Primary tabs

အခုလက်ရှိမှာ Single...

စကားလုံးတွေ၊ စာသားတွေက ထူးခြားတယ်… နားထောင်တဲ့ သူကို Heart ထိစေတယ်၊ အမြဲမပြတ် တွေးနေတယ်… စကားလုံးတိုင်းက သူ့အတွက်သူ အရင်ဆုံး ပြန်အံ့သြမိစေအောင် တွေးတယ်၊ ရေးတယ်……ထူးခြားတဲ့ အသံကို ပိုင်
ဆိုင်ထားတယ်… ပရိသတ်အချစ်တွေကို ပိုင်ဆိုင်ထားတယ်……အခုလက်ရှိမှာ Single ဖြစ်နေတယ်… မသေမချင်း ကြိုးစားသွားမယ်…G-Fatt…

G-Fatt နဲ့ လတ်တလောအနုပညာ
ဒုတိယခွေလုပ်နေတယ်။ ၂၀၁၇ထဲမှာ ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ ကျွန်တော့်စိတ်ခံစားချက်တွေ ထွက်လာခဲ့ရင်လည်း သင်္ကြန်မတိုင်ခင်လောက် ထွက်ဖြစ်မယ်၊ နောက်ကျမယ်ဆိုရင်တော့ သင်္ကြန်ကျော်မှပဲ ထွက်ဖြစ်ပါမယ်။ သီချင်းရေးတဲ့ ကျွန်တော့်စိတ်ခံစားချက်ပေါ်မူတည်ပြီး ဖြစ်မှာပါ။

ပထမခွေနဲ့ ဒုတိယခွေကြား အပြောင်းအလဲ
ဒုတိယခွေမှာတော့ အကြောင်းအရာပိုင်း ပိုများတယ်။ အရင် “ဂျင်”ခွေနဲ့တော့ တစ်ပုဒ်မှ တူမှာမဟုတ်ဘူး။  “ဂျင်”အခွေမှာတုန်းက ကျွန်တော်ကြိုက်တဲ့ပုံစံလေးတွေ ထည့်တယ်။ အခုခွေမှာတော့ ဘ၀ဆန်တဲ့အပိုင်းလေးတွေ ပါလာမှာပါ။ 
အကြောင်းအရာတွေ သေချာစဉ်းစားပြီး ရေးဖြစ်ပါတယ်။ ပထမခွေနဲ့ တစ်နှစ်ကျော်ခြားသွားတဲ့ အ ချိန်မှာ မြင်နေရတဲ့ပတ်ဝန်းကျင်တွေ ပြောင်းလဲသွား တာ၊ ကိုယ်ထင်ထားတဲ့လူတွေရဲ့ အကြောင်းတွေ၊ ကိုယ်မထင်ထားတဲ့ ရှုထောင့်တွေကနေ တုံ့ပြန်မှုတွေက ကိုယ့်မှာစိတ်ခံစားချက်တွေဖြစ်ပြီး လူတွေဆိုတာ ဒီလိုမျိုးတွေပါလားဆိုတာတွေ ပါလာတယ်။  စစ်သားတွေအကြောင်းပါလာတယ်။

သီချင်းရေးခြင်းနဲ့ စကားလုံးအနုပညာ
အဓိကက ကျွန်တော်ကတွေးနေဖြစ်တယ်။ လမ်းသွားရင်း၊ ရေချိုးရင်း ဘယ်လိုစကားလုံမျိုးတွေ ရေးမလဲဆိုတာတွေးနေဖြစ်တယ်။ သီချင်းတစ်ပုဒ်ရေးနေတဲ့အချိန်မှာ အဲဒီဇာတ်ကောင်နေရာကနေ ကိုယ်တိုင်ဝင်ခံစားပြီး တွေးရင်းရေးတယ်။ 
စကားလုံးပိုင်းတွေကျတော့ စာအုပ်တွေဖတ်တယ်။ ကိုယ့်ဥာဏ်ကွန့်မြူးရင် မြူးသလို တခြားမတူတဲ့  ရှုထောင့်ကနေစဉ်းစားပြီး ရေးဖြစ်တယ်။ အဖေအမြဲတမ်းပြောသလိုပဲ အနုပညာသမားဆိုတာ သူများ တွေးတာ၊ သိတာ၊ မြင်တာထက် ပိုတွေး၊ ပိုသိ၊ ပိုမြင်တတ်ရတယ်။ ကျွန်တော်အဲဒါကို အမြဲတမ်း ခေါင်းထဲမှာထည့်ထားတယ်။ သူများမတွေးတဲ့ ရှုထောင့်ကနေလှည့်ပြီးတွေးတယ်၊ စကားလုံးကို ကျွန်တော်ကိုယ်တိုင်ကြိုက်အောင်၊ ကိုယ့်ကိုယ်ကိုယ် ပြန်အံ့သြအောင် အရင်လုပ်တယ်။ စာသားရေးပြီးသွားလို့ အဲဒီအထဲမှာ အရမ်းကြိုက်တဲ့ စာသားရသွားရင် ကျွန်တော့်ဘာသာ ကျွန်တော် အရမ်းပျော်တယ်။ ရေးနေရင်းနဲ့ အဲဒီအလုံးထွက်လာရင် ကျွန်တော်အပျော်ဆုံးပဲ။ အဲဒီပီတိကဘာနဲ့မှ မလဲနိုင်ဘူး။ “လူတိုင်းအပေါ်ကို စာနာစိတ်မွေး နင်မုဒိတာထား နင့်ကိုထိုးမယ့်လက်ညှိုးအတွက် ငါအင်္ဂုလိမာလ”ဆိုတဲ့ ရေချိုးရင်းထွက်လိုက်တဲ့အလုံးက အရမ်းပျော်သွားတယ်။

G-Fatt ခရီးအစ
၂၀၀၇၊ ၂၀၀၈ လောက်မှာ သီချင်းတွေ စလုပ်ဖြစ်တယ်။ Underground မှာ နည်းနည်းကြာတယ်။ ပြီးတော့ ဂျင်ခွေ စထွက်တယ်။ ခွေမထွက်ခင်ကြားထဲမှာတော့ တခြားခွေတွေမှာ အတွဲသီချင်း တွေမှာ ပါဖြစ်တယ်။ ကိုယ်ပိုင် ခွေရယ်လို့ သီးသီးသန့်သန့် မထုတ်ဖြစ်ခဲ့ဘူး။ အဲဒီတုန်းကလုပ်ဖို့လည်း ပိုက်ဆံမရှိခဲ့ဘူး။ အဲဒီတော့ တစ်ပုဒ်ချင်းစီလုပ်ရင်းနဲ့ပဲသီချင်းတွေ များလာခဲ့တာ။ သီချင်းတွေနားထောင်ပြီး ရူးသွပ်နေခဲ့တာပဲရှိတာ၊ ကိုယ် တိုင်ဖန်တီးဖို့ဆိုတာ တော်တော်ဝေးခဲ့ပါတယ်။ ကိုယ်တိုင်ဖန်တီးဖြစ်တာကတော့ ကျွန်တော့်အစ်ကို တစ်ယောက်က သီချင်းလုပ်နေတယ်။ အဲဒီခေတ်က သူတို့ဆီသွားဖြစ်တယ်။ သူတို့ဆိုတဲ့ Show ပွဲ တွေ လိုက်နားထောင်ဖြစ်တယ်။ ကျွန်တော်၈တန်း၊ ၉တန်းလောက်မှာ သူတို့ဆီလိုက်သွား၊ သူတို့ Show ပွဲဆိုတာတွေလိုက်ကြည့်တယ်။ ကျွန်တော်ပထမဆုံးကြည့်ဖူးတဲ့ Show ပွဲက သုဝဏ္ဏစကိတ်ကွင်းမှာ လုပ်တဲ့ Hip Hop Crazy ဆိုတဲ့ပွဲဆို အရမ်း ကြိုက်တယ်။ ကိုရဲလေးတို့ ခေတ်ဖြစ်မယ်၊ ကျွန်တော်စင်အောက်မှာ ကွေးနေအောင်ကတာ။ ကျွန်တော့်အစ်ကိုရဲ့အဖွဲ့ဆီကို ဘတ်စ်ကားလေးစီးပြီး သွားလေ့လာတယ်။ သူတို့ကအများကြီးသင်ပေးတယ်။ နောက်ပိုင်း ကိုဝိုက်ဒီနဲ့တွေ့တယ်။ ကိုဝိုက်ဒီက တီးလုံးစတီးနေပြီ၊ သူ့ကတီးပေးတယ်။ ပထမတော့ ပိုက်ဆံနဲ့ဝယ်တယ်၊ နောက်ပိုင်းကျတော့ သူကကျွန်တော့်ဘ၀ရဲ့ အခက်အခဲကို နားလည်တော့ နောက်ပိုင်းပိုက်ဆံမယူဘူး။ အလကားတီးပေးတယ်။ ကျွန်တော်ကအကြွေးမှတ်ထားဆိုရင် မမှတ်ထားဘူး ယူသွားရတယ်ဆိုပြီးပေးတယ်။ သူ့စတူဒီယိုလေးမှာ ကျွန်တော်သီချင်းတွေစခဲ့ရတာပါ။ အစ်ကိုတွေက နောက်ပိုင်းဆက်မလုပ်ဖြစ်ကြတော့ဘူး၊ ကျွန်တော့်ကိုတော့ ဒီလောကထဲမှာ ဖြစ်စေချင်တယ်။ ကျွန်တော်လည်း ယောင်လည်ယောင်လည်နဲ့ ဆက်လုပ်ဖြစ်ခဲ့တာပါ။

သီချင်းရေး၊ ဆို၊ တီးခြင်း အစ
ကျွန်တော်က ငယ်ငယ်ကတည်းက ကိုယ်ရေးတာပဲ ကိုယ်ဆိုချင်တယ်။ သူများရေးတာကျတော့ အရမ်းကောင်းပေမဲ့ ကျွန်တော်မဆိုဖြစ်ဘူး။ အားမသန်ဘူး။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုပဲ။ အခုထိလည်း ကျွန်တော်ဆိုသမျှ သီချင်းအားလုံး ကျွန်တော်ကိုယ်တိုင်ပဲရေးတယ်။ နောက်ပိုင်းကျ တော့ တီးလုံးတွေလည်းလုပ်ဖြစ်တယ်။ ငယ်ငယ်ကဆို တီးလုံးတွေလည်း ရောင်းစားတယ်။ အဲဒီခေတ်က တီးလုံးဝယ်မယ်ဆိုရင် ၃သောင်းလောက်ပေး ရတယ်။ ဒါပေမဲ့ကျွန်တော့်အတွက် အဲဒီ ၃ 
သောင်းက အရမ်းခက်ခဲခဲ့တယ်။ အဲဒီတော့ ကျွန်တော်အင်တာနက်ဆိုင်ကို သွားတယ်၊ ပြီးတော့ vzo သုံးတဲ့နားကြပ်နဲ့ အင်တာနက်ဆိုင်က လူကိုပြောထားပြီး စက်နံပါတ်ဘယ်လောက်မှာ ဘာ Software ထည့်ပေးထားပါပေါ့။ အဲဒါနဲ့ နေ့
တိုင်း သွားတယ်။ ကျွန်တော့်အစ်ကိုဆီက မုန့်ဖိုးတောင်းပြီး ၁၀နာရီကို လေးထောင်နဲ့ Member ၀င်ပြီး အင်တာနက်ဆိုင် လူရှင်းတဲ့အချိန်ကိုသွား၊ အဲဒီနားကြပ်နဲ့ပဲ တီးလုံးတီးခဲ့တာ။

ဖြစ်ချင်တဲ့စိတ်က ဦးဆောင်ခဲ့တဲ့ G-Fatt
ကျွန်တော်က အားလုံးရှေ့မှာ မာကြောချင်ယောင်သာဆောင်တာ တကယ်က စိတ်ဓာတ်ကျလွယ်တဲ့သူတစ်ယောက်ပါ။ တကယ်တမ်းစိတ်ညစ်စရာတစ်ခုခုရှိတယ်ဆိုရင် အဲဒါကြီးကိုတွေးပြီး အိပ်မပျော်တာတို့၊ အဲဒီစိတ်ဆင်းရဲမှုနဲ့ တစ်နေ့တာ ဖြတ်သန်းနေတာတို့နဲ့ စိတ်မကောင်းဖြစ်နေတတ်တဲ့လူစားမျိုးပါ။ ဒါပေမဲ့ဒီလမ်းက ပိုကြမ်းတယ်၊ ကျွန်တော့်ကိုအများကြီး ပုံသွင်းပေးလိုက်သလိုပါပဲ။ အမြဲတမ်းပျော့ညံ့နေတတ်တဲ့ကောင်ကို သည်းခံတတ်အောင်၊ တစ်ခုခုဆို ထပေါက်ကွဲတတ်တဲ့ ကောင်ကို သည်းခံတတ်အောင်၊ မျိုသိပ်ထားတတ် အောင်၊ ဟန်ဆောင်တတ်အောင် သင်ပေးတာပါ။ သေချာတာကတော့ ငယ်ငယ်တုန်းကလောက်ကို မဖြူစင်တော့ဘူး။ ကိုယ်ခံစားရတာကို ခံစားရသလို ဖွင့်ပြလို့မရဘူး၊ လူကွယ်ရာမှာပဲ ခံစားနေရတာမျိုးတွေ ရှိလာတယ်။ ဒါပေမဲ့အရမ်းဖြစ်ချင်တဲ့စိတ်ကပဲ ကျွန်တော့်ကို ဦးဆောင်ပါတယ်၊ အခက်အခဲအားလုံးကိုကျော်ဖို့အတွက် သူကပဲ ကျွန်တော့်ကို တွန်းအားပေးပါတယ်။ ပြီးတော့ ကျွန်တော်ဖတ်တဲ့စာတွေက ကျွန်တော့်ရဲ့ဆရာတွေပါပဲ။ ကျွန်တော့်ကို လမ်းပြပေးတယ်။

ထူးခြားတဲ့အသံနဲ့ အားပေးတဲ့ပရိသတ်
ငယ်ငယ်တုန်းက ကျွန်တော့်အသံက ဒီ အသံမဟုတ်ဘူးထင်တယ်။ အသက်ကြီးတော့ အသံပြောင်းတဲ့အချိန်မှာ သီချင်းတွေ လိုက်လိုက်ေ အ်ာရင်းနဲ့ ပြောင်းသွားတာဖြစ်မယ်။ ၅တန်း၊  ၆တန်းလောက်မှာ အသံကတစ်မျိုး၊ အသံကောင်းတယ်ထင်တယ်။ အဖေက အိမ်မှာအဆိုတစ်လိုင်းဆိုတော့ အဖေနဲ့အတူ ကာရာအိုကေသွားဆိုလို့ လိုက်သွားရင် အဖေဆိုတဲ့မြန်မာသံစဉ်တွေ ကျွန်တော်ရတယ်။ တွံတေးသိန်းတန်သီချင်းတွေ အရမ်းကြိုက်တာ။ အဲဒါတွေဆိုတုန်းက ဒီလိုအသံမဟုတ်သေးဘူး။ ၉တန်းလောက်ရောက်မှ ဒီလိုအသံမျိုး ဖြစ်သွားတာလို့ ထင်တယ်။ ကျွန်တော်သီချင်း စလုပ်တုန်းကဆို အသံနဲ့ပတ်သက်ပြီး ဝေဖန်တဲ့သူတွေအများကြီးပဲ။ သီချင်းမဆိုပါနဲ့၊ တေးရေးပဲလုပ်၊ စာသားလေးတွေကောင်းတယ်ဆိုပြီးပြောတာ ကျွန်တော်ကလည်း အဲဒီအသံနဲ့ပဲ ဆိုချင်တာ။ အခုနောက်ပိုင်းဆို ပိုတောင် ဆိုးသေးတယ်၊ Melody တွေပါဆိုတာ။

သီချင်းပုံစံအပြောင်းအလဲ
အကြောင်းအရာ အပြောင်းအလဲလေးတွေပဲ ရှိပါတယ်။ အနုပညာကို ဘောင်မခတ်ချင်ဘူး။ ဘယ်လိုအကြောင်းအရာမျိုးကိုမဆို ကျွန်တော် ဆိုချင်ပါတယ်။

အောင်မြင်မှု
အောင်မြင်မှုဟာ အမြဲတမ်းမတည်တံ့ဘူး။ ကျွန်တော်စဉ်းစားမိတာ ရေထဲကို ရေစက်တစ်စက်ချလိုက်ရင် အဲဒီချလိုက်တဲ့ ရေက ပွက်သွားတယ်။ အဲဒီရေထဲကို နောက်တစ်စက် ထပ်မချနိုင်ရင် အဲဒီလူက အချိန်ကြာရင်ပျောက်သွားရော။ အဲဒီတော့ ကျွန်တော်တို့က အချိန်ပြည့်သွားနေရတယ်၊ ရပ်လို့မရဘူး။ အောင်မြင်တယ်ဆိုတာ ပရိသတ်ကနေရာတစ်ခု ပေးလိုက်တာ။ မင်းကြိုးစားခဲ့တာအားလုံးကို ငါတို့သိသွားပြီ၊ ငါတို့တွေ ကြိုက်သွားပြီဆိုပြီး နေရာတစ်ခုပေးလိုက်တာ။ အဲဒီ
နေရာမှာ ကျွန်တော်ကအရမ်းကျေနပ်ပြီး ငါ့ကိုကြိုက်ကြတယ်၊ အေးဆေးပဲဆိုပြီး နေလိုက်ရင် ကျွန်တော့်နေရာမှာ နောက်ထပ်တခြားတစ် ယောက်ကို ထပ်ပေးလိုက်ရမယ်။ အဲဒီတော့ ကျွန်တော့်အတွက်က မပြီးဆုံးသေးဘူး၊ အောင်မြင်ပြီလားဆိုရင်တော့ နေရာတစ်ခုရထားတယ်၊ အဲဒီနေရာတစ်ခုကို ဒီထက်ကြီးမားအောင် ချဲ့ထွင်ရမယ်။ ကျွန်တော်ဒီထက် ပိုပြီးအလုပ်တွေ အများကြီးလုပ်ရဦးမှာပါ။

အချစ်ရေး
အချစ်ရေးကတော့ အခု ကျွန်တော်တစ်ယောက်တည်းပါပဲ။ အဆင်မပြေမှုတွေက နှစ်ယောက်ကြားထဲမှာရှိတယ်၊ ဒါပေမဲ့ အဲဒီအဆင်မပြေမှုတွေက တစ်ယောက်ကသစ္စာဖောက်လို့တို့၊ သူကဖြူစင်ပါတယ်၊ ကလေးလိုပဲ အရာအားလုံး
လည်း နားလည်ပေးတယ်၊ ခွင့်လွှတ်ပေးတယ်။ မှားချင်မှား ကိုယ်ကသာ အမြဲမှားနေခဲ့တာ။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ညှိမရတဲ့ လူမှုရေးကိစ္စလေးတွေရှိတယ်။ အဲဒီကြားမှာ ကျွန်တော့်ရဲ့လောင်းရိပ်နဲ့ သူ့ကိုမဆက်စေချင်ဘူး။ သူလည်းပင်ပန်းတယ်။ ကျွန်တော်လည်း သူ့စိတ်နဲ့ အရာရာလိုက်ပြီး ချုပ်ချယ်နေရင်လည်း အဆင်မပြေဘူး။ တချို့အခက် အခဲတွေဆို တော်တော်ကိုညှိယူရတယ်။ နောက်ဆုံး ညှိယူလို့မရတဲ့အဆုံးမှာ တစ်ယောက်တစ်လမ်းစီလျှောက်ဖို့အတွက် ပြေပြေလည်လည် အေးအေးဆေးဆေး နားလည်မှုနဲ့ ကိုယ့်ဘ၀ကိုယ် ရှေ့ဆက်လျှောက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့နှစ်ယောက် လမ်းခွဲလိုက်ကြတာပါ။ တချို့တွေထင်နေသလို သူမကသစ္စာဖောက်သွားလို့တို့၊ ကျွန်တော်ကအောင်မြင်မှု အပေါ်မှာ သာယာသွားလို့တို့ မဟုတ်ပါဘူး။ အခုတော့ တစ်ယောက်တည်းပဲ နေနေပါတယ်။

ပရိသတ်အတွက်
ပရိသတ်တွေ အားလုံးပေးလာတဲ့ G-Fatt ဆိုတဲ့ နေရာလေးကို တည်တံ့အောင်ဆက်ပြီးတော့ ရေရှည်ခိုင်မြဲသွားအောင် ကျွန်တော်ဆက်ပြီး ကြိုးစားသွားပါမယ်။ ကျွန်တော့်ကိုလည်း ဒီလိုနေရာကို ပေးခဲ့တဲ့အတွက် အတိုင်းမသိကျေးဇူးအများကြီး တင်ပါတယ်။ ပရိသတ်အားလုံးကို အရမ်းလည်း ချစ်ပါတယ်။ ကျွန်တော့်ဒုတိယခွေထွက်မယ်၊ ပြီးရင်လည်း တခြားဆက်လုပ်မယ့် အနုပညာလုပ်ငန်းတွေအများကြီးကို မသေမချင်းကျွန်တော်ကြိုးစားသွားပါမယ်။ ကျွန်တော့်အနားမှာ အမြဲတမ်း ရှိနေပေးတဲ့ We Love အဖွဲ့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ အဝေးကြီးက လူတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော်ဒီဘ၀မှာ ဒီလိုအခြေအနေလေး ပိုင်ဆိုင်ခွင့်ရတဲ့အတွက်၊ ပိုင်ဆိုင်ခွင့်ရနိုင်တဲ့ အရာတွေအားလုံး၊ ပိုင်ဆိုင် ခွင့်ပေးခဲ့တဲ့ လူသားတွေအားလုံးကို ကျွန်တော်အမြဲ ကျေးဇူးတင်နေမှာပါ။

G-Fatt လက်ကိုင်ထားတဲ့ဆောင်ပုဒ်
လောလောဆယ် လက်ကိုင်ထားတဲ့ဆောင်ပုဒ်ကတော့ ကျွန်တော်အခွေထွက်ရမယ်၊ ၂၀၁၆ မှာ မှားခဲ့တဲ့အမှားလေးတွေ ပြင်ရမယ်၊ ကိုယ့်ဘာသာကိုယ်သိရမယ်၊ ပိုပြီးတော့ ရင့်ကျက်ရမယ်၊ စာဖတ်ချိန်တွေ ပိုပြီးတော့ တိုးသင့်တယ်လို့ ထင်တယ်၊ ဆေးလိပ်သောက်တတ်တဲ့ အကျင့်လေးတွေ ဖျောက်ရမယ်။

Photo - TharduKoKo