Primary tabs

နာမည်တစ်လုံးကို ထိန်းထားချင်တဲ့စိတ်နဲ့ပဲ အရာ အားလုံးကိုကျော်လွှားပြီး ဆက်လုပ်ဖြစ်နေတာပါ

“အလုပ်တစ်ခုကို မလုပ်ခင်မှာ သေချာစဉ်းစားဖို့လိုပါတယ်။ ကိုယ်လုပ်ချင်လို့ လုပ်လိုက်ပြီဆိုရင်လည်း မဖြစ်ဖြစ်အောင် ကြိုးစားပြီး ကျားကုတ်ကျားခဲလုပ်ဖို့ လိုပါတယ်။ ကိုယ့်လုပ်ဆောင်ချက်တွေက ကိုယ့်နာမည်၊ သိက္ခာနဲ့ အများကြီးဆိုင်တယ်လို့ ယူဆပါတယ်။ နာမည်တစ်လုံးကို ထိန်းထားချင်တဲ့စိတ်နဲ့ပဲ အရာအားလုံးကိုကျော်လွှားပြီး ဆက်လုပ်ဖြစ်နေတာပါ” လို့ဆိုသူကတော့ Empress ပိုးထည်ဆိုင်ပိုင်ရှင် ဒေါက်တာ နီလာရန်နိုင် ပါ။ သူမရဲ့ ဖြတ်သန်းမှုများကတော့…

ငယ်ဘဝဖြတ်သန်းမှုများ
အဖေက တပ်မတော်ကဆိုတော့ ငယ်ဘဝက တစ်နေရာကနေ တစ်နေရာကို ပြောင်းနေရတာပါပဲ။ ရောက်တဲ့နေရာတိုင်းမှာတော့ ပညာရေးကို သေချာအားစိုက်ခဲ့ပါတယ်။ (၈) တန်းနှစ်ကစပြီး TTC မှာ တက်ပါတယ်။ (၁ဝ) တန်းအောင်တော့ အ.ထ.က (၁) ဒဂုံကအောင်ပါတယ်။ ၂ဝဝ၃ ခုနှစ် မှာ (၁ဝ) တန်းအောင်ပြီး ၂ဝဝ၉ ခုနှစ်မှာ ဆေးတက္ကသိုလ် (၁) ကနေ M.B.B.S ဘွဲ့ကိုရခဲ့ပါတယ်။ မွေးချင်းသုံးယောက်မှာ အလတ်ပါ။

ဖေဖေက စည်းကမ်းတအားကြီးတယ်။ ကျွန်မအတွက် စံပြပုဂ္ဂိုလ်ပဲ။ ရိုးသားကြိုးစားပြီး ကိုယ်ကျင့်တရားကို တန်ဖိုးထားတယ်။ သားသမီးတွေကိုလည်း စိတ်ဓာတ်နဲ့ ခံယူချက်ကောင်းမွန်အောင် အမြဲသွန်သင်ဆုံးမပေးခဲ့သူပါ။ ဘဝမှာ အမြဲတမ်းရိုးသားစွာနဲ့ စဉ်ဆက်မပြတ်ကြိုးစားရင် အောင်မြင်မယ်လို့ လက်တွေ့သင်ကြားပေးခဲ့ပါတယ်။ 

ငယ်ဘဝနဲ့ ပတ်သက်ရင် အမှတ်ရဆုံးကတော့ စာသင်နှစ်တစ်နှစ်တည်းမှာကို (၃) ကျောင်းလောက်ပြောင်းခဲ့ရတယ်။ သူငယ်ချင်းတွေနဲ့ ခဏ ခဏခွဲရတယ်။ ဆေးကျောင်းတက်မှ သူငယ်ချင်းဆိုတာ အတည်တကျရလာခဲ့တာ။ ဖေဖေက စည်းကမ်းကြီးပေမဲ့ သားသမီးကိုထိန်းကျောင်းတဲ့နေရာမှာတော့ အရမ်းညင်သာပါတယ်။ နားလည်သဘောပေါက်အောင် ဆုံးမထားပြီးတော့ သားသမီးတွေကို ကိုယ်တိုင်စဉ်းစားဆုံးဖြတ်နိုင်အောင် ကူညီပေးပါတယ်။ သားသမီးတွေရဲ့ဆန္ဒကို အလေးထားပြီးတော့ ပိုကောင်းအောင် လမ်းညွှန်ပေးခဲ့ပါတယ်။

ပထမခြေလှမ်း
အိမ်ထောင်ကျပြီးတဲ့အချိန်မှ စီးပွားရေးကို စလုပ်ဖြစ်ခဲ့ပါတယ်။ စလုပ်ဖြစ်ခဲ့တာကတော့ ပိုးထည်ဆိုင်ပါ။ ၂ဝ၁၅ စက်တင်ဘာမှာ Empress ဆိုတဲ့ ပိုးထည်ဆိုင်ကို စဖွင့်ခဲ့ပါတယ်။ ၂ဝ၁၆ ထဲမှာတော့ Baby Instyle နာမည်နဲ့ Baby Fashion ဆိုင် ထပ်ဖွင့်ဖြစ်ခဲ့ပြီး ရွှေမြင့်မိုရ် ပုဆိုးလုပ်ငန်းကိုလည်း စလုပ်ဖြစ်ခဲ့ပါတယ်။ 

စလုပ်ဖြစ်ခဲ့တဲ့ စိတ်ကူး
ကိုယ်တိုင်က အလှအပကြိုက်တယ်။ လှလှပပလေး ဝတ်စားပြီးမှ အပြင်ထွက်ချင်တယ်။ ကိုယ်ဝန်ရလာတော့ သမီးလေးမှန်း သိကတည်းက သမီးလေးအတွက် ပိုးထည်ဆိုင်လေးလုပ်ပေးချင်တဲ့စိတ်နဲ့ လုပ်ဖြစ်ခဲ့တာပါ။ မိန်းကလေးတိုင်း အသက်အရွယ်တိုင်းမှာ ကျက်သရေရှိရှိနဲ့ လှပစေချင်တဲ့စေတနာနဲ့ ဖွင့်ခဲ့တာပါ။ အဲ့ဒါကြောင့် အထည်အမျိုးအစားလည်း စုံလင်အောင် တင်သွင်းရောင်းချပေးပြီးတော့ Designer Service ကိုပါ ထည့်သွင်းပေးထားပါတယ်။

အခက်အခဲ
အခက်အခဲကတော့ အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဝါသနာပါလို့ကို လုပ်ထားတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ကြိုးစားပြီး ကျော်လွှားခဲ့ပါတယ်။ 

ဖြတ်သန်းမှု
အဓိကကတော့ အမျိုးသားရဲ့ အားပေးမှုတွေပါ။ ကိုယ်ကလည်း အားကိုးယုံကြည်လို့ လက်ထပ်ထားတာဖြစ်တယ်။ သူ့ရဲ့ အားပေးလမ်းညွှန်မှုတွေက ရှေ့ဆက်ဖို့အင်အားတွေ ဖြစ်စေပါတယ်။ လုပ်ငန်းတွေကြောင့် ကိုယ့်မှာ စိတ်ပန်းလူပန်းဖြစ်လာခဲ့ရင် ဘယ်လိုစိတ်ထားရမယ်ဆိုတာ ပြောပြပေးပါတယ်။ မိတ်ဆွေကောင်းတွေ ဘေးမှာရှိတဲ့ အတွက်ကြောင့်လည်း သူတို့ရဲ့ အကူအညီနဲ့ အခက်အခဲတွေ အများကြီး ကျော်လွှားနိုင်ခဲ့ပါတယ်။ 

ဒုတိယခြေလှမ်း
ကလေးမွေးပြီးနောက်ပိုင်းမှာ သိလာရတာက ဒီမှာ ကလေးပစ္စည်းတွေအရမ်းရှားတယ်။ ကိုယ်တိုင်ကဆရာဝန်ဖြစ်တဲ့အတွက် ကလေးအတွက် အန္တရာယ်လည်းကင်းတယ်၊ အသုံးလည်းဝင်မယ်၊ ဈေးလည်းအရမ်းမများဘဲ quality လည်း ကောင်းတဲ့၊ တကယ်လည်းလိုအပ်တဲ့ပစ္စည်းတွေ ဒီမှာ တော်တော်ရှားတယ်။ အဲဒါကြောင့်ကလေးနဲ့ မိခင်တွေအတွက် လိုအပ်ပြီး အသုံးဝင်မယ့် အမျိုးအစားကောင်း ကလေးပစ္စည်းတွေရောင်းချတဲ့ ဆိုင်လေးဖွင့်ဖြစ်ခဲ့တာပါ။

သြစတြေးလျက Brand တွေပါတယ်၊ ဂျာမနီက Brand တွေလည်းပါတယ်၊ ကိုရီးယားက Brand လည်းပါတယ်၊ ထိုင်းက Brand လည်း ပါတယ်။ အဲဒါတွေအကုန် တစ်ဦးတည်း ကိုယ်စားလှယ်ယူပြီး တစ်နိုင်ငံလုံးကို ဖြန့်သွားမှာပါ။ ကလေးတွေက မွေးကင်းစကနေ (၁၂) နှစ်လောက်အထိက အရမ်းနူးညံ့သေးတယ်။ အဲဒီတော့သူတို့သုံးတဲ့ ပစ္စည်းတွေက အန္တရာယ်ကင်းဖို့က အရမ်းအရေးကြီးတယ်။ ဒါကြောင့် အန္တရာယ်ကင်းတဲ့ ကလေး ပစ္စည်းတံဆိပ်တွေကို ကိုယ်စားလှယ်ယူပြီး တင်သွင်းရောင်းချဖြစ်ခဲ့တာပါ။ Baby Instyle နာမည်နဲ့ တော်ဝင်စင်တာမှာ ဆိုင်ဖွင့်ထားပါတယ်။ 

ပုဆိုးလုပ်ငန်း လုပ်ဖြစ်ခဲ့တာကလည်း ကိုယ်က ပိုးထည်ဆိုင်ဖွင့်နေတော့ အမျိုးသားတွေအတွက် ပွဲတက်ပုဆိုးတွေနဲ့ ရိုးရိုးပုဆိုး ဒီဇိုင်းဆန်းဆန်းလေးတွေက မိန်းကလေး ဝတ်တွေထက်စာရင် အရမ်းရှားတယ်။ အဲဒါကြောင့် “ရွှေမြင့်မိုရ်” ဆိုပြီး ကိုယ်ပိုင်တံဆိပ်နဲ့ ထုတ်ဖို့ လုပ်ဖြစ်ခဲ့တာပါ။ 

တတိယခြေလှမ်း
သင်ခဲ့တဲ့ ဆရာဝန်ပညာနဲ့လည်း ဆက်ပြီးလုပ်သွားဖို့အစီအစဉ်ရှိပါတယ်။ နဂိုကတည်းကလည်း ဝါသနာပါလို့ ဆရာဝန်လိုင်းကို ရွေးခဲ့တာဖြစ်တဲ့အတွက် အချိန်ရရင်ရသလို Future Study ဆက်လုပ်သွားမှာပါ။ ၂ဝ၁၇ နှစ်ဆန်းပိုင်းကနေ စပြီးတော့ ပညာရေးဘက်ကို အားစိုက်ပြီး ဆက်လုပ်ဖြစ်ဖို့ရှိပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့လည်း ဆက်စပ်မှုရှိပြီးတော့ ဆေးပညာနဲ့လည်း ဆက်နွယ်နေတဲ့ ဘာသာရပ်မျိုးကို ထပ်သင်ဖို့ စိတ်ကူးရှိပါတယ်။

အားသာချက်နဲ့ အားနည်းချက်
ကိုယ်ပိုင်မိသားစုရှိတဲ့ မိခင်တစ်ယောက်အနေနဲ့ စီးပွားရေးလုပ်ရတာ စိတ်ဖိစီးမှုတော့ ရှိပါတယ်။ မိခင်တစ်ယောက်ဘဝကရော၊ လုပ်ငန်းရှင်ဘဝကရော နှစ်ခုလုံးက ကိုယ့်အတွက် အရေးပါတယ်။ ဒါပေမဲ့ကိုယ့်လိုပဲ လုပ်နေတဲ့သူတွေက အများကြီးရှိတာပဲလေ။ တစ်ခါတလေမှာ အလုပ်ဒဏ်အရမ်းပိတဲ့အချိန်တွေလည်း ရှိတယ်။ ကိုယ်ပိုင်အချိန်သိပ်မရှိဘူး။ ဒါပေမဲ့ ကိုယ့်မိသားစုအတွက် သတ်သတ်မှတ်မှတ်အချိန်တစ်ခုတော့ ပေးတယ်။ နားရက်တစ်ရက်တော့ ရအောင်နားတယ်။ အမျိုးသား အလုပ်ကိုလည်း ကိုယ်လိုက်တယ်။ ကိုယ့်အလုပ်ကိုလည်း အမျိုးသားက လိုက်ပေးတယ်။ အဲဒီတော့ တစ်စုံတစ်ခု ခက်ခဲလာရင်တောင် နှစ်ယောက်ချက်ချင်းတိုင်ပင်ပြီး ဖြေရှင်းလို့ရတယ်။ ကိုယ်တိုင်က အမျိုးသမီးတစ်ယောက်၊ မိခင်တစ်ယောက်ဖြစ်နေတာကြောင့် လိုအပ်ချက်တွေကို ကိုယ်တိုင်သိပြီး ပိုပြီး ထိထိရောက်ရောက် ကူညီပေးနိုင်တာက အားသာချက်ပါ။ အမျိုးသမီးတွေက အများအားဖြင့် ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်ပြီး ယုံကြည်ချက်သိပ်မရှိကြဘူး။ အဲဒီ
တော့ ကိုယ်တွေဆိုင်ဘက်ကနေ ဘယ်လိုပုံစံမျိုး လုပ်ပေးရင် အဆင်ပြေမလဲဆိုတာကိုယ်တိုင်သိပြီး ထိထိရောက်ရောက်လုပ်ပေးနိုင်တယ်။ ပိတ်စ ပုံစံကိုဘယ်လိုရွေးမလဲ၊ ဝတ်စုံဒီဇိုင်း၊ အဆင်ဒီဇိုင်းတွေကို ဘယ်လိုရွေးမလဲ စသဖြင့်ပေါ့။ ဒါကြောင့်လည်း ပိုးထည်တိုက်အပြင် Designer Service ကိုပါ ထည့်သွင်းပေးထားပါတယ်။ Designer တွေကိုလည်း အရည်အချင်း ပြည့်မှီတိုးတက်လာအောင် အမြဲမပြတ် Training ပေးထားပါတယ်။

၂ဝ၁၇ အတွက် အစီအစဉ်များ
၂ဝ၁၇ ထဲမှာ Empress ဆိုင်ခွဲထပ်ဖွင့်ဖို့နဲ့ အခြားအလုပ်လေးတွေလည်း အသစ်စလုပ်ဖို့ အစီအစဉ်ရှိပါတယ်။