Primary tabs

Celebrities & 2017 Plan

နှစ်တစ်နှစ်ရဲ့အစမှာ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ စိတ်သစ်၊ လူသစ်၊ အားသစ်၊ အင်သစ်နဲ့ဖြတ်သန်းနိုင်ခြင်းတွေက  တစ်နှစ်ပတ်လုံးအတွက်လည်း ခွန်အားတွေ ဖြစ်ပေါ်စေပါတယ်။ ဒီလိုပဲ၂၀၁၇ရဲ့ နှစ်တစ်နှစ်ကို အစပြုတဲ့ ဇန်န၀ါရီလလေးမှာလည်း စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်တွေနဲ့ ရှေ့ဆက်နိုင်ဖို့ ဆုတောင်းပေးရင်း ပရိသတ်ချစ်တဲ့ အနုပညာရှင်များရဲ့ ၂၀၁၇ မှာ လုပ်ဆောင်မယ့် အနုပညာလှုပ်ရှားမှုအသစ်တွေ၊ အတွေးအခေါ်အသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေနဲ့အတူ ၂၀၁၇နဲ့ အနုပညာရှင်များရဲ့ စကားသံများကို ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဟိန်းဝေယံ

၂၀၁၇ နဲ့ အနုပညာလှုပ်ရှားမှုများ
၂၀၁၇ မှာ အနုပညာနဲ့ပတ်သက်ပြီး လုပ်ချင်တာတွေကို လက်လှမ်းမီသလောက် လုပ်သွားပါမယ်။

၂၀၁၇ မှာ လုပ်ချင်တဲ့အပြောင်းအလဲများ
၂၀၁၇ မှာ လုပ်ချင်တဲ့အပြောင်းအလဲများကတော့ တကယ်လုပ်ဖြစ်ရင် ပရိသတ်ကိုရော စာနယ်ဇင်းဆရာ၊ ဆရာမများအားလုံးကိုပါ အသိပေးသွားမှာပါ။ 

၂၀၁၇ ရဲ့ စီးပွားရေး၊ လူမှုရေးလှုပ်ရှားမှုများ
အနုပညာကို အရင်ထက်အလေးအနက်ထား ပိုကြိုးစားသွားမယ်။ ပရဟိတနဲ့ အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက် လုပ်သွားမယ်။

၂၀၁၇ မှာ ဟိန်းဝေယံလက်ကိုင်ထားတဲ့ ဆောင်ပုဒ်
စိတ်၊ စေတနာကောင်းထား၍ ရိုးသားပါ၊ ကြိုးစားပါ။

၂၀၁၇ အတွက် ပြောချင်တဲ့စကား
၂၀၁၇ မှာ ၇ ရက်သားသမီးများအားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။

၂၀၁၆ မှာ ထားခဲ့ချင်တာတွေ
၂၀၁၆ မှာ အညံ့တွေ အကုန်ထားခဲ့ချင်ပါတယ်။

ခင်ဝင့်ဝါ
Photo- Kan Su Ho
Retouch- Kan Su Ho
Makeup& Hair- Hello (Ma Khaing၊ Ma Cho)
Designer- Ma Gyi& Ma Lay( Kool Fashion)

၂၀၁၇ နဲ့ အနုပညာလှုပ်ရှားမှုများ
၂၀၁၇ခုနှစ် ပထမဦးဆုံးလမှာ ရုပ်ရှင်ကားကြီးရိုက်ဖို့ ရှိပါတယ်။ အဲဒီမတိုင်ခင်မှာ ခရီးတွေသွားဖို့လည်း ရှိပါတယ်။ နယ်မှာရှိတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ Ve Ve Tour အဖွဲ့တစ်ခုအနေနဲ့ ကိုနေတိုး၊ ကိုမြင့်မြတ်တို့နဲ့ သွားဖို့ရှိပါတယ်။

၂၀၁၇ မှာ လုပ်ချင်တဲ့အပြောင်းအလဲများ
မနှစ်ကနဲ့မတူတဲ့ အပြောင်းအလဲတွေ လုပ်ချင်တယ်။ ရင့်ကျက်တဲ့ သူတစ်ယောက်ဖြစ်ချင်တယ်။ အရင်နဲ့မတူဘဲ ရင့်ကျက်တည်ငြိမ်ပြီး အကောင်းဘက်ကိုဆောင်တဲ့ ပြောင်းလဲခြင်းတွေနဲ့ ပြောင်းလဲချင်တယ်။

၂၀၁၇ ရဲ့ စီးပွားရေး၊ လူမှုရေးလှုပ်ရှားမှုများ
ပုံမှန်လုပ်နေကျ တစ်ပိုင်တစ်နိုင် ပရဟိတ လုပ်ဖြစ်ပါတယ်။ စီးပွားရေးကတော့ Plan ထားထားတာရှိနေပေမဲ့ အလုပ်တွေ၊ Trip တွေ ရှိနေသေးလို့ မလုပ်ဖြစ်သေးပါဘူး။ 

၂၀၁၇ မှာ ခင်ဝင့်ဝါလက်ကိုင်ထားတဲ့ ဆောင်ပုဒ်
“စေတနာကောင်းရင်ကံကောင်းမယ်”

၂၀၁၇ အတွက် ပြောချင်တဲ့စကား
လူတိုင်း နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ ဖြစ်ချင်တဲ့ဆန္ဒနဲ့လည်း ထပ်တူကျပါစေ။

၂၀၁၆ မှာ ထားခဲ့ချင်တာတွေ
ကိုယ့်မှာမကောင်းတဲ့ အားနည်းချက်တွေ ထားခဲ့ချင်တယ်။ စိတ်သစ်၊ လူသစ်နဲ့ အာရုံစူးစိုက်မှုမရတာတွေ၊ နားလည်လွယ်တာတွေ (တစ်ခါ တလေ)၊ အားနာတတ်တော့ ခံရတာတွေရှိတယ်။ အားနာတတ်တာ၊ သည်းခံတတ်တာတွေကို ထားခဲ့ချင်တယ်။

အောင်လ
Photo - Aung Zaw(Love Space)
Retouch - Nyi Nyi Hla Baw
Outfits - 00:55
Stylist - Swannie Dean

၂၀၁၇ နဲ့ အနုပညာလှုပ်ရှားမှုများ
ကျွန်တော့်ရဲ့ တတိယတစ်ကိုယ်တော်ခွေ ၂၀၁၇ ဇန်န၀ါရီလထဲမှာ ထွက်ဖို့ရှိပါတယ်။ ဖေဖော်ဝါရီလ ၄ရက်နေ့မှာ Idiots Band နဲ့ ကျွန်တော်တို့ Reason Band နဲ့ Show လုပ်ဖို့ရှိပါတယ်။ ကျွန်တော်ရယ်၊ Big Bag ရယ်၊ Idiots ရယ် Triangle Army ဆိုတဲ့ ခွေတစ်ခွေထုတ်ဖို့ရှိပါတယ်။ ပြီးတော့ Music Tour တွေရှိပါတယ်။ နောက်ပြီး Channel အသစ်တစ်ခုအတွက် သရဲလိုက်ဖမ်းတဲ့ Episode လေးကို Shutter Production နဲ့ ရိုက်နေတယ်။ သူကဘယ်လိုမျိုးလဲဆိုတော့ Frequency တိုင်းတဲ့စက်နဲ့ တကယ်သရဲတအားခြောက်တယ် ဆိုတဲ့နေရာတွေကို သွားရိုက်ထားတာ။ ကမ္ဘာမှာ  သတ်မှတ်ထားတာ ၂နာရီကနေ ၅နာရီက သရဲအခြောက်ဆုံးအချိန်တွေဆိုတော့ အဲဒီအချိန်တွေမှာ တကယ်သရဲခြောက်တဲ့နေရာတွေကို သွားရိုက်ထားတာ။ ပထမဆုံး Episode ကို လွိုင်ကော်က နာမည်ကြီးတဲ့ ကြပ်ဂူမှာ ညနေ ၆နာရီကနေ မနက်၅နာရီထိ တောက်လျှောက်သွားရိုက်ထားတယ်။ ကျွန်တော်တို့လေ့လာထားတာ သင်္ချိုင်းကုန်းက သရဲတွေက သိပ်ပါဝါမရှိဘူး၊ တကယ်သရဲခြောက်တယ်ဆိုတဲ့ အိမ်တွေ၊ ကျောင်းတွေက သရဲတွေက ပါဝါပိုမြင့်တယ်ဆိုပြီး စာတွေမှာ လိုက်ဖတ်ထားသ လောက် သိထားတယ်။ အဲဒါကြောင့် Frequency တိုင်းတဲ့ ကြိုးတွေနဲ့ တစ်အိမ်လုံးကို ပတ်ပတ်လည်တားပြီး လုပ်ရတယ်။ အဲဒီ Programme ကို အခု ရိုက်နေပါတယ်။

၂၀၁၇ မှာ လုပ်ချင်တဲ့အပြောင်းအလဲများ
စိတ်ဓာတ်ကိုတော့ အများကြီး တော်တော်ပြင်ဆင်ပါမယ်။ Band မှာလည်း Player ၂ယောက် အပြောင်းအလဲ ဖြစ်သွားတဲ့အတွက် Music ပုံစံ လည်း ပြောင်းလဲသွားပါမယ်။ Music ပုံစံကိုလည်း Rock ထဲမှာပဲ ရှေ့ ၂ခွေတုန်းက ပါတဲ့သီချင်းပုံစံမျိုး 
တွေမဟုတ်ဘဲ Jazz နဲ့ Rock နဲ့ ပေါင်းတာတို့၊ Blu နဲ့ Rock နဲ့ ပေါင်းတာတို့ အဲ့လိုမျိုးတွေ ပုံစံပြောင်းသွား ပါမယ်။ ကျွန်တော့်ရဲ့ Life Style လည်း ပြောင်းလဲသွားပါမယ်။ ကျွန်တော်က အရင်တုန်းကဆို Rocker သာဆိုတာ စိတ်ကပျော့တယ်၊ နူးညံ့တယ်ဆိုတော့ စိတ်ဓာတ်ကို မာအောင်နေဖို့ ပြောင်းလဲရမယ်။ အနုပညာသမားဆိုတာ စိတ်ဓာတ်မာအောင်လည်း နေရမယ်။ 

၂၀၁၇ ရဲ့ စီးပွားရေး၊ လူမှုရေးလှုပ်ရှားမှုများ
စီးပွားရေး၊ လူမှုရေးအနေနဲ့ ထွေထွေထူးထူးလှုပ်ရှားမှုမရှိပါဘူး။ အလှူလေးတွေကိုတော့  ကျွန်တော်ရတဲ့ အနုပညာကြေးကနေ ၁၀ပုံတစ်ပုံကို မိဘမဲ့ကလေးတွေ၊ တောမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ တကယ်လိုအပ်နေတဲ့နေရာလေးတွေမှာ အမြဲလှူဖြစ်သွားမှာပါ။

၂၀၁၇ မှာ အောင်လလက်ကိုင်ထားတဲ့ ဆောင်ပုဒ်
“I am me and I am free”

၂၀၁၇ အတွက် ပြောချင်တဲ့စကား
အနုပညာသမားဆိုတော့ အနုပညာအလုပ်ကိုပဲ ဆက်လုပ်ပြီး အသက်ရှင်သွားချင်ပါတယ်။

၂၀၁၆ မှာ ထားခဲ့ချင်တာတွေ
၂၀၁၆မှာ Memory တချို့၊ ကျွန်တော့်ခေါင်းထဲမှာ Delete လုပ်ချင်တဲ့ Memory တချို့ကို ထားခဲ့ချင်တယ်။ အသစ်တွေနဲ့ပဲ စချင်ပါတယ်။

Project K
၂၀၁၇ နဲ့ အနုပညာလှုပ်ရှားမှုများ
၂၀၁၇ ထဲမှာ ကျွန်တော်တို့ Project K က ထိုင်း ဒါရိုက်တာနဲ့ အမိုက်စား Dance Video တွေ ကို Bangkok ထိ သွားရောက်ရိုက်ကူးဖို့ စီစဉ်ထား
ပါတယ်။ ပြီးတော့ ပရိသတ်တွေအတွက် အမြင်အသစ်၊ ဖျော်ဖြေမှုအသစ်တွေ ရရှိဖို့ ကျွန်တော်တို့ Project K တစ်ခုပြီးတစ်ခု ကြိုးစားပြီး ချပြသွားမှာပါ။

၂၀၁၇ မှာ လုပ်ချင်းတဲ့အပြောင်းအလဲများ
လူအများစုက မဖြစ်နိုင်ဘူးလို့ထင်နေကြတဲ့ အယူအဆတွေကို ကျွန်တော်တို့ရဲ့ ကြိုစားအားထုတ်မှုတွေနဲ့ ပြောင်းလဲချင်ပါတယ်။

 

၂၀၁၇ ရဲ့ စီးပွားရေး၊ လူမှုရေးလှုပ်ရှားမှုများ
၂၀၁၇ မှာ Project K ရဲ့ စီးပွားရေးနဲ့  လူမှုရေး Plan ကို ပြောပြပါဆိုရင်တော့ Fan တွေအတွက် အမှတ်တရ item လေးတွေ လုပ်ဖို့ရှိပါတယ်။  ဥပမာ - ရင်ထိုး၊ ဦးထုပ်၊ စာအုပ်တို့ ပြီးတော့ ကျွန်တော်တို့လက်မှတ်ပါတဲ့ ဓာတ်ပုံလေးတွေကို Limited edition အနေနဲ့ ထုတ်သွားမှာပါ။ ဒီလို မျိုးလုပ်တာက ကျွန်တော်တို့ စီးပွားဖြစ်လုပ်တာ မဟုတ်ပါဘူး။ ရလာတဲ့ အကျိုးအမြတ်တွေကို Fan တွေနဲ့အတူ ပရဟိတလုပ်ငန်းတွေလုပ်မယ်၊ လူမှုရေးအကျိုးပြုအလုပ်တွေလုပ်မယ်၊ Fan Meeting ပွဲလေးတွေလုပ်ဖို့အတွက် အသုံးပြုသွားမှာပါ။

၂၀၁၇ မှာ Project K လက်ကိုင်ထားတဲ့ ဆောင်ပုဒ်
စိတ်ရင်း စေတနာထားရင် ကံကောင်းမယ်လို့ ယုံကြည်တဲ့အတွက် ပရိသတ်တွေကို စေတနာထားပြီး အကောင်းဆုံး ကြိုးစားဖျော်ဖြေသွားမှာပါ။

၂၀၁၇ အတွက် ပြောချင်တဲ့စကား
၂၀၁၇ မှာ ချစ်ရတဲ့ ပရိသတ်တွေအတွက် အမြဲတမ်းအသစ်အသစ်တွေဖြစ်အောင် ကျွန်တော်တို့ဘက်က အကောင်းဆုံးကြိုးစားနေကြပါတယ်။ ကျွန်တော်တို့ရဲ့ အနုပညာဖန်တီးမှုများ၊ ဖျော်ဖြေတင်ဆက်မှုများမှာ အကယ်၍ လိုအပ်ချက်များ၊ အမှားအယွင်းများ ရှိခဲ့လို့ရှိရင်လည်း နားလည် ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်ခင်ဗျာ...။

၂၀၁၆ မှာ ထားခဲ့ချင်တာတွေ
ကျွန်တော်တို့တွေက တစ်နှစ်ပြီးတစ်နှစ် အသက်တွေကြီးသွားကြမှာလေ။ အဲဒါကြောင့် ကုန်ဆုံးသွားတဲ့ နှစ်တွေတိုင်းမှာ နာမည်ကောင်း ဂုဏ်သတင်းကောင်းလေးတွေပဲ ကျန်ရစ်စေချင်တယ်။ ပြီးတော့ လျှောက်လှမ်းရမယ့် နှစ်သစ်တွေကိုလည်း အကောင်းဆုံး ကြိုးစားသွားရမှာပါ။

လွှမ်းပိုင်
Photo - Kan Su Ho(Black & White)
Retouch - Kan Su Ho(Black & White)

၂၀၁၇ နဲ့ အနုပညာလှုပ်ရှားမှုများ
၂၀၁၇မှာ သီချင်းတွေကို ပိုပြီးလုပ်ဖြစ်ပါမယ်။ ၂လပိုင်းမှာ ကျွန်တော့်တစ်ကိုယ်တော်ခွေ “ဂီတဗေဒ လွှမ်းပိုင်” ဆိုတဲ့ ခွေထွက်ပါမယ်။ ဂီတဗေဒဆိုတာက ဥပမာ- ဘာသာရပ်တွေမှာဆို ဇီဝဗေဒ၊ ဓာတုဗေဒဆိုတာရှိသလို ဂီတပညာရပ်မှာလည်း အဲဒီလိုလေးပေးဖြစ်တာပါ။ ခွေကိုလုပ်နေတာ တော်တော်ကြာပါပြီ။ အဲဒီခွေပြီးရင် ကျွန်တော့်ရဲ့ ပထမဆုံး One Man Show လုပ်ဖို့ စီစဉ်ထားပါတယ်။ ခု ဒီခွေထွက်ပြီးရင် ကျွန်တော့်မှာ ရှိုးအတွက် ဆိုစရာသီချင်းတွေ လုံလောက်သွားပြီ ဆိုတော့ ဒီခွေပြီးအောင်စောင့်နေတာပါ။ နှစ်လယ်ပိုင်းလောက်မှာ လုပ်ဖြစ်ပါမယ်။ ၂၀၁၇ ၁လပိုင်းမှာ ရုပ်ရှင်ကားကြီး ရိုက်ဖို့ရှိပါတယ်။ ဒီကားက ကျွန်တော်ရေးထားတဲ့ဇာတ်လမ်းကို ဒါရိုက်တာ ကိုဝင်းလွင်ထက်က ရိုက်တာပါ။ မင်းသမီးက ခင်ဝင့်ဝါနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေပဲ များပါတယ်။ အရဲစွန့်ထားတဲ့ကားလေးပါ၊ ပရိုဂျူဆာက ကျွန်တော်ရယ်၊ ကိုဝင်းလွင်ထက်ရယ်၊ Media 7 က ကိုရွှေမန်းရယ် ၃ယောက်ပေါင်းပြီး လုပ်ထားတာပါ။ ကိုယ်လုပ်ချင်တာတွေ လုပ်ထားတာ၊ ပရိသတ်တွေကြည့်တဲ့အခါကျရင် လက်ရှိပုံစံနဲ့မတူတဲ့အကြောင်းအရာကို ရိုက်ထားတယ်။

၂၀၁၇ မှာ လုပ်ချင်တဲ့အပြောင်းအလဲများ
ပထမဆုံး အပြောင်းအလဲတစ်ခုအနေနဲ့ “ဂီတဗေဒလွှမ်းပိုင်”ထဲက သီချင်းတော်တော်များများက ကျွန်တော် ထွက်လာခဲ့တဲ့ သီချင်းတွေနဲ့ တစ်ပုဒ်မှ ပုံစံမတူဘူး၊ ဒီလိုပုံစံမျိုးကို လက်ရှိအခြေ အနေမှာ ဘယ်သူမှမလုပ်သေးဘူး။ ကိုယ့်စိတ်ကိုယ်တော့ မပြောင်းလဲချင်ဘူး။

၂၀၁၇ ရဲ့ စီးပွားရေး၊ လူမှုရေးလှုပ်ရှားမှုများ
အနုပညာအလုပ်ကတော့ အသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့ လုပ်နေတာ အတူတူပါပဲ။ အခုလောလောဆယ်မှာတော့ တေးထုတ်လုပ်ရေးတစ်ခုလုပ်နေတယ်။ အခုလောလောဆယ်တော့ လူငယ် အဆိုတော်တွေကို ထုတ်လုပ်ပေးဖို့၊ တကယ်အရည်အချင်းရှိပြီး တကယ်လုပ်နိုင်တဲ့ လူငယ်တွေကို မွေးထုတ်ပေးဖို့ လုပ်နေပါတယ်။ စီးပွားရေးတစ်ခုတည်း သီးသန့်ချည်းတော့ မဟုတ်ပါဘူး။ ပရဟိတကို သီးသန့်မလုပ်ဖြစ်ပေမဲ့ တကယ်အရေးကြုံလာရင်တော့ ကူညီပေးဖို့အသင့်ပါပဲ။ 

၂၀၁၇ မှာ လွှမ်းပိုင်လက်ကိုင်ထားတဲ့ ဆောင်ပုဒ်
ဆောင်ပုဒ်ရယ်လို့မရှိပါဘူး။ အရင်ကတည်းက အကောင်းဆုံးလုပ်မယ်၊ အကောင်းဆုံးပေးဆပ်မယ်၊ အကောင်းဆုံးသီချင်းတွေကို ဖန်တီးမယ်အဲဒါကိုမှ ကြိုက်ရင်ဆက်သွားမယ်၊ မကြိုက်ရင် မသွားဘူး။ Do or Die ပဲ ကြိုက်တယ်။

၂၀၁၇ အတွက် ပြောချင်တဲ့စကား
၂၀၁၇မှာ ကိုယ့်ကိုယ်ကိုယ် သတိပေးတဲ့ သဘော ပြောချင်တာကတော့ အလုပ်ကို ဒီထက်ပို လုပ်ရင်ကောင်းမယ်။ ၂၀၁၆မှာ ကျွန်တော်သီချင်း ခွေတစ်ခွေထွက်တယ်၊ အဲဒီအခွေကို DVD  ရိုက်တယ်၊ ရုပ်ရှင်တွေရိုက်တယ်၊ ကျွန်တော်အဲဒါတွေနဲ့ပဲ ၂၀၁၆တစ်နှစ်လုံး အချိန်ကုန်နေခဲ့တယ်။ သီချင်းဆိုလို့ နှစ်ပုဒ်ပဲ ထွက်ဖြစ်တယ်။ အလုပ်ရှုပ်တာလည်းပါတယ်ဆိုပေမဲ့ အလုပ်ရှုပ်တာထက် ပိုပြီး အပျင်းကြီးတာလည်းပါတယ်။ အဲဒါကြောင့် ၂၀၁၇မှာ အဲဒီလိုမဖြစ်ဘဲ ကိုယ့် Plan ထဲဝင်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

၂၀၁၆ မှာ ထားခဲ့ချင်တာတွေ
၂၀၁၆မှာ အတွေ့အကြုံသစ်တွေလည်း အများကြီးပဲ။ အဆိုတော်တင်မဟုတ်ဘဲ ရုပ်ရှင်ကားကြီး ၃ကားလောက် ရိုက်ဖြစ်တယ်။ ပျော်စရာတွေအများကြီးနဲ့ ကျေနပ်ဖို့ကောင်းပါတယ်။ နည်းနည်းအပျင်းကြီးတဲ့ စိတ်လေးပဲ ထားခဲ့ချင်ပါတယ်။ ၂၀၁၆မှာ ထားခဲ့ချင်တာ သိပ်မရှိဘူး။ ယူစရာတွေပဲရှိပါတယ်။

ဝိုင်းစုခိုင်သိန်း
Makeup & Hair - May Oo
Outfits - Queen Collection
Photo - Aung Zaw(Love Space)
Retouch - Nyi Nyi Hla Baw
Stylist - Swannie Dean

၂၀၁၇ နဲ့ အနုပညာလှုပ်ရှားမှုများ
၂၀၁၇ မှာ အခုထွက်ထားတဲ့ “ဂါ” ခွေ MTV ရိုက်ဖို့ရှိပါတယ်။ ရှိုးပွဲတွေ ဆက်တိုက်ရှိပါတယ်။ Mini Album လေး လုပ်ဖို့စဉ်းစားထားပါတယ်။ လုပ်နေကျပုံစံမဟုတ်တာမျိုးကို ရွေးထားပါတယ်။ နှစ်ကုန်ပိုင်းမှာ One Lady Show လည်း လုပ်ဖို့ရှိပါတယ်။ 

၂၀၁၇ မှာ လုပ်ချင်တဲ့အပြောင်းအလဲများ
Mini Album ကိုတော့ လုပ်နေကျမဟုတ်တဲ့ အပြောင်းအလဲလေးလုပ်ဖြစ်မှာပါ။ စိတ်ကတော့ အသက်အရွယ် အပိုင်းအခြားအလိုက် ပြောင်းလဲနေတာဆိုတော့ ဘယ်ဟာတွေမှားတယ်၊ ဘယ်ဟာ   တွေမှန်တယ်ဆိုတာ ကိုယ့်ဘာသာကိုယ် ချင့်ချိန်သုံးသပ်ပြီးတော့ ဘာတွေပြောင်းလဲသင့်တယ်၊ ဘာတွေကောင်းတယ်၊ ဘာတွေမကောင်းဘူးဆိုတာကို ပြောင်းလဲရမှာပါ။

၂၀၁၇ ရဲ့ စီးပွားရေး၊ လူမှုရေးလှုပ်ရှားမှုများ
စီးပွားရေးကတော့ ၀ိုင်းစုလုပ်ချင်တာလေးတွေရှိတယ်၊ အကောင်အထည်တော့ မဖော်ဖြစ်သေးဘူး။ ဂီတဘက်ကို လစ်ဟင်းမှာစိုးတဲ့အတွက် တခြားစီးပွားရေးလုပ်ချင်တာလေးတွေရှိပေမဲ့ လောလောဆယ်တော့ မလုပ်ဖြစ်သေးပါဘူး။ ကိုယ်
လုပ်ချင်တဲ့စီးပွားရေးအတွက် စုံစမ်းထားတာလည်း တစ်နှစ်ကျော်ကျော်လောက်ရှိပြီ။ ကိုယ်တိုင်မဦးစီး နိုင်သေးတော့ မှားသွားမှာစိုးတဲ့အတွက် သေသေချာချာလေး ချိန်ဆပြီးတော့မှ လုပ်ချင်ပါတယ်။ လစဉ်ပရဟိတ အလှူကတော့ အမြဲလှူဖြစ်ပါတယ်။ မွေးနေ့လို အထိမ်းအမှတ်တစ်ခုခုအတွက်ဆိုရင်တော့ သီးသီးသန့်သန့်အလှူလေး လုပ်ဖြစ်ပါတယ်။

၂၀၁၇ အတွက် ပြောချင်တဲ့စကား
ဝိုင်းစုကိုချစ်တဲ့ ပရိသတ်ကြီးရော၊ ၀ိုင်းစုချစ်တဲ့ပရိသတ်ကြီးရော အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ လုပ်သမျှကိုင်သမျှတွေလည်း အစစအရာရာ အဆင်ပြေပါစေ။ ဘယ်အရာပဲဖြစ်ဖြစ် မတောင့်မတ၊ မကြောင့်မကျဘဲ လုပ်ချင်တာမှန်သမျှ ပြည့်ဝပါစေ။

၂၀၁၆ မှာ ထားခဲ့ချင်တာတွေ
၂၀၁၆ရယ်လို့မဟုတ်ဘူး၊ ၀ိုင်းစုမလိုချင်တဲ့ အရာတွေ၊ ၀ိုင်းစုမဖြစ်ချင်တဲ့အရာတွေ၊ မဖြစ်နိုင်တော့တဲ့အရာတွေ၊ အဆင်မပြေတော့တဲ့အရာတွေကို ဘယ်အရာမှ ခေါင်းထဲမထည့်တတ်ဘူး။ များသောအားဖြင့် လုပ်သင့်တယ်ထင်တဲ့အရာကို သေချာစဉ်းစားတယ်၊ တွေးတယ်၊ ချင့်ချိန်တယ်၊ လုပ်တယ်၊ ရှေ့မှာအကောင်းဆုံးဖြစ်အောင် ဘာဆက်လုပ်မလဲ တွေးတယ်။ အဲဒီနေရာမှာတင် အဆင်ပြေလား၊ မပြေဘူးလား ချင့်ချိန်တယ်၊ အဆင်မပြေဘူးဆို အဲဒီနေရာမှာပဲ လွှတ်ချခဲ့တယ်။ အဲဒီလွှတ်ချခဲ့တဲ့အရာတွေကို ဘယ်တော့မှ ပါမလာစေရဘူး။ တတ်နိုင်သမျှ အဆင်ပြေအောင် ညှိကြည့်တယ်၊ အဆင်မပြေဘူးဆိုရင်၊ ဆုံးဖြတ်ချက်ချပြီးသွားတယ်ဆိုရင်တော့ ဘယ်အရာမှ မယူဘူး၊ ထားခဲ့တယ်။ ဥပမာ- အလုပ်ဆိုရင်လည်း ဒီအလုပ်က ဆက်မလုပ်သင့်ဘူးထင်ရင် ဆက်မလုပ်ဘူး၊ အဲဒီနေရာမှာထားခဲ့တယ်၊ ပုံစံအသစ်တစ်ခုနဲ့ ဆက်လုပ်တယ်။ တခြား လူမှုရေး၊ စီးပွားရေး ဘယ်အရာပဲဖြစ်ဖြစ် အဲဒီအတိုင်းပါပဲ။ တကယ် လို့ မှားတယ်ဆိုရင်လည်း မှားတဲ့အတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေမလဲဆိုတာပဲ တွေးတယ်။ အနောက်ကဖြစ်ခဲ့တဲ့အရာတွေ အမှားဖြစ်ဖြစ်၊ အမှန်ဖြစ်ဖြစ် ပြန်ပြီး မတွေးတတ်ဘူး။

Shwe Htoo
Photo - Aung Zaw(Love Space)
Retouch - Nyi Nyi Hla Baw

၂၀၁၇ နဲ့ အနုပညာလှုပ်ရှားမှုများ
ကျွန်တော့်ရဲ့ “စိတ်ကူးယဉ်စာအုပ်” ဆိုတဲ့ MTV ကို ၂၀၁၇ခုနှစ် လဆန်းပိုင်းလောက်မှာ ထွက်နိုင်ဖို့အတွက် လုပ်နေပါတယ်။ ဒုတိယတစ်ကိုယ်တော်အယ်လ်ဘမ်အတွက်လည်း ပြင်ဆင်နေပါတယ်။ ကိုနေတိုး၊ မိုးစက်ဝိုင်တို့နဲ့ ရုပ်ရှင်ကားကြီးလည်း စရိုက်ပါမယ်။ နယ်မှာရှိုးတွေဆိုဖို့ ရှိသလို၊ သီချင်းအသစ်တွေလည်း ထပ်လုပ်ပါမယ်။

၂၀၁၇ မှာ လုပ်ချင်တဲ့အပြောင်းအလဲများ
ကျွန်တော်က စိတ်နည်းနည်းဆတ်တော့ အဲဒါလေးတွေ၊ ဒေါသတွေ လျော့ချင်ပါတယ်။ အပြောင်းအလဲတွေ အများကြီးရှိပါတယ်။ Music ပုံစံလေးတွေလည်း ပြောင်းလဲဖို့ရှိပါတယ်။ ကျွန်  တော့်ရဲ့ စိတ်ကူးယဉ်စာအုပ်ခွေထဲမှာဆို Pop ဆန်တဲ့ Music လေးတွေပါတယ်။ အခုနောက်ထွက်မယ့် ဒုတိယအယ်လ်ဘမ်ထဲမှာတော့ R & B, Hip Hop ပုံစံလေးတွေ ပြောင်းပြီးပါပါမယ်။ 

၂၀၁၇ မှာ ရွှေထူးလက်ကိုင်ထားတဲ့ ဆောင်ပုဒ်
အရင်တုန်းကတော့ လူငယ်လည်းဖြစ်တော့ အလုပ်ကိုလောဘကြီးပြီး လုပ်တယ်။ အခု ၂၀၁၇ မှာတော့ “ဖြေးဖြေးလျှောက်မယ်၊ ပုံမှန်အလုပ်လုပ်မယ်၊ စိတ်ချမ်းသာအောင်နေမယ်” အဲဒီဆောင်ပုဒ်အတိုင်း နေနေပါတယ်။

၂၀၁၇ အတွက် ပြောချင်တဲ့စကား
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတာ လူတိုင်းသိတဲ့ သဘောတရားပါ။ ဒုက္ခတွေ ကြုံလာရင် အတိတ်ဘ၀ကြောင့်လို့ပဲ တွေးပါ။ အကောင်းမြင်စိတ်မွေးပါ။

၂၀၁၆ မှာ ထားခဲ့ချင်တာတွေ
မဖြစ်လာသေးတဲ့၊ ဖြစ်မလာနိုင်တဲ့ အရာတွေကို ကြိုတင်တွေးပြီး ပူပင်တာတွေကို ထားခဲ့ချင်တယ်။ ၂၀၁၇မှာ လက်ရှိအခြေအနေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပါမယ်။