Primary tabs

မင်းဦးဟုခေါ်သည်

ဖြတ်သန်းခဲ့တဲ့ အနုပညာခရီးရှည်၊ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ အနိမ့်အမြင့်၊ ဖြတ်သန်းခဲ့တဲ့ အပြောင်းအလဲ အမျိုးမျိုးနဲ့အတူ အနုပညာအပေါ်မှာ ဘယ်တော့မှ မလျော့တဲ့ စိတ်တွေနဲ့  အစဉ်အမြဲ ကြိုးစားနေတဲ့သူ၊ ပရိသတ်ဆီကို အသစ်အသစ်သော ဖန်တီးမှု အနုပညာများစွာနဲ့ တင်ဆက်ပေးချင်သူ၊ ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း သူ့ရဲ့စတိုင်လ်၊ သူ့ရဲ့ဖက်ရှင်နဲ့   သူ့ရဲ့နုပျိုမှုက အမြဲတက်ကြွလတ်ဆတ်နေတတ်တဲ့သူ... သူကတော့ သရုပ်ဆောင် အကယ်ဒမီ မင်းဦးပါ။ မင်းဦးလို့ အားလုံးခေါ်တဲ့ သရုပ်ဆောင်အကယ်ဒမီ မင်းဦးရဲ့ အနုပညာလှုပ်ရှားမှုများအကြောင်း၊ စိတ်အပြောင်းအလဲများအကြောင်း၊ ဘ၀လက်တွဲဖော်အကြောင်း… စတဲ့ စတဲ့ အ ကြောင်းအရာများနဲ့အတူ အမိုက်စား ဖက်ရှင်ပုံရိပ်များကိုလည်း ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုများ
အခုလောလောဆယ် “ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်” ဇာတ်ကားကို အင်းလေးမှာ ရိုက်နေတာ မပြီးသေးဘူး ကျန်တဲ့အခန်းတွေကို ဆက်ရိုက်ဖို့ရှိတယ်။ အခုခဏပြန်လာပြီး ဒီမှာ ရိုက်ဖို့ရှိတာလေးတွေ ရိုက်မယ်။ ပြီးရင်အင်းလေးကို ပြန်သွားပြီး ကျန်တာလေးတွေ ဆက်ရိုက်မယ်။ အင်းလေးက ရေထဲမှာ ရိုက်ရတာဆိုတော့ မီးတွေကိုလည်း ရေထဲကနေထိုးပြီး ရိုက်ရတယ်၊ ကုန်းပေါ်မှာထက် အများကြီးပို ခက်ခက်ခဲခဲ ရိုက်ရတယ်။ ရာသီကလည်း ခရီးသွားရာသီဖြစ်တဲ့
အတွက် နိုင်ငံခြားသားဧည့်သည်တွေလည်း တော်တော်အခက်အခဲဖြစ်တယ်။ စက်လှေသံတွေလည်း တအားများတော့ ဇာတ်လမ်းက ပြီးသင့်သလောက်မပြီးတဲ့အတွက် အဲဒီကားကို ပြန်သွားရိုက်ရမယ်။

ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့ရင်
ဒီကားကို ရုံတင်မယ့်အချိန်ကတော့ ဒီက ပေါ်လစီပေါ်မူတည်ပြီး ဘယ်လိုဖြစ်မယ် မသိသေးဘူး။ ကားပေါင်း ၇၀၊ ၈၀  လောက်တန်းစီနေတာ၊ တချို့ကောင်းတဲ့ကားတွေဆို ၂ပတ်၊ ၃ပတ်လောက်ဆက်ပြီး တင်ရင် နောက်ကားတွေက နောက်ဆုတ်တာဆိုတော့ ပြသရေးစနစ် ဘယ်လိုပုံစံပြောင်း ဦးမလဲမသိဘူး။ အခုကတော့ A Channel, B Channel, C Channel သဘောမျိုး Channel တွေနဲ့ လုပ်ပြီး ဘယ် Channel မှာ ပြဖြစ်မလဲတော့ မသိဘူး။ အဓိကကတော့ ဒီကားကို MRTV-4 က နိုင်ငံခြားသားတွေနဲ့ သေချာလေး ရိုက်ချင်တာ၊  အသံ အင်ဂျင်နီယာတို့၊ အရုပ်နဲ့ပတ်သက်ပြီး ရိုက်တာတို့ အကုန်လုံးက ပြင်သစ်တွေက လူတွေကပဲ ရိုက်တာ။

နည်းပညာပိုင်းဆိုင်ရာ တိုးတက်လာတဲ့အပေါ်မှာ
အများကြီး ကွာသွားပြီ။ ဟိုတုန်းကနဲ့ အများကြီးကွာသွားပြီ။ ဟိုတုန်းကတော့ ဖလင်က ရွှေလိုရှားတာဆိုတော့ တော်တော်လေးခက်ခက်ခဲခဲကို ရိုက်ခဲ့ရတာ။ အရင်တုန်းက တစ်ကတ်၊ တစ်ကတ်ရဖို့ကို Rehearsal အကြိမ်ပေါင်းများစွာ လုပ်
ရတယ်။ အခုကျတော့ မလိုတော့ဘူး၊ တစ်ခုခု မကောင်းရင် ပြန်ရိုက်လို့ရတယ်ဆိုတဲ့ အခွင့်အရေးတွေ ပေါ်လာတယ်။ ဒါပေမဲ့ နည်းပညာတွေ တိုးတက်လာပေမဲ့လည်း အစ်ကိုတို့ လောကကြီးရဲ့အခြေအနေကတော့ သိပ်အများကြီး တိုးတက်မလာသေးဘူး။ အဲဒါကြောင့်လည်း ကိုယ့်အသက် အရွယ်အရ တိုးတက်စေချင်ပါတယ်။ အဲဒါကြောင့်လည်း အခု ဓာတ်ပုံအတွက် အကယ်ဒမီပေးဖို့ဆိုရင် ဒီလို Technology ပိုင်းကို သိတဲ့သူတွေက Judge လုပ်မှ အဆင်ပြေတော့မှာ။ ဖလင်ကို Judge လုပ်ခဲ့တဲ့သူတွေက ဒီခေတ် Technology ပိုင်းကို မသိဘဲ Judge လုပ်မယ်ဆိုရင်တော့ နည်းနည်းကွာကောင်းကွာနိုင်ပါတယ်။

မျိုးဆက်သစ် အနုပညာရှင်များအပေါ်အမြင်
အနုပညာရှင်ဆိုတာကလည်း ဒီလိုပဲ အမြဲတမ်းပြောင်းလဲနေမှာပဲ၊ တစ်ယောက်သွားတယ် တစ်ယောက်ဝင်တယ် ဒါကတော့အချိန်နဲ့ အမျှ ပြောင်းလဲနေတယ်။ လူအမျိုးမျိုးရှိတယ်၊ တချို့ ကလေးတွေကျတော့လည်း အလုပ်အပေါ်မှာ လေး
စားတန်ဖိုးထားတဲ့ ကလေးတွေရှိသလို ပေါ်ပြူလာ ဖြစ်ချင်ရုံသက်သက်၊ နာမည်ကြီးချင်ရုံသက်သက်နဲ့ ဝင်လာတဲ့ကလေးတွေလည်း တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင် အကောင်းဆုံးကြိုးစားပြီး လုပ်စေချင်တယ်၊ ဒီအလုပ်ကို ကိုယ့်ရဲ့အလုပ်လို့ခံယူထားရင် တန်ဖိုးထားစေချင်တယ်၊ မြတ်နိုးစေချင်တယ်၊ ပေါ်ပြူလာဖြစ်ရုံတစ်ခုတည်းနဲ့တော့ လုပ်မယ်ဆိုရင်တော့ အောင်မြင်လာလည်း ခဏပါပဲ။ ကြိုးကြိုးစားစားလုပ်တဲ့ ကလေးတွေရှိသလို ပေါ့ပေါ့တန်တန်နဲ့ ရိုက်နေတဲ့ ကလေးတွေလည်း ရှိတာပေါ့။ အစ်ကိုတို့ကတော့ အားလုံးကိုအဆင်ပြေအောင် လက်တွဲခေါ်ရတာပါပဲ။ ကိုယ်တို့လည်း လူငယ်ဘဝက ဖြတ်သန်းလာခဲ့ရတာဆိုတော့ အခုကလေးတွေဖြစ်နေတဲ့ပုံစံမျိုးတွေ ကိုယ်တွေတုန်းကလည်း ဖြစ်နိုင်ကောင်း ဖြစ်နိုင်တာပဲလေ။ ကိုယ့်အလုပ်ကို တကယ်ချစ်ပြီးတန်ဖိုးထားတယ်ဆိုရင်၊ ကိုယ်ထမင်းစားနေတဲ့ ဘယ်အလုပ်ကိုမဆို တန်ဖိုးထားစေချင်တယ်။ ဒီအလုပ်မှမဟုတ်ပါဘူး၊ ဘယ်အလုပ်ပဲဖြစ်ဖြစ် ဥပမာ- ဓာတ်ပုံရိုက်တဲ့ အလုပ်ဆိုရင်လည်း လူတွေအများကြီးနဲ့ လုပ်ရတာ၊ တစ်ယောက်နဲ့ တစ်ယောက်တန်ဖိုးထား သူ့ကိုလည်းလေးစား၊ ကိုယ့်ကိုလည်း လေးစားစေချင်တယ်။ ရုပ်ရှင်ရိုက်တဲ့ အလုပ်ဆိုရင်လည်း Crew က အနည်းဆုံး ၇၀ ကနေ ၁၀၀လောက်ထိပါတယ်။ ကင်မရာမန်း မှ မဟုတ်ဘူး၊ ဒါရိုက်တာမှ မဟုတ်ဘူး၊ အားလုံးတစ်ယောက်နဲ့တစ်ယောက် လေးစားရင်တော့ ကောင်းတာပေါ့။ အစ်ကိုတို့တွေကတော့ အဲဒီလိုမျိုးဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ တချို့တွေကျတော့လည်း ကလေးတွေဖြစ်နေတဲ့အခါကျတော့ နည်းနည်းလေး နားမလည်တာမျိုးတော့ ရှိတာပေါ့၊  နောက်ပိုင်းကျရင်တော့ ပြင်သွားမယ်လို့ ထင်ပါတယ်။

မျိုးဆက်သစ်လူငယ်တွေဆီက ပြန်သင်ယူရတဲ့ ပညာဆိုတာ
တကယ်တော့ အစ်ကိုတို့က သင်ယူရတဲ့ သူတွေပါ၊ အခုခေတ်ကလေးတွေ ဘာကြောင့် အောင်မြင်နေတာလဲ။ သရုပ်ဆောင်လောကမှ မဟုတ်ပါဘူး၊ Music ဘက်မှာဆိုရင်လည်း ကိုယ်ကိုယ်တိုင် သီချင်းရေးတယ်၊ ကိုယ်တိုင်ဆိုတယ်၊ ကိုယ်တိုင် ဖြန့်ချိရေးကအစ သူတို့ဘာသာသူတို့ လုပ်နိုင်ကြတယ်ဆိုတော့ ကိုယ်တွေက Welcome လုပ်ရတယ်၊ ဒီကလေးတွေ တော်တော်တော်ပါလားဆို ပြီးတော့ပေါ့။ သူတို့အားလုံးမလုပ်နိုင်လို့ အကူအညီလိုတယ်ဆိုရင်တောင် သူတို့တတ်တဲ့ပညာနဲ့ အကောင်းဆုံးလုပ်ကြတာ တွေ့ရတယ်။ အဲဒါကျတော့ အသက်အရွယ်နဲ့လည်း မဆိုင်ဘူး၊ Experience နဲ့လည်းမဆိုင်ဘူး။ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အားလုံးအပေါ်မှာ သူတို့ကောင်းတာလေးတွေရှိရင်၊ ကိုယ့်ဆီမှာ မကောင်းတာတွေရှိရင် ကိုယ်ဘာနဲ့လဲယူရမလဲဆိုတာမျိုးကို ကလေးတွေဆီကနေ အမြဲတမ်းသင်ယူနေရတယ်။ ကိုယ်ကမှ သင်ပေးရမှာမဟုတ်ဘူး၊ သူတို့ဆီကလည်း သင်ယူရတယ်။ ကိုယ့်ထက်ငယ်တဲ့သူတွေ သရုပ်ဆောင်လောကမှာ အများကြီးရှိတယ် သူတို့ဆီက သင်ယူနေရတုန်းပဲ။

စိတ်အပြောင်းအလဲ
ဟိုတုန်းကတော့ လူငယ်စိတ် ဖြစ်ကောင်းဖြစ်မှာပေါ့နော်၊ စိတ်တွေကတော့ အမျိုးမျိုးပြောင်း လာတာပေါ့နော်။ စဝင်ဝင်ချင်းတုန်းကတော့ ပုံစံတစ်မျိုးပေါ့။ ငါဖြစ်ချင်လိုက်တာဆိုပြီးပေါ့၊ ဖြစ်လာတဲ့အချိန်ကျတော့လည်း တခြားကိစ္စနဲ့ ယောက်ယက်တွေ ခက်နေတာပေါ့၊ ဖြစ်တာတွေ၊ မဖြစ်တာတွေ မသိတော့ဘူး။ ဖြတ်သန်းခဲ့ရတဲ့ အချိန်တစ်ခု၊ ကာလတစ်ခုပေါ်မှာ ကိုယ့်ရဲ့ စိတ်တွေက ပြောင်းလဲနေတာပေါ့။ အခုအချိန်မှာဆိုရင်တော့ အနုပညာအလုပ် ဒီလိုဓာတ်ပုံရိုက်တာကအစပေါ့ ကိုယ်အလေးအနက်ထားတယ်။ ဒီအလုပ်ကိုတန်ဖိုးထားတယ်၊ ကိုယ့်ကိုအချိန်ပေးပြီး ကြည့်ရမယ့် ပရိသတ်တွေအတွက် ကိုယ် ဖန်တီးထားတဲ့ အနုပညာတစ်ခုက သူတို့အနေနဲ့ ဒါလေးက ဒီလိုလေး ဖန်တီးထားတာပါလားဆိုတဲ့ ရသလေးတစ်ခု ဖြစ်ချင်ဖြစ်သွားစေချင်တယ်။ အဲဒါကြောင့် အခုနောက်ပိုင်းဆိုရင် ဟိုတုန်းကထက်ပိုပြီးတော့ တန်ဖိုးထားလာတယ်၊ ပိုပြီးတော့ ကြိုးကြိုးစားစား လုပ်လာတယ်။

အတိုက်အခိုက်နဲ့ကြုံခဲ့တဲ့အခါ ရှေ့ဆက်တိုးပြီး လုပ်မယ်ဆိုတဲ့စိတ်
ဟိုးတုန်းကတည်းက မင်းဦးဆိုပြီး အားပေးလာတဲ့ ပရိသတ်ကြီးရော၊ အခုပရိသတ်တွေရော သိသင့်သလောက်လည်း သိပြီးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ မှန်တာတွေရှိသလို၊ တချို့မမှန်တဲ့ ကောလာဟာလတွေလည်း ရှိတာပေါ့နော်။ ဒီ 
လောကကြီးထဲမှာ လူဖြစ်လာတဲ့အတွက် ကောင်းတာရှိသလို၊ မကောင်းတာတွေလည်း ရှိမယ်၊ ကောင်းတဲ့အချိန်ရှိသလို၊ မကောင်းတဲ့အချိန်လည်းရှိတယ်။ ဖြစ်လာခဲ့ရင်လည်း ကိုယ့်ကံကြောင့်ဖြစ်လာတယ်လို့ပဲ သဘောထားပြီး ဖြတ်သန်းခဲ့တယ်။ အဲဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ အခြေအနေကို ကျေနပ်တယ်။ ကိုယ့် ကိုယ်ကိုယ်လည်း ကျေနပ်အောင်နေတယ်။ လောကဓံတရားဆိုတာ ချမ်းသာတာ၊ ဆင်းရဲတာ၊ ချီးမွမ်းခံရတာ၊ ကဲ့ရဲ့ခံရတာ၊ အခြံအရံရှိတာ၊ အခြံအရံမရှိတာ ဒါတွေရှိမယ်။ အဲဒါတွေကို နားလည်ရင် လူ့ဘ၀ကို ကောင်းကောင်းဖြတ်သန်းလို့ ရပါတယ်။ ကိုယ့်ဘ၀မှာဆိုရင် တချို့ဟာတွေဆိုရင် တော်ရုံတန်ရုံနဲ့ တစ်ခုခုဖြစ်သွားနိုင်တာတွေရှိတယ်၊ အဲဒါတွေကို ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရင်းနဲ့ပဲ တစ်ချိန်ကျရင် အမှန်တရားဆိုတာ သူ့ဟာသူဖြစ်သွားလိမ့်မယ်။ အချိန်တစ်ခုက ဆုံးဖြတ်သွားလိမ့်မယ်။ ကိုယ်မှန်အောင်နေတယ်၊ ကိုယ်မှန်အောင်သွားတယ်၊ အချိန်တစ်ခုက ဆုံးဖြတ်ပေးသွားလိမ့်မယ်၊ တချို့ဟာတွေဆို ပြန်ပြောလို့မရတာတွေရှိတယ် ကိုယ့်ကိုဘယ်လိုပဲပြောနေပြောနေ အမှန်တရားဆိုတာ  ရှိတယ်၊ အမှန်တရားဖြစ်ဖို့တော့ လိုတာပေါ့။ တစ်  ချိန်ကျရင် ဘာမှပြောစရာမလိုဘူး၊ သူ့ဟာသူဖြစ်သွားလိမ့်မယ်။ အစ်ကိုကတော့ အဲဒီတစ်ခု တည်းနဲ့ပဲ ကိုယ်မှန်အောင်နေတယ်၊ ကိုယ်မှန်အောင်သွားတယ်၊ တစ်ခုခုဖြစ်လာခဲ့ရင်လည်း အချိန်တစ်ခုက အဆုံးအဖြတ်ပေးလိမ့်မယ်။ တိုက်ခိုက်လို့မရတဲ့အခါတွေ၊ ပြန်ပြောလို့မရတဲ့ အခါ တွေ၊ ဖြေရှင်းလို့မရတဲ့အခါတွေဆို အချိန်တစ်ခုကို စောင့်လိုက်တယ်။
စိတ်ဓာတ် ပြိုလဲမသွားအောင် ဟိုတုန်းကတော့ စာလည်းပိုဖတ်ဖြစ်တယ်၊ ဒီလိုမျိုး မီဒီယာတွေ၊ ဖေ့စ်ဘုတ်တွေဆိုတာလည်း မရှိသေးတော့ စာကိုပိုဖတ်ရတယ်။ စာဖတ်တာကလည်း အားတစ်ခုပါပဲ။ ကိုယ့်ကိုအားပေးမယ့် စာများများဖတ်တယ်။ တကယ်လို့ မကောင်းတာတွေရှိရင်လည်း နေ့တစ်နေ့မှာတောင် အမှောင်ဆုံးအချိန်ဆိုတာရှိတာပဲ၊ မှောင်ပြီး ပြန်လင်းမှာပဲ ဒီလိုမျိုးပဲ မကောင်းတာတွေအားလုံးကုန်သွားရင် ကောင်းတာတွေ ပြန်လာမှာပဲဆိုတဲ့ခံယူချက် တစ်ခုနဲ့သွားတယ်။ လူ့ဘ၀ကြီးဆိုတာ အမြဲတမ်းကောင်းမနေနိုင်ဘူး၊ အမြဲတမ်းလှပချောမွေ့မနေနိုင်ဘူး၊ အခက်အခဲတွေနဲ့ ဖြတ်သန်းပြီး တည်ဆောက်ရမှာပဲ။ ယက်ထားတဲ့ ကော်ဇောတစ်ခုကို ကြည့်လိုက်ရင် အရှေ့ဘက်မှာတော့ လှပတဲ့၊ အရောင်စုံတဲ့ အဆင်ဒီဇိုင်းတွေ၊ ပန်းတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ ရှုခင်းတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ လှပတဲ့အရုပ်တွေလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ ကော်ဇောရဲ့ အနောက်မှာတော့ ယက်ထားတဲ့ ဟာတွေအားလုံးက ရှုပ်ယှက်ခတ်နေတာပဲ။ အဲဒီလိုပဲ ကိုယ့်ဘ၀ကို လှပတဲ့အရာတွေ ဖန်တီးချင်တယ်ဆိုရင်တော့ လူမမြင်နိုင်တဲ့၊ မသိနိုင်တဲ့ ကြိုးစားခဲ့ရတာတွေက ရှုပ်ယှက်ခတ်ကောင်း ရှုပ်ယှက်ခတ်နေနိုင်ပါတယ်။

အနုပညာရှင်နဲ့ Social Media
တချို့ အကြောင်းအရာတွေကျတော့ မီဒီယာပေါ်တင်ပြလို့ ကောင်းတဲ့အကြောင်းအရာ တွေရှိသလို၊ တင်ပြလို့မကောင်းတဲ့ အကြောင်းအရာတွေလည်း ရှိတယ်။ အဲဒါကျတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရတာပေါ့နော်။ တစ်ကမ္ဘာလုံးနဲ့ ချိတ်ထားတာဆိုတော့ အနုပညာရှင်တစ်ယောက်အနေနဲ့ ပိုပြီးတော့ သတိထားရတာပေါ့ နော်။ အစ်ကိုကတော့ ပုံလေးတွေ တင်ဖြစ်တယ်။ တင်လိုက်တဲ့ပုံလေးကို ပရိသတ်က သဘောကျပြီးတော့ ဓာတ်ပုံတွေ ထပ်ရိုက်ဖို့ကမ်းလှမ်းတယ်။ ကမ်းလှမ်းတော့ ဓာတ်ပုံတွေ အဲဒီလိုမျိုးနဲ့ ထပ်ရိုက်ဖြစ်တယ်။ ဟိုတုန်းက လူတစ်ထောင် မဂ္ဂဇင်းဖတ်တယ်ဆိုရင် အခုက လူတစ်သိန်းကြည့်လိမ့်မယ် အဲဒီလိုမျိုး သဘောထားတယ်။ အဲဒီလိုမျိုးရောက်သွားမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ ဂရုစိုက်ဖြစ်တယ်။

ကျန်းမာရေးနဲ့ ဘော်ဒီအတွက်
ဟိုတုန်းကဆို ဆေးလိပ်သောက်တယ်၊ အရက်လည်း တစ်ခါတလေသောက်တယ်။ ကျန်းမာရေးအတွက် အဲဒါတွေ ရှောင်တဲ့သူမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခုကျတော့ ဆေးလိပ်ဖြတ်လိုက်တယ်။ ဟိုတုန်းကတော့ အဖေရော၊ အမေရောက ဆေးလိပ်ဖြတ်ခိုင်းတယ်၊ ကိုယ့် ကောင်မလေးကလည်း ဖြတ်ခိုင်းတယ်၊ အားလုံးက ဖြတ်ခိုင်းပေမဲ့ အရမ်းကြိုက်တော့ မဖြတ်နိုင်ခဲ့ဘူး။ ကမ္ဘာပေါ်မှာ ဆေးလိပ်ကိုအကြိုက်ဆုံး၊ အရက်လည်း မကြိုက်ဘူး၊ ဘီယာလည်း မကြိုက်ဘူး ဒါပေမဲ့ အကြောင်းတစ်ခု တိုက်ဆိုင်လာတော့ Minor Operation လေးတစ်ခု လုပ်ရတယ်။ အဲဒီမှာ ကိုယ်က ကြောက်တော့ မေ့ဆေးနဲ့ လုပ်လိုက်တယ်။ အဲဒီမှာ ဆရာဝန်ကပြောတယ်၊ မေ့ဆေးနဲ့ Operation လုပ်ထားတာဖြစ်တဲ့အတွက် ဆေးလိပ်မသောက်ပါနဲ့တဲ့။ ဆေးလိပ်ကို ၃၊ ၄ ရက် မသောက်ဘဲနေတယ်။ နေလို့ရတာပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားတာက ငါဒီဆေးလိပ်ငွေ့တွေနဲ့ အထဲထဲကကလီစာတွေကို မှိုင်းတိုက်လာတာ နှစ်ပေါင်း ၂၀ကျော်နေပြီ၊ ငါဖျက်သင့်ပြီဆိုတော့ အသိစိတ်တစ်ခုနဲ့ပဲ ဆေးလိပ်အတုလည်း မသောက်ဘဲ ပြတ်သွားတာ။ သူများတွေ ဖြတ်ခိုင်းတာမရဘူး၊ ကိုယ့်စိတ်နဲ့ကိုယ် ဖြတ်လိုက်တော့ အရမ်းသောက်ချင်တာတို့ ဘာတို့မရှိဘူး။ ကျန်း မာရေးအတွက် ခန္ဒာကိုယ်ပိုင်းဆိုင်ရာအတွက်ကို ကျတော့ အသက်ကြီးသွားရင်လည်း သန်သန်မာမာ အသက်ကြီးချင်တယ်၊ ဘော်ဒီလှချင်လို့တို့၊ Six Pack ထွက်ချင်လို့တို့ မဟုတ်ဘူး။ Gym ဆော့ချင်ပေမဲ့ မဆော့ဖြစ်ဘူး။ ၀ိတ်တက်မလာတာကတော့ ဘုရားပေးတဲ့ ကုသိုလ်ပဲပြောရမယ်။ ထူးထူး ဆန်းဆန်းကြီး အစားလျှော့တာမျိုးမရှိဘူး။ မနက်စာ၊ နေ့လယ်စာ၊ ညစာကိုပုံမှန်စားတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ အစားကိုသတိထားပြီး စားတယ်၊ အားကစားလည်း နည်းနည်းလုပ်ဖြစ်တယ်။ Gym မှာသွားမကစားနိုင်ပေမဲ့ ကိုယ့်ဘာသာကိုယ်  အိမ်မှာ ၀ိတ်တုံးနဲ့ ကစားတယ်၊ စက်နဲ့ ကစားတယ်၊ ဒိုက်ထိုးတာ၊ Valley ရိုက်တာတော့ နည်းနည်းပါးပါး လုပ်ဖြစ်တယ်။ ရည်ရွယ်ချက်တစ်ခုတော့ရှိတယ် သူများတွေပြောသလို ဒီအရွယ်ကျမှ Six Pack တွေဘာတွေနဲ့ ကြိုးစား ကြည့်ချင်သေးတယ်။ အဲဒါကိုဓာတ်ပုံရိုက်ချင်တာ။ သူများတွေကလည်း စိန်ခေါ်တယ် ဦးမင်းဦးရယ် ကြိုးစားကြည့်ပါလားပေါ့၊ ဖြစ်နိုင်တယ်ဆိုပြီး ပြောကြတယ်။ နဂိုကတည်းကလည်း ဂေါက်သီး ရိုက်တယ်ဆိုတော့ ကျန်းမာရေးအတွက် ကွင်း ထဲမှာသွားမရိုက်ဖြစ်ရင်တောင် Practice အနေ နဲ့ ရိုက်ဖြစ်တယ်။ Practice ဆိုတာကလည်း အလုံး ၂၀၀၊ ၃၀၀လောက် ရိုက်လိုက်ရင် ချွေးက သွန်ထုတ်သလိုပဲ ထွက်လာတာဆိုတော့ အဲဒါလည်း Exercise တစ်ခုလုပ်သလိုပဲ။ နည်းနည်း ဝလာတယ်ထင်ရင် ၃၊ ၄၊ ၅ ရက်လောက် ဆက်ရိုက်လိုက်ရင် ဘော်ဒီပြန်ကျသွားတယ်။ အမောလည်းခံနိုင်တယ်။

အောင်မြင်မှု
အောင်မြင်ကို လူတိုင်းကြိုက်တယ်။ ဒါပေမဲ့ အောင်မြင်မှုအတွက် စွန့်လွှတ်ဖို့ကျတော့ ကိုယ်ကိုယ်တိုင်ရော ဘယ်လောက်စွန့်လွှတ်နိုင်သလဲ။ စွန့်လွှတ်တယ်ဆိုတာ အများကြီးရှိတယ်၊ ကိုယ့်အချိန်တွေကိုစွန့်လွှတ်ရတယ်၊ ကိုယ်ဖြစ်ချင်တာတွေကိုစွန့်လွှတ်ရတယ်။ တစ်ခုကိုဖြစ်ချင်တယ်ဆိုရင် နောက်တစ်ခုဖြစ်ချင်တာတွေကို စွန့်လွှတ်ရတယ်ဆိုတော့ အားလုံးကိုစွန့်လွှတ်ရတယ်။ ကိုယ်ဘယ်လောက်စွန့်လွှတ်နိုင်သလို၊ ကိုယ်ဘယ်လောက် အချိန်ပေးနိုင်သလဲ။ ကိုယ်တိုင်လည်း အခုအချိန်အထိ ကြိုးစားရတုန်း၊ လုပ်နေရတုန်းပဲ။ လူတိုင်းအောင်မြင်တဲ့သူ ဖြစ်ချင်ပေမဲ့ လူတိုင်းမအောင်မြင်ကြဘူး။ ဒါကုသိုလ်ကံရော၊ ကိုယ့်ရဲ့ ကြိုးစားမှုရော အဲဒါတွေပါတယ်။ ဒါပေမဲ့ တစ်ခုယုံကြည်တာကတော့ ရိုးရိုးသားသားနဲ့ အလုပ်အပေါ်မှာ 
ကြိုးစားရင် အချိန်တစ်ခုရောက်ရင် နေရာတစ်ခုရောက်မယ်ဆိုတာပဲ။ ကိုယ်လိုချင်တဲ့နေရာထိမရောက်ရင်တောင် အတိုင်းအတာတစ်ခုတော့ ရောက်ကိုရောက်ရမယ်။ ကိုယ်လုပ်တဲ့အိုက်တင်ကိုပရိသတ်တစ်ယောက်ပဲ ကြည့်ချင်ကြည့်မယ်၊ ဒါပေမဲ့ ကောင်းအောင်လုပ်မယ်။ အဲဒီလိုပဲခံယူထားပါတယ်။

ဘ၀လက်တွဲဖော်
စတွေ့တာကတော့ သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး ဒီလိုပဲတွေ့ခဲ့တာပါပဲ။ ချစ်သူသက်တမ်းလည်း ၁၀နှစ်လောက်ရှိပါပြီ။ အခုအချိန်ကျမှ Wedding လုပ်ရတယ်ဆိုတာကတော့ ရယ်စရာလို့ပဲပြောရမလားပဲ။ ဘာလို့လဲဆိုတော့ အစ်ကို့ရဲ့ သူငယ်ချင်းတွေ တချို့ဆို အဖိုးတွေတောင် ဖြစ်နေကြပြီ။ မြေးနှစ်ယောက်၊ သုံးယောက်ရတဲ့သူတွေတောင်ရှိနေပြီ။ Wedding ကတော့ ကိုယ့် အသက်အရွယ်နဲ့ အမှန်အတိုင်းပြောရရင် သူ့ကိုတော့ အားနာပါတယ်၊ မလုပ်ချင်ဘူး ဒါပေမဲ့ ကိုယ့် ကောင်မလေးက ကိုယ့်ထက်အများကြီးငယ်တယ်ဆိုတော့ သူ့အတွက် သူဖြစ်ချင်တာလေးကို လုပ်ပေးတာပါ။ Wedding ကလည်းပွဲလေးတစ်ခုပဲ လုပ်မှာပါ၊ ကြီးကြီးကျယ်ကျယ်လည်း မလုပ်ချင်ဘူး၊ ကိုယ်ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ပဲ အကျဉ်းချုံး ပြီး လုပ်မယ့်ပွဲလေးပါ။ အဲဒါကြောင့်လည်း ဒင်နာလေးတစ်ခုပဲလုပ်မှာပါ။ ဒါကြောင့်မို့လည်း အခုကတည်းက မီဒီယာတွေအားလုံးကိုလည်း တောင်းပန်ချင်တာ ဖိတ်တဲ့အထဲမပါရင်လည်း စိတ်မဆိုးကြပါနဲ့လို့ ပွဲကသေးသေးလေးပဲလုပ်တာမို့လို့ပါလို့။ နိုဝင်ဘာလကုန်မှာ လုပ်မှာပါ။

နားလည်မှုကိုယ်စီ
အနုပညာသမားကို နားလည်ပေးဖို့ဆိုတာအလွန်ခက်ပါတယ်။ အထူးသဖြင့် မင်းသားတစ်ယောက်ကို နားလည်ပေးဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ကိုယ်တွေကျတော့လည်း မင်းသမီးအစုံနဲ့ တွဲရတယ် ငယ်တာရော၊ ကြီးတာရောတွဲရတယ်။ အဲဒီလိုမျိုးဆိုတော့ အပြင်လူတစ်ယောက်အနေနဲ့ဆို တော်တော်လေးကိုနားလည်ပေးမှရမယ်။ သူနဲ့ စတွေ့ပြီး ပထမပိုင်းမှာဆို တော်တော်လေးကို ညှိယူရတယ်။ ဒါပေမဲ့လည်း တဖြည်းဖြည်းနဲ့ ဒီ လောကအကြောင်းကို သိလာတဲ့အချိန်မှာ ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီးတော့ လုံးဝနားလည်သွားတယ်။ အဓိကကတော့ နားလည်မှုပါပဲ။ ကိုယ့်ဘက်ကလည်း သူငါ့အပေါ်မှာနားလည်ပေးတာ ငါ့အလုပ်ကြောင့်ဖြစ်တာ တစ်ချိန်ကျရင်နားလည်သွားမှာပါဆိုတဲ့ စိတ်နဲ့ ကိုယ်ကလည်း သူ့အပေါ်မှာ နားလည်ပေးတယ်။ ကိုယ်တိုင်ကကောလာဟာလနဲ့ ပတ်သက်ပြီးတော့ တအားပြောခံရတယ်၊ ဘယ်သူ့သမီးနဲ့တော့ ဘယ်လို၊ ဟိုလူ နဲ့ ဘယ်လို၊ ဒီလူနဲ့ဘယ်လိုအမြဲအပြောခံရတယ်။ သူနဲ့သွားနေတဲ့အချိန်မှာ သူအဲဒီဒဏ်တွေကို ခံရတယ်။ အဲဒါကို ကိုယ်ကကိုယ်ချင်းစာတယ်၊ လူတစ်ယောက်က သူ့ရှေ့မှာသူ့ကို ဒီလူလားဆိုပြီး အပြောခံရတာတွေအားလုံးကို ကြံ့ကြံခံပြီး ကျော်ဖြတ်လာခဲ့တယ်။ ဒီအချိန်အထိ ကိုယ့်ကို နားလည်ပေးပြီး ကိုယ့်ဘေးနားမှာရှိနေပေးတာကို ကျေးဇူးတင်တယ်။

ပရိသတ်
အနုပညာနဲ့ပတ်သက်ပြီး အခုကတော့ ပိုရူးသွပ်တယ်။ ရုပ်ရှင်ကားကြီးအပြင် နောက်ထပ်ကားတွေလည်း နိုင်ငံခြားကလူတွေနဲ့ ရိုက်စရာ တွေလည်းရှိပါသေးတယ်။ ဒီထက်ပိုပြီးလည်း လုပ်ချင်သေးတယ်။ နောက်ထပ် အင်္ဂလိပ်လိုပြောပြီး
ရိုက်ရမယ့် Programme တွေလည်း ရှိပါသေးတယ်။ အနုပညာနဲ့ပတ်သက်ရင် ဘယ်တော့မှ စိတ်မလျော့သေးဘူး။ အကောင်းဆုံး လုပ်ချင်ပါသေးတယ်။

Photo - Aung Ko Ko(Gray Hills)
Outfit - Sandar Aung(Sandar by Sandar)
Stylist & Makeup - Lwin Khant Maung