Primary tabs

အစွန်းနှစ်ဖက်မှာ ရှိတယ်... ဟန်မဆောင်တတ်ဘူး

“ကျွန်တော်က အစွန်းနှစ်ဖက်မှာရှိတယ်။ အလယ်မှာမရှိဘူး။ ဟန်မဆောင်တတ်ဘူး။ ပြတ်သားရင်လည်း လုံးဝလှည့်မကြည့်ဘူး။ သရုပ်ဆောင်ဖြစ်ပြီး ဟန်မဆောင်တတ်တဲ့အထဲမှာပါတယ်”လို့ ရင်ဖွင့်စကားတို့နဲ့ ဆိုလာတဲ့သူ၊ ပရိသတ် 
သတိမထားမိသေးတဲ့ အချိန်ကစ ပရိသတ်အားပေးမှုကြောင့် နေရာတစ်နေရာမှာ ရောက်ရှိအောင်မြင်နေတဲ့သူ... ဇေရဲထက်ရဲ့ အနုပညာ၊ ဇေရဲထက်ရဲ့ ခံယူချက်၊ ဇေရဲထက်ရဲ့ ခံစားမှုအကြောင်းအရာတို့ကို ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါ တယ်။

ဇေရဲထက်နဲ့ ဖက်ရှင်
အခု မြန်မာပြည်သိန်းတန်နဲ့ ကျွန်တော်နဲ့ “ဖက်ရှင်” ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်နေပါတယ်။ ဒါရိုက်တာ ဦးကျော်ဇောလင်းရိုက်တာ။ အဲဒီကားလေးက Facebook မှာလူလည်း တော်တော်သိနေပြီ။ တခြားကားတွေနဲ့မတူပဲ အဝတ်အစားတွေ ဝတ်ရတာ။ ဦးသိန်းတန်ရဲ့ ဖက်ရှင်တွေအတိုင်း ဝတ်ရတာ။ တခြားကားတွေထက် တော်တော်လည်းအကုန်အကျများတဲ့ကားပါ။ အဲဒီကားက ပရိုဂျူဆာတွေကမ်းလှမ်းတာ ကျွန်တော်နဲ့လည်း လိုက်တယ်ဆိုပြီးတော့ ဒီကားလေးက ဟာသလည်း 
ဟာသ၊ ဒရမ်မာလည်းဖြစ်တယ်၊ အစုံပါတဲ့ ကားမျိုးလေးဖြစ်တယ်၊ ကျွန်တော်ကိုယ်တိုင်လည်း ဦးသိန်းတန်ကို လေးစားအားကျခဲ့ရတဲ့အတွက် ဒီကားလေးကို လက်ခံဖြစ်ခဲ့တာပါ။ တကယ်တွဲပြီး သရုပ်ဆောင်ရတဲ့အချိန်မှာလည်း သူ့ရဲ့အရည်အချင်း တွေ၊ သူ့ရဲ့အနုပညာအပေါ် ရူးသွပ်တာတွေ တွေ့လိုက်ရတဲ့အတွက် ကိုယ့်အနုပညာရူးသွပ်တာတောင် သူ့လောက်မရူးသွပ်ဘူးဆိုတာ သိလိုက်ရတယ်။ ဒီကားမှာက ကျွန်တော်က ဦးသိန်းတန်ရဲ့ ဖက်ရှင်အတိုင်းဝတ်ပြီးတော့ မိဘစကား နားထောင်တဲ့ သားတစ်ယောက်နေရာက သရုပ်ဆောင်ရတယ်။ ဒီကားက ဖက်ရှင်ကိုအဓိကထားပြီး ရိုက်တဲ့ ကား၊ မိဘစကားနားထောင်တဲ့ သားတစ်ယောက်၊ ချစ်သူနဲ့မိဘကြားဗျာများရတဲ့ လူငယ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ 

Bad Boys ဇာတ်ကား
ဒီကားမှာ ကျွန်တော်၊ အောင်လေး၊ ပိုင်တံခွန်၊ လင်းအောင်ခေတ်၊ မင်းဇေ၊ သုတ၊ မကြီး စိုး(စိုးမြတ်သူဇာ)၊ ပက်ထရစ်ရှာ၊ ခင်လှိုင်၊ ဒိန်းဒေါင်တို့ပါတယ်။

လျှောက်လှမ်းခဲ့တဲ့ခရီး
လူသိလာတာတော့ ၂နှစ်၊ ၃နှစ်လောက်ရှိပါပြီ။ ကြိုးစားခဲ့ရတာကတော့ ဆယ်နှစ်နီးပါးရှိလာပါပြီ။ ဇာတ်ကားပေါင်း ၁ဝဝနီးပါး ရှိပါပြီ။ ကျွန်တော့်အနေနဲ့ ကာရိုက်တာတစ်ခုရပြီဆိုရင် ကိုယ်လက်ခံထားတဲ့ ကာရိုက်တာအပေါ်မှာ စီးမြောတယ်၊ အဝတ်အစားကအစ၊ မျက်နှာ၊ မိတ်ကပ်၊ ဆံပင်အကုန်လုံးကို အကောင်းဆုံး ကြိုးစားပြီးလုပ်တယ်။ ဆယ်ကျော်သက်ကား၊ အိမ်ထောင်ရေးကား၊ အခြောက်ကား စသဖြင့် ကားတိုင်းမှာ ကာရိုက်တာ တွေ၊ Flow အတက်အကျတွေ အားလုံးကို အသေးစိတ်ပြင်ဆင်ပါတယ်။ 

ကိုယ့်ကိုယ်ကိုကျေနပ်တယ်
သရုပ်ဆောင်ခဲ့ရတဲ့ ကျွန်တော့်အနုပညာသက်တိုင်းတစ်လျှောက်မှာ ကိုယ့်ကိုယ်ကို ကျေနပ်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်ဘာသရုပ်ဆောင်သင်တန်းမှမတက်ဘူး၊ သရုပ်ဆောင် အတွေ့အကြုံတွေကို စီနီယာတွေဆီက လေ့လာသင်ယူတယ်၊ ကျွန်တော့်ရဲ့ဆရာတွေ ကင်မရာမန်းက အစ၊ မှန်ထိုး၊ မီးထိုးဆီက ပညာကအစ၊ လမ်းမှာတွေ့တဲ့လူတွေရဲ့ အမူအရာကအစ လိုက်ပြီးတော့ လေ့လာအတုယူပြီး ဇာတ်ကားထဲမှာ ပြန်အသုံးချတယ်။ အခြောက်ကာရိုက်တာဆိုလည်း သူတို့ဆီက အနီးစပ်ဆုံးကာရိုက်တာကိုရှာယူပြီး အကောင်းဆုံး သရုပ်ဆောင်တယ်။ ကျွန်တော့်အနေနဲ့ သင်ယူစရာတွေလည်း အများကြီးရှိသလို လေ့လာစရာ တွေလည်း အများကြီးရှိပါသေးတယ်။ လေ့လာသင်ယူလို့လည်း မပြီးသေးပါဘူး။ ကိုယ့်ကိုယ်ကို အသစ်တစ်ယောက်လိုပဲ သတ်မှတ်ထားပါတယ်။ 

ကျွန်တော်လက်ရှိရောက်နေတဲ့ အနေအထားကို ကျွန်တော်ကျေနပ်တယ်။ ကျွန်တော် ကြိုးစားရုန်းကန်ခဲ့ရတာ ဖြစ်တဲ့အတွက် ဘယ်လိုပဲပြောပြော   ကျွန်တော်ကျေနပ်တယ်။ ကျွန်တော်လုပ်ခဲ့တဲ့အလုပ်ကို ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းလေး တစ်ခုပေါ်မှ၊ နေရာလေးတစ်ခုအနေနဲ့ မှတ်တိုင်တစ်ခုထူခဲ့ပြီးပြီ။ ဒီထက်မကလည်း အစွမ်းကုန် ကြိုးစားဖို့အများကြီးရှိပါသေးတယ်။ ပရိသတ်အတွက်ရော၊ ပြည်သူလူထုအတွက်ရော အကျိုးရှိမယ့် ကားလေးတွေလည်း ရိုက်ကူးနေပါတယ်။

အတိုက်အခိုက်တွေ ခေါင်းထဲသိပ်မထည့်ဘူး
အနုပညာလောကမှမဟုတ်ပါဘူး အပြင်လောကမှာလည်း အတိုက်အခိုက်ဆိုတာတွေက ရှိနေတာပါပဲ။ အခုအချိန်အထိလည်း အတိုက်အခိုက်က ခံနေရတုန်းပါပဲ။ ကိုယ့်ဘက်က ဘယ်လိုပဲဖြူစင်စွာနဲ့ အကောင်းဆုံးနေထိုင်လည်းပဲ ပြောချင်တဲ့သူကတော့ ပြောနေမှာပါပဲ။ အဲဒီတော့ အဲဒါတွေကို ခေါင်းထဲသိပ်မထည့်တော့ဘူး။ ကိုယ် လုပ်နေတဲ့အလုပ်ကို အကောင်းဆုံးလုပ်မယ်။ သင်ယူစရာရှိတာသင်ယူမယ်၊ လေ့လာစရာရှိတာ လေ့လာမယ်။ ရုပ်ရှင်လောက ဘာပဲဖြစ်နေနေ ကိုယ့်ကားထွက်လာရင် အကောင်းဆုံးဘယ်လို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ထားပါတယ်။

စိတ်ဓာတ်မာတယ်၊ ပြတ်သားတယ် 
ကျွန်တော့်ကို လူတိုင်းအမြင်မှာ စိတ်ပျော့တယ်ထင်ပေမဲ့ ကျွန်တော့်စိတ်ကအရမ်းမာတယ်။ ပြတ်သားတဲ့အထဲမှာလည်းပါတယ်။ မဟုတ်မခံ စိတ်ရှိတယ်၊ မကြည်တော့ဘူးဆိုရင် စကားမပြော ချင်တော့ဘူး။ ကိုယ်တိုင်ကလည်း သူငယ်ချင်းတွေအပေါ်မှာ အကောင်းဆုံးဖြစ်အောင် နေထိုင်ပေးတယ်။ ကိုယ်ကောင်းနေလျက်နဲ့ ကိုယ့် အပေါ်မကောင်းတဲ့သူဆို စကားမပြောချင်တော့ဘူး၊ မပတ်သက်ချင်တော့ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အကောင်းဆုံးဖြစ်အောင်၊ အဖြူစင်ဆုံးဖြစ်အောင် နေထိုင်တယ်။ သူများအပေါ် မကြောဘူး၊ မယုတ်မာဘူး။ အခုအချိန်အထိ သူများအပေါ်မှာ မကောင်းတဲ့စိတ် တစ်စိုးတစ်စိမှ မရှိခဲ့ဘူး။ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ အနုပညာအပေါ်မှာလည်း အဖြူစင်ဆုံးနဲ့ တန်းတန်းမတ်မတ် အကောင်းဆုံးဖြစ်အောင် လမ်းမှန်အတိုင်း လျှောက်ခဲ့ပါတယ်။ ကိုယ်ဖြူစင်သလို ကိုယ့်အပေါ်မှာပြန်ဖြူစင်တယ်ဆိုရင် မျက်လုံးမှာပေါ်တယ်။ ကျွန်တော့်အနေနဲ့လည်း ခင်တဲ့၊ မင်တဲ့သူငယ်ချင်းတွေအပေါ်မှာ ဖြူဖြူစင်စင်နဲ့ စေတနာထားပြီးဖြစ်စေချင်လို့ ကူညီတယ်။ ကိုယ်က နာမည်ကြီးနေလို့လည်း မဟုတ်ပါဘူး၊ လက်တွဲခေါ်သင့်တဲ့အချိန်မှာ အကောင်းဆုံးဖြစ် အောင် လက်တွဲခေါ်မယ်။ လူငယ်တွေကို သူတို့ဝါသနာပါတဲ့လမ်းကြောင်းပေါ်မှာ ဖြစ်စေချင်တဲ့စိတ်၊ တိုးတက်စေချင်တဲ့စိတ်၊ လူငယ်တွေရဲ့ တက်ကြွနေတဲ့စိတ်လေးတွေကို ဖြစ်စေချင်လို့လက်တွဲခေါ်ပေးပါတယ်။
    
ကောလာဟာလ
အရင်တုန်းကတော့ ဖြေရှင်းတယ်။ အခုနောက်ပိုင်းတော့ မဖြေရှင်းတော့ဘူး။ ကောလာ ဟာလဆိုတာ ကျွန်တော်မှချည်းမဟုတ်ဘူး၊ အနုပညာသမားတိုင်း ဖြစ်တာ။ လူတိုင်းကအမှား နဲ့မကင်းဘူး။ ကျွန်တော်တို့လည်း အမှားနဲ့မကင်း ခဲ့ပါဘူး။ ဒါပေမဲ့ အမှားထဲက အမှန်ကိုရှာပြီး နေထိုင်ခဲ့တယ်။ ဖြူစင်ရိုးသားစွာနဲ့ လျှောက်လှမ်းခဲ့တယ်။ ထပ်သွားမယ့်လမ်းမှာလည်း ဖြူစင်ရိုးသားစွာနဲ့သွားမှာပါ။ ကျွန်တော့်ကို ပရိသတ်လက်ခံနေသေးသရွေ့ အစွမ်းကုန်ကြိုးစားပြီး ရိုက်ကူးသွားမှာပါ။

ဇေရဲထက်ဆိုတာ
ကျွန်တော့်အရင်တုန်းက နာမည်က ဆန်းထွန်းဦး၊ ဆန်းထွန်းလင်း၊ ဇေရဲထက် နာမည် ၃မျိုးရှိတယ်။ အခုကတော့ ဇေရဲထက်ဆိုတဲ့နာမည်နဲ့ အနုပညာအလုပ်တွေ လုပ်ဖြစ်နေပါတယ်။ ဇေရဲထက်မှမဟုတ်ပါဘူး အဓိကက ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာမှာပါပဲ။ ဒီအနုပညာအပေါ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တဲ့အတွက် ကောင်းတာတွေရခဲ့တယ်။ ကျွန်တော်ရလာတဲ့ အခွင့်အရေး သေးသေးလေးကအစ ဂရုတစိုက်လုပ် ပါတယ်။ ဘယ်အလုပ်မဆို အချိန်ပေးပြီးလုပ်သလို လုပ်ပြီဆိုရင်လည်း သူများထက်ပိုအကောင်းဆုံး ဖြစ်အောင် လုပ်ချင်တယ်။ ကိုယ်ကိုယ်တိုင်လည်း အပင်ပန်းခံပြီး အကောင်းဆုံးဖြစ်အောင် စနစ်တကျနဲ့လုပ်တယ်။ ဖြစ်လာတာ၊ မဖြစ်လာတာကတော့ ကိုယ့်ရဲ့ကံကြမ္မာနဲ့ဆိုင်မှာပေါ့။ ကျွန်တော်လက်ခံ ထားတဲ့လူတစ်ယောက် စိတ်မပျက်သွားစေရဘူး၊ ကျွန်တော်လုပ်လိုက်တဲ့အလုပ်တစ်ခု သာယာသွားတယ်၊ စိတ်ကျေနပ်သွားတယ်ဆိုရင် ကျွန်တော် ကျေနပ်တယ်။ ကျွန်တော်မလုပ်နိုင်တဲ့ အလုပ်တစ်ခုကို အာမခံပြီး ကျွန်တော်မလုပ်ပေးဘူး၊ လုပ်ပြီဆိုရင်လည်း အကောင်းဆုံးဖြစ်အောင်၊ ဘယ်သူမှ လှည့်မကြည့်ရအောင် လုပ်ပေးတတ်တယ်။ 

အောင်မြင်မှု
လူတိုင်းကတော့ နေရာဆိုတာ ပေးရတာချည်းပါပဲ။ ကျွန်တော်ပြီးရင်လည်း ကျွန်တော့်နောက်မှာ ထပ်ရောက်လာမှာပါပဲ။ ကျွန်တော့်အနေနဲ့ အောင်မြင်ခြင်းတွေ၊ ကျရှုံးခြင်းတွေ ခေါင်းထဲမှာ မရှိတော့ဘူး။ ပရိသတ် လက်ခံပေးနေသရွေ့၊ နေရာပေးနေသရွေ့ အဲဒီနေရာမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်။ နေရာမပေးတော့ဘူးဆိုရင်လည်း ကျွန်တော့်အနေနဲ့ အသက်ရှင်နေရဦးမှာဆိုတော့ အပြင်အလုပ်ပဲဖြစ်ဖြစ် လုပ်စရာရှိတာတော့ ဆက်လုပ်သွားရမှာပါပဲ။ ကျွန်တော်သတ်မှတ်ထားတာကတော့ အလုပ်ဆိုတာ  သမ္မာအာဇီဝကျတဲ့အလုပ်၊ သူများကိုမကြောဘူး၊ မစော်ကားဘူး၊ သူများမျက်ခုံးမွှေးပေါ် စင်္ကြန်မလျှောက်ဘူး။ ရိုးသားစွာနဲ့ လုပ်ရတဲ့အလုပ် မှန်သမျှ ကျွန်တော်လုပ်မယ်။ ကိုယ်တိုင်လည်း အဲဒီလိုနေတဲ့လူမျိုးဖြစ်တဲ့အတွက် ကိုယ်နဲ့ပတ်သက်တဲ့သူကိုလည်း ရိုးသားစေချင်တယ်၊ ဖြူစင်စေချင်တယ်၊ ကိုယ်လုပ်တဲ့အလုပ်ကလည်း မှန်ကန်စေချင်တယ်။ ကျွန်တော့်မှာသူငယ်ချင်းရှားတယ်၊ ကျွန်တော့်စိတ်နဲ့ ကိုက်ညီတဲ့သူရှားတယ်။ လူ
တစ်ယောက်ကို ခင်ပြီဆိုရင် အဲဒီလူရဲ့ ဘဝရှေ့ရေးအတွက်ပါ စဉ်းစားပေးပြီး အကောင်းဆုံးဖြစ်အောင် လိုက်လျောကူညီတတ်တဲ့သူမျိုး ဖြစ်တယ်။ ကျွန်တော်က တစ်ယောက်တည်းနေလာတဲ့သူဖြစ်တဲ့အတွက် စိတ်ကနူးညံ့တဲ့ အထဲမှာလည်းပါတယ်။ ဆတ်ဆတ်ထိမခံတာ။ ကိုယ်ကောင်းပါလျက်နဲ့ ကိုယ့်အပေါ်မကောင်းဘူးဆိုရင် မခံစားနိုင်တော့ဘူး။  သရုပ်ဆောင်ဖြစ်ပေမဲ့ ဟန်မဆောင်တတ်ဘူး။ အဲဒီလူကိုဆက်လည်း မပတ်သက်ချင်တော့ဘူး။ စကားလည်းမပြောချင်တော့ဘူး။ ကျွန်တော်က စိတ်ထဲမှာမထားတတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောတတ်တယ်။ အဲဒီလိုပြောလိုက်လို့ မုန်းသွားရင်  လည်း အရေးမစိုက်တော့ဘူး။ 

လတ်တလော
ရုပ်ရှင်ကားတွေ၊ ဗီဒီယိုကားတွေ၊ ကြော်ငြာတွေ ရိုက်ဖို့ရှိပါတယ်။ တစ်ကားနဲ့တစ်ကား မတူညီအောင်၊ မတူညီတဲ့ ကာရိုက်တာတွေနဲ့ဖြစ်ေ အာင် လုပ်သွားမှာပါ။ ဇာတ်ကားတိုင်းမှာ ဇေရဲထက်ပုံ သိပ်မဖြစ်စေချင်ဘူး။ ကိုယ် မလုပ်နိုင်သေးတဲ့ ကာရိုက်တာဆို လက်မခံသေးဘူး။ တစ်ခါတလေကျရင် ကျွန်တော့်စိတ်က တစ်ဖက်စွန်းရောက်တယ်။ အနုပညာအလုပ်အပြင် စားသောက်ဆိုင်လည်းဖွင့်ချင်တယ်၊ အင်္ကျီဆိုင်လည်း ဖွင့်ချင်တယ်၊ ဒါပေမဲ့ မိသားစုက မရှိတဲ့အခါကျတော့ အဘက်ဘက်က ကုသိုလ်ရေး၊ လူမှုရေး၊ အပေါင်းအသင်း၊ မိတ်ဆွေတွေနဲ့ လူပီသချင်တယ်။

ကိုယ့်ကိုယ်ကို Care တယ်
ပုံမှန်လုပ်ဖြစ်တဲ့ Skin Care ကတော့ Dr Face နဲ့ပါ။ ကျွန်တော့်အသားအရေက Sensitive ဖြစ်တဲ့အသားအရေဆိုတော့ နေလောင်တာ၊ မီးထိုး မှန်ထိုးတာဆိုရင် အသားအရေမည်းကွက်သွားတယ်။ ကားရိုက်တွေနဲ့ ပြင်ဦးလွင်ဘက်၊ ကလောဘက်သွားရပြီဆိုရင် မဲတုန်းပြီး ပြာတက်သွားတယ်။  နောက်တစ်ကားက ဒရမ်မာကား၊ ဆင်းရဲသားကားဆိုရင်တော့ အဲဒီအတိုင်းရိုက်လိုက်တယ်။ Romance ကားရိုက်မယ်ဆိုရင်တော့ Dr Face သွားပြီး မျက်နှာတို့၊ Body တို့ကို ပြန် Care ရတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ့်ဘက်က Perfect ဖြစ်မှ အလုပ်တစ်ခုကို လက်ခံတယ်။ နယ်မှာ ပရိသတ်နဲ့ တိုက်ရိုက်တွေ့ရတော့မယ်၊ သီချင်းဆိုရမယ်ဆိုရင် ကိုယ့်ဘက်က သရုပ်ဆောင်ဆိုတဲ့နာမည်နဲ့ မသွားချင်ဘူး၊ တကယ်ဆိုနိုင်မှ သွားဆိုပါတယ်။

အချစ်ရေး
ကျွန်တော့်မှာ ချစ်သူရှိပါတယ်။ ချစ်သူကလည်း ကျွန်တော့်အပေါ် အရမ်းချစ်တယ်၊ ဂရုစိုက်တယ်၊ လေးစားတယ်။ ကျွန်တော့်ဘက်ကလည်း အတူတူပါပဲ။ အချစ်ဆိုတာ တစ်ယောက်အပေါ် တစ်ယောက် လေးစားရမယ်၊ တန်ဖိုးထားရမယ်၊ နားလည်ရမယ်။ ကျွန်တော်က တစ်ယောက်တည်းနေရတဲ့သူဖြစ်တဲ့အတွက်၊ မိသားစုနဲ့ ငယ်ငယ်ကတည်းက အတူတူမနေခဲ့ရတဲ့အတွက် သူငယ်ချင်းတွေဆီက မေတ္တာတွေ၊ အားပေးစကားတွေ အရမ်းလိုချင်တယ်။ အဲဒီလိုပဲ ချစ်သူဆီကလည်း အားပေးတယ်၊ အရိပ်တကြည့်ကြည့် ကြည့်တယ်ဆို ကျေနပ်တယ်။ မိသားစုနဲ့ပတ်သက်ပြီး မေတ္တာမရခဲ့တဲ့အတွက် ချစ်သူဆီက မေတ္တာအရမ်းလိုချင်တယ်။ သူငယ်ချင်းတွေထဲမှာလည်း ကျွန်တော့်ကို တန်ဖိုးထားပြီး၊ ဂရုစိုက်တယ်ဆိုရင် အရမ်းကျေနပ်တယ်။ ကျွန်တော့်အနေနဲ့က မေတ္တာကို တန်ဖိုးထားတယ်။ သူကိုယ့်အပေါ် သေးသေးလေးကအစ ဂရုစိုက်ရင် အရမ်းသာယာတယ်။ ကျွန်တော်က အစွန်းနှစ်ဖက်မှာရှိတယ်၊ အလယ်မှာ မရှိဘူး။ ဟန်မဆောင်တတ်ဘူး။ ပြတ်သားရင်လည်း လုံးဝလှည့်မကြည့်ဘူး။ သရုပ်ဆောင်ဖြစ်ပြီး ဟန်မဆောင်တတ်တဲ့အထဲမှာ ကျွန်တော်ပါတယ်။

ပရိသတ်အတွက်
အခုအချိန်မှာ ဗီဒီယိုလောကကြီး ကျဉ်းထဲကျပ်ထဲရောက်နေချိန်မှာ ကျွန်တော့်အနေနဲ့ ဒီအခြေအနေတွေထဲက အကောင်းဆုံးဖြစ်အောင်၊ ပရိသတ်လက်ခံတဲ့ ဇာတ်ကားမျိုးဖြစ်အောင် အစွမ်းကုန်ကြိုးစားရိုက်ကူးနေပါတယ်။ အမှားလေးတွေရှိခဲ့ရင်လည်း နားလည်ပေးပါ။ တစ်ခါတလေ အားမရခဲ့တဲ့ ဇာတ်ကားတွေရှိသလို၊ လိုအပ်ချက်ရှိတဲ့ ကားလေးတွေရှိတဲ့အတွက် ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။