Primary tabs
ကိုယ်ရွေးချယ်ခဲ့တဲ့လုပ်ငန်းက ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့လုပ်ငန်းတစ်ခု
“ကိုယ်ရွေးချယ်ခဲ့တဲ့လုပ်ငန်းက ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့လုပ်ငန်းတစ်ခုလို့ပဲ မြင်မိပါတယ်။ ပန်းဆိုင်ဖွင့်ပြီး နောက်ပိုင်းမှာလည်း ပန်းလှူဖြစ်တဲ့ပွဲတွေရှိတယ်၊ စီးပွားရေးအပိုင်းက ကြည့်ရင်လည်းအဆင်ပြေတယ်။ နောက်ပြီး အမျိုးသမီးတစ်ယောက်အနေနဲ့ အလှဆင်တဲ့ လုပ်ငန်းတစ်ခုကို ဦးစီးရတာ ပိုပြီးအပ်စပ်တယ်လို့ ထင်ပါတယ်” လို့ ဆိုသူကတော့Lady Rose မှ မတင်တင်ဝင်း ဖြစ်ပါတယ်။ သူမရဲ့ ဖြတ်သန်းမှုများကတော့…
ရန်ကုန်ဇာတိပါပဲ။ မောင်နှမ (၆) ယောက်ရှိပါတယ်။ အဖေက ကိုယ်ပိုင်စီးပွားရေးလုပ်ပါတယ်။ ကုန်သည်မျိုးရိုးဆိုပါစို့။ အဲဒီတော့ ငယ်ငယ်ကတည်းက အဖေတွေ ဦးလေးတွေရဲ့ လုပ်ငန်းတွေနဲ့ ထိတွေ့ခဲ့ရတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက ၀န်ထမ်းလုပ်ဖို့ထက် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ကိုပဲ စိတ်ကူးရှိခဲ့တယ်။ 
အမေကတော့ အမြဲအနီးကပ်ဆုံးမပါတယ်။ သူတစ်ပါးအပေါ် မတရားနဲ့ နည်းလမ်းနဲ့ စီးပွားမရှာရဘူး၊ သူတစ်ပါးကို မလိမ်ရဘူး၊ သူတစ်ပါးစီးပွားကို ပျက်စီးအောင်မလုပ်ရဘူးလို့ အမြဲသင်ခဲ့တယ်။ အဖေကတော့ သားသမီးတွေကို အနီးကပ် သင်တာထက် စီးပွားကိုပဲ အချိန်ပေးလုပ်နေတာဖြစ်တဲ့အတွက် ကျွန်မတို့မောင်နှမတွေက အဖေ့ကို ကြည့်ပြီး နမူနာယူခဲ့ရတယ်။ ၁၉၉၁ မှာ အ.ထ.က (၂) ဗဟန်းကနေ ဆယ်တန်းအောင်ပြီး ၁၉၉၆ လောက်မှာ ရန်ကုန်တက္ကသိုလ်ကနေ ရုက္ခဗေဒ အထူးပြုနဲ့ သိပ္ပံဘွဲ့ရခဲ့ပါတယ်။ 
ဖြတ်သန်းမှု
အရင်ကတော့ အမျိုးသားမိသားစုဖွင့်ထားတဲ့ ဆောက်လုပ်ရေးပစ္စည်းဆိုင်မှာ ၀ိုင်းကူပြီး လုပ်ကိုင်ပေးခဲ့တယ်။ နောက်တော့ ကလေးတွေကို ပြုစုဖို့လိုတယ်ဆိုပြီး လုပ်နေတဲ့အလုပ်တွေအကုန် နားလိုက်တယ်။ အိမ်ထောင်ရှင်မအဖြစ် ဖြတ်
သန်းလိုက် သေးတယ်။ နောက်တော့ သမီးကြီး ဆယ်တန်းနှစ်ရောက်ပြီး ကလေးတွေ နည်းနည်းအရွယ်ရောက်လာတဲ့ အချိန်မှာ အလုပ်တွေ ပြန်လုပ်ဖြစ်ခဲ့တယ်။ 
Lady Rose ရဲ့အစ
အဓိကကတော့ တရုတ်ပြည်ကို အလည်သွားမိတာကနေ စခဲ့တာပါ။ အဲဒီ့မှာ တကယ့်ပန်းအစစ်တွေကို နှစ်ပေါင်းများစွာ အထားခံနိုင်အောင် Preserved လုပ်ပြီးသိမ်းလို့ရတဲ့ နည်းလမ်းကို လေ့လာမိသွားတယ်။ အဲဒါကို အရမ်းစိတ်ဝင်စားသွားပြီး မြန်မာနိုင်ငံကိုသွင်းပြီးရောင်းချမယ်လို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်လုပ်ကိုင်ဖြစ်ခဲ့တယ်။ ဒီလို နဲ့ ၂၀၁၂ မှာ သူငယ်ချင်း လေးယောက်ပေါင်းပြီး Lady Rose ဆိုတဲ့ နာမည်ဆိုင်စဖွင့်ခဲ့တယ်။
အရင်ဆုံးစခဲ့တာတော့ preserved flower နဲ့ပေါ့။ နောက်တော့ ဈေးကွက်လိုအပ်ချက်အရ ပန်းအစစ်တွေနဲ့ ဒီဇိုင်းလုပ်တာရော၊ ပန်းအတုတွေ သွင်းတာရော ဆက်တိုက်လုပ်ဖြစ်ခဲ့တဲ့အပြင် ၂၀၁၅ ထဲမှာ Always Balloons ကနေ လုပ်ငန်းကို 
လက်လွှဲယူခဲ့တယ်။ အခုအချိန်မှာ Lady Rose အောက်ကနေ Preserved Flower တွေရော၊ ပန်းအစစ်နဲ့ အလှဆင်တာရော၊ ပန်းအတုနဲ့ အလှဆင်တာအပြင် ဘောလုံးနဲ့ အလှဆင်တာတွေပါ ရနိုင်ပါတယ်။  ၂၀၁၅ ထဲမှာပဲ ဝေဇယန္တာ City Mart ထဲမှာ ဒုတိယဆိုင်ကို ထပ်ဖွင့်နိုင်ခဲ့တယ်။ 
ဘာကြောင့် ဒီလုပ်ငန်းကိုရွေးချယ်
ပထမဆုံးအနေနဲ့ဖြေရရင်တော့ ပန်းအစစ်တွေကို တာရှည်ခံအောင်လုပ်ပြီးထားတဲ့ နည်းပညာကိုစိတ်ဝင်စားတာကြောင့် လုပ်ဖြစ်ခဲ့တာပါ။ တရုတ်ကလုပ်တဲ့ပစ္စည်းဆိုပေမဲ့ အရည်အသွေးက ဂျပန်အထိ တင်ပို့နေရတဲ့အရည်အသွေးရှိတဲ့ ပစ္စည်းတွေပါ။ ဂျပန်မှာလည်း အရမ်းလူကြိုက်များ ပါတယ်။ ဈေးကလည်း မြင့်တယ်။ မြန်မာပြည်က လူတွေလည်း ဒီလိုပစ္စည်းလေးတွေကို သုံးရအောင်ဆိုတဲ့ စိတ်နဲ့ သွင်းဖြစ်ခဲ့တာပါ။ ကိုယ်သွင်းလာတဲ့ ပစ္စည်းက ကြည့်လိုက်တဲ့လူကို စိတ်ချမ်းသာမှု၊ စိတ်ကြည်နူးမှုကိုပေးနိုင်တဲ့ ပစ္စည်းဖြစ်တယ်။ လူတွေကို စိတ်ချမ်းသာမှုပေးနိုင်တာက ကိုယ်တွေအတွက် ဒါနတစ်ခုပဲလို့ ယုံကြည်လို့ ဒီလုပ်ငန်းကို ဒီအချိန်ထိ လုပ်ဖြစ်နေခဲ့ပါတယ်။ 
အခက်အခဲ
ဖြတ်သန်းလာတဲ့ လေးနှစ်ကျော်ကာလအတွင်းမှာ အရမ်းကြီး စိတ်ပင်ပန်း စိတ်ရှုပ်ရတဲ့ ကာလတွေကို မကြုံခဲ့ရဘူး။ ကိုယ့်လုပ်ငန်းက ၀န်ဆောင်မှုလုပ်ငန်းဖြစ်တယ်။ customer ကို ဘယ်လို စိတ်ချမ်းသာအောင်လုပ်ပေးရမလဲ၊ သူ့လိုအပ်ချက်ကို ကိုယ့်ဘက်က ဘယ်လိုဖြည့်ဆည်းပေးရမလဲဆိုတာကို အမြဲဦးစားပေးတယ်။ အဲဒီ့ စေတနာမှန်ခဲ့လို့ပဲ အခုနကပြောသလို ခက်ခက်ခဲခဲနဲ့ အရမ်းစိတ်ပင်ပန်းမှုတွေ မကြုံခဲ့ရသလား မပြောတတ်ဘူး။
အမှတ်တရ
အမှတ်တရအနေနဲ့ဆိုရင် ဆိုင်ဖွင့်ပြီး သိပ်မကြာခင်မှာပဲ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ နာရေးကို ပြင်ခွင့်ရခဲ့ပါတယ်။ နောက်တစ်ခုကတော့ သုဝဏ္ဏ မြို့ဦးစေတီကွင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်စည်းရုံးရေး လူထုထောက်ခံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောရာစင်မြင့်ကို နှင်းဆီပန်းပေါင်း တစ်သောင်းကျော်နဲ့ ပြင်ဆင်ပေးခွင့်ရခဲ့ပါတယ်။ ၂၀၁၇ နှစ်ဦးက ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၇ နှစ်ဦးတရား အလှူ 
ဓမ္မသဘင်မှာ တရားဟောမဏ္ဍပ်ကို (၅) ရက်တိုင်တိုင် ပန်းအလှဆင်ပေးခွင့်ရခဲ့တာလည်း ပီတိရတဲ့  အမှတ်တရတစ်ခုပါ။ 
စီမံခန့်ခွဲမှုနည်းလမ်းများ
ကျွန်မတို့ အခုလုပ်နေတဲ့လုပ်ငန်းကို (၁) အခမ်းအနား ပန်းအလှဆင်ခြင်းလုပ်ငန်း။ (၂) အခန်းတွင်းပန်းအလှဆင်ခြင်းလုပ်ငန်း။ (၃) ဘောလုံးနှင့် ပန်းအလှဆင်ခြင်းလုပ်ငန်းဆိုပြီး သုံးပိုင်းခွဲထားပါတယ်။ လက်ရှိမှာ ၀န်ထမ်း (၁၅)  ယောက်နဲ့ လည်ပတ်နေပြီး ဋ္ဌာန (၃) ခုကို ခေါင်းဆောင်များအောက်ကနေ အဆင့်ဆင့် ကွပ်ကဲကြီးကြပ် လုပ်ကိုင်နေပါတယ်။
ဟီးရိုးများ
ဘာသာရေးမှာဆိုရင်တော့ မင်းကွန်းဆရာတော်ဘုရားကြီးကို အင်မတန် လေးစားကြည်ညိုမိပါတယ်။ သက်တော်ကြီးချိန်အထိ ပရိယတ္တိ၊ ပဋိပတ္တိ စာတွေကို တစိုက်မတ်မတ်ရေးသား ဟောကြားတော်မူခဲ့တဲ့ ဆရာတော်ဘုရားကြီးပါ။ 
လူပုဂ္ဂိုလ်အနေနဲ့ဆိုရင်တော့ ကျွန်မစံပြထားရတဲ့ပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်ပါ။ သူ့ရဲ့ ယုံကြည်ချက်အပေါ်မှာ မယိမ်းယိုင်ဘဲ အခက်အခဲကြားကနေ ပန်းတိုင်ကို ရောက်အောင်သွားနိုင်တဲ့ စိတ်ဓာတ်ခိုင်မာမှုကြောင့် လေးစားမိတာပါ။
လုပ်ငန်းရှင်ဖြစ်ရခြင်းရဲ့ အားသာချက်နဲ့ အား နည်းချက်
အားသာချက်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာတယ်။ အိမ်ရှင်မဘ၀မှာပဲ နေစဉ်တုန်းကတော့ တစ်ခါတလေ စိတ်ဓာတ်ကျတာတွေ ရှိခဲ့တယ်။ အခုချိန်မှာကျတော့ ကိုယ့်အနားမှာရှိနေတဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့ ၀န်ထမ်းတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးထားနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ကျေနပ်ရတယ်။ အားနည်းချက်ဆိုရင်တော့ မိသားစုနဲ့ လူမှုရေးကိစ္စတွေကို အချိန်မပေးနိုင်တာတွေရှိလာတယ်။ 
၂၀၁၇ အတွက်လုပ်ငန်းအစီအစဉ်များ
၂၀၁၇ မှာ Lady Rose ရဲ့ တတိယမြောက်ဆိုင်ခွဲကို သစ္စာလမ်းမပေါ်မှာ ဖွင့်သွားဖို့ စီစဉ်နေပါတယ်။ အဲဒီ့ဆိုင်မှာပဲ မေလလောက်ကစပြီး ထိုင်းနိုင်ငံမှာရှိတဲ့ Universal Flower School ကနေ Franchise ယူပြီးတော့ ပန်းသင်တန်းဖွင့်သွားဖို့လည်း ရှိပါတယ်။ အောက်တိုဘာလထဲရောက်ရင် မန္တလေးမှာ ပန်းအလှဆင်ဆိုင်နဲ့ သင်တန်းကျောင်းကို ဆက်ဖွင့်သွားဖို့ လျာထားပါတယ်။ 
ပန်းသင်တန်းတွေက အမျိုးအစားတွေကတော့ အများကြီးခွဲထားပြီး ရက်တိုသင်တန်းတွေ ဖြစ်မှာပါ။ အခြေခံကနေစပြီးတော့ မင်္ဂလာဆောင်တွေ ပြင်နိုင်လောက်တဲ့အထိ၊ ဆိုင်ဖွင့်နိုင်လောက်တဲ့အထိ သင်ပေးသွားမှာပါ။ ဆိုင်ဖွင့်တဲ့အခါမှာလည်း လိုအပ်တဲ့ပစ္စည်းနဲ့ နည်းပညာကိုလည်း ထောက်ပံ့ပေးသွားမှာပါ။ ထိုင်းက ဆရာမတွေ ကိုယ်တိုင်လာသင်ပေးမယ့် သင်တန်းပါ။ ပြီးတော့ Universal Flower School ကလည်း သူတို့နိုင်ငံက ပညာရေးဝန်ကြီးဋ္ဌာနအောက်က သင်တန်းကျောင်း တစ်ကျောင်းဖြစ်ပါတယ်။ 
လူငယ်များသို့အကြံပြုချက်
စီးပွားရေးလုပ်ငန်းတစ်ခု စမယ်ဆိုရင် ကိုယ်တိုင်က ယုံကြည်ချက်ခိုင်ခိုင်မာမာရှိဖို့အရေးကြီးဆုံးပါ။ ကိုယ့်လုပ်ငန်းက သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေပေါ့နော်။ နောက်တစ်ခုအရေးကြီးတာက ရိုးသားမှုပါ။ အဲဒီ့ နှစ်ချက်ကို အရင်းခံပြီး တစိုက်မတ်မတ်ကြိုးစားမယ်ဆို မဖြစ်နိုင်စရာမရှိပါဘူး။ 
အောင်မြင်မှုသော့ချက်
မေးခွန်းကတော့ အရမ်းကို ကြီးကျယ်နေတယ်လို့ ခံစားရပါတယ်။ လုပ်ငန်းတစ်ခု အောင်မြင်တယ်ဆိုတာဟာ ကျွန်မအနေနဲ့ကတော့ ၀ါသနာကို ကံရယ်၊ ဉာဏ်ရယ်၊ ၀ီရိယရယ် ပေါင်းစပ်ပြီး အတ္တ၊ ပရ မျှမျှတတ လုပ်ကိုင်နိုင်ရင် လုပ်ငန်းအောင်မြင် ချောမွေ့အဆင်ပြေတယ်လို့ ယုံကြည်ထားပါတယ်။