Primary tabs

11 Celeb Entrepreneurs

အနုပညာရဲ့ အခြားတစ်ဖက်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ကိုယ်စီထူထောင်ထားကြတဲ့ Celebrity Entrepreneur များနဲ့ တွေ့ဆုံပြီး တစ် နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားနဲ့ Entrepreneur အဖြစ်ရပ်တည်လိုကြတဲ့ လူငယ်ပရိသတ်များအတွက် လုပ်ငန်းအတွေ့အကြုံ ဖြတ်သန်းမှုများအကြောင်းကို မေးမြန်းတင်ဆက်လိုက်ပါတယ်။

Moe Hay Ko

“အလုပ်တစ်ခုကို ကိုယ်တိုင်စိတ်တိုင်းကျ စဉ်းစားဆုံးဖြတ်ပါ” 

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း
Moe Fabric House, Moe Film Production

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံများ
Moe Film Production ကို လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက စိတ်ကူးပြီး အစီအစဉ်ဆွဲခဲ့တာပါ။ ဒီအလုပ်ကို ကိုယ်တကယ် စိတ်ပါဝင်စားတယ်။ ဝါသနာပါတယ်။ ကိုယ်နဲ့လည်း သင့်တော်မယ်ထင်လို့ ဆယ်စုနှစ် တစ်ခုလောက် ခင်မင်လာခဲ့ကြတဲ့ တစ်ယောက် စိတ်ဓာတ်ကိုလည်း တစ်ယောက်သိတဲ့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး စုပေါင်းပြီးလုပ်ခဲ့ကြတာပါ။ ကိုယ်နိုင်သလောက် ပုံမှန်နဲ့ သေချာလေးလုပ်သွားမယ်ဆိုပြီး အစီအစဉ်တွေကို ချမှတ်ခဲ့တာပါ။ 

Moe Fabric House ကလည်း မိုး ခုနကပြောသလိုပါပဲ။ ဝါသနာလည်းပါတယ်။ မိုးနဲ့လည်းသင့်တော်မယ်။ ပြီးတော့ မိုးလည်း ကြိုက်နှစ် သက်တယ်ပေါ့နော်။ ဇာတွေ ချိတ်တွေကိုကြိုက် တယ်လေ... အဲဒါကြောင့်ပဲ လုပ်ချင်လို့ လုပ်ဖြစ်ခဲ့တယ်။

လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ
Moe Film Production ကို ၂ဝ၁၃ အကုန် ၂ဝ၁၄ ကျမှ ထုတ်လုပ်မှုအနေနဲ့ ရိုက်ကူးရေးတွေ စတင်ခဲ့တာပေါ့။ တစ်နှစ်ကို ဘယ်နှစ်ကား ရိုက်မယ်ဆိုတာရယ် လိုက်ဖက်တဲ့သရုပ်ဆောင် ရိုက်ကူးမယ့် ဒါရိုက်တာ စသဖြင့် ကြိုတင်အစီအစဉ်
တွေ ချမှတ်တယ်။ ရွေးချယ်မှုပြုလုပ်တဲ့နေရာမှာ ကိုယ်တိုင်သရုပ်ဆောင် မင်းသမီးဆိုတဲ့ စိတ်ကိုဖျောက်၊ သာမန်ပရိသတ်တစ်ယောက်အနေနဲ့ ခံစားပြီး ပရိသတ်ကြိုက်နိုင်မယ့် ဇာတ်လမ်းမျိုးကို အဓိကထားရွေးချယ်ပါတယ်။

Moe Fabric House  ဖွင့်ဖို့ဆိုရင်လည်း တစ်နှစ်လောက် ကြိုလေ့လာတယ်။ သေချာစဉ်းစားတယ်။ အဆင်သင့်ဖြစ်ပြီး အဲဒီဘက်ပိုင်းကို အချိန်ပေးနိုင်တယ်ဆိုမှ လုပ်ခဲ့တာပါ။ မိုး ချိတ်ဆိုင်မှာ ပွဲထိုင်ဇာနဲ့ ပိုးထည်စစ်စစ်တွေရတယ်။ ကိုယ့်စိတ်ကြိုက် ချိတ်ဒီဇိုင်းတွေ လေ့လာတယ်။ အရောင်တွေ ရွေးတယ်။ ဇာဆိုရင်လည်း အရည်အသွေးကောင်းလိုချင်လို့ ထိုင်း၊ ကိုရီးယားနဲ့ ပြင်သစ်ကို ကိုယ်တိုင်ထွက်ဝယ်တယ်။ စိတ်ကြိုက်ရွေးယူတယ်။ ဝါသနာ ပါလို့လားတော့ မသိဘူး..ပျော်တယ်။

Fabric House ဖွင့်ဖို့ ရိုက်ကူးရေးပိုင်းကို လျှော့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုယ်တိုင် နားလည်ဖို့နဲ့ တတ်မြောက်ဖို့ မသိသေးတာတွေ သင်ယူဖို့ဆိုတာ ကိုယ်တိုင်အချိန်ပေးမှရတယ်။ အဲဒီအတွက်ကြောင့် ရိုက်ကူးရေးတွေကို ဖြတ်ပြီး စိတ်ကူးထားတဲ့ ဒီအလုပ်ကို စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။

ကြုံတွေခဲ့ရသော အခက်အခဲများ၊ အားသာချက် နှင့် အားနည်းချက်
နေရာတိုင်းမှာ အခက်အခဲဆိုတာ ကြုံတွေ့ရစမြဲပါ။ အခက်အခဲကို အခက်အခဲလို့ မသတ်မှတ်ဘဲ စိတ်မပျက်ဘဲ အတွေ့အကြုံသစ်လို့ မှတ်ယူပြီး သင်ခန်းစာယူတယ်။ ဒါပေမဲ့ Film Production လုပ်ငန်းမှာ မိုးကိုယ်တိုင်က ဒီလောကထဲက ဖြစ်နေတဲ့အတွက် အများကြီးတော့ မခက်ခဲခဲ့ပါဘူး။ ဘုရားပေးတဲ့ဆုလို့ပဲ ပြောရမှာပေါ့လေ။ 

နာမည်ကျော် အနုပညာရှင်တစ်ယောက်အနေနဲ့ Fabric House လိုမျိုး အခြားစီးပွား ရေးလုပ်ငန်းလုပ်တဲ့အခါ ကြုံတွေ့ရတဲ့ အားသာချက် အားနည်းချက်ကို ပြောပြပါဆိုရင် မိုးအနေနဲ့  အလုပ်တစ်ခုလုပ်တဲ့နေရာမှာ နာမည်ကျော် တစ်ယောက်ဆိုတာကို ဘေးဖယ်ထားပြီး သာမန် မိန်းကလေးတစ်ယောက်လိုပဲ စိတ်ထားပြီး အလုပ်လုပ်ပါတယ်။ အလုပ်လုပ်ခြင်းနဲ့ နာမည်ကျော်ခြင်းကို သပ်သပ်စီခွဲထားပြီးသားဖြစ်သလို အားသာချက်အနေနဲ့ဆိုရင်လည်း ရှိပါတယ်။ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေကလည်း လာအားပေးကြတယ်။ နောက်ပြီး ကိုယ့်က လူသိပြီးသားဖြစ်တဲ့အတွက် ယုံကြည်မှုရတယ်။ အဲဒီလိုပဲ ကိုယ်တိုင်ကလည်း အပြောနဲ့အလုပ်ညီရတယ်။ ကတိတည်ရတယ်။ အဲဒီအတွက်ကြောင့်လည်း ယုံကြည်မှု ပိုရတယ်ပေါ့။ အခက်အခဲကတော့ ပြောပလောက်စရာ မရှိသေးပါဘူး။

ရှေ့ဆက်မည့် အစီအစဉ်များ
ဟုတ်ကဲ့… ဒီထုတ်လုပ်ရေးလေးပိုင်းလေး ပုံမှန်လည်ပတ်သွားပြီ ဆိုရင်တော့ နောက်ထပ်ချဲ့ချင်တဲ့အလုပ်လေးတွေ ရှိပါတယ်။ Moe Fabric House အတွက်လည်း ထပ်ပြီး လုပ်ရမှာလေးတွေ ရှိပါတယ်။ ၂ဝ၁၇ ကစပြီး အရောင်းသီးသန့် မဟုတ်ဘဲ အခြားဝန်ဆောင်မှုတွေလည်း ပြုလုပ်ဖို့ ရှိပါတယ်။ သေချာပြင်ဆင်ပြီးတဲ့အခါ ကြေငြာလိုက်ပါမယ်ရှင်။ အခုချိန်မှာတော့ ထုတ်လုပ်ရေးပိုင်းနဲ့ ပိုးထည်ဆိုင်ကိုပဲ သေချာအချိန်ပေးပြီး မသိသေးတာတွေ မတတ်သေးတာတွေကို လေ့လာ 
သင်ယူရင်း အချိန်ပေးဖြစ်နေပါတယ်။

ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ်များအတွက် အကြံပြုချက်
အခုခေတ် လူငယ်တွေက ပိုပြီး ထူးချွန်ထက်မြက်တာ တွေ့ရပါတယ်။ အလုပ်တစ်ခုကို ကိုယ်တိုင်စိတ်တိုင်းကျ စဉ်းစားဆုံးဖြတ်ပါ။ အဲဒီထဲကမှ အမှား/ အမှန်ကို ကိုယ်တိုင်သိမြင်မှာဖြစ်ပြီး နောက်လုပ်မယ့်နေရာမှာ စဉ်းစားချင့်ချိန်မှု၊ ရဲရင့်ပြတ်
သားစွာ လုပ်ကိုင်တတ်မှု၊ နှုတ်ကတိတည်မှုနဲ့ အလုပ်ကို အလေးထားကြိုးစားကြပါလို့…။ 

အမှတ် - (၇၇/E)၊ ရှင်စောပုလမ်း၊ စမ်းချောင်း။ ဖုန်း - ၀၉ ၂၆၀၇၈၆၇၈၇

Makeup & Hair - May Oo
Designer - Kaung Myat - Haute Couture
Photo - Life Photography
Decoration - Mommy Kyaw (Malaysia) 
AVA Vintage Furniture and Collectibles

 

Thxa Soe

“ပိုက်ဆံရှိမှ စီးပွားရေးလုပ်မယ်ဆိုတာ လုံးဝမှားတဲ့ အယူအဆပါ။ ကိုယ့်မှာ အိုင်ဒီယာရှိဖို့ပဲ အရေးကြီးပါတယ်”

လက်ရှိလုပ်ကိုင်နေသော လုပ်ငန်း
ရွှေပိုးနန်းတော် ပိုးထည်ဆိုင်ရှိတယ်။ နောက်ပြီး မီဒီယာလုပ်ငန်းရယ်၊ ကြော်ငြာလုပ်ငန်းရယ်၊ အနုပညာမူပိုင်ခွင့် အကျိုးဆောင်လုပ်ငန်းရယ် လုပ်
ငန်း (၃) ခုကိုပေါင်းပြီး တစ်နှစ်သုံးဆိုတဲ့ ကုမ္ပဏီကို နိုဝင်ဘာကနေစပြီး လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ 

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံ
စီးပွားရေးလုပ်ဖြစ်တာက ခိုးကူးကြောင့် လုပ်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော့်သီချင်းတွေက နယ်ကြိုက်။ နယ်မှာ တအားပေါက် ပေမယ့် မူရင်းခွေရောင်းတဲ့ဆိုင်က မရှိဘူးလေ။ အဲဒီတော့ဘာဖြစ်လာလဲဆိုတော့ ကျွန်တော်အရင်း ပြန်မရဘူး။ ကျွန်တော် ၂ဝဝ၆ မှာ ရောသမမွှေကို စထုတ်လိုက်တာ ၂ဝ၁ဝ အထိ ဆက်တိုက်ထုတ်ခဲ့တယ်။ ၂ဝ၁၁ ကျတော့ ကျွန်တော် မထုတ်နိုင်တော့ဘူး။ အဲဒီမှာကျွန်တော်စီးပွားရေးတစ်ခုလုပ်ဖို့စဉ်းစားတယ်။ ကျွန်တော့်အမျိုးသမီးကလည်း အထည်တွေကို စိတ်ဝင်စားတယ်။ အတိုချုပ်ပြော ရရင် ခိုးကူးကြောင်း စီးပွားရေးလုပ်ဖြစ်ခဲ့တာပါ။ ခိုးကူးကိုပဲ ကြံဖန်ကျေးဇူးတင်ရမလိုပါပဲ။ ၂ဝ၁၂ နှစ်ဆန်းပိုင်းမှာ ရွှေပိုးနန်းတော်ကိုစခဲ့တာပါ။ 

အဓိကကတော့ ကျွန်တော်က မြန်မာမှုကို ကြိုက်တယ်။ မြန်မာချိတ်ဒီဇိုင်းတွေဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီကတည်းက ရှိခဲ့တဲ့ ဒီဇိုင်းတွေ။ တခြားတိုင်းပြည်တွေမှာမရှိဘူး။ အရမ်းအံ့သြဖို့ကောင်းတယ်။ ကျွန်တော် လန်ဒန်မှာနေခဲ့တုန်းက Victoria & Albert Museum ဆိုတာကို သွားလေ့လာဖူးတယ်။ အင်မတန် ဂုဏ်ယူဖို့ကောင်းတယ်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ လက်မှုပစ္စည်းတွေကို တခမ်းတနားနဲ့ကို ပြသထားတာ။ မြန်မာ့ပိုးထည်တွေပါတယ်။ စုဖုရားလတ်ဝတ်ခဲ့တဲ့ ပိုးထည်ဒီဇိုင်း၊ သီပေါမင်းဝတ်ခဲ့တဲ့ ဒီဇိုင်းတွေ၊ ကင်းဝန်မင်းကြီးရဲ့ ဝတ်စားဆင်ယင်မှုတွေ။ နောက်ပြီး ကျွန်တော့် အမျိုးသမီးက ချည်ထည်လေးတွေကို ကြိုက်တယ်။ သူက တစ်ရက်ကို နှစ်သောင်းဖိုးလောက်ရောင်းရရင်တော်ပြီ၊ အဲ့လိုချည်ထည်ဆိုင်လေးဖွင့်မယ်ဆိုပြီး စ စိတ်ကူးခဲ့တယ်။ ကျွန်တော်က လုပ်မယ့်လုပ်လည်း သေချာလုပ်မယ်ဆိုပြီး အမရပူရကို ကိုယ်တိုင်သွားတယ်။ အဲဒီ့က ပိုးထည်ချည်ထည်တွေကို ကိုယ်လိုချင်တဲ့ဒီဇိုင်းနဲ့ အရည်အသွေးရဖို့ ယက်ကန်းတစ်ခုနဲ့ ညှိတယ်။ ဆိုင်ဖွင့်ဖြစ်ဖို့က တစ်နှစ်ကျော်ကျော်လောက်အချိန်ယူ ပြင်ဆင်ခဲ့တယ်။ 

လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ
အစပိုင်းမှာ ချိတ်ဒီဇိုင်းတွေကို ကိုယ်တိုင်ဆွဲတယ်။ ဒါပေမဲ့ ဒီမှာက သိတဲ့အတိုင်း မူပိုင်ခွင့်ကမရှိတော့ ကိုယ်က ထွင်လိုက် သူများက ခိုးလိုက်နဲ့ လုံးလည်လိုက်ပြန်ရော။ အဲဒီတော့ မထွင်ချင်တော့ဘူး။ တီထွင်ရတာကို ကြိုက်တဲ့အတွက် မြန်မာ့ ပိုးထည်ကိုရွေးပေမဲ့ ဒီဘက်မှာလည်း ခိုးကူးခံရပြန်တဲ့အတွက် နောက်ပိုင်းမှာ သူများနည်းလမ်းအတိုင်းပဲ ရောင်းဝယ် လိုက်ပါတော့တယ်။ 

ကြုံတွေ့ခဲ့ရသောအခက်အခဲများ၊ အားသာချက်နဲ့ အားနည်းချက်
အခုတော့ စီးပွားရေးကို နည်းနည်းနားလည်ပြီလို့ ပြောလို့ရတယ်။ စခါစတုန်းကတော့ အခက်အခဲတွေရှိခဲ့တယ်။ အမှန်တော့ ဈေးရောင်းတာ က ကျွန်တော့်အတွက် အစိမ်းသက်သက်တော့ မဟုတ်ဘူး။ အဖေရော၊ အမေရော ကုန်သည်တွေဖြစ်တဲ့အတွက် ငယ်ငယ်တည်းက ဈေးရောင်းတတ်တယ်လို့ပြောလို့ရတယ်။ နောက်ပြီး သီအိုရီ အခွေ ထွက်ပြီးနောက်ပိုင်း ကျွန်တော် အင်္ဂလန်မှာကျောင်းသွားတက်တဲ့အချိန်တုန်းက ကျောင်းတစ်ဖက်နဲ့အချိန်ပိုင်းအလုပ်တွေ တော်တော်များများ လုပ်ခဲ့တယ်။ Mc Donald ဆိုင်မှာ အမှိုက်သိမ်းတာတို့၊ အိမ်သာဆေးတာတို့ အောက်ခြေသိမ်းအလုပ်တွေလုပ်ခဲ့တယ်။ အဲဒီ့က အတွေ့အကြုံတွေကလည်း အခုချိန်မှာ တော်တော်အထောက်အကူဖြစ်တယ်။ ငယ်ငယ်ရွယ်ရွယ်မှာ ကြုံရာကျပန်း အလုပ်တွေ လုပ်ခဲ့တော့ တော်ရုံအခက်အခဲဆို သိပ်မမှုဘူး။ ကျော်သွားနိုင်တယ်။ 

မထင်မှတ်ထားတဲ့ အခက်အခဲကတော့ ဝန်ထမ်းအခက်အခဲပါပဲ။ ကျွန်တော် ဒီလုပ်ငန်းလုပ်မယ်ဆိုတဲ့အချိန်မှာ ဝန်ထမ်း ဒီလောက်ခက်ခဲမယ်လို့မထင်ခဲ့ဘူး။ အဓိက ပြဿနာက လူတွေကများတယ်။ အလုပ်လုပ်နိုင်တဲ့သူက ရှားတယ်။ အရည်အချင်းပြည့်မီတဲ့ဝန်ထမ်းက အင်မတန်ရှားပါတယ်။ ဝန်ထမ်းတစ်ယောက်ကောင်းရင် တစ်လ ဆယ်သိန်းဆိုလည်း ပေးလည်း ပေးနိုင်ပါတယ်။ ပေးလည်းပေးချင်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ လခတော့များများလိုချင်တယ်။ တာဝန်ယူတာ တာဝန်ခံတာကျတော့မရှိဘူး။ တစ်ခုခု ဖြစ်လာရင် ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချ နဲ့ အကျင့်ကြီးပါနေတယ်။ မြန်မာပြည်မှာ စီးပွားရေးလုပ်မယ့် သူတွေ မလွဲမသွေတွေ့မယ့် အခက်အခဲတစ်ခု ဝန်ထမ်းအခက်အခဲပါ။ 

အားသာချက်ကတော့ ကိုယ်က အနုပညာရှင်ဖြစ်တဲ့အတွက် ကိုယ့်လှုပ်ရှားမှုကို ပရိသတ်က စိတ်ဝင်စားတယ်။ အဲဒီတော့ ကိုယ်က စီးပွားရေးလုပ်ငန်းလုပ်မယ်ဆို ကြော်ငြာစရိတ် အလွန်သက်သာပါတယ်။ အနုပညာသမားဖြစ်တဲ့အတွက် မီဒီယာတွေကလည်း ပံ့ပိုးပေးတယ်။ အဲဒီတော့ မြန်မြန်ဆန်ဆန်ပဲ ကိုယ့်လုပ်ငန်းကို လူသိသွားတယ်။ အားနည်းချက်က ဘာလဲဆိုတော့ Management နဲ့ Accounting ပိုင်းပဲ။ ကျွန်တော် ကံကောင်းသွားတာက ကျွန်တော့်အမျိုးသမီးက  စီးပွားရေးနဲ့ပတ်သက်ပြီး ဘွဲ့ယူခဲ့တဲ့သူဆိုတော့ အဲဒါတွေ ပိုင်နိုင်တယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ ရွှေပိုးနန်းတော်က အောင်မြင်ခဲ့တာပါ။

ရှေ့ဆက်မည့် အစီအစဉ်များ
အခုဖွင့်ထားတဲ့ ရွှေပိုးနန်းတော် (၇) ဆိုင်ထဲက (၂) ဆိုင်လောက်ပဲ ချန်ထားပြီး ကျန်တာကို အကုန်ပိတ်ပစ်မယ်။ အွန်လိုင်းကနေပဲ အဓိက ရောင်းသွားတော့မယ်။ အမေရိကားမှာဆိုလည်း worldmart တို့၊ macy တို့၊ amazone တို့ စသဖြင့် 
ပေါ့လေ။ အားလုံးအွန်လိုင်းကိုပဲ သွားနေကြပြီ။ Alibaba က Jack Ma ကိုလည်း အလွန်အားကျပါတယ်။ နောက်ပြီး ဆိုင်ခန်းငှားရမ်းခတွေကလည်း အရမ်းကို ခေါင်ခိုက်လာတယ်။ ပိုးထည် ချည်ထည်ကို ရိုးရိုးသားသားရောင်းပြီး တစ်လ တစ်လကို ဆိုင်ခန်းခပဲ သိန်း (၂ဝ) လောက်ရအောင် ရှာဖို့ဆိုတာ ကျွန်တော်တို့လို သာမန်စီးပွားရေးလုပ် ငန်းရှင်တွေအတွက် ဘယ်လို မကိုက်ပါဘူး။ တစ်ဖက်ကကြည့်ပြန်တော့လည်း ဒီဆိုင်ခန်းခ၊ ဝန်ထမ်းခ၊ မီတာခတွေ ကာမိဖို့အတွက် အထည် တွေမှာ ဈေးတင်ရတယ်။ ကြာလာတော့ ကျွန်တော် မတင်ရက်တော့ဘူး။ ဝယ်သူဘက်က မတန်ဘူးလို့ခံစားလာရတယ်။ ဒါကြောင့် တတ်နိုင်သမျှဈေးကိုချပြီး အွန်လိုင်းကနေပဲ ဖိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော်တို့ဆိုင်က အထည်တွေရဲ့ အရည်အသွေးတွေကိုလည်း  အားလုံးသိပြီးသားပဲဆိုတော့ ယုံကြည်မှုကရှိပြီးသားပဲလေ။

ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ်များအတွက် အကြံပြုချက်
ပိုက်ဆံရှိမှ စီးပွားရေးလုပ်မယ်ဆိုတာ လုံးဝမှားတဲ့အယူအဆပါ။ ကိုယ့်မှာ အိုင်ဒီယာရှိဖို့ပဲ အရေးကြီးပါတယ်။ လခစား လုပ်မယ့်အစားစွန့်စားပြီး လုပ်သင့်ပါတယ်။ လက်ရှိနိုင်ငံမှာ လိုအပ်နေတဲ့ လုပ်ငန်းတွေက တောင်လိုပုံနေတာပါ။ အိပ်မက်ကိုကြီးကြီးမက်ပါ။ အမှားများလေကောင်းလေပဲ။ စီးပွားရေးလုပ်တဲ့အခါ အတွေ့အကြုံက အရမ်းအရေးပါပါတယ်။ တစ်ကြိမ် တစ်ခါလေးကျရှုံးတာနဲ့ စိတ်ဓာတ်တွေကို မချလိုက်ပါနဲ့။ ဇွဲနဲ့လုပ်ပါ။  အဆုံးထိလုပ်ပါ။ 

လုပ်ငန်းတစ်ခုလုပ်မယ်ဆို Target ရှိရမယ်။ Plan ရှိရမယ်။ Strategy ရှိရမယ်။ 

Photo - Thardu Ko Ko

Lynn Zar Ni Zaw

စီးပွားရေးဆိုတာ စောစောလုပ်လေ ကောင်းလေပါပဲဆိုတဲ့ လင်းဇာနည်ဇော်

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း
Lynn Fashion Place ဆိုတဲ့နာမည်နဲ့ ဖက်ရှင်ဆိုင်လေးဖွင့်ထားပါတယ်။ ၂၀၁၆ ၁လပိုင်း ၂၄ ရက်နေ့က ဖွင့်ခဲ့တာပါ။

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံများ
အနုပညာအလုပ်ဆိုတာက ရေရှည်မတည်မြဲတဲ့အလုပ်၊ အထူးသဖြင့် ကိုယ်ဆိုရင်လူငယ်ပိုင်းမဟုတ်တော့ဘူး လူကြီးပိုင်းရောက်သွားပြီဆိုတော့  ဒီအနုပညာအလုပ်တစ်ခုတည်းနဲ့ မရတော့ဘူး။ အနုပညာကိုဝါသနာအရပဲ လုပ်ရတော့တယ်။ ၀မ်း
စာအတွက်က အပြင်စီးပွားရေးတစ်ခုခု လုပ်သင့်တယ်လို့ စိတ်ထဲမှာ သဘောပေါက်လာတယ်။ အပြင်စီးပွားရေးကျပြန်တော့လည်း တစ်မျိုးလုံးက အနုပညာမျိုးရိုးဖြစ်နေတော့ ကျန်တဲ့စီးပွားရေးဆိုရင် လုံးဝကိုနားမလည်ဘူး။ ဒီဖက်ရှင်ဆိုင်လေးနဲ့ သူဌေးဖြစ်မလားဆိုတော့လည်း မဖြစ်နိုင်ပါဘူး၊ ဒီစီးပွားရေးလောကထဲကို ပထမဆုံးခြေလှမ်း စပြီး ဝင်ကြည့်ချင်တာရယ်၊ ပစ္စည်းဝယ်တာဆိုရင်လည်း အနုပညာသမားတွေနဲ့ အနီးစပ်ဆုံး၊ ကိုယ့်ကိုယ်ကိုယ်လည်း လှအောင်ပြင်သလို၊ လာဝယ်တဲ့ Customer တွေကိုလည်း လှလှပပ မြင်နေရရင် စိတ်ချမ်းသာတဲ့အတွက် ဒီသေးတဲ့အလုပ်လေးနဲ့ စပြီး ပထမဆုံးခြေလှမ်းအနေနဲ့ စခဲ့တာပါ။ ဆိုင်ဖွင့်ဖို့ Idea ရသွားတာက သမီးလေးက သြစတြေးလျမှာ ကျောင်းတက်နေတာဆိုတော့ သူနဲ့ ၃လ သြစတြေးလျမှာ လိုက်နေရတယ်။ သူကျောင်းသွားတဲ့အချိန်ဆို ကိုယ်ကဘာလုပ်ရမှန်းမသိဘူး၊ အဲလိုနေရင်းကနေ ပစ္စည်းတွေဝယ်ရင်းက လက်လွန်သွားတယ်။ အဲဒီမှာ စဉ်းစားမိတာ ကိုယ်ပြန်တဲ့အခါ ဒီလိုမျိုးဆိုင်လေးဖွင့်ရင် ကောင်းမှာပဲဆိုပြီး ချက်ချင်းကောက်ဖွင့်ပစ်လိုက်တာ။ ကိုယ်ကတစ်ခုခုဆိုကြာသွားရင် သွေးအေးသွားတတ်တော့ ရောက်တာနဲ့အမြန်ဆုံးပဲဖွင့်ပစ်လိုက်တာ။ 

လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ
ကိုယ်က စီးပွားရေးကြီးကြီးမားမားလုပ်ချင်ပေမဲ့ ကိုယ့်တစ်နိုင်လေးနဲ့စလုပ်ရမှာဖြစ်တယ်၊ ပြီးတော့ ကိုယ့်ချွေးနှဲစာလေးနဲ့ ရထားတဲ့ပိုက်ဆံကို ဒီအတိုင်းမထားချင်တော့ ကိုယ်နိုင်သလောက်၊ ကိုယ်ဉာဏ်မီသလောက်လေးနဲ့ စဖြစ်ခဲ့တာပါ။ ဒီတစ်ခုတည်းနဲ့တည်း တင်းတိမ်လို့မရသေးပါဘူး။ ကြိုးစားရဦးမှာပါ။ ဆိုင်က ကိုယ့်ခြံထဲမှာပဲ ဖွင့်တာဖြစ်တဲ့အတွက် Shopping Mall တွေလို၊ လမ်းမပေါ်မှာဖွင့်ထားတဲ့ ဆိုင်တွေလိုတော့ စည်ကားမနေဘူး။ အဓိကအိမ်မှာတွဲပြီး ဖွင့်ဖြစ်တာကတော့ အဖေက ကျန်းမာရေးမကောင်းတဲ့အတွက် အဖေနားမှာလည်း အနီးကပ်ပြုစုလို့ရအောင်၊ ဆိုင်လခလည်း မရှိတဲ့အတွက် ပစ္စည်းတွေရဲ့ဈေးကို အများကြီးမတင်ထားတဲ့အတွက် ကိုယ့်အတွက်ရော၊ လာဝယ်တဲ့သူအတွက်ရော အဆင်ပြေစေပါတယ်။

ကြုံတွေ့ခဲ့ရသောအခက်အခဲများ၊ အားသာချက်နဲ့ အားနည်းချက်
ကိုယ်လုပ်တဲ့အလုပ်က အနုပညာအလုပ်ဆိုတော့ ကိုယ့်ကိုဘေးနားက ကူညီမယ့်သူတွေ ရှိတယ်၊ ကိုယ်က သရုပ်ဆောင်ဆိုလည်း သရုပ်ဆောင်လိုက်ရုံပဲ၊ စီပွားရေးလုပ်တဲ့အခါကျတော့ Shopping ထွက်တဲ့အခါ စီးပွားရေးလုပ်တာဖြစ်တဲ့အတွက် စီးပွားတွက်တွက်ရတယ်၊ ကိုယ့်ဘာသာကိုယ်ရှာရတယ်၊ ကိုယ့်ဘာသာကိုယ်သွားရတယ်၊ ကိုယ့်ဘာသာကိုယ်သယ်ရတယ်၊ မနက်ကနေ ညနေထိထွက်ပြီး ဘာအသစ်တွေရောက်နိုင်မလဲ ကြည့်ရတယ်၊ လက်တွေကို သွေးချေဥမတတ်ဆွဲရ 
တယ်၊ အဲဒါတွေကတော့ အနုပညာသမားနဲ့ စီးပွားရေးစလုပ်တဲ့အချိန် ကွာခြားချက်ပေါ့။ အားသာချက်ဆိုရင် အနုပညာသမားတစ်ယောက် ဖြစ် တဲ့အတွက် ချစ်တဲ့သူရှိသလို၊ မုန်းတဲ့သူလည်းရှိတယ်၊ ချစ်သူတဲ့သူဆိုလည်း ဘယ်သူဖွင့်ထားတဲ့ ဆိုင်ပဲ၊ သွားအားပေးဦးမှ ဆိုတာမျိုးရှိတယ်၊ အားနည်းချက်ဆိုရင်တော့ ဒီဆိုင်တစ်ခုတည်းကို အားစိုက်ပြီးမလုပ်နိုင်ဘူး၊ ကားရိုက်တာရှိရင်လည်း သွားရိုက်ရတယ်၊ သီချင်းဆိုစရာရှိရင်လည်းသွားဆိုရတယ်ဆိုတော့ ဆိုင်ကိုအမြဲတမ်း မဦးစီးနိုင်ဘူး။ တချို့ Customer တွေဆိုရင် ဆိုင်ကိုလာတယ်၊ ကိုယ်နဲ့တွေ့ချင်လို့လာတယ်၊ ကိုယ်မရှိတဲ့အခါဆိုရင် နည်းနည်းမိတ်ပျက်သလိုတော့ ဖြစ်တာပေါ့၊  အဲဒီအတွက်ကိုလည်း ဒီကနေပြီး တောင်းပန်ပါတယ်။

ရှေ့ဆက်မည့် အစီအစဉ်များ
အခုအချိန်မှာ အသက်တစ်ဝက်လောက် ပြန်ငယ်ချင်တယ်လို့ သူငယ်ချင်းကို ပြောမိတယ်၊ ဒီစီးပွားရေးကိုဆိုရင် အသက် ၄၀ကျော်မှ လုပ်ဖို့ စိတ်ကူးရတယ်၊ ဒီဆိုင်လေးတစ်ဆိုင်နဲ့ အစပျိုးတာ နောင်တရမိတယ်။ စစချင်းတုန်းက ကိုယ်က ပိုးထည်ဆိုင်ဖွင့်ချင်တာ၊ ပိုးထည်ဖွင့်တဲ့သူငယ်ချင်းတွေကလည်း အားပေးတယ်၊ ဒါပေမဲ့ အခုနောက်ပိုင်း ပိုးထည်ဆိုင်တွေက ဖွင့်တာအရမ်းများတယ်။ ကိုယ်က ပိုးထည်ပိုင်းကို သိပ်နားမလည်တာလည်း ပါတယ်။ ပိုးထည်က ကိုယ့်ဒီဇိုင်းနဲ့ကိုယ် ဖောက်ထွက်နိုင်ရင် ပိုအဆင်ပြေတယ်။ ကိုယ်ကကျတော့ ပန်းချီပညာကိုမရတော့ အားနည်းမှာကို စိုးတယ်။ 

အခုတော့ဆိုင်မှာ ပိုးထည်ကို စမ်းပြီးတင်ထားတာ တင်တင်ချင်းမှာပဲ ရောင်းရတာ မဆိုးဘူးပြောလို့ရတယ်။ အခုလောလောဆယ်မှာ ဒီဖက်ရှင်ဆိုင် တစ်ဆိုင်လေးနဲ့ ကြိုးစားကြည့်နေတယ်။ အခုဆိုရင်  လူတော်တော်များများကလည်း မျက်စိပွင့်၊ နားပွင့်နေတာဆိုတော့ တော်တော်တော့ ကြိုးစားရတယ်။ ကိုယ့်ကိုမေတ္တာထားပြီး အားပေးတဲ့သူတွေ၊ ကမန်းကတမ်းလိုတဲ့ သူတွေလောက်ပဲ ၀ယ်ကြတာဆိုတော့ လုပ်ကြည့်နေတယ်။ ဒီဆိုင်လေးက အကျိုးပေးမဆိုးဘူးဆိုရင်တော့ ဆိုင်ခွဲလေးတွေ ထပ်ဖွင့်ဖြစ်မှာပါ။ ဒီဆိုင်ရဲ့ Facebook Page ကို သမီးရောက်တုန်း Lynn Fashion Place ဆိုပြီး ဖွင့်ပေးသွားတယ်။ ကိုယ့်ရဲ့ Facebook account ကနေလည်း သူငယ်ချင်းတွေ၊ အနုပညာအသိုင်း အ၀ိုင်းကသူတွေ လာအားပေးရင် တင်ပေးတော့ Customer တွေ ရောက်လာကြတယ်။

ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ် များအတွက် အကြံပြုချက်
အကြံပေးတယ်ဆိုတာထက် ကိုယ်တိုင်က ခြေလှမ်းသစ်အနေနဲ့ စလုပ်တာဆိုတော့ စိတ်ကူးလေးကိုပဲ ဝေမျှချင်တာက စီးပွားရေးအလုပ်ဆိုတာ အသက်ငယ်တယ်၊ ကြီးတယ်မဆိုင်ဘူး။ စောစောခြေလှမ်းလှမ်းပြီး စောစောစလုပ်မယ်ဆိုရင် စောစောအောင်မြင်ပါတယ်။ မြန်မြန်လုပ်လေ ကောင်းလေလို့ပဲ ပြောချင်ပါတယ်။

Lynn Fashion Place

အမှတ် - 1 D၊ သာယာရွှေပြည်ရိပ်မွန်၊ သာယာရွှေပြည်လမ်း၊ ၁၆ရပ်ကွက်၊ ရန်ကင်း။

Photo - Thardu Ko Ko

Ar T

ကိုယ်ယုံကြည်ရာ ကိုယ့်အလုပ်အပေါ် ကိုယ်သစ္စာ ရှိဖို့ပဲလိုတယ်

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း ကျွန်တော်ကတော့ ဒီအနုပညာတစ်ခုပါပဲ။ ချဉ်ငံစပ်စားသောက်ဆိုင်က ကျွန်တော့် အစ်မကို ကျွန်တော်လုပ်ပေးတာ။ ကျွန်တော်က ရန်ကုန်မှာ အပေါင်းအသင်းတွေအများကြီးရှိတယ်။ အဆက်
အသွယ်တွေများတယ်။ ခရီးတွေလည်း အများကြီး သွားဖူးတော့ ဘယ်လိုလေးဖွင့်ရင် စားကောင်းမယ် ဆိုတဲ့ Idea လည်းရှိတာပေါ့နော်။ 

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံများ
ကျွန်တော့်အစ်မက မြစ်ကြီးနားမှာ ဖွင့်ခဲ့တာ ဆိုင်ရှိပြီးသားပါ။ အဲဒီဆိုင်ကTakeaway ပဲ ရောင်းတာ။ အွန်ဆိုင်း မြစ်ကြီးနားကို လာလည်တော့ ကျွန်တော်တို့ဆိုင်မှာ ခေါ်ကျွေးတယ်။ သူကအရမ်းကြိုက်တော့ Ar-T ရန်ကုန်မှာ လာဖွင့်ပါလားလို့ 
ပြောတယ်။ ကျွန်တော်ကလည်း နဂိုကတည်းက ရန်ကုန်မှာ ဖွင့်ချင်နေတာဆိုတော့ အစ်မကိုေ ခ်ါဖို့ စဉ်းစားပြီးသား။။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က ဒီမှာအရမ်းကြီး Strong မဖြစ်သေးဘူး။ သတ္တိမရှိသေးဘူးဆိုတော့ ကြားထဲမှာ နှစ်နှစ်လောက်ကြာသွားတယ်။

လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ 
ကျွန်တော် Confidence ရှိလာတော့မှ အစ်မကို လှမ်းခေါ်လိုက်တယ်။ ဒီမှာအခန်း တစ်ခန်းရှာပေးတယ်။ ဆိုင်နာမည်ကို ချဉ်ငံစပ်ဆိုပြီး ကျွန်တော်ကိုယ်တိုင်ပေးတယ်။ မောင်နှမ နှစ် ယောက်ဆိုင်ရောက်ပြီဆိုတာနဲ့ နေ့တိုင်း ဟင်းပွဲ အသစ်တစ်ပွဲပြီး တစ်ပွဲတိုးဖို့ပဲ စဉ်းစားတယ်။ အဲ့လိုနဲ့ ပွဲသစ်တွေ တိုးတိုးလာတယ်။ ချဉ်ငံစပ်ဆိုင်ကို အမှတ် ၅၈၊ ရှမ်းကုန်းလမ်းမှာ ပထမဆုံးဖွင့်တယ်။ နောက်ထပ်တစ်ဆိုင် ကန်တော်ကြီး၊ မျှော်စင်ကျွန်းမှာ ဖွင့်ဖြစ်သွားတာကတော့ ကန်တော်ကြီးက ကမ်းလှမ်းခဲ့တာပါ။ ကန်တော်တို့ကလည်း ကန်တော်ကြီး မှာဖွင့်ဖို့ စိတ်ဝင်စားနေတဲ့ချိန်ဆိုတော့ ကွက်တိဖြစ် သွားတယ်။ ကျွန်တော်တို့ စေတနာမှန်တယ်။ အစားအသောက် ဈေးနှုန်းတွေကိုလည်း လူတိုင်းစားနိုင်တဲ့ဈေးဖြစ်အောင် ထားပေးတယ်။နောက်ပြီး အသားကြီး ငါးကြီးတွေလည်း သိပ်မရောင်းဘူး။ အားလုံးကို လတ်လတ်ဆတ်ဆတ်တွေပဲလိုချင်လို့ နေ့တိုင်း ဈေးထွက်ဝယ်တယ်။ ဆီနည်းတာမျိုး၊ ကျန်းမာရေးနဲ့ ညီညွတ်တာမျိုးတွေပဲ ရောင်းပါတယ်။ 

ချဉ်ငံစပ်မှာ ကျွန်တော်တို့ မောင်နှမရဲ့ Masterpiece က မုန့်တီထောင်းပါ ။ သူများတွေ လည်းလိုက်လုပ်ကြပါတယ်။ ဒါပေမဲ့ သူများနဲ့မတူတဲ့ အရသာကိုခံစားရမှာပါ။ ပြီးတော့ ဆိုင်မှာ ငါးပေါင်းနာမည်ကြီးတယ်။ ကချင်ငါးပေါင်းကို ကျွန်တော်တို့မိသားစု နှစ်သက်တဲ့အရသာနဲ့ Fusion လုပ်ထားတာပါ။ နောက်ထပ် Signature ဖြစ်တာက ကစော်အေးပေါ့။ ကျွန်တော်တို့ ထွင်လိုက်တာပါ။ တကယ်တော့ ကစော်ဆိုတာက အပူသောက်ရတာ။ ဒါပေမဲ့ ရန်ကုန်ရာသီဥတုက ပူတော့ ကစော်အေးဖြစ်ရမယ်။ ပူလို့မဖြစ်ဘူးဆိုပြီး ကိုယ့်စတိုင်လ်နဲ့ ကိုယ်လုပ်တာပေါ့။

ကြုံတွေခဲ့ရသော အခက်အခဲများ၊ အားသာချက် နှင့် အားနည်းချက်
ဆိုင်စစဖွင့်ချင်းမှာ သာမန်လမ်းဘေး Fast Food ဆိုင်အနေနဲ့ဖွင့်ပေမဲ့ ဆိုင်က လူအရမ်းကျတော့ Customer တွေအနေနဲ့ တန်းစီရတာတွေ၊ စောင့်ရတာတွေမှာ Complaint တွေ ရှိလာတယ်။ တချို့ Customer တွေက Service အရမ်းကောင်း တာမျိုးလိုချင်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်နဲ့ ကျွန်တော့်အစ်မကိုယ်တိုင် စားပွဲဝင်ထိုးဖြစ်ပါတယ်။ ဆိုင်အနေအထားအရရော ဈေးနှုန်းအရရော ဝန်ထမ်းတွေကလည်း ရိုးသားတဲ့သူတွေပဲ နယ်က ခေါ်ထားတာ။ Fine Dinning ဆိုင်တွေလို ပညာတတ်ဝန်ထမ်းတွေချည်းပဲ မဟုတ်ဘူးပေါ့။ တက္ကသိုလ်တက်နေတဲ့ ကလေးတွေလည်းရှိပါတယ်။ ဒါပေမဲ့ နယ်ကလာတာဆိုတော့ သူတို့စကားပြောဆိုဆက်ဆံတဲ့အပိုင်းမှာ ရန်ကုန်ကလူတွေအနေနဲ့  အဆင်မပြေတာမျိုးတွေဖြစ်တယ်။ အဲဒါကြောင့် Service ပိုင်း အခက်အခဲတွေရှိပါတယ်။ အဲဒါ တွေသိလို့ ကျွန်တော်တို့လည်း Service Charges လုံးဝမယူတာပါ။ 

ဆိုင်ကလည်း စဖွင့်တာနဲ့ လူအပြည့်ဝင် တာဆိုတော့ မနိုင်တာတွေရှိလာတယ်။ ကျွန်တော် ကိုယ်တိုင်ဝင်စားပွဲထိုးတယ်။ ခုံရှင်းသင့်ရှင်းတယ်။ Service ပေးရတာကို ၀ါသနာပါတာ။ ပြီးတော့ ကျွန်တော့်လောက် ပရိသတ်မျက်နှာကြည့်တာ ကျွန်တော်ပဲရှိတယ်။ ဒါပေမဲ့ တစ်ခါတလေ မော လွန်းရင် လွတ်ကုန်ရော။ အဲလိုမျိုး ပထမတစ်နှစ် အတွင်းမှာ လစ်ဟင်းတဲ့အပိုင်းတွေ အများကြီးရှိတယ်။ အခုဆိုရင် ဝန်ထမ်းတွေလည်း ဆက်ဆံရေးကောင်းလာပြီဆိုတာ လာစားတဲ့ Customer 
တွေ အားလုံး သိကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ မတော်တဆဖြစ်သွားတတ်တဲ့ အမှားလေးတွေကိုလည်း ခွင့်လွှတ်ပေးပါ။ နားလည်ပေးပါလို့ ပြော ချင်ပါတယ်။

ရှေ့ဆက်မည့် အစီအစဉ်များ
ကျွန်တော် အခု Plan အသစ် တစ်ခုထပ်ဆွဲ နေပါတယ်။ အဲဒါလေး အကောင်အထည်ဖော်ဖြစ်တဲ့ အခါကျရင် ပရိသတ်ကို အသိပေးမယ်။ ချဉ်ငံစပ်နဲ့ လုံးဝမတူတဲ့ နောက်ထပ်အရသာသစ်တွေကို လုပ်သွားဖို့ရှိပါတယ်။ 


    
ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ်များအတွက် အကြံပြုချက်
စားသောက်ဆိုင်နဲ့ ပတ်သက်လို့ အကြံပြုရမယ်ဆိုရင် ဥပမာ- ဖက်ရှင်ဆိုင်ဖွင့်တဲ့သူက ကိုယ်တိုင်မဝတ်မစားဘဲ ဖက်ရှင်အမြင်မရှိဘဲနေလို့ မရဘူး။ ကိုယ်တိုင်က အမြင်ရှိနေရမယ်။ သူများကို အကြံပေးလို စိတ်ရှိရမယ်။ ဆင်ရမယ်ဆိုရင်လည်း 
ဆင်ပေးတတ်ရမယ်။ အဲလိုပဲ စားသောက်ဆိုင်ဖွင့်မယ့်သူကလည်း ကိုယ်တိုင်ချက်တတ်ရမယ်။ ကိုယ်တိုင်ဝင်ချက်တတ်နေမှ ဆိုင်တစ်ဆိုင်ကို Manage လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ၀န်ထမ်းတွေ ဘယ်လောက်ပဲကောင်းကောင်း မန်နေဂျာတွေပဲရှိရှိ ကိုယ်ကိုယ်တိုင်က ဝင်ပြီးတော့ Participate မ လုပ်ဘူးဆိုရင် ကျွန်တော့်အတွက်ကတော့ ပြည့်စုံတယ်လို့ မထင်ဘူး။ ကျွန်တော်တစ်ဦးတစ်ယောက်ရဲ့ အမြင်ကို ပြောတာပါ။

အဓိက ပြောချင်တာကတော့ ဘယ်အလုပ် ပဲလုပ်နေနေ ကိုယ်ယုံကြည်ရာ ကိုယ့်အလုပ်အပေါ် ကိုယ်သစ္စာရှိဖို့ပဲလိုတယ်။ ကျွန်တော်ဆို အဆိုတော် အလုပ်လုပ်လုပ်တယ်။ ငယ်ငယ်ကဆို  ကျွန်တော့် အိမ်ရှေ့က အသိအစ်မတစ်ယောက်ရဲ့ ဆိုင်မှာ Waiter လည်း ဝင်လုပ်တယ်။ လူတွေကို Serve လုပ်ရတာ၊ ဧည့်ခံရတာဟာလည်း ၀ါသနာပါတာ။  

လူတွေကို Serve လုပ်ရတာ၊ ဧည့်ခံရတာဟာလည်း အနုပညာတစ်ခုပါ။

Makeup & Hair - Ci Ci (Htet - Pop Soul)
Photo - Fred

အေးဝတ်ရည်သောင်း

အလွယ်လမ်း မလိုက်ဖို့နဲ့ အမြဲတစိုက်မတ်မတ် ကြံစည်ကြိုးစားဖို့ လိုပါတယ်

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း
လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ကတော့ အထည်လုပ်ငန်းပါ။ ရွှေလွန်းသံပိုးထည်တိုက်နဲ့ ရွှေချည်လွှာ Cotton House ပါ။
လုပ်ငန်းအကြောင်းမပြောခင် စီးပွားရေးကို စပြီး လေ့လာခဲ့တဲ့အကြောင်းလေးကို အရင်ပြောပြချင်ပါတယ်။ မိဘတွေက စီးပွားရေးလုပ်ကိုင်ခဲ့တဲ့ သူတွေ မဟုတ်တော့ စီးပွားရေးနဲ့ ပတ်သက်တာ ဘာမှ မသိခဲ့ပါဘူး။ ကိုယ်ကိုတိုင်ကလည်း အသက် ၁၂ နှစ်ကတည်းက အနုပညာနဲ့ပဲ အသက်မွေးခဲ့ ရတော့ ဘာမှနားမလည်ခဲ့ဘူး။ လုပ်ငန်းရှင်တွေ တွေ့ရင် အရမ်းအားကျခဲ့ရပေမဲ့ ဘယ်လိုလုပ်ရ မယ်ဆိုတာ ဘာမှကိုမသိခဲ့ဘူး။ သံဈေးအပေါ်ထပ် မှာ Business နဲ့ ပတ်သက်တဲ့ သင်တန်းရှိတယ်ဆိုလို့ သွားစုံစမ်းခဲ့တယ်။ ဒါပေမယ့် သူက English လို ဖြေရမှာဆိုတော့ ဘာသာစကား အခက်အခဲစ တွေ့တာပဲ။ အဲဒီသင်တန်းမတက်ခင် British Council မှာ English 4 skills ကို (၂)နှစ်တက်ခဲ့ပါ တယ်။

တက္ကသိုလ်တက်တော့လည်း Chemistry  ယူခဲ့တာလေ။ Eco မဟုတ်တော့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာက တကယ့်ကို Challenge တစ်ခုပါပဲ။ British Council မှာ General English ကို Level 6 ထိ တက်ပြီးမှ MHR မှာ Business Management နဲ့ Travel Tourism & Hospitility Management (Double Diploma)နဲ့ စတက်ခဲ့ တယ်။ ပထမ ၃ လလောက်က ဘာမှကိုနားမလည် ခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ သူငယ်ချင်းတွေ၊ ဆရာ၊ ဆရာမတွေက ကူညီကြလို့ ပထမ Diploma I ကို အဆင်ပြေပြေ ဖြေဆိုနိုင်ခဲ့တယ်။ ပြီးတော့ နောက် ၆ လ Diploma II, နောက် ၆ လ Advanced Diploma အထိ အောင်မြင်ခဲ့ပါတယ်။ ကြားထဲမှာ လည်း စင်ကာပူက MDIS မှာ Coping with Internal & External Customers short course ကိုလည်း သွားတက်ခဲ့ပါတယ်။ ဘာသာရပ်ထူးချွန် ဆုတွေလည်း ရခဲ့ပါတယ်။ အဲလိုနဲ့ Advanced Diploma in Business Management A.B.E (UK) ဒီပလိုမာကို ရခဲ့ပါတယ်။

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံ
စိတ်ကူးရခဲ့တာကတော့ ခရီးတွေထွက်ရင် ရိုးရာထည်တွေတွေ့တော့ ကိုယ်ကိုတိုင်လည်း ကြိုက်နှစ်သက်ပြီး ဝတ်ဆင်ခဲ့ပါတယ်။ ချင်းမိုင်က ရိုးရာထည်လေးတွေ၊ တောင်မြို့က ရိုးရာထည် လေးတွေက ကျွန်မအကြိုက်ဆုံးပါပဲ။ ဒါနဲ့ပဲ ဒီလို မြန်မာ့ရိုးရာအထည်ဖြစ်တဲ့ ပိုးထည်နဲ့ ရိုးရာချည်ထည်လေးတွေရှိတဲ့ ဆိုင်ဖွင့်ဖို့ စိတ်ကူးခဲ့ရတာပေါ့။ ဝါသနာနဲ့လည်း ကိုက်ညီတာပေါ့နော်။

လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ
တနိုင်တပိုင်နဲ့ စတင်ခဲ့တာပါပဲ။ အကြီးကြီးလည်း မလုပ်နိုင်သေးတော့ အိမ်နားမှာရှိတဲ့ မြေကွက်မှာပဲ ၂ လအတွင်း ဆိုင်ခန်းကိုအပြီးဆောက် ခဲ့ပါတယ်။ ငှားခတွေက ဈေးလဲမြင့်တော့ ကြာရှည်မလုပ်နိုင်မှာစိုးတာရယ်၊ အမြတ်အများကြီး မယူ ချင်တာရယ်ကြောင့် အိမ်နဲ့လဲနီးတာတကြောင်း ကိုယ်ပိုင်ခြံလေးမှာပဲ ဖွင့်ဖြစ်ခဲ့ပါတယ်။ အထည် တွေကတော့ အဆင်တူတယ်လို့ ပထမထင်ရပေ မယ့် တကယ် Quality ကောင်းပြီး အဆင်လှတာလေးတွေကို သေချာရွေးဝယ်ခဲ့ရပါတယ်။ ကျွန်မဆိုင်က တစ်ထည်ချင်းစီတိုင်းက ကိုယ်တိုင်ရွေးခဲ့တာတွေချည်းပါပဲ။ အထည်တွေကို မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ တောင်မြို့၊ တောင်ကြီး၊ အင်းလေးဘက်တွေထိ ကိုယ်တိုင်ပဲသွားဝယ်ခဲ့တာပါ။ ကြိုးစားမှုကိုတော့ ဒီထဲမှာပဲ လုံးဝစိတ်နှစ်ပြီး လုပ်ကိုင်ခဲ့တာ ပါ။ ၃လအတွင်းမှာ ဆိုင်နာမည်၊ ဆိုင်းဘုတ်၊ အိတ်၊ အပြင်အဆင်တွေကို အပြီးသတ်လုပ်ပြီး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ကြုံတွေ့ရသော အခက်အခဲများ၊ အားသာချက် နှင့် အားနည်းချက်
ပထမဆုံးစီးပွားရေးလောကထဲကို စဝင်တဲ့ အတွေ့အကြုံကတော့ မထင်မှတ်ထားတာတွေ အများကြီးပေါ့။ လူပေါင်းစုံနဲ့ စပြီး ဆက်ဆံရတယ်။ ကြီးတဲ့သူတွေဆီက အတွေ့အကြုံတွေရတယ်။ ကိုယ့်ထက် အတွေ့အကြုံရှိတဲ့သူတွေက သင်ပေးတယ်၊ ပြပေးတယ်။ တချို့က ငယ်ပေမယ့် ကိုယ့်ထက်တော်နေတာမျိုးတွေလည်း တွေ့ရတယ်။ အမျိုးမျိုးပေါ့။ ကောင်းတာတွေရော ဆိုးတာတွေရော အများကြီးပါပဲ။ အဲ့ အထဲကမှ ကောင်းတာတွေကို သင်ယူမှတ်သားပြီး မကောင်းတာတွေကို သင်ခန်းစာယူခဲ့ပါတယ်။ ကြီးကြီးငယ်ငယ် ကိုယ့်ထက်သိတဲ့ သူတွေအားလုံးဆီက ကောင်းတာလေးတွေကို သင်ခန်းစာယူခဲ့ပါတယ်။ ကျွန်မအတွက် အခက်အခဲဆုံးအပိုင်းကတော့ ဝန်ထမ်းပါပဲ။ ဝန်ထမ်းထိန်း သိမ်းမှုစည်းကမ်းရှိမှုတွေ အလုပ်ကိုချစ်ဖို့၊ ကိုယ့် လုပ်ငန်းလို သဘောထားဖို့ဆိုတာတွေက အထဲမှာ သင်ခဲ့ရတာထက် အပြင်မှာပိုခက်ခဲမှုရှိပါတယ်။

အားနည်းချက် အားသာချက်ကတော့ ဒွန်တွဲနေပါတယ်။ အနုပညာရှင်ဖြစ်ဖို့ ဒီအသိုင်းအဝိုင်းထဲက သူငယ်ချင်းမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့အကူအညီအများကြီးရခဲ့ပါတယ်။ နောက်တော့ အဝတ်အစားဝါသနာပါတဲ့ သူဆိုတော့ ဝါသနာနဲ့ ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ ကိုက်ညီနေတာကလည်း အားသာချက်တစ်ခုလို့ ထင်ပါတယ်။

မြန်မာပြည်က လုပ်ငန်းရှင်အများစု ကြုံတွေ့နေရတဲ့ ပြဿနာကတော့ ဝန်ထမ်းပြဿနာပါပဲ။ အချိန်လေးစားတဲ့၊ တာဝန်ယူစိတ်အပြည့်အဝရှိတဲ့ ဝန်ထမ်းရှာရတာ အလွန်ခက်ပါတယ်။ ကျွန်မအတွက်ကတော့ ဝန်ထမ်းရှာရတာ အဓိက အားနည်းချက်ပါပဲ။

ရှေ့ဆက်မည့် အစီအစဉ်များ
အခုလုပ်နေတဲ့ အထည်လုပ်ငန်းနဲ့ ပတ်သက်တာတွေပဲ ထပ်မံတိုးချဲ့လုပ်ကိုင်သွားဖို့ ရှိပါတယ်။

ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ်များအတွက် အကြံပြုချက်
ကိုယ်လုပ်မယ့် လုပ်ငန်းနဲ့ပတ်သက်တဲ့ ပညာရပ်တွေကို ကိုယ့်ရဲ့စီနီယာတွေဆီက သင်ယူလေ့လာစေချင်ပါတယ်။ အလွယ်လမ်းမလိုက်ဖို့နဲ့ အမြဲတစိုက်မတ်မတ် ကြံစည်ကြိုးစားဖို့လည်း လိုပါတယ်။ ကိုယ့်ရဲ့ Market နဲ့ Customer ကို နားလည်အောင်လုပ်ဖို့လည်း အဓိကကျပါတယ်။ ကျွန်မသိတဲ့ တွေ့ကြုံခဲ့တဲ့ အပိုင်းအစများကို Sharing လုပ်ခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ရွှေလွန်းသံပိုးချည်တိုက်
အမှတ် (၃၃၆)၊ ဂန့်ဂေါ်ရိပ်သာလမ်း၊ (၁၆) ရပ် ကွက်၊ အပိုင်း (၃)၊ သင်္ဃန်းကျွန်း၊ ရန်ကုန်။ 
ဖုန်း - ဝ၉ ၂၅၄ဝဝ၅၅၅၆

ရွှေချည်လွှာ Cotton House
အမှတ် (၉၉)၊ လှည်းတန်းလမ်းမ၊ (၈)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
ဖုန်း ဝ ဝ၉ ၉၇၅၈ဝ၈ဝ၈၇

Bunny Phyo

သီချင်းဆိုပြီးရတဲ့ ဝင်ငွေနဲ့ နောက်ထပ်ကိုယ့်ရဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နေတဲ့ ဘန်နီဖြိုး

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း
"KARROT" ဆိုတဲ့ brand နဲ့ လူငယ်ဖက်ရှင် အဓိက target ထားတဲ့ clothing line တစ်ခုလုပ်ဖြစ်နေပါတယ်။ လောလောဆယ်မှာတော့ တီရှပ်၊ အနွေးထည်နဲ့ ဦးထုပ်ကို အဓိကထားပြီး ထုတ်ဖြစ်ပါတယ်ဗျာ။
 
စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံများ
စိတ်ကူးကတော့ ဟိုးအရင်ကတည်းက ကျွန်တော်က အဲလို အင်္ကျီပေါ်မှာ ကိုယ့်ဘာကိုယ် ပုံတွေဆွဲပြီး ဝတ်ရတာကြိုက်တယ်။ အဲဒီတုန်းကတည်းက စိတ်ကူးယဉ်တာပေါ့ ငါသာဆိုရင် ဒီ အင်္ကျီကို ဘယ်လိုဒီဇိုင်းနဲ့ ထုတ်မှာတို့ဘာတို့... လိုဂိုကို ဘယ်လိုလေးလုပ်မှာတို့။ အဓိကကတော့ အဲဒီက စတဲ့ ရူးသွပ်မှုတစ်မျိုးပါပဲ။ အခု အချိန်မှာ ကိုယ်သီချင်းဆိုပြီးရတဲ့ ဝင်ငွေနဲ့ နောက်ထပ် ကိုယ့်ရဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖြစ်တာပါ။ 


 
လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ
စပြီး အစီအစဉ်ဆွဲဖြစ်ခဲ့တာတော့ ၂ဝ၁၄ လောက်မှာပါ။ အကောင်အထည်ဖော်ဖြစ်တာတော့ ၂ဝ၁၅ မှပေါ့။ ကိုယ်က လုပ်ချင်တဲ့ စိတ်တစ်ခုပဲရှိတာလေ ဘာမှမှမသိတာ အဲ့ဒီတော့ အရင်လုပ်နေတဲ့ သူတွေနောက် တစ်ကောက်ကောက်လိုက် လိုက်ကြည့် လိုက်မေး တိုင်ပင်ရင်းနဲ့ပဲ ဖြည်းဖြည်းချင်းစယူရတာပေါ့။
 
ကြုံတွေ့ခဲ့ရသောအခက်အခဲများ၊ အားသာချက်နဲ့ အားနည်းချက်
အခက်အခဲကတော့ အစုံပဲဗျ။ ဒီဇိုင်းပိုင်းဆိုရင်လည်း ကိုယ်တိုင်လုပ်တဲ့ ဒီဇိုင်းတွေအပြင် တချို့ဒီဇိုင်းတွေက သူငယ်ချင်း ပုံဆွဲတဲ့သူတွေနဲ့ ပေါင်းလုပ်တာရှိတယ်။ အဲ့လို ပေါင်းလုပ်ရင် တအား ညှိရတယ်။ အဲ့ဒီ ပုံဆွဲတဲ့ ဘဲက ငယ်ငယ်တည်းက၊ အထက်တန်းကျောင်းတုန်းကတည်းက သူငယ်ချင်းဆိုတော့ နှစ်ယောက်ဆုံရင် မျောနေလိုက် ဒီကောင့်ကိုဖမ်းလို့မမိလိုက်နဲ့ တကယ် product ထုတ်မယ့် အချိန်ကပ်လာတော့ အချိန်မမှီတာတွေ ကြုံရတာပေါ့။ နောက်ပြီး ပထမဆုံး ပစ္စည်းစမှာ
တုန်းကဆိုရင်လည်း ဘယ်အချိုးတွေမှာရမှန်းမသိ ဘယ်လိုဈေးဆစ်ရမှန်းမသိ တိုင်အကြီးကြီးပတ်တာဗျာ။ ကိုယ်က ဒီဇိုင်းလုပ်ချင်တဲ့ ပိုးကနေအစပြုပြီး ဒီအလုပ်လုပ်ဖြစ်တာလေ။ အထည်ရောင်းပြီး သူဋ္ဌေးလုပ်မယ်ဆိုတဲ့ စီးပွားရေး အတွေးမှ
မဟုတ်တာ။ အဲ့ဒါက အဓိကပြဿနာပဲဗျ။ ကောင်းကောင်းကလည်း လုပ်ချင်ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကလည်း limit နဲ့ ဆိုတော့ တအားညှိယူရတယ်။ ကိုဖြိုးလေးတို့လည်း အများကြီးကူပေးလို့ အဆင်ပြေတာ။ ကျွန်တော်ထင်တိုင်းကြဲနေရင် အခုလောက်ဆို အသစ်တောင် ထုတ်နိုင်တော့မှာမဟုတ်ဘူး။ နောက်ထပ်အခက်အခဲတစ်ခုက တစ်ဖက်မှာ သီချင်းဆိုဖို့တွေ၊ အခွေအတွက် သီချင်းလုပ်ဖို့တွေလည်းရှိနေတဲ့အတွက် သေချာအချိန်မပေးနိုင်တာပါ။ အဲဒါကြောင့် သူများတွေ နှစ်လတစ်ခါလောက် အသစ်ထွက်တဲ့အချိန်မှာ ကျွန်တော့်ဆီက ဒီဇိုင်းအသစ်တစ်ခါထုတ်ဖို့ ခြောက်လလောက် ကြာပါတယ်။ ဟိုသူငယ်ချင်းကလည်း စင်္ကာပူရောက်သွားတော့ ကျွန်တော်ပဲဆွဲ ကျွန်တော်ပဲ မကြိုက်နဲ့ မုန့်လုံးစက္ကူကပ်နေတာဗျ။ ကျွန်တော်အများကြီး အလုပ်လုပ်ရဦးမှာဗျ။ အခုက လုပ်ချင်တဲ့နောက်ကို လုပ်နိုင်တာက မလိုက်နိုင်သေးဘူး ဖြစ်နေတယ်။

ရှေ့ဆက်မည့် အစီအစဉ်များ
တတိယအခွေထွက်ပြီးရင်တော့ ဒီဘက်ကို အချိန်ပေးမှရမှာဗျ။ အခွေနဲ့ ပတ်သက်တဲ့ mer-chandise တွေလည်း ထုတ်ရဦးမှာ။ နောက် အ ကြမ်းဆွဲထားတဲ့ ဒီဇိုင်းတွေ ပြန်အချောသတ်ပြီး ထုတ်သင့်တာထုတ် ဖြုတ်သင့်တာဖြုတ်ပေါ့။ ရာသီ
ဥတုနဲ့ အခြေအနေအချိန်အခါကလည်း ကြည့်ရသေးတယ်။ တအားခေါင်းရှုပ်တယ် ဒါပေမဲ့ စီးပွားရေးဆိုတာထက် ဝါသနာအရင်းခံထားတဲ့ အရာတစ်ခုဖြစ်နေတဲ့အတွက်တော့ ခံသာပါသေးတယ်။ ဆက်ပြီးတော့ လုပ်ဖြစ်မှာပါပဲ။ အခု KARROT classic t-shirt ဆိုတာကို နောက်ထပ် color series တွေနဲ့ ထုတ်ဖို့ရော ဒီဇိုင်းအသစ်တွေနဲ့ရော အသစ်ထွက်ဖို့တွေတော့ရှိတယ်ဗျ။

ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ်များအတွက် အကြံပြုချက်
ဘာပဲလုပ်လုပ် ကိုယ်တိုင်စိတ်ပါ ဝါသနာပါမှ အဲ့ဒီအလုပ်ကို ဘာအခက်အခဲနဲ့ ကြုံကြုံ လွယ်လွယ် မစွန့်လွှတ်ဘဲနှမြောတတ်မှာဗျ။ အဲတော့ ရွေးချယ်ခွင့်များရှိမယ်ဆိုရင် ကိုယ် ဝါသနာပါတဲ့ အလုပ်ကိုပဲလုပ်စေချင်ပါတယ်။ Chris Brown ပြောတဲ့ စကားလိုပေါ့ "Follow your dreams, but make sure you have fun too". နောက်ပြီးတော့ ပိုက်ဆံနောက် အောင်မြင်မှုနောက်ကိုပဲ လိုက်ရင်းနဲ့ ပတ်ဝန်းကျင်နဲ့ မိသားစုနဲ့ မဝေးကွာသွားပါစေနဲ့လို့။ ကိုယ့်ကိုချစ်ပေးနေတဲ့ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်အတွက် အကောင်းဆုံးပါ။ ကိုယ် အလုပ်လုပ်တယ်ဆိုတာလည်း သူတို့ အတွက်ပါတာပဲ။ အဲတော့အားလုံး ကိုယ်လုပ်ချင်တာလုပ်ရပြီး စိတ်ချမ်းသာတဲ့ အောင်မြင်မှုတွေ ရကြပါစေဗျ။

Photo - Htet Aung Kyaw

Khin Lay Nwe

“ကိုယ်ပိုင်စီးပွားရေးဆိုတာ မိမိခြေထောက်ပေါ် ရပ်တည်ခြင်း”

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း
KAY fashion & fabric house ဆိုတဲ့ ပိတ်စဆိုင်လေးရယ် Things4u wedding event & party supply နှစ်ဆိုင်ကို သူငယ်ချင်းတွေနဲ့ပေါင်းပြီး လုပ်ဖြစ်ပါတယ်။

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံများ
အသက်အရွယ်လေးလဲ ရလာပြီဆိုတော့ စီးပွားရေးလုပ်ငန်းလေး လုပ်သင့်တယ် ပုံမှန်ဝင်ငွေလေးနဲ့ လည်ပတ်လို့ရအောင် အလုပ်လေး လုပ်ချင်လာတယ် အာ့ကြောင့် လုပ်ဖြစ်သွားတာပါ။

လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ
လုပ်ငန်းကတော့ သူငယ်ချင်းတွေ လုပ်နေတဲ့ အလုပ်မှာ ဝင်လုပ်ဖြစ်တာဆိုတော့ ကိုယ့်ထက် သူငယ်ချင်းတွေက ပိုပင်ပန်းကြတာပါ။ ကိုယ်ကနောက်မှဝင်လာပြီး လုပ်ငန်းအကြောင်းလည်း နားမလည်တော့ သင်ယူနေတဲ့သဘောပါပဲ။

ကြုံတွေ့ခဲ့ရသောအခက်အခဲများ၊ အားသာချက်နဲ့ အားနည်းချက်
အတွေ့အကြုံတွေ၊ အခက်အခဲတွေကတော့ အများကြီးပဲ အလုပ်လုပ်နေတဲ့ တစ်လျှောက်လုံးမှာ လိုအပ်ချက်တွေလည်း အများကြီးရှိတယ်။ အမှားတွေလည်းရှိတယ်။ အဲ့ထဲကနေမှ ဘာလေးကတော့ လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာတွေ သိလာရတယ်...။ အားသာချက်ကတော့ မိတ်ဆွေအပေါင်းသင်းတွေတိုးလာတယ် စီးပွားရေးလောကအကြောင်းလေးတွေ သိလာတယ်။

ရှေ့ဆက်မည့် အစီအစဉ်များ
ရည်မှန်းချက်ကတော့ အခက်အခဲ ဘယ်လောက်ပဲရှိရှိ ဆုတောင်းချင်းနဲ့ ခွန်အားယူတယ်.. ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ သစ္စာရှိရှိနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်မယ်။ နောက်ထပ်ပြီးတော့လဲ သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်လေးဖွင့်ဖို့ ပြင်ဆင်နေပါတယ်။

ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ် များအတွက် အကြံပြုချက်
လူငယ်တွေကိုပြောချင်တာကတော့ အလုပ်ကတော့လုပ်သင့်တယ် လုပ်တဲ့နေရာမှာလည်း ပြီးပြီးရောမဟုတ်ပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ် တည်နိုင်အောင် အပေါင်းအသင်းတွေနဲ့လုပ်မယ်ဆိုရင်လည်း တိုင်တိုင်ပင်ပင်နဲ့ လုပ်ဖို့ပေါ့ အလုပ်ကတော့လုပ်သင့်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးမှ မဟုတ်ဘူး ဘယ်အလုပ်ပဲလုပ်လုပ် ကိုယ့်ရဲ့ ကိုယ်ပိုင်အလုပ်လို သဘောထားပြီး လုပ်မယ်ဆိုရင် အကောင်းဆုံးပေါ့။

Makeup & Hair - Htay Min (Soe Soe)
Photo - Fred 

Mi Sandi
“အတွေ့အကြုံကောင်းအတွက် နစ်နာတာမရှိ”

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း 
My BOO limited Collection by Mi Sandi 

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံ 
လွန်ခဲ့တဲ့  နှစ်နှစ်လောက်တည်းက လုပ်ချင်နေခဲ့တာ ပထမတုန်းက celebrities product အနေနဲ့မဟုတ်ဘူး စီးပွားရေးတစ်ခုလုပ်ချင်ခဲ့တာ။ ဘာလုပ်မလဲစဉ်းစားတော့ ကိုယ်က clothing ကိုဝါသနာပါတယ်။ ဝက်ကိုလည်းချစ်တယ် ဝက်ရုပ်လေးတွေနဲ့လုပ်တာလည်း မရှိသေးဘူး ဆိုတော့ စိတ်ကူးလေးက အဲကနေရတယ်။ ပြီးတော့ Target က couple wear ထုတ်ချင်တာ couple wear က sweet ဖြစ်တာလေးတွေပဲများတော့ ၀က်ကလေးကမရှိတော့ လုပ်ချင်ခဲ့တာပါ။ အဓိက ကတော့ လူငယ်တွေစိတ်ဝင်စားတာလေးလုပ်ဖို့ စိတ်ကူးခဲ့တာပါ။

လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ 
၂၀၁၅ လောက်မှာ စလုပ်မယ်ဆိုတော့ GENIUS က ကိုဖြိုးလေးတို့နဲ့ စ စကားပြောတယ်ပေါ့နော်။ သူတို့ကလည်း အင်္ကျီတွေ လုပ်တယ်ဆို တော့ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူချင်ဘူးပေါ့နော် အဲဒါနဲ့ တော်တော်ငယ်တဲ့ လူငယ်တွေကို Target ထားမယ် Cute လည်းဖြစ်ရမယ်ဆိုပြီးတော့ လုပ်ဖြစ်ခဲ့တယ်။ ကြားထဲမှာ Limited Collection အနေနဲ့ ခေါင်းအုံးလေးတွေ ထုတ်လိုက်သးတယ် ခေါင်းအုံးက ကိုယ့်ဖာသာ ရှန်ဟိုင်းကနေ စက်ရုံကို တိုက်ရိုက်မှာတယ် အဲဒါက ကိုယ့်
ဘာသာတစ်ယောက်တည်း လုပ်လိုက်တာ အိမ်ကတောင်မသိဘူး။ ခေါင်းအုံးတွေရောက်လာမှသိတာ ကိုယ့်ဖာသာ အင်တာနက်ကနေ research လုပ်ပြီး စမ်းလုပ်ကြည့်လိုက်တာ။ နောက် ၀က်လေးတွေကို clothing လုပ်မယ်ဆိုတော့ ၀က်ကိုချစ်အောင် ဘယ်လိုလုပ်မလဲဆိုပြီးတော့ စိတ်ကူးတွေ အိုင်ဒီယာတွေနဲ့ စတင်ပြီးတော့ ငွေကြေးရင်နှီးမြှုပ်နှံမှုကအစ ဘယ်လောက်ပဲသုံးမယ် ဒီထက်ပိုရင် မသုံးတော့ဘူးဆိုပြီး limit ထားတယ်။ အခုဆို သမီးရဲ့ My Boo မှာ ထပ်မထည့်တော့ဘူး။ သူ့ဝင်ငွေနဲ့သူ လှည့်ပတ်သုံးဖိုပဲ target ထားထားတယ်။

ကြုံတွေ့ခဲ့ရသောအခက်အခဲများ၊ အားသာချက်နဲ့ အားနည်းချက်
အဓိက အခက်အခဲက ငွေလွှဲတဲ့ဟာ အရမ်းဒုက္ခရောက်တယ် ပထမစစချင်း ခေါင်းအုံးတွေ စလုပ်တော့ ရှန်ဟိုင်းကို ငွေလွှဲတာခက်ခဲခဲ့တာ သူတို့ဆီကို လွှဲရတာ ဘဏ်အကောင့်ကိစ္စတွေ တော်တော်ကိုတိုင်တွေပတ်ခဲ့တာ။ နောက်အပ်
လိုက်တဲ့ ခေါင်းအုံးစက်ရုံကကြီးတော့ သဘောင်္နဲ့ပဲတင်ပေးတော့ သင်္ဘောခတွေ တော်တော်ကျတာ သူတို့ဖက်ကအခွန်ကိုလည်း ထိန်းတော့ ဒီကိုတင်ပို့တာကအစ စရိတ်တွေ အရမ်းမြင့်ကုန်ရော ဒီမှာလည်း သမီးက Export ၊ Import လိုင်စင်တွေလုပ်ရတယ် တော်တော်ကို ခက်ခဲခဲ့တယ်။ ခေါင်းအုံးလုပ်တဲ့အပိုင်းကတော့ တော်တော်လေးကို ကုန်ခဲ့ ခက်ခဲခဲ့တယ် နောက်ပိုင်း clothing လုပ်တော့ Genius နဲ့ တိုင်ပင်လုပ်ခဲ့တော့ သူတို့က အတွေ့အကြုံရှိတဲ့ အောင်မြင်ပြီးသားဆိုတော့ သူတို့အကူအညီနဲ့ တော်တော်လေးကို အဆင်ပြေခဲ့တယ်။ အင်္ကျီအတွက် အသားတွေ ပိတ်စတွေရွေးတာမျိုးတွေ cutting ပိုင်းတွေကိုတော့ သေချာကိုရွေးတယ် ခဏခဏပြန်ပြင်တယ် ၀တ်ကြည့်တယ် cutting ပိုင်းကိုသေချာလုပ်တယ် လက်တွေထောင်နေတာတို့ မိန်းကလေးတီရှပ်လေးတွေဆိုရင် ခါးလေးတွေသိမ်ထားပြီးတော့ ၀တ်ရတာ အဆင်ပြေအောင်လုပ်တယ်။

ကိုယ်တိုင်လုပ်ရတဲ့ အပိုင်းတွေများတော့ လုပ်ရတာပိုကြာသွားတယ်။ ချုပ်တာကျတော့ နိုင်ငံခြားမှာချုပ်တာရော ဒီမှာချုပ်တာရော နှစ်မျိုး လုံးပဲ ဟိုဖက်မှာချုပ်တဲ့ အားနည်းချက်က ပြန်ပြင်ဖို့ခက်ခဲတာ ခေါင်းအုံးလုပ်တုန်းကဆို ဟိုက ပို့လိုက် ဒီက ပြန်ပြင်ဖို့ပို့လိုက် ဟိုက ပြန်ပို့လိုက်နဲ့တင် DHL ဖိုး တော်တော်ကုန်ခဲ့တာ။ နောက်ပိုင်းမှာတော့ ပြည်တွင်းမှာ လုပ်လို့ရသမျှအကုန်လုပ်ဖို့ စဉ်းစားထားတယ် ပစ္စည်းပြတ်သွားလိုကုန်သွားတာကအစ ပြန်မှာရင် ပြန်ကြာဆိုတော့ နောက်ပိုင်းတော့ ကုန်ကြမ်းကို ပြည်ပကမှာပြီး ချုပ်တဲ့အပိုင်း ဒီမှာပဲလုပ်မယ်စိတ်ကူးထားတယ်။ နောက်ဆိုရင် တစ် Batch ပဲထုတ်မယ် ကုန်သွားရင် ထပ်မထုတ်တော့ဘူး Limited edition အနေနဲ့ပဲထုတ်တော့မယ်။

ရှေ့ဆက်မည့် အစီအစဉ်များ
၂၀၁၇ မှာ clothing ပိုင်းလည်း ဆက်ထုတ်မယ်။ နောက်ထပ်အခြား မိစန္ဒီစိတ်ဝင်စားတဲ့ အခြားဟာလေးတွေလည်း ထုတ်ချင်တာတွေရှိသေးတယ်။ မိစန္ဒီရဲ့ product တွေက အသက် ၁၃ နှစ်  ကနေ ၂၆ နှစ်အတွင်းရှိတဲ့ ကလေးတွေကို ရည်ရွယ်တာဆိုတော့ သူတို့ မုန့်ဖိုးလေးတွေနဲ့ ၀ယ်လို့ရနိုင်တဲ့ ပစ္စည်းလေးတွေထုတ်ဖို့ ရည်ရွယ်ထားပါတယ် သော့ချိတ်လိုမျိုးလေးတွေပေါ့။

ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ်များအတွက် အကြံပြုချက်

လူငယ်တိုင်းကို လုပ်ကြည့်စေချင်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် အသက် ၁၆ နှစ် လောက် ကလေးတွေတောင် Online shopping လုပ်ပြီး ပိုက်ဆံရှာနေကြပြီဆိုတော့ အခုခေတ်လို အွန်လိုင်းကနေ ပိုက်ဆံရှာလို့ လွယ်ကူလာနေပြီဖြစ်တဲ့ အချိန်မှာ လုပ်ကြည့်စေချင်ပါတယ်။ ကိုယ့်အားကိုကိုးပြီးတော့ သူများကိုအားမကိုးပဲ လုပ်ကြည့်စေချင်ပါတယ်။ အတွေ့အကြုံကောင်းရဖို့အတွက် နစ်နာတာမရှိပါဘူးလို့။
Makeup & Hair - Ma Cho & Ma Khaing (Hello)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw

Ni Ni Khin Zaw
“သိပ်ကောင်းတဲ့ ADVENTURE တစ်ခု”

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း
အခုနီနီက စီးပွားလုပ်ငန်းအနေနဲ့ နီနီ့ရဲ့ အမှတ်တရအနေနဲ့ ပရိသတ်တွေအားလုံးကို Super Red ဆိုပြီးတော့ နှုတ်ခမ်းနီအရောင် လေးရောင်ကို ပထမ Series အနေနဲ့ ထုတ်လုပ်ထားပါတယ်။ ကုမ္ပဏီအနေနဲ့ကတော့ Red Co.,Ltd ဆိုပြီးတော့ နီနီရဲ့ မိသားစုကုမ္ပဏီကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စတင်တည်ထောင်ပြီးတော့ Super Red ဆိုတဲ့ နှုတ်ခမ်းနီကို စတင်ပြီးတော့ ပရိသတ်လက်ထဲကို ထုတ်လုပ်ပေးပါတယ်။

စိတ်ကူးအစရခဲ့ပုံနဲ့ ပြင်ဆင်ခဲ့ရပုံများ
လုပ်ငန်းလုပ်ဖို့ စိတ်ကူးရခဲ့တာကျတော့ နီနီ ပြည်ပခရီးတွေသွားတဲ့အခါမှာ နီနီကိုယ်တိုင်ကိုက နီနီအရမ်းကြိုက်တဲ့ အဆိုတော်တွေ မာရိုင်ကာရေးတို့၊ ဘရစ်တနီစပီယားတို့ ဘီယွန်ဆေးတို့၊ ရီဟားနားဂရန်တီတို့ကို သူတို့ရဲ့ရေမွှေးတို့ နှုတ်ခမ်းနီတို့ ထွက်ကျတယ်လေ နိုင်ငံခြားမှာ၊ မြန်မာနိုင်ငံမှာကျတော့ အဲလိုမျိုးလုပ်တဲ့ Endorsement လုပ်တဲ့ ကုမ္ပဏီ မရှိသေးဘူး၊ အဲလိုမျိုးလုပ်ဖို့ နီနီကိုယ်တိုင်လည်း ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် အခွင့် အရေးမရခဲ့တဲ့အခါကျတော့ ကိုယ်တိုင်ဖန်တီးမှပဲ ရတော့မယ်လို့ သိပါတယ်။ အဲဒီတော့ နီနီကိုယ်တိုင် စပြီးလုပ်ဖြစ်ခဲ့တာပေါ့။ နီနီနှုတ်ခမ်းနီထုတ်မယ်ဆိုတော့ အိမ်ကတားတယ်။ နိုင်ငံခြားမှာက သူများက Endorsement လုပ်ပေးကြတာဆိုတော့ ကိုယ်ကလက်မှတ်ထိုးပေးရုံ၊ အနံ့ရွေးချယ်ပေးရုံ၊ ကာ လာ ရွေးချယ်ပေးရုံနဲ့ပြီးတယ်။ ဒီဟာကျတော့ ကိုယ်တိုင်လုပ်ရတာဖြစ်တော့ ကိုယ်တိုင်လည်း ကုမ္ပဏီထောင်ရတယ်။ Export ၊ Inport တွေလည်း လုပ်ရတော့ နီနီနဲ့ နီနီ့အစ်ကိုလည်း ဘယ်လိုမှ လုပ်လို့မရနိုင်ဘူးလို့ မေမေထင်ခဲ့တယ်။ ဒါပေမဲ့ နီနီတို့ရအောင် ကြိုးစားခဲ့တယ်။ တစ်နေ့မှာ နီနီနှုတ်ခမ်းနီလေးကို ပရိသတ်လက်ထဲရောက်အောင် ပို့မယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ရအောင်ကြိုးစားခဲ့ပါတယ်။ 

 

လုပ်ငန်းစတင်ခဲ့ရပုံနဲ့ ကြိုးစားခဲ့ရမှုများ

ပထမဆုံးနီနီ အချိန် Target တစ်ခု လုပ်လိုက်တယ်။ ဘယ်နှစ်ခုနှစ် ဘယ်အချိန်မှာ ထွက်မယ် ထွက်တဲ့အခါမှာလည်း နီနီရဲ့ အနီရောင် DVD နဲ့ အတူပေါင်းပြီး ထွက်မယ်ဆိုပြီး အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်ခဲ့တယ်။ အရမ်းပင်ပန်းခဲ့တယ်။ တစ်ဖက်က show တွေလည်း ဆိုနေတယ်။ စီးပွားရေးအတွက်လည်း လုပ်တယ်၊ အခက်အခဲတွေလည်း အရမ်းများခဲ့တယ်။ စပြီးလုပ်စတုန်းက အစ်ကိုနဲ့ နှစ်ယောက်လုပ်ခဲ့တာ နောက်မှ ၀န်ထမ်းအင်အားလေးတွေနဲ့ အလုပ်တာဝန်တွေခွဲထားပြီး တော့ တစ်စစနဲ့ ပိုအဆင်ပြေလာတာပါ။

နီနီနှုတ်ခမ်းနီ စထုတ်မယ်ဆိုတော့ အစ်ကို့ကို အမေရိကားကနေပြန်ခေါ်တယ် အစ်ကိုနဲ့ နှစ်ယောက်စလုပ်တယ်။ နှုတ်ခမ်းနီပညာကို လေ့လာကြတယ် နီနီကတော့ မိန်းကလေးဖြစ်တဲ့အတွက် နှုတ်ခမ်းနီဘာသာကို သိပြီးသား နီနီက ငယ်ငယ်တည်းက နှုတ်ခမ်းနီကို crazy အရမ်းဖြစ်တာ အရမ်းကြိုက်တာဆိုတော့ နီနီ့အတွက်က knowledge ကတော်တော်လေးရှိပြီးသား ကိုကိုကကျတော့ ယောက်ျားလေးဆိုတော့ ဘာမှမသိတော့ အမေရိကားက သူ့သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီးတော့ formula တွေ လေ့လာတယ် စလုပ်တယ်။

ပြီးတော့ ကိုကိုနဲ့ နီနီနဲ့ နှစ်ယောက်တည်း ဘန်ကောက်က Factory အကြီးကြီးကိုသွားတယ်၊ လိုက်ရှာတယ် Factory visit တွေ အများကြီး လိုက်လုပ်ကြတယ်။ အဲဒီရှာရင်းက South East Asia မှာ နံပါတ် နှစ် အဆင့်ရထားတဲ့ Factory ကို
သွားပြီးတော့ နီနီကတော့ မြန်မာပြည်က celebrities တစ်ယောက်ဖြစ်တယ်လို့ ကိုယ့်ကို မိတ်ဆက်တယ်၊ ပြီးတော့ နှုတ်ခမ်းနီထုတ်ချင်တယ်လို့ပြောတော့ သူတို့က ထူးဆန်းနေတယ် ဘာလို့လဲဆိုေ တာ့ နိုင်ငံတစ်ကာမှာ ကုမ္ပဏီတွေက ထုတ်ပေးတာလေ နင်ကဘာလို့လဲဆိုတော့  နီနီတို့ဆီမှာ အဲလို culture မရှိသေးဘူးလို့ မရှိသေးလို့ အဲလို culture လေးကိုစမွေးချင်တယ်။ နောက်ပိုင်းမှာလည်း အနုပညာရှင်တွေထဲက clothing ပိုင်းတွေကို လုပ်လာတဲ့သူတွေ ဖက်ရှင်ဆိုင်ဖွင့်တဲ့ သူတွေလည်းရှိကြပေမယ့် နှုတ်ခမ်းနီထုတ်တဲ့သူတွေ မရှိသေးဘူးဆိုပြီးတော့ နှစ်နှစ် အနီရောင် စီးရီးစထွက်ပြီးတည်းက စကြိုးစားကြတာပေါ့နော်။

မောင်နှစ်မ နှစ်ယောက် အထုပ်တစ်ထုပ်နဲ့  ချွေးဒီးဒီးကျအောင် လျှောက်သွားပြီး လုပ်ခဲ့ကြတာလေ။ အခုတော့ အရမ်းပျော်တယ်။ ကိုယ်တိုင်လုပ်ခဲ့တဲ့ အလုပ်ကလေးတစ်ခု ပရိတ်သတ်ဆီရောက်အောင် ပို့နိုင်ခဲ့ပြီးတော့ ပရိတ်သတ်တွေက ကြိုက်တယ်ဆိုတော့ အရမ်းဝမ်းသာတယ် နီနီကိုယ်တိုင်ကြိုးစားရတာဖြစ်တဲ့အတွက် အတွေ့အကြုံတွေလည်းအများကြီး အခက်အခဲတွေလည်း အများကြီး စာရွက်စာတမ်းတွေလုပ်ရတယ်။ Company လိုင်စင်တွေ Export ၊ Import လိုင်စင် တွေ Regestration တွေ Super Red တွေ လိုဂိုတွေလုပ်ရတယ် အများကြီးပေါ့နော် စာရွက်စာတမ်းကိစ္စတွေကတော့ နီနီအစ်ကိုက လုပ်တယ်။

ကြုံတွေ့ရသောအခက်အခဲများ အားသာချက်နဲ့ အားနည်းချက်
အတွေ့အကြုံတွေ အခက်အခဲတွေကတော့ အများကြီးပဲ သိပ်ပျော်စရာကောင်းတယ် စွန့်စားလို့ သိပ်ကောင်းတာပဲ လူငယ်ဘ၀မှာ ဒီလိုမျိုး စွန့်စားဖို့ဆိုတာ ကိုယ်တိုင်သတ္တိရှိဖို့လိုတယ် ဘယ်လူငယ်ကိုမဆိုလည်း စွန့်စားစေချင်တယ် ဒါကြောင့် 
စွန့်စားပါ အခုခေတ်သည် စွန့်မှ စားရမှာဖြစ်ပါတယ်။ စွန့်ဦးတီထွင်ပေါ့နော် နီနီအမြဲလေ့လာထားတာလေးတစ်ခုက စွန့်ဦးတီထွင်ချင်တဲ့ စိတ်လေးထားပြီး ကိုယ်ပိုင်စလုပ်ချင်တဲ့ စိတ်လေးရှိမှ လူတစ်ယောက်က တိုးတက်တယ်လို့ နီနီက ယုံပါ တယ်။

ပျော်စရာသိပ်ကောင်းတဲ့ Adventure ပါ။ အခုဆို အခက်အခဲတွေ အများကြီးရှိပြီ။ ဒီအခက်အခဲတွေကို ရှင်းနိုင်ခဲ့ပြီ။ ဒါတွဟာ ငွေကြေးနဲ့လည်း ဝယ်ယူလို့မရတဲ့ အတွေ့အကြုံကောင်းတွေပါ။ ရှေ့မှာရခဲ့တဲ့ အခက်အခဲကို နီနီတို့ renovate ပြန်လုပ်မယ် နောက်တစ်ခါ အဲလိုမမှားအောင် ပြန်ပြင်ဆင်မယ်။

နောက် lip second series လာမယ်။ အဲဒီမှာ ပထမ series တုန်းကရခဲ့တယ်။ အတွေ့အကြုံတွေရယ် ပရိတ်သတ်တွေပေးတဲ့ feedback တွေရယ်ကို အကုန်ယူပြီးတော့ ပြန်ပြင်ဆင်မယ်။ အားသာချက်တွေ အားနည်းချက်တွေလည်း သိလာ တယ် ပြန်ပြင်ဆင်မယ် ကောင်းအောင် ထပ်ကြိုးစားမယ်။ နောက်ထပ်စွန့်စားကြမယ် ပျော်စရာ နောက်တစ်ခုပေါ့။ ရှေကဆက်သွားရမယ့် ခွန်အားတွေပေါ့။

ရှေ့ဆက်မည့် အစီအစဉ်များ
မြန်မာနိုင်ငံ တစ်နံတစ်လျားမှာရှိတဲ့ နီနီရဲ့ End User တွေအထိ ရောက်ဖို့အတွက် Target ထားထားပါတယ်။ 2017 မှာ နီနီရဲ့  Super Red သည် ဟိုးနယ်စွန်နယ်ဖျားအထိရောက်ဖို့ ရည်မှန်းထားတယ် ကြိုးစားပါ့မယ်။ Super red ကနေ 
ထပ်မံပြီးထွက်ဖို့ series တွေရှိပါတယ်။ နောက်ပိုင်းမှာ နီနီထပ်လုပ်ဖို့ရှိတာလေးတွေကို နီးစပ်လာရင် ပရိတ်သတ်ကိုပြောပါမယ်။ 2017 အစောပိုင်း မှာတော့ နီနီရဲ့ ဒုတိယမြောက် lips series တွေ ထပ်ထွက်ပါမယ်။

ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ် များအတွက် အကြံပြုချက်
လူငယ်တွေအတွက အခုအချိန်က အချိန်ကောင်းပါ။ ဘယ်တော့မှလည်း နောက်မကျပါဘူး၊ လက်ရှိ ရှိနေတဲ့အချိန်ကို အကောင်းဆုံးအသုံးချပြီးတော့ စွန့်ဦးတီထွင်ပြီးတော့ မြန်မာနိုင်ငံမှာ မရှိသေးတဲ့ culture တွေ ရှိပါသေးတယ်လို့ စွန့် 
စားကြည့်ပါ။ လူငယ်ဆိုတာ စွန့်စားရဲတဲ့ သတ္တိရှိကြတယ် လူငယ်တွေရဲ့ စွန့်စားရဲတဲ့ သတ္တိကို လူကြီးတွေကလည်း ပံ့ပိုပေးဖို့လိုအပ်တယ်။ လူငယ်တွေမှာ မှားတတ်တဲ့ အတွေးအခေါ်လေးတွေ ရှိတတ်တယ် အဲဒါကို လူကြီးတွေက ပိတ်ပင်တားဆီးတာမျိုးမဟုတ်ပဲနဲ့ လမ်းကြောင်းလေးတစ်ခု ပြစေချင်တယ် နီနီတို့လည် မှားခဲ့တဲ့အရာလေးတွေရှိခဲ့ တာပေါ့။ အဲဒီအရာတွေကို လေ့လာသင်ယူရင်းနဲ့ လူကြီးတွေဆီက မိဘတွေဆီကနေ အိုင်ဒီယာလေး တွေပြန်ယူမယ် အသစ်တွေဖန်တီးမယ်ဆိုတဲ့ စိတ်နဲ့ နီနီတို့ သွားကြမယ်လေ။ အခုအချိန်က နိုင်ငံက စီးပွားရေးလည်း စပြီး ဖွံဖြိုးလာပြီ လူတွေရဲ့ attitude ကလည်း ကောင်းတဲ့ဖက်ကို ရွေ့လျားလာကြပြီဆိုတော့ လူငယ်တွေအတွက် ကြိုးစားဖို့ အကောင်းဆုံးအချိန်ပါ။ နီနီလည်း ဆက်ပြီးအများကြီးကြိုးစားသွားပါဦးမယ်။
Makeup & Hair - Htet (Pop Soul)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw 
Desinger - Ma Pont (My Favourite)

One
အလုပ်ကို စေတနာထားပြီးလုပ်မယ်ဆို မအောင်မြင်နိုင်စရာမရှိဘူးလို့ ယုံကြည်ပါတယ် ဝမ်း

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း
The Lace ဇာဆိုင်။

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံ
စီးပွားရေးလုပ်ငန်းကြီး လုပ်လိုက်မဟဲ့ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့တာတော့မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်တိုင်က ဘာလုပ်လုပ် ကိုယ်ဝါသနာပါတာကိုပဲ လုပ်ချင်တဲ့စိတ်ရှိတယ်။ ဖက်ရှင်နဲ့ ပတ်သက်တာတွေကို တအားစိတ်ဝင်စားတယ်။ ဖက်ရှင်ကျကျလေး ဝတ်စားရတာကိုလည်း ကြိုက်တယ်။ ဖက်ရှင်ဒီဇိုင်နာကျောင်းတွေသွားတက်ဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ ကလေးတစ်ဖက်နဲ့ အိမ်ထောင့် တာဝန်တွေနဲ့ဆိုတော့ စိတ်သာရှိပြီး လက်လျှော့ထားရတယ်။ စိတ်ကတော့ မလျှော့သေးဘူး။ ဖက်ရှင်ဒီဇိုင်းကိုသင်ချင်သေးတယ်။ အဲဒီလို ဝါသနာကြီးတဲ့အတွက်လည်း ကိုယ့်စိတ်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ဒီလုပ်ငန်းကို လုပ်ဖြစ်ခဲ့တယ်။ နောက်တစ်ခုက ဝမ်းတို့ စဖွင့်တဲ့အချိန်မှာ ဒီမှာ ဇာချည်းပဲ သီးသန့်ဆိုင်က နည်းတယ်။ ပိုးနဲ့ ဘာနဲ့ တွဲရောင်းကြတာရှိတယ်။ ဒါပေမဲ့ ရွေးချယ်စရာက နည်းတယ်။ အဲဒီတော့ နိုင်ငံခြားခရီးထွက်ဖြစ်ရင် ကိုယ့်အကြိုက်ဇာတွေတွေ့ရင် သယ်ရရော။ အဲဒီ တော့ စိတ်ထဲမှာ ငါတို့ဆီမှာလည်း ဒီလို ဇာတွေချည်းပဲ ဒီဇိုင်းအမျိုးမျိုးနဲ့ ရွေးစရာများများရှိတဲ့ ဆိုင်ရှိရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားမိတယ်။ အဲလိုစဉ်းစားမိနေချိန်မှာ ကိုဇာနည်သီချင်းဆိုဖို့ သြစတြေးလျကိုသွားတော့ ဝမ်းလည်း လိုက်သွားတယ်။ အဲဒီ့မှာ ညီမအငယ်ကလည်း ကျောင်းတက်နေတော့ ငါ့ကို နင်တို့ဆီက ဇာဆိုင်တွေ လိုက်ပြပေးပါ ဆိုပြီး ညီမကို လိုက်ပို့ခိုင်းပြီး သူတို့ဆီက ဇာဆိုင်တွေကိုလိုက်လေ့လာတယ်။ နောက် ညီမလေးလည်း ဒီကိုပြန်ရောက်လာတော့ ငါတို့ ဇာဆိုင်ဖွင့်ရအောင်ဆိုပြီး ဖွင့်ဖြစ်ခဲ့တယ်။ 

အဲဒီလိုနဲ့ Diva ဆိုတဲ့ နာမည်နဲ့ ဆရာစံလမ်းမှာ စဖွင့်ခဲ့တယ်။ အဲဒီတုန်းကတော့ ကိုယ့် ညီအစ်မတွေအပြင် နောက်ထပ် ရှယ်ယာတစ်ယောက်လည်းပါတယ်။ နောက်ပိုင်းကျတော့ သိပ်အဆင်မပြေတာနဲ့ ၂ဝ၁၄ လောက်ကစပြီး The Lace နာမည်နဲ့ ကိုယ်ပိုင်ဖွင့်ဖြစ်ခဲ့တယ်။ 

လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ
အစပိုင်းတုန်းကတော့ ဒီလိုပဲ ဇာတွေချည်း ရောင်းမယ်ပေါ့။ ဒါပေမဲ့ ဖွင့်နေရင်းကနေ လာဝယ်တဲ့သူတွေက ချုပ်တာပါလုပ်ပေးရင် ကောင်းမယ်ဆိုတာနဲ့ ကိုယ်ကလည်း သိပ်မလုပ်ချင်ရှာတော့ တစ်ခါတည်း Designer service ပါ ထည့်ပေးဖြစ်တော့တာ။ အဲဒီကစပြီး The Lace မှာ ပိတ်စတွေတင်မကဘူး Designer လည်း ကိုယ်ပိုင်ရှိတယ်။ ချုပ်တဲ့ အဖွဲ့လည်းရှိတယ်။ ဆရာစံလမ်းကဆိုင်က နည်းနည်းကျဉ်းတယ်။ အဲဒီတော့ Designer နဲ့ ချုပ်တဲ့အဖွဲ့ကို တခြားနေရာမှာ ထားရတယ်။ အဲဒီတော့ပိတ်စတွေက သပ်သပ်၊ ချုပ်တာက သပ်သပ်ဖြစ်နေတယ်။ အဲဒါကြောင့် အခု ဒီဆိုင်အသစ်မှာတော့ အကုန်လုံး နေရာချလို့ရအောင် စီစဉ်လိုက်ပြီး ဆိုင်နေရာပါပြောင်းလိုက်တယ်။ 

ကြုံတွေ့ခဲ့ရသောအခက်အခဲများ၊ အားသာချက်နဲ့ အားနည်းချက်
အခက်အခဲကတော့ ရှိတယ်။ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က လုပ်ချင်တာ၊ ဖွင့်ချင်တာပဲသိတယ်။ ဘာမှလည်း သိပ်စဉ်းစားမနေဘဲလုပ်လိုက်တယ်။ ညီမလေးရဲ့ သူငယ်ချင်းတစ်ယောက်က ရှယ်ယာပါတယ်။ အဆင်မပြေဘူး။ အဲဒီတော့ အဲ့ဆိုင်ကို ပိတ်လိုက်။ နောက်တစ်ဆိုင် ကိုယ့်နာမည်နဲ့ တစ်ခါထပ်ဖွင့်။ အဲဒီတော့ ကုန်ကျစရိတ်တွေက တက်ကုန်တယ်။ ဆုံးရှုံးမှုတွေလည်းများတယ်။ အဲဒီ့အချိန်မှာ သံဝေဂလည်းရတယ်။ လူတွေအကြောင်းလည်း ပိုသိသွား 
တယ်။ လူတွေက တစ်မျိုးပဲ။ အခက်အခဲဖြစ်တယ်ဆို ကူညီမယ့်သူက အရမ်းရှားသွားတယ်။ ဝိုင်းကြည့်ပြီးတော့ အပြစ်ပြောဖို့ပဲ လွယ်ကြတယ်။ အမှန်တော့ ဘယ်သူက ခက်ခဲချင်မလဲ။ ဘယ်သူကရော ကိုယ့်လုပ်ငန်းကို ဆုံးရှုံးချင်မလဲ။ မကောင်းတာ ဘယ်သူမှမဖြစ်ချင်ဘူး။ မဖြစ်ချင်ပေမဲ့လည်း ဖြစ်ရမယ့်အချိန်မှာဖြစ်သွားခဲ့တယ်။ ဒါပေမဲ့လည်း အကောင်းဆုံး ပြန်ရပ်တည်နိုင်အောင် ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားရတယ်။ လောကမှာ ကောင်းတာလည်းကြုံရမယ်၊ ဆိုးတာလည်းကြုံရမယ်။ ကိုယ်အကောင်းဆုံး လုပ်နေရက်နဲ့ မကောင်းတာဖြစ်ရတယ်ဆိုရင် သြော်..ဒါကတော့ ငါ့အတိတ်ကံပဲလို့ပဲ ဖြေလိုက်တယ်။ နောက်ပြီး ငါအကောင်းဆုံးလုပ်နေတဲ့အတွက် ကောင်းတာဖြစ်လာမယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ်။ အားပေးလိုက်တယ်။ ညီအစ်မ သုံးယောက် ထပ်ကြိုးစားတယ်။

အားသာချက်ကတော့ ကိုယ့်လုပ်ငန်းကို လူသိတာ မြန်တယ်။ အားနည်းချက်ကတော့ အမှားတော့မလုပ်လိုက်နဲ့။ အဲဒါလည်း လူသိတာ မြန်လိမ့်မယ်။ သူများထက်ပိုပြီး ကိုယ်က ဂရုစိုက်ပြီး အကြည့်ခံရတဲ့ လူတွေဖြစ်တဲ့အတွက် နည်းနည်းလေးဖြစ်တာနဲ့ များများပြောခံရဖို့ သေချာတယ်။ အနေအထိုင်အရမ်းဆင်ခြင်ရတယ်။

ရှေ့ဆက်မည့် အစီအစဉ်များ
ဆိုင်ခွဲလေးတွေ ထပ်ဖွင့်ဖို့တော့ စဉ်းစားသေးတယ်။ ဒါပေမဲ့ ကိုယ်တိုင်သေချာမဦးစီးနိုင်ရင် အလေ့အလွင့်တွေနဲ့ ဆုံးရှုံးမှုတွေ ရှိလာနိုင်တဲ့အတွက် အခုလောလောဆယ်ကတော့ ဒီဆိုင်အသစ်မှာပဲ ပိတ်စတွေရော၊ Designer Service ရော သေသေချာချာလုပ်သွားဖို့ပဲရှိပါတယ်။ 

ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ်များအတွက် အကြံပြုချက်
အဓိကကတော့ ဘယ်အလုပ်ကိုလုပ်လုပ် ကိုယ်ဝါသနာပါတဲ့အလုပ်ဖြစ်ဖို့ အရေးကြီးတယ်။ ဒါမှသာ စိတ်ဝင်စားမှုရှိမယ်။ လုပ်ငန်းကိုစပြီးရင်လည်း စိတ်ဝင်တစားနဲ့ ဆုံးခန်းတိုင်အောင်လုပ်ဖို့လိုတယ်။ နောက်ပြီး စေတနာထားရမယ်။ အလုပ် 
ကို စေတနာထားပြီးလုပ်မယ်ဆို မအောင်မြင်နိုင်စရာမရှိဘူးလို့ ဝမ်းတော့ ယုံကြည်ပါတယ်။
အမှတ် - (၈၃)A ၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်။

Photo - Thardu Ko Ko

Pwint Nadi Maung

Customer တွေ ဓာတ်ပုံရိုက်ရင် ပို့စ်လေးတွေ လိုက်ပြောပြပေးရတဲ့အချိန်ဆို ဘယ်တော့မှ မပင်ပန်းဘူးဆိုတဲ့ ပွင့်နဒီမောင်

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း
Celebrity ဆိုတဲ့ Wedding Studio လေးကို ဖွင့်ထားပါတယ်။ လုပ်ငန်းစတာမကြာသေးပေမဲ့ ပထမဆုံး Exhibition ဝင်တာ နှစ်ခုရှိတယ်။ ပထမဆုံးက Sule Shangri-La Hotel မှာ၊ နောက်တစ်ခုက Novotel Hotel မှာ။ နှစ်ခုလုံးက မထင်မှတ်ထားဘဲ အရမ်းအောင်မြင်သွားတယ်။ ပထမဆုံးတစ်ခုဆိုရင် တခြား Wedding Studio အကြီးကြီးတွေပါတော့ ကိုယ့်ဆိုင်က ခုမှစဖွင့်တဲ့အခါ လူမဝင်ရင် အလကားသက်သက် စိတ်ဓာတ်ကျ မယ်ဆိုတဲ့ အတွေးဖြစ်နေတာ။ အဲဒီလိုနဲ့ နောက်ဆုံးဝိုင်းပြောကြလို့ ဝင်ပြဖြစ်သွားတယ်။ အဲဒီမှာ ကိုယ်မင်းသမီးလုပ်ခဲ့တဲ့ အကျိုးတစ်ခုက ကိုယ့်ရဲ့ Package လေးတွေ ထင်ထားတာထက် ပိုပြီး ရောင်းဖြစ်သွားတယ်။ အဲဒီမှာ အားရှိသွားတယ်။

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံများ
အနုပညာလုပ်ကတည်းက စီးပွားရေး တစ်ခုခုလုပ်ဖို့ စိတ်ကူးထားတယ်။ ဒါပေမဲ့ ဒီအလုပ်ရယ်လို့တော့ မဟုတ်ဘူး၊ စီးပွားရေးတစ်ခုခုပေါ့ စလုပ်မယ်ဆိုပြီး စဉ်းစားထားတယ်။ အနုပညာကိုလည်း အချိန်အပိုင်းအခြားတစ်ခု အထိပဲ လုပ်မယ်ပေါ့။ ငယ်ငယ်တုန်းကလည်း ကိုယ့်စိတ်နဲ့ ကိုယ့်ဝါသနာနဲ့လုပ်ခဲ့ပြီးသွားပြီ အိမ်ထောင်ကျသွားပြီးရင်တော့ အချိန်တစ်ခုအထိပဲ လုပ်မယ်ဆိုပြီး စဉ်းစားထားတယ်။ ဒီဆိုင်လေးကို ဖွင့်ဖြစ်သွားတာကလည်း ကိုယ့်ဟာနဲ့ကိုယ်ဆိုရင် ဒီလိုအကြီးကြီး လုပ်ဖြစ်မှာမဟုတ်ဘူး။ အစတုန်းက Partner တစ်ယောက်ပါတယ်။ သူကတော့ ပညာစိုက်၊ ကိုယ်ကတော့ ငွေစိုက်ပေါ့။ အဲဒီလိုရည်ရွယ်ပြီး အိမ်ကို အရင်ငှားလိုက်ပြီးမှ အကြောင်းကြောင်းကြောင့် ကိုယ်တစ်ယောက်တည်းပဲ လုပ်ဖြစ်သွားတယ်။ ကိုယ်ကကျွမ်းကျင်တဲ့ အပိုင်းလည်းမဟုတ်တော့ ဒီလိုအကြီးကြီးလုပ်ဖို့အထိ မစဉ်းစားထားဘူး။ သေးသေးလေးကပဲ စမယ်ဆိုပြီး စဉ်း စားထားပေမဲ့ တကယ်တမ်းလုပ်ဖြစ်သွားတာကတော့ ဒီလိုအကြီးကြီးလုပ်ဖြစ်သွားတာပါ။ ဒီ Wedding Studio ကိုလုပ်ဖြစ်တဲ့ စိတ်ကူးကတော့ ပိုးအိမင်္ဂလာဆောင်တုန်းက တော်တော်လေးအဆင်မပြေဘူး။ ဒါတောင် မိတ်ကပ်မေမိုးဆိုရင် ကကြီးကစ အ အထိ အကုန်လုံးလုပ်ပေးတာ။ ကိုယ်တွေက လူငယ်တွေလည်းဖြစ်တော့ အကုန်မသိဘူး။ သူများ မင်္ဂလာဆောင်တွေသွားရင်လည်း အာရုံမထားမိဘူး။ အဲဒီတော့ မင်္ဂလာဆောင်မှာ ဘာတွေဖြစ်လဲဆိုတော့ Presenter ကို ငယ်သူငယ်ချင်းကိုပဲ ခေါ်လိုက်တယ်။ သူက စင်္ကာပူမှာနေတာ၊ စကား ပြောတာ လည်းတော်တယ်ဆိုတော့ ဒီလိုပဲ အဆင်ပြေမယ်လို့ထင်တာ။ တကယ့် Presenter တွေက ပွဲထွက်ရင် သတို့သမီးက ဘယ်ကိုသွား၊ သတို့သားက ညာကိုသွား အဲဒီလိုမျိုးတွေပြောတာ။ ပိုးအိတို့ ပွဲလည်းထွက်ရော မသိဘဲ ဘယ်ဘက်တက်ရမလို၊ ညာဘက်တက်ရမလိုနဲ့ ဘက်တွေမှားပြီး တက်သွား တာကို စင်အောက်က လူကြီးတွေက အချက်တွေပြနေတာ ဘာလုပ်ပြနေမှန်းမသိဘူး။ အဲဒီမှာ လက်စွပ် စွပ်ပေးတဲ့ လူကြီးတစ်ယောက်က တစ်ယောက်ကိုခေါ်ပြောလိုက်တော့ ပိုးအိတို့တွေ အတန်းလိုက်ကြီး အကုန်ပြန်ရွှေ့ရတယ်။ ဘာမှတော့ မဖြစ် သွားပေမဲ့ ဒါမျိုးတွေက မမှားသင့်တဲ့အရာတွေ။ ဒါတောင်မှ အားလုံးက ကူညီပေးတာဆိုတော့ ဘာမှအသေးစိတ် လိုက်မလုပ်ရဘူး။ နောက်တစ်ခုက လက်ထပ်လက်စွပ်မှာ လွဲတဲ့ကိစ္စပါ၊ စိုးပြည့်သဇင်က လက်စွပ်ဗန်းကိုင်တယ်၊ စိန်လက်စွပ်ကို မေမေတို့က လူများတော့ အမှားထားပြီး ပျောက်မယ်ဆိုပြီး ဗီရိုထဲမှာ သိမ်းထားမိတယ်။ တကယ်ပွဲလည်းထွက်ရော ဗူးလည်းဖွင့်လိုက်ရော လက်စွပ်ကမပါဘူး။ အဲဒါနဲ့ ပိုးအိ အမျိုးသားရဲ့ အစ်ကို လက်စွပ်နဲ့ စွပ်ခဲ့ရတယ်။ ဒါတွေအားလုံးက Wedding Planner သာရှိခဲ့မယ်ဆိုရင် မမှားတော့ဘူးပေါ့။ တချို့တွေက ပိုက်ဆံရှိတယ်၊ သိတယ် ဒါပေမဲ့ လိုက်မလုပ်နိုင်တာတွေရှိတယ်။ Wedding Planner ငှားရကောင်းမှန်း မသိတာမျိုး ပိုးအိ တို့တုန်းက ရှိခဲ့တော့ အဲဒါလေးတွေတွေးပြီး ကိုယ်ဖြစ်ခဲ့တဲ့အခက်အခဲတွေ သူများတွေ မဖြစ်ရအောင်ဆိုပြီး ဒီလိုလေးလုပ်ချင်တဲ့ စိတ်ကူးလေးကနေ စခဲ့တာပါ။

လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ
ပိုးအိဆိုရင် ဓာတ်ပုံကို ကိုယ့်ကိုရိုက်တာပဲ ရှိတာ၊ သူများရိုက်တဲ့အခါ Lighting ပိုင်းဆိုင်ရာတွေ မသိတဲ့အခါကျတော့ အားလုံးကို သူများအားကိုးရတယ်။ အခုဆိုရင် ဆိုင်ဖွင့်တာ တစ်နှစ်ပြည့်သွားပြီ။ ကြော်ငြာပိုင်းနဲ့ ပတ်သက်ရင် ဘာမှမလုပ်ရသေးဘူး။ Arrangement ပိုင်းတွေကိုပဲ လိုက်ပြီးလုပ်နေတာ။ Facebook က Follower တွေ Fan တွေများတော့ သူတို့နဲ့တင် အလုပ်ဖြစ်နေတယ်။ တစ်နှစ်လုံး ရိုက်လည်းရိုက်နေရတယ်။ 

ကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့် အားသာချက်၊ အားနည်းချက်
အားသာချက်ကတော့ သူကမင်းသမီး လုပ်နေရတာပဲ စိတ်ချရမှာပဲဆိုတော့ အားသာချက်ရှိတယ်။ ဓာတ်ပုံပိုင်းမှာဆိုလည်း မင်းသမီးပဲ၊ စိတ်ချရတယ်ဆိုတာလေးတွေက ကိုယ်လုပ်ခဲ့တဲ့ အနုပညာအလုပ်ရဲ့ အကျိုးရလဒ်လို့လည်း ပြောလို့ရတာပေါ့နော်။ အားနည်းချက်ကတော့ ပိုးအိဈေးဝယ်ရင် တချို့က ဈေးကိုသူများထက် ပိုပြီး တင်ပြောကြတယ်။ အကုန်လုံးကို ပြောတာမဟုတ်ဘူး။ တချို့တလေပါ။ ပြီးတော့ ပိုးအိအိမ်ထောင်ကျပြီးမှ ဒီစီးပွားရေးဆိုတာကို စလုပ်ဖြစ်တာ အရင်တုန်း 
ကဆိုရင် အနုပညာအသိုင်းအဝိုင်းထဲက လူတွေနဲ့ပဲ အလုပ်လုပ်ရတာဆိုတော့ အပြင်လူတွေရဲ့ အကြောင်းကို ပိုပြီးသိလာရတယ်။ ကောင်းတဲ့သူတွေရှိသလို တချို့ကိုယ့်အားနည်းချက်ကို နင်းချင်တဲ့သူတွေရှိတယ်။ ပိုးအိအတွက်ကျတော့ အစကစပြီး လုပ်ရတာဆိုတော့ အားလုံးက ခက်ခဲတယ်။ မသိလို့ သမီးကိုသင်ပေးနော်ဆိုရင် တချို့က သင်ပေးတယ်၊ တချို့က အားနည်းချက်ကို နင်းပြီးပြောတဲ့သူရှိတယ်။ ခဏခဏလည်း ငိုရတယ်။ အမြဲတမ်းအားပေးတာကတော့ မိတ်ကပ် မေမိုးနဲ့ ကိုနေကျော်ပါပဲ။ ဒီတစ်နှစ်အတွင်းမှာ ရိုက်ရက်လည်း တော်တော်များများပြည့်တယ်။ အရင်တုန်းကဆိုရင် ပိုးအိက စကားပြောချင်တဲ့အခါမှ ပြောတယ်၊ ကိုယ်မပြောချင်ရင် မပြောဘူးဆိုတော့ ဒီဆိုင်ဖွင့်တဲ့    အခါမှာ ဆက်ဆံရေးကအစ အကုန်အဆင်ပြေအောင် လုပ်ရတယ်။ လုပ်ရင်းလုပ်ရင်းနဲ့တော့ ပျော်လာတယ်။ မပင်ပန်းတဲ့ အချိန်တစ်ချိန်ရှိတယ် Customer ဓာတ်ပုံရိုက်တဲ့ အချိန်ဆို တော်တော်များများလိုက်ပြီး ပို့စ်လေးတွေပြောပေးတယ်။ သူတို့ပုံလေးတွေကြည့်ပြီး လှ
တယ်ဆို Feeling လေးတစ်ခုရှိတာပေါ့။ လုပ်ငန်းပိုင်းနဲ့ပတ်သက်ရင် ကိုယ့်လက်အောက်မှာ ဝန်ထမ်းတွေရှိလာပြီဆိုတော့ အားလုံးကိုအဆင်ပြေအောင် ပြောဆိုရတယ်။ ဝန်ထမ်းတွေအများကြီးအုပ်ချုပ်တဲ့သူတွေကို တဖြည်းဖြည်းနဲ့နားလည်လာတယ်။ ပိုးအိရဲ့ မနိုင်နင်းတဲ့နောက် တစ်ပိုင်းက Management ပိုင်း။ ခုအချိန်အထိ အများကြီးလေ့လာဖို့လိုသေးတယ်။

ရှေ့ဆက်မည့် အစီအစဉ်များ
ဒီလုပ်ငန်းကို ပိုးအိတစ်သက်လုံး လုပ်သွားမယ်။ ပိုးအိရဲ့ဘဝမှာ ကိုယ်သားသမီးတွေရလာရင်တောင် ကိုယ့်ရဲ့လုပ်ငန်းကို သားသမီးတွေဆီ လက်ဆင့်ကမ်းပေးချင်တဲ့အတွက် ကိုယ့်အလှည့်မှာစပြီးပျိုးထောင်ရတယ်။ စပြီး ပျိုးထောင်ရတာ ဖြစ်တဲ့အတွက် အရမ်းခက်ခဲတယ်၊ အောင်မြင်ချင်လည်း အောင်မြင်မယ်၊ မအောင်မြင်ချင်လည်း မအောင်မြင်ဘူး။ ဒီအလုပ်ကို အောင်မြင်အောင် လုပ်ချင်တယ်၊ သားသမီးတွေလက်ထဲကို လွှဲချင်တယ်။ ပြီးတော့ ဒီအလုပ်က ပင်လယ်ရေ၊ ဆိုင်တွေ ဘယ်လောက်များများ ကိုယ့်မိတ်နဲ့ကိုယ်ဆိုတဲ့ အသိတစ်ခုလည်း တိုးလာတယ်။ 

Photo - Thardu Ko Ko

CELEBRITY Bridal Boutique& Wedding Planner
Office : Novotel Hotel ၊ မြေညီထပ်
ဖုန်း : ဝ၉ ၉၆၅၁၅ဝ၅၁ဝ၊ ဝ၉ ၅၁၅ဝ၅၁ဝ၊ ဝ၉ ၇၉၉၉၉၈၈၇၊ ဝ၁ ၄ဝဝ၇၉၂
အမှတ် (၉၄)၊ ဦးချစ်မောင်လမ်း၊ မင်း လမ်းမှတ်တိုင်အနီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
www.facebook.com/celebrity bridal boutique & wedding studio