကွဲပြဲ၊ မထင်ထားတဲ့ သူတွေက ကွဲကြကွာကြပေါ့။ ကိုယ်ထင်ခဲ့တာက သူတို့ချစ်ကြတယ်ပေါ့။ ဒီလိုကြီးတွေ ဖြစ်ကုန်ကြတယ်ဆိုတော့ မယုံရဲတော့ဘူး။ ကိုယ်က နဂိုကတည်းမှ ကံမကောင်းပါဘူးဆိုမှ။ သူတို့တွေကိုကြည့်ပြီး ပိုဆိုးသွားတယ်။ ဒါကြောင့် လက်ထပ်ဖို့က လိုပါသေးတယ်။ နားလည်မှုတွေနဲ့ အချိန်တော်တော်ကြာကြာတည်ဆောက်ပါဦးမယ်။

အချစ်က ဘဝထဲကို ဝင်ရောက်လာမယ်ဆိုရင် တော့...
မိသားစုဘ၀ဆိုရင် ကျွန်တော်က ကလေး အရမ်းချစ်တတ်တယ်။ ကလေးတွေအများကြီးမွေးဖို့ စဉ်းစားထားပါတယ်။ အဖေက သင်္ဘောသားဆိုတော့ ကျွန်တော် ခုနှစ်လသားလောက်မှ အဖေက ပြန်ရောက်လာတာ။ အမေကလည်း ခပ်အေးအေးသမား၊ သူ့ဘာသာ ဘုရားရှိခိုးတယ်၊ နေတယ်။ အိမ်ထဲက အိမ်ပြင်သိပ်မထွက်ဘူး။ ကျွန်တော့်မှာ family life မှာ သိပ်မရှိဘူး။ ချစ်တာက ချစ်တယ်။ ကျွန်တော်က တစ်ယောက်ထဲသမားဆိုတော့။ နွေးနွေးထွေးထွေး မရှိသလိုဖြစ်နေတာ
ပေါ့။ အဒေါ်တွေဘာတွေကြည့်လိုက်ရင် သူတို့ မိဘနဲ့သားသမီးဆိုတာက သူငယ်ချင်းလိုပဲ ချစ်ချစ်ခင်ခင်နဲ့။ ကျွန်တော်တို့က စကားလည်းသိပ်မပြော ဘူး။ ကိစ္စရှိမှ တစ်ခွန်းနှစ်ခွန်းပဲ။ မိသားစုသုံးယောက်က တော်တော်ကြီးကို အေးပြီး အေးချမ်းနေတာပေါ့။ ဒီတော့ သိုက်သိုက်ဝန်းဝန်းနဲ့ နေချင်တယ်။

အချစ်ကို အတိအကျပိုင်ဆိုင်ခွင့်...
ဒါပေမယ့် လက်ထပ်ဖို့ကတော့ ဘယ်လိုပြောရမလဲ သူကလည်း အသက်အရမ်းငယ်သေးတော့ သူ့ဘက်ကိုစဉ်းစားရတယ်။ မိန်းကလေးတွေ က အသက် ၂၂ နှစ်လောက်စဉ်းစားကြတယ် ထင်တာပဲ။ ဒီတော့ ကိုယ့်ဘက်ကိုလည်း သေချာချင်
တယ်၊ သူ့ဘက်ကိုလည်းသေချာချင်တယ်။ ခုနကပြောခဲ့သလိုပေါ့ ကိုယ့်အရှေ့မှာကွဲကြကွာကြတာတွေရှိတော့ အဲဒီလိုမဖြစ်ချင်ဘူး။ ဒါကြောင့် လုံးဝ သေချာမှပဲ စဉ်းစားပါမယ်။ ဂီတပိုင်းကိုလည်း ကျွန်တော်လုပ်ချင်တာတွေရှိသေးတယ်၊ ကျွန်တော်လိုချင်တဲ့နေရာတစ်ခုကိုလည်း မရောက်သေးပါဘူး။ ကြိုးစားရဦးမယ်။ ဒါကြောင့် အိမ်ထောင်ပြုတယ်ဆိုတာတော့ လိုပါသေးတယ်။

၁၅၀၀ မဟုတ်တဲ့ အခြားသော အချစ်များစွာ...
ကိုယ့်ဘက်က ချစ်တဲ့အချစ်တွေကတော့ တကယ်ကံဆိုးပါတယ်။ သူငယ်ချင်း သီချင်းထဲက ကောင်မလေးဆိုလည်း ဖွင့်မပြောခဲ့ဖူး။ ဘယ်လို ပြောရမလဲ သူ့ကိုချစ်တဲ့ပုံစံက တစ်မျိုးပဲ။ ပြောမပြ  တတ်ဘူး။ သူကလည်း သိပါတယ်။ အမှန်အတိုင်း 
ပြောရရင် အခုချိန်ထိ အိမ်ထောင်တွေ ဘာတွေမကျသေးရင်တော့ ရင်ထဲမှာအမြဲရှိနေမှာပါ။ ဒါပေမယ့်  အိမ်ထောင်ကျသွားပြီ။ ကလေးတောင်ရနေပြီ ထင်ပါတယ်။ ကိုယ့်ကိုချစ်တဲ့ အချစ်တွေက မိဘဆိုလည်း လိုလေးသေးမရှိ ကျွန်တော်ကိုယ်တိုင် ဘာမှကိုလုပ်စရာမလိုအောင် ပြည့်စုံပါတယ်။ ပရိသတ်တွေကလည်း ချစ်ကြပါတယ်။ ပရိသတ်တွေကချစ်တဲ့အချစ်ဆိုလည်း ပြည့်စုံပါတယ်။ ကျွန်တော့်ဘက်က ချစ်ရင်သာ ကံဆိုးတာပါ။

Nyan Lin Aung
Photo - Thardu Ko Ko