Primary tabs

(၂၁) ရာစုရဲ့ တီထွင်သူ Elon Musk

သူ့ရဲ့ ဂုဏ်ပုဒ်တွေက အများသားလား။ SpaceX ရဲ့ CEO နဲ့ CTO ၊ Tesla Motors ရဲ့ Chief Product Architect ၊ SolarCity ရဲ့ Chairman ၊ OpenAI ရဲ့ Co- Chairman ၊ Zip2 နဲ့PayPal ရဲ့ တွဲဖက်တည်ထောင်သူ။ ဒါ့အပြင် Hyperloop လို့ အမည်တွင်တဲ့ မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေးစနစ်ကို တီထွင်ရာမှာလည်း ပါဝင်ခဲ့သူ။ Elon Musk ဟာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို တီထွင်သူ၊ အင်ဂျင်နီယာတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ အာကာသယာဉ်တွေနဲ့ သမားရိုးကျမဟုတ်တဲ့ စွမ်းအင် နည်းပညာတွေကို အလွန်အမင်း စိတ်ဝင် စားသူတစ်ယောက်။

SolarCity ၊Tesla Motors နဲ့ SpaceX တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးနဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ဖို့ ဖြစ်တယ်လို့ အင်တာ ဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ သူ့ရည်ရွယ်ချက်တွေထဲမှာ ခံနိုင်စွမ်းရှိတဲ့ စွမ်းအင်တွေကိုထုတ် လုပ်သုံးစွဲခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာခြင်းကိုလျှော့ချနိုင်ဖို့နဲ့ ကမ္ဘာကြီးပျက်စီးပြီး လူသားမျိုးနွယ်ပျောက်သုဉ်းသွားမယ့် အရေးကိုကာကွယ်ဖို့ အင်္ဂါဂြိုလ်ပေါ်နယ်ချဲ့နေထိုင်နိုင်ဖို့ဆိုတာတွေ ပါဝင်ပါတယ်။

ငယ်ဘဝ
နာမည်အပြည့်အစုံက Elon Reeve Musk ။ တောင်အာဖရိကနိုင်ငံ၊ Pretoria မြို့မှာ ၁၉၇၁ ခုနှစ်၊ ဇွန် ၂၈ က မွေးဖွားခဲ့ပြီး မွေးချင်း (၃) ယောက်မှာ အကြီးဆုံး။ ဖခင်က အာဖရိကမှာမွေးတဲ့ ဗြိတိသျှလူမျိုး အင်ဂျင်နီယာ၊ မိခင်ကတော့ ကနေဒီယန်နဲ့ အင်္ဂလိပ်သွေးနှောထားတဲ့ အာဟာရဗေဒ ပညာရှင်။ တောင်အာဖရိကမှာပဲ ကြီးပြင်းခဲ့ပြီး အသက် (၉) နှစ်သားမှာ တစ်ကိုယ်ရေးသုံးကွန်ပျူတာတစ်လုံး ကိုယ်ပိုင်ရလာခဲ့တယ်။ ကွန်ပျူတာရရချင်းမှာ သူစိတ်အ၀င်စားဆုံးက Programming  ဖြစ်ပြီး ပရိုဂရမ်တစ်ခုဘယ်လိုရေးလဲဆိုတာ ကိုယ့်ဘာသာ ကိုယ်ပဲလေ့လာခဲ့တယ်။ အသက် (၁၂) နှစ်လည်းရောက်ရော၊ သူကိုယ်တိုင် စိတ်ကူးကွန့်မြူးပြီး ရေးထားတဲ့ ကွန်ပျူတာဂိမ်း Blaster ကိုရောင်းလို့ အမေရိကန်ဒေါ်လာ (၅၀၀) ရှာနိုင်ခဲ့တယ်။ 

သူ့ငယ်ဘ၀ရဲ့ မလှပတဲ့ အပိုင်းတွေကတော့ သူ (၉) နှစ်သားမှာ သူ့မိဘနှစ်ပါး ကွာရှင်းပြတ်စဲလိုက်ကြတဲ့အတွက် အိမ်ထောင်ကျိုးမှာ ကြီးပြင်းလာရတယ်။ ယောက်ျားလေးအုပ်စုတစ်စုက လှေခါးပေါ်ကတွန်းချပြီး သတိလစ်တဲ့အထိ ရိုက်နှက်အနိုင်ကျင့်ကြလို့ ဆေးရုံလည်းရောက်ဖူးတယ်။ မွေးရပ်မြေက ကျောင်းတစ်ကျောင်းမှာ အလယ်တန်းပြီးတဲ့နောက် အသက် (၁၈) နှစ်မတိုင်ခင်မှာ အမေရိကားကို ထွက်ဖို့လုပ်ခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒီလိုနဲ့ သူ့မိခင်ရဲ့ မွေးရပ်မြေ ကနေဒါကို ထွက်လာခဲ့တယ်။ 

တက္ကသိုလ်
အသက် (၁၉) နှစ်မှာ Ontario က Queen’s University မှာ ကျောင်းတက်ခွင့်ရခဲ့ပြီး အဲဒီ့မှာ (၂) နှစ် စာသင်ခဲ့တယ်။ ၁၉၉၂ မှာ University of Pennsylvania ကနေ ပညာသင်ဆုရတဲ့အတွက် သူ့နဂိုမူလအိပ်မက်ဖြစ်တဲ့ အမေရိကားကို ခြေချနိုင်ခဲ့ပြီး အသက် (၂၄) နှစ်မှာ အဲဒီ့တက္ကသိလ်ကနေ ဘွဲ့ (၂) ဘွဲ့ရခဲ့တယ်။ တစ်ခုက ရူပဗေဒ အထူးပြုတဲ့ သိပ္ပံဘွဲ့၊ နောက်တစ်ခုက ဘောဂဗေဒအထူးပြု တဲ့ သိပ္ပံဘွဲ့။ နောက်တော့ Standford University မှာ Ph.D ယူဖို့ ကယ်လီ ဖိုးနီးယားကို ပြောင်းခဲ့ပေမဲ့ သင်တန်း (၂) ရက်လောက်ပဲ တက်ဖြစ်ခဲ့တယ်။ အကြောင်းရင်းက စာဆက်သင်ဖို့ထက် လုပ်ငန်းတည်ထောင်ဖို့ ပိုအားသန်လာလို့ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ အမေရိကန် နိုင်ငံသားဖြစ်လာခဲ့တယ်။

Zip2 
Ph.D သင်တန်းတက်ဖို့ကိုစွန့်ပြီး ၁၉၉၅ မှာ ညီဖြစ်သူ Kimbal နဲ့ Zip2 အမည်ရ ဆော့ဖ်ဝဲကုမ္ပဏီကို သူတို့အဖေရဲ့ ပိုက်ဆံနဲ့ အရင်းအနှီးပြုလို့ တည်ထောင်ခဲ့ပါတယ်။ နေ့စဉ်ထုတ်သတင်းစာလောကအတွက် city guide အွန်လိုင်းဆော့ဖ်
ဝဲကို ပြုလုပ်ခဲ့ပြီး The New York Times  နဲ့ Chicago Tribune တို့လိုသတင်းစာကြီးတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၁၉၉၈ မှာ သတင်းစာပေါင်း ၁၆၀ ကျော်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး ၁၉၉၉ ဖေဖော်ဝါရီမှာ Compaq က Zip2 ကို အမေရိကန်ဒေါ်လာ (၃၀၇) သန်းနဲ့ ၀ယ်ယူခဲ့ပါတယ်။ 

X.com နဲ့ PayPal
Zip2 ကို ရောင်းလိုက်တဲ့အခါ Musk အတွက် ဝေစု အမေရိကန်ဒေါ်လာ (၂၂) သန်း ရလာတယ်။ အဲဒီ့ထဲက (၁၀) သန်းကို သုံးပြီး X.com ဆိုတဲ့ အွန်လိုင်းငွေပေးချေဝန်ဆောင်မှု လုပ်ငန်းကို တည်ထောင်ခဲ့တယ်။ (၁) နှစ်ကြာပြီးတဲ့နောက် Confinity နဲ့ ပေါင်းပြီး PayPal ဆိုတဲ့ ငွေလွှဲဝန်ဆောင်မှုကို စတင်ခဲ့တယ်။ ၂၀၀၂ အောက်တိုဘာမှာ PayPal ကို eBay က အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံ နဲ့ ၀ယ်ယူခဲ့တဲ့အတွက် သူ့ရှယ်ယာ (၁၁) ရာခိုင်နှုန်း- အမေရိကန်ဒေါ်လာ (၁၆၅) သန်း ရခဲ့တယ်။ 

SpaceX
၂၀၀၁ မှာ Musk တစ်ယောက် “Mars Oasis” (အင်္ဂါဂြိုလ်ပေါ်မှာ ကွန်းခိုရာ)လေး လုပ်မယ်ဆိုတဲ့ စိတ်ကူးစရခဲ့တယ်။ အဲဒီတော့ အင်္ဂါဂြိုလ်သွားဖို့ အာကာသယာဉ်လိုတာပေါ့။ ဒါကြောင့် သူ့အရင်းနှီးဆုံးမိတ်ဆွေတွေနဲ့ ရုရှားနိုင်ငံ၊ မော်စကို ကို ခြေဆန့်ခဲ့တယ်။ ဒါပေမဲ့ ရုရှားက အာကာသယာဉ် ကုမ္ပဏီတွေနဲ့ စကားပြောကြည့်တဲ့အခါ အာကာသယာဉ် ဒီဇိုင်နာတစ်ယောက် နဲ့ စကားတွေများပြီး အမေရိကားကို လက်ဗလာနဲ့ ပြန်လာခဲ့ကြတယ်။ ၂၀၀၂ မှာ ဒုတိယအကြိမ် ရုရှားကို သွားပြန်တယ်။ အာကာသဒုံးပျံတစ်စီးကို အမေရိကန်ဒေါ်လာ (၈) သန်း ကုန်ကျမယ်လို့ ပြောလိုက်တဲ့အခါမှာတော့Musk တစ်ယောက် ဒေါသတကြီး ဖြစ်သွားခဲ့တယ်။ ဒီကုန်ကျစရိတ်ဟာ သူ့အတွက်သိပ်ဈေးကြီးတယ် လို့ ခံစားရတယ်။ မော်စကို ကနေ အပြန်လမ်းမှာ သူသဘောပေါက်တာက သူလိုချင်တဲ့ အာကာသဒုံးပျံတွေ တည်ဆောက်ဖို့ ကုမ္ပဏီကို ကိုယ်တိုင်ထောင်လိုက်ဖို့ပဲ ဖြစ်တယ်။ သူလိုချင်တဲ့ အာကာသဒုံးပျံတစ်ခုဆောက်ဖို့ ကုန်ကြမ်းပစ္စည်းတန်ဖိုးဟာ ရုရှားကုမ္ပဏီက ပြောတဲ့ဈေးရဲ့ (၃)ရာခိုင်နှုန်း လောက်ပဲ ကုန်ကျမယ်ဆိုတာ Musk တွက်ချက်ပြီးသား။ 

ဒီလိုနဲ့ ၂၀၀၂ ဇွန်လ မှာ SpaceX ဆိုတဲ့ အာကာသယာဉ်ထုတ်လုပ်တဲ့ လုပ်ငန်းကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ နဲ့ စတင်တည်ထောင်ခဲ့တော့ တယ်။ SpaceX ဟာ ကမ္ဘာပေါ်မှာ အာကာသ ဒုံးပျံ မော်တာတွေ ထုတ်လုပ်တဲ့အကြီးဆုံးလုပ်ငန်းဖြစ်တဲ့အပြင် အာကာသ ဒုံးပျံ မော်တာတွေထဲမှာ thrust-to-weight ratio မှာလည်း အမြင့်ဆုံးစံချိန်ကို ယူထားနိုင်ပါတယ်။ ဒါ့အပြင် SpaceX က ထုတ်တဲ့ Merlin 1D အင်ဂျင်ဟာလည်း သူ့အလေးချိန်နဲ့ စာရင် ကမ္ဘာပေါ်မှာ အင်ဂျင်ပါဝါ အမြင့်ဆုံး အင်ဂျင်တွေဖြစ်ပြန်ပါတယ်။

Musk ရဲ့ ရည်ရွယ်ချက်က လူစီးနင်းမယ့် အာကာသယာဉ်တွေကို ဈေးနည်းနိုင်သလောက် နည်းအောင်လုပ်ပြီး ထုတ်လုပ်နိုင်ဖို့ပါ။ ၂၀၁၁ တုန်းက အင်တာဗျူးတစ်ခုမှာ လာမယ့် ၂၀၄၀ ခုနှစ်လောက်မှာ အင်္ဂါဂြိုလ်ပေါ် လူဦးရေ (၈) သောင်း 
လောက်နဲ့ နယ်ချဲ့နိုင်ဖို့ဟာ သူ့အိပ်မက်တစ်ခုဖြစ်ကြောင်းနဲ့ အင်္ဂါဂြိုလ်ရဲ့လေထုထဲမှာ အောက်စီဂျင်မရှိတဲ့အတွက် ဂြိုလ်ပေါ်မှာလုပ်ရမယ့် ပို့ဆောင်ရေးလုပ်ငန်းအားလုံးဟာ လျှပ်စစ်ကိုသာ သုံးရမှာဖြစ်ကြောင်း (ဒါကြောင့်လျှပ်စစ်ကားတို့၊ လျှပ်စစ် ယာဉ်တို့ကို တီထွင်ခဲ့ပုံပေါ်ပါတယ်) ဖြေကြားခဲ့ဖူးပါတယ်။

Tesla Motors
Tesla Motors ဟာ ၂၀၀၃ ကတည်းက Martin Eberhard နဲ့ Marc Tarpenning တို့ စတင်ခဲ့တဲ့လုပ်ငန်းတစ်ခုပါ။ ၂၀၀၄ မှာ လုပ်ငန်းထဲကို အရင်းအနှီးထည့်ပြီး Tesla Motors ရဲ့ ဥက္ကဋ္ဌဖြစ်လာခဲ့တယ်။ ၂၀၀၈ ငွေကြေးအကျပ်အတည်း ဖြစ်ပြီး နောက်ပိုင်းမှာ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် နဲ့ Chief Product Architect  အဖြစ် စတင်တာဝန်ယူခဲ့တယ်။ Tesla Motors ရဲ့ ပထမဆုံးသော လျှပ်စစ်ကား Tesla Roadster ကို ၂၀၀၈ မှာ စတင်ထုတ်လုပ်နိုင်ခဲ့ပြီး၊ ကမ္ဘာအနှံ့က (၃၁) နိုင်ငံကို အစီးရေ (၂၅၀၀) ရောင်းချနိုင်ခဲ့တယ်။

၂၀၁၂ ဇွန်လမှာ Tesla ရဲ့ Model S ကို ထုတ်လုပ်နိုင်ခဲ့တယ်။ Model S မိတ်ဆက်ပွဲမှာ Musk က နောက်လာမယ့် နှစ် (၂၀) မှာ ကမ္ဘာပေါ်မှာ အသုံးပြုမယ့် ယာဉ်တွေရဲ့ တ၀က်ကျော်ကျော်ဟာ လျှပ်စစ်ကို အသုံးပြုရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ စတင်မိတ်ဆက်ပြီး တစ်နှစ်အတွင်းမှာ အစီးရေ (၁) သောင်းကျော်ရောင်းချနိုင်ခဲ့ပြန်ပါတယ်။ 

၂၀၁၄ အောက်တိုဘာမှာ Tesla Motors ရဲ့ Model S 85D နဲ့ P85D ကိုမိတ်ဆက်နိုင်ခဲ့တယ်။ S P85D မှာ မြင်းကောင်ရေ အား (၆၉၁) ပါဝင်ပြီး (၃.၂) စက္ကန့်အတွင်း တစ်နာရီ မိုင် (၆၀)နှုန်းကိုရနိုင်ပါတယ်။ သူ့မှာ အလိုလျောက်မောင်းနှင်နိုင်တဲ့ စနစ်ပါဝင်ပြီး ကင်မရာ၊ ရေဒါ နဲ့ အာရုံခံကိရိယာများ ပါဝင်တာကြောင့် သွားမယ့်လမ်းဘေးဝဲယာကို သိနိုင်ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့်လည်း Model S ဟာ စတင်ထုတ်လုပ်တဲ့ ၂၀၀၂ ကစလို့ ၂၀၀၄ အထိ (၂) နှစ်ဆက်တိုက် ကမ္ဘာ့ အကောင်းဆုံးကား အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၁၅ မှာ Model X ကို မိတ်ဆက်ခဲ့ပါတယ်။

Tesla Motors ဟာ သူ့ကိုယ်ပိုင်အမှတ် တံဆိပ်ကားတွေထုတ်လုပ်သလို လျှပ်စစ် powertrain စနစ်တွေကိုလည်း ဂျာမန်ကားထုတ်လုပ်ရေး လုပ်ငန်း Daimler နဲ့ ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်း Toyota တို့ကို ရောင်းချပါသေးတယ်။ ဒီလို လျှပ်စစ် powertrain စနစ်တွေကို အခြားကားလုပ်ငန်းတွေကို ရောင်းချပေးခြင်းဖြင့် လျှပ်စစ်ကားတွေဟာ လူတိုင်း တတ်နိုင်လောက်တဲ့ဈေးနှုန်းနဲ့ ဈေးကွက်ထဲကိုရောက်လာနိုင်ခဲ့ပါတယ်။

လျှပ်စစ်ကားတွေကို တွင်တွင်ကျယ်ကျယ်သုံးလာနိုင်ဖို့ လျှပ်စစ်အားပြန်သွင်းနိုင်တဲ့ supercharger stations တွေကို အမေရိကန် အရှေ့ကမ်းရိုးတန်းကနေ အနောက်ကမ်းရိုးတန်းအထိ၊ ကနေဒါ အပါအ၀င် မြောက်အမေရိကတိုက် တစ်ခွင်လုံး တစ်ဟုန်ထိုးစီစဉ်သွားဖို့ ရှိနေပါတယ်လို့ ၂၀၁၃ အတွင်းက သူနဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခု မှာ ဖြေကြားထားပါတယ်။ 

SolarCity
SolarCity ဟာ နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းပြီး ၀န်ဆောင်မှုပေးနေတဲ့ အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကားမှာ အဲဒီ့စွမ်းအင်ကို ဒုတိယအကြီးဆုံး ပံ့ပိုးပေးနိုင်တဲ့လုပ်ငန်းဖြစ်ပါတယ်။ ဒီလုပ်ငန်းကို သူ့ရဲ့ 
ဝမ်းကွဲညီအစ်တွေဖြစ်တဲ့ Lyndon ၊ Peter Rive တို့နဲ့ပေါင်းပြီး ၂၀၀၆ မှာ ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။ အခုအချိန်ထိလည်း အဲဒီ့လုပ်ငန်းမှာ ရှယ်ယာအများဆုံးပါဝင်ပြီး SolarCity ရဲ့ ဥက္ကဋ္ဌ ရာထူးကို ယူထားပါတယ်။ SolarCity နဲ့ Tesla 
တို့ကို မ တည်ရင်းနှီးရတဲ့ အန္တိမ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီး ပူနွေးလာခြင်းကို အပြတ်တိုက် ထုတ်ပစ်ဖို့ ဖြစ်တယ်လို့ အမြဲဖြေကြားလေ့ရှိပါတယ်။

Hyperloop
၂၀၁၃ သြဂုတ်လမှာ မြန်နှုန်းမြင့်သယ်ယူ ပို့ဆောင်ရေးစနစ်တစ်ခုကို ချပြခဲ့ပါတယ်။ သူက လေကိုဖိသိပ်ထားပြီး အဲဒီ့ကရလာတဲ့ ဖိအားကို သုံးပြီး ပိုက်လိုင်းအတွင်းမှာ အလုံပိတ်ထားတဲ့ ယာဉ်ငယ်လေးနဲ့ စီးနင်းလိုက်ပါပြီး လိုရာကို ပို့ဆောင်ပေးမယ့်စနစ်တစ်ခုပါ။ အမြန်နှုန်းကတော့ လေကြောင်းနဲ့သွားသကဲ့သို့ မြန်ဆန်မှာဖြစ်ပါတယ်။ အဲဒီ့စနစ်ကို အသုံးပြုနိုင်တဲ့အခါမှာလည်း အခြားသော ပို့ဆောင်ရေးစနစ်များထက် သက်သာတဲ့ဈေးနှုန်းနဲ့ ဖြစ်စေဖို့ ရည်ရွယ်တည်ဆောက်နေပါတယ်။

ပုဂ္ဂိလ်ရေးရာ
Musk ဟာ သူ့ရဲ့ပထမ ဇနီးဖြစ်တဲ့ Justine Wilson နဲ့  Queen's University မှာ စာသင်ရင်းဆုံ တွေ့ခဲ့ကြပြီး ၂၀၀၀ ခုနှစ် မှာ လက်ထပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ သားဦးလေးဖြစ်တဲ့ Nevada Alexander Musk မှာ မွေးပြီး (၁၀) ပတ်အကြာမှာ ဆုံးပါးသွားခဲ့ပါတယ်။ နောက်တော့ ဖန်ပြွန်သန္ဓေစနစ်နဲ့ သား အမြွာပူးကို ၂၀၀၄ မှာ တစ်ခါ၊ သား သုံးမြွာပူး ကို ၂၀၀၆ မှာ တစ်ခါ ယူခဲ့တဲ့အတွက် သူတို့ နှစ်ယောက်မှာ ဖန်ပြွန်သန္ဓေကနေ သား (၅) ယောက်ရခဲ့ပါတယ်။ ၂၀၀၈ မှာ သူတို့ နှစ်ယောက် ကွာရှင်းခဲ့ကြပြီး သား (၅) ယောက်အတွက် ထိန်းသိမ်းစောင့်ရှောက်ခွင့်ကို မိဘနှစ်ယောက်မျှယူခဲ့ကြပါတယ်။ ပထမဇနီးနဲ့ ကွာရှင်းပြီးနောက် ဗြိတိသျှသရုပ်ဆောင် Talulah Riley နဲ့ တွဲခဲ့ပြီး ၂၀၁၀ မှာ လက် ထပ်ခဲ့ကြပါတယ်။ ၂၀၁၂ မှာ ကွာရှင်းခဲ့ပြီး ၂၀၁၃ ရောက်တော့ ပြန်လက်ထပ်ကြပြန်ပါတယ်။ ၂၀၁၄ ရောက်တော့ ဒုတိယဇနီးဆီက ကွာရှင်းခွင့် တောင်းခံခဲ့ရပြီး ၂၀၁၆ မှာတော့ အပြီးသတ် ကွာရှင်းခဲ့ကြပါတယ်။