Primary tabs

လုပ်ငန်းခွင်တွင်း ကျေနပ်ပျော်ရွှင်စေဖို့ လုပ်ဆောင်နိုင်တဲ့ အချက် ၁၂ ချက်

ဝန်ထမ်းတွေရဲ့စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုကိုသာ ဂရုစိုက်ပေးခဲ့မယ်ဆိုရင် လုပ်ငန်းခွင်အတွင်း ကျေနပ်ပျော်ရွှင်မှုရစေဖို့ ဆိုတာ သိပ်လွယ်ကူတဲ့အရာလို့ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ဆောင်မှုတွေကိုပေးတဲ့ Officevibe ကုမ္ပဏီရဲ့ Director of Content အဖြစ် လုပ်ကိုင်ခဲ့သူ Jacob Shriar ကတော့ ဆိုထားပါတယ်။ 
 
ဆောင်းပါးရှင်ရဲ့ အဆိုအရ တချို့သော ကုမ္ပဏီတွေက ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံပြီးတော့ employee engagement နဲ့ အဲ့ဒီ employee engagement တိုးတက်လာစေဖို့ဆိုပြီး လေ့လာမှုတွေ တစ်ခုပြီး တစ်ခု ပြုလုပ်ခဲ့ပေမဲ့ သိပ်
အများကြီးတော့ ပြောင်းလဲမှုတွေ မရှိခဲ့ပါဘူးတဲ့။ Employee Engagement ဆိုတာကတော့ ဝန်ထမ်းတွေဟာ မိမိရဲ့ ကုမ္ပဏီ ဒါမှမဟုတ် ကိုယ်ပါဝင်နေတဲ့ အဖွဲ့အစည်းရဲ့ တန်ဖိုးထားမှုတွေနဲ့ ရည်ရွယ်ချက်တွေကို အမှန်တကယ်သိရှိပြီး ရည်မှန်းချက်ကို ရောက်ရှိအောင် စိတ်ရောကိုယ်ပါ တက်ကြွလှုပ်ရှားဆောင်ရွက်လိုခြင်းဆိုပြီး အဓိပ္ပာယ်ဖွင့်လို့ ရမယ်ထင်ပါတယ်။ လုပ်ငန်းခွင်အတွင်း ကျေနပ်ပျော်ရွှင်မှု တိုးတက်လာစေဖို့ လိုက်နာရမယ့် အချက်တွေပါဝင်တဲ့ ဆောင်းပါးတွေကလည်း ရာပေါင်းများစွာ ရှိနေခဲ့ကြပေမဲ့ ဝန်ထမ်းတွေကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကထက် ပိုပြီး ပျော်ရွှင်လာတယ်ဆိုပြီး မရှိကြတာကတော့ သိပ်တော့လည်း အဓိပ္ပာယ် မရှိလှပါဘူး။ 
 
Jacob Shriar ကတော့ ဝန်ထမ်းတွေကို ကျေနပ်ပျော်ရွှင်အောင် ပြုလုပ်ရမယ့် အရာတွေက တကယ်တော့ သိပ်ကိုလွယ်ကူပြီး အများအားဖြင့်လည်း လွတ်လပ်မှုရှိတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ လုပ်ရတာထက်စာရင်တော့ ပြောတာက ပိုပြီးလွယ်ကူတာပေါ့။ ဘာကြောင့်လဲဆိုတော့ အမေရိကန် အခြေစိုက် စွမ်းဆောင်မှု စီမံခန့်ခွဲရေးဆိုင်ရာ အတိုင်ပင်ခံ ကုမ္ပဏီဖြစ်တဲ့ Gallup ရဲ့အဆိုအရ ကမ္ဘာတစ်ဝန်းမှာ ၁၃ ရာခိုင်းနှုန်းသော လူတွေကသာ အလုပ်မှာ ကျေနပ်ပျော်ရွှင်မှု ရှိကြပါသတဲ့။  တစ်နှစ်စီတိုင်းမှာ ဝန်ထမ်းတွေရဲ့ engagement ရေချိန်က နည်းနည်းစီ တိုးတက်လာတယ်ဆိုရင်တောင် လုပ်ငန်းခွင်အတွင်း ကျေနပ်ပျော်ရွှင် မှုနဲ့ ပတ်သက်လို့ အတက်ဇယားကို ပြတယ်လို့ဘဲ ဆိုရမှာပေါ့။ အတက်ဇယားရဲ့ နံပါတ်စဉ်တွေ ပိုပြီးမြင့်တက်ဖို့လည်း သိသာတဲ့ ချဉ်းကပ်မှုမျိုးလိုအပ်နေပါသတဲ့။ 
 
လုပ်ငန်းခွင်တွင်း ကျေနပ်ပျော်ရွှင်မှုကို ဘယ်လိုပုံစံနဲ့ တိုးတက်စေနိုင်ပါသလဲ။ 
ခေါင်းဆောင်တစ်ယောက်အနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ အရာတစ်ခုကတော့ ကိုယ့်ရဲ့ ခံစားချက်တွေကို သိရှိနားလည်ပြီး ထိန်းချုပ်ဆောင်ရွက်နိုင်တဲ့အပြင် သူတစ်ပါးရဲ့ ခံစားချက်အပေါ်မှာ စာနာနားလည်မှုရှိကာ ပေါင်းသင်းဆက်ဆံတတ်တဲ့ Emotional Intelligence ကို တိုးတက်စေခြင်းဘဲ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က EI ကိုသာ ကောင်းကောင်းတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီဆိုရင် အရင်ကထက် ပိုပြီးတော့ ကိုယ်စားဝင်ရောက် ခံစားပေးတယ်လာမယ်၊ မေတ္တာထားတတ်လာမယ်၊ ကျေးဇူးတင်တတ်လာ မယ့်အပြင် ကိုယ့်ရဲ့အဖွဲ့ကိုလည်း ပိုပြီးတော့ တန်ဖိုးထားတတ်လာမှာ ဖြစ်ပါတယ်။ 
ဆက်လက် ဖော်ပြသွားမှာတွေကတော့ Jacob Shrair ပြောထားတဲ့ ကိုယ့်ရဲ့ ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ပိုပြီးတော့ ကျေနပ်ပျော်ရွှင်လာစေ ရန် လုပ်ဆောင်နိုင်မယ့် အရာ ၁၂ မျိုးဘဲ ဖြစ်ပါတယ်။ 
 
မျှော်လင့်ချက်တွေက လက်တွေ့ဆန်ရပါမယ်။
ဝန်ထမ်းအများစုရဲ့ စိတ်ဖိစီးမှု၊ သောကနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု လျော့ပါးလာရခြင်းတို့ရဲ့ အရင်းအမြစ်ကတော့ ကိုယ်ပါဝင်နေတဲ့ အဖွဲ့အစည်းရဲ့ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေကြောင့်ဘဲ ဖြစ်ပါတယ်။ ဆောင်းပါးရှင်တို့အဖွဲ့ရဲ့ State of Employee Engagement ဆိုတဲ့ သုတေသနစာတမ်းမှာ ဝန်ထမ်း ၆၀ ရာခိုင်နှုန်းက သူတို့ရဲ့အလုပ်ဟာ သူတို့ရဲ့ ကိုယ်ပိုင်ဘဝအပေါ်မှာ ထိခိုက်နစ်နာမှုတွေ ရှိနေစေတာကို သတိပြုမိကြ ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ 
ခေါင်းဆောင်တစ်ယောက်အနေနဲ့ဆိုရင် ဝန်ထမ်းတွေဟာ အပိုအလုပ်တွေ လုပ်နေရတယ် ဒါမှမဟုတ် ရှိသမျှအကုန် မပြီးနိုင်မစီးနိုင် လုပ်နေရတယ်ဆိုတဲ့ ခံစားချက်မျိုး မရရှိစေဖို့က ကိုယ့်ရဲ့ တာဝန်ပါဘဲ။ ဝန်ထမ်းတွေမှာ အဲ့ဒီလိုအဖြစ်မျိုး ကြုံတွေ့နေရတယ်ဆိုရင်တောင် ထုတ်ဖော်ပြောကြားဖို့အတွက် သတ္တိရှိချင်မှ ရှိပါလိမ့်မယ်။ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေအပေါ် မူတည်ပြီးတော့ တချို့ကိစ္စတွေကို ကိုင်တွယ်ရတာက ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါတွေထက် အဖွဲ့
အစည်းရဲ့ မျှော်လင့်ချက်တွေက သိပ်ကိုမြင့်မားနေတယ်ဆိုရင် ကိုယ့်ရဲ့အဖွဲ့နဲ့ ပွင့်လင်းရိုးသားတဲ့ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်သင့်ပါတယ်။ ဝန်ထမ်းတွေရဲ့ ကြောက်ရွံ့မှုတွေကို ဖယ်ရှားဖို့အတွက် အကောင်းဆုံးကြိုးစားပြီး အဲ့ဒါကို ပြဿနာ
တစ်ခုအဖြစ် ယူဆတယ်ဆိုရင်လည်း အဆင်ပြေတဲ့အကြောင်း သိနေစေဖို့ လိုအပ်ပါသေးတယ်။  
အလုပ်လုပ်တဲ့အပေါ်မှာ အသိအမှတ်ပြုပေးပါ။ 
ဝန်ထမ်းတွေကို နားလည်မှုပေးခြင်းဟာ လုပ်ငန်းခွင်အတွင်း ကျေနပ်ပျော်ရွှင်မှု တိုးတက်စေဖို့အတွက် အလွယ်ကူဆုံးနဲ့ ကုန်ကျမှု အသက်သာဆုံး နည်းလမ်းတစ်ခုပါဘဲ။ လုပ်ငန်းကို ဦးဆောင်တဲ့သူအနေနဲ့ လိုအပ်တာတစ်ခုကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ပိုပြီး သတိထားစောင့်ကြည့်ဖို့ပါဘဲ။ အစောပိုင်းက ဖော်ပြခဲ့သလိုမျိုး ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုနဲ့ သူတစ်ပါးအပေါ် ခံစားနားလည်မှုတွေ တိုးတက်လာစေခြင်းဖြင့် ကိုယ့်ရဲ့အဖွဲ့ လုပ်ဆောင်နေတာတွေကို ပိုပြီး နားလည်လာစေမယ့်အပြင် ပိုပြီးတော့လည်း သတိပြုမိလာစေဖို့ ကူညီပေးပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာမှုအရ တွေ့ရတာကတော့ ၆၅ ရာခိုင်နှုန်းသော ဝန်ထမ်းတွေက သူတို့ဟာ သင့်တော်တဲ့ ချီးမြှင့်မြောက်စားမှုကို မရရှိကြဘူးလို့ ခံစားနေကြရပါတယ်။ ဒါဟာ တကယ်တော့ လုပ်ငန်းကို ခေါင်းဆောင်နေတဲ့သူတွေအတွက် သူတို့ရဲ့ ဝန်ထမ်းတွေကို သူတို့အလုပ်အပေါ်မှာ ဂုဏ်ယူတတ်လာအောင် ပြုလုပ်ဖို့အတွက် အခွင့်အလမ်းကောင်းတစ်ခုပါဘဲ။ ဝန်ထမ်းတွေအပေါ် အသိအမှတ်ပြုမှုကို ပြသပေးဖို့အတွက် နည်းလမ်းတွေ အများကြီးရှိပါတယ်။ (ဘောနပ်(စ) ပေးခြင်းဆိုတာက အရင်ကတည်းက အသုံးလာခဲ့ကြတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။) 
 
ရေရှည်အတွက် ရည်မှန်းချက်ထားပေးပါ။ 
ရေတိုအတွက်သာ စဉ်းစားတာ ဒါမှမဟုတ် အောင်မြင်မှုကို မြန်မြန်ဆန်ဆန်လိုချင်တာတွေက လုပ်ငန်းအတွက် ဆိုးရွားစေရုံသာမက ဝန်ထမ်းတွေကိုလည်း စိတ်ထိခိုက် ပျက်ပြားစေပါတယ်။ ဝန်ထမ်းတွေကို သူတို့ကိုယ်တိုင် တက်ကြွလှုပ်ရှားမှု ရရှိစေဖို့ဆိုရင် သူတို့ဟာလည်း အထက်လူကြီးတွေ မြင်ထားသလို ရေရှည်အတွက် မျှော်မှန်းချက်တွေ ရှိဖို့လိုအပ်ပါတယ်။ ဒီလိုရှိခြင်းက တာဝန်တစ်ရပ်ကို ဆောင်ရွက်ဖို့နဲ့ ကိုယ်လုပ်ဆောင်နေမှုအပေါ်မှာ တန်ဖိုးထားလေးစားစိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တာဝန်ယူဆောင်ရွက်ရတဲ့ တာဝန်တစ်ရပ်ဆိုတာဟာ ရေရှည်အတွက် လုပ်ဆောင်ရတာဖြစ်လို့ ဝန်ထမ်းတွေ အနေနဲ့လည်း စိတ်လှုပ်ရှားခံစားမှုကို ရရှိနိုင်ပါတယ်။ အခုချိန်ကစလို့ နောင် ၁၀ နှစ်အကြာမှာ ကိုယ့်ရဲ့အဖွဲ့အစည်းကို ဘယ်လိုပုံစံမျိုး ဖြစ်စေချင်ပါသလဲ ဆိုတာကို ဝန်ထမ်းတွေကို မေးကြည့်ပြီး စဉ်းစားကြည့်စေပါဦး။ သူတို့တွေ စဉ်းစားလို့ရရှိလာတဲ့ အဖြေတွေအပေါ် မူတည်ပြီး အဖွဲ့တစ်ခုအနေနဲ့ ဆွေးနွေးပြောဆိုကြည့်လိုက်မယ်ဆိုရင် အဲ့ဒီဆွေးနွေးမှု ရလဒ်က ဝန်ထမ်းတွေကို ဘယ်လောက်တောင် တက်ကြွလှုပ်ရှားလာစေသလဲဆိုတာ တွေ့ရပါလိမ့်မယ်။ 
 
ဝန်ထမ်းတွေနဲ့ အပြန်အလှန် ဆက်သွယ်မှုကို ဖြစ်သင့်တာထက် ပိုပြီးတော့ ပြုလုပ်ပေးပါ။ 
အပြန်အလှန် ဆက်သွယ်မှု အများကြီးရှိနေခြင်းလောက် ကောင်းတယ်ဆိုတာ မရှိကြောင်းကိုလည်း သတိရပေးပါ။ အပြန်အလှန်ဆက်သွယ်မှု မရှိခြင်းက လုပ်ငန်းခွင်အတွင်းမှာ ထိခိုက်မှုတွေ အများကြီးဖြစ်စေခြင်းရဲ့ အရင်းအမြစ်ပါဘဲ။ ဒါက 
ဘာကိုဆိုလိုသလဲဆိုရင် ကိုယ်က ဖြစ်သင့်တယ်လို့ ထင်ထားတာထက်ကို ပိုပြီးတော့ ဝန်ထမ်းတွေနဲ့ အပြန်အလှန်ဆက်သွယ်မှုတွေ များများပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အသိပညာ ဗဟုသုတရှိခြင်းကလည်း စွမ်းအားတစ်မျိုးပါဘဲ။ နောက်ပြီး ကိုယ့်ရဲ့ ဝန်ထမ်းအပေါ် ကိုယ်တတ်နိုင်သမျှ လုပ်ပိုင်ခွင့်အာဏာပေးတာမျိုး ဖြစ်သင့်ပါတယ်။ ကိုယ့်ရဲ့အဖွဲ့အစည်းနဲ့ အပြန်အလှန် ပွင့်လင်းရိုးသားစွာ ဆက်ဆံတတ်တဲ့ အလေ့အထမျိုးကို လုပ်ငန်းခွင်ထဲမှာ ဖန်တီးသင့်ပါတယ်။ လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာရှိတဲ့ ခံစားမှုနဲ့  အဖွဲ့အစည်းထဲက ဘယ်သူနဲ့ ဘယ်အကြောင်းအရာကိုမဆို ပြောဆိုနိုင်ခြင်းဟာ အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အဓိက သော့ချက်လို့ ဆိုရမှာပါ။ 
 
ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတွေကို ဂရုစိုက်ပေးပါ။ 
ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတွေအပေါ်မှာ ဂရုတစိုက်ရှိကြောင်း ပြသပေးခြင်းဟာ လုပ်ငန်းခွင်အတွင်း ကျေနပ်ပျော်ရွှင်မှုရရှိစေဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ခြင်းဆိုပြီး နှစ်ခုခွဲခြားလို့ ရပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ခြင်းဆိုတာကိုတော့ မကြာခဏဆိုသလို မေ့ထားမိတတ်ကြပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုရှိခြင်းကို အလေးထားဖို့ကလည်း အရေးကြီးပါတယ်။ ဝန်ထမ်းတွေဆီမှာ အလွန်အမင်း စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ သူတို့ရဲ့ ရှင်သန်မှုအတွက် ထိတ်လန့်မှုတွေ ရှိမနေဖို့ လိုပါတယ်။ ကိုယ့်အဖွဲ့ရဲ့ အစီအစဉ်တွေ၊ အချိန်ဇယားတွေနဲ့ လိုက်လျောညီထွေဖြစ်စေပြီး ကိုယ်က သူတို့ကို ယုံကြည်တယ်ဆိုတာကို ပြသပေးပါ။ နောက်ပြီး ကိုယ်ဘာတွေကူညီနိုင်သလဲဆိုတာကို သိဖို့အတွက် မကြာခဏ တွေ့ဆုံပေးပါ။ 
 
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ခြင်းဆိုတဲ့ အပေါ်မှာ အလေးထား ဂရုစိုက်ပေးတာက ကိုယ့်အတွက် ဘာမှထူးခြားပြီး ကုန်ကျတာမျိုးမရှိပေမယ့် ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်စေ ပါတယ်။ ဝန်ထမ်းတွေက ကျန်းမာရေး လေ့ကျင့်ရုံတွေမှာ မန်ဘာဝင်တဲ့အခါ ကိုယ့်အနေနဲ့ ကုန်ကျစရိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ထည့်ဝင်ပေးခြင်း၊ ရုံးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံတွေ ထားရှိပေးခြင်း ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှား အားကစားတွေမှာ ဝန်ထမ်းတွေပါဝင်လာစေဖို့ ကူညီဆွဲဆောင်ပေးခြင်းတွေဟာ ဝန်ထမ်းတွေအပေါ် ကိုယ်ဘယ်လောက် ဂရုစိုက်ပါတယ်ဆိုတာ ပြသတဲ့ နည်းလမ်းကောင်းတွေဘဲ ဖြစ်ပါတယ်။ 
သင်ယူမှုတွေ ရှိနေစေဖို့ အခွင့်အလမ်းတွေ ကမ်းလှမ်းပေးပါ။
တစ်ဦးချင်းစီရဲ့ အရည်အချင်းတွေ မြင့်တက်လာခြင်းဟာ ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်းနဲ့ ဝန်ထမ်းတွေ တစ်ပြိုင်တည်းတိုးတက်ပြီး ရည်မှန်းချက်ကို ရောက်ရှိအောင် ဆောင်ရွက်နိုင်ဖို့အတွက် အရေးအကြီးဆုံးအချက်ဘဲဆိုတာ ငြင်းလို့မရနိုင် ပါဘူး။ ဝန်ထမ်းတွေက သင်ယူလေ့လာမှုတွေ ရပ်တန့်သွားတဲ့အခါ အပြောင်းအလဲဆိုတာမရှိတော့ဘဲ ပျင်းရိလာပါမယ်။ နောက်ဆုံးမှာ လှုံဆော်မှုတွေကို ရရှိနိုင်တဲ့နေရာကို ရှာကြပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုးကိုတော့ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်ဖို့အတွက် အစီအစဉ်တွေ ထားရှိပေးခြင်းဖြင့် ရပ်တန့်နိုင်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်ပေးတာကြောင့်လည်း ဝန်ထမ်းတွေက ကိုယ့်ကိုပိုပြီးတော့ ချစ်ခင်လာပါလိမ့်မယ်။ ဝန်ထမ်းတစ်ဦးချင်းစီကို သူတို့ သင်ယူတက်မြောက်လိုတဲ့ သင်တန်းတွေအတွက် အသုံးပြုဖို့ ငွေကြေးပေးအပ်ခြင်းဆိုတာလေးကိုလည်း စိတ်ကူးကြည့်ပါ။ ဒါကလည်းဘဲ ဝန်ထမ်းတွေအပေါ် ကိုယ်က ဂရုစိုက်တယ်ဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြသနိုင်တဲ့ နည်းလမ်းဘဲ မဟုတ်ပါလား။ ပိုပြီးတော့ အရေးကြီးတာက အဲ့ဒီလို သင်ယူလေ့လာနိုင်စေဖို့အတွက် အချိန်ပေးနိုင်စေဖို့လည်း ဆောင်ရွက်ပေးရမှာဘဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဝန်ထမ်းတွေကို ရက်သတ္တပတ်တွေမှာ နာရီ ၆၀ ထက်ပိုပြီး အလုပ်လုပ်ဖို့ မမျှော်လင့်ပါနဲ့၊ လေ့ကျင့်သင်ကြားဖို့အတွက် တချို့အချိန်တွေလည်း ထားရှိပါစေဦး။ 
 
အကောင်းအဆိုး ထင်မြင်ယူဆချက်တွေကို ဆက်တိုက်တုန့်ပြန်ပေးပါ။
အကောင်းအဆိုး ထင်မြင်ယူဆချက်တွေ ပေးရခြင်းက ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ပြီးတော့ မန်နေဂျာ အများစုဟာ သူတို့ရဲ့ အဖွဲ့ကို အကောင်းအဆိုး ထင်မြင်ယူဆချက်တွေပေးဖို့ ရှောင်ရှားလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေကတော့ အဲ့ဒီလို ထင်မြင်ယူဆချက်တွေကို သိပ်ပြီးတော့ ကြားသိချင်ကြပါတယ်။ ဝန်ထမ်းတွေဟာ  အကောင်းအဆိုး ထင်မြင်ယူဆချက်တစ်နည်း သုံးသပ်ချက်တွေနဲ့ ပတ်သက်လို့  ကွဲကွဲပြားပြား သိရှိလိုပါတယ်။ ပြီးတော့ ကိုယ်တွေးထင်ထားသလောက်နီးပါးကို အကဲလည်း ဆတ်ပါတယ်။ ကိုယ့်ရဲ့ သုံးသပ်ချက်တွေဟာ ကြမ်းကြမ်းတမ်းတမ်းတွေဖြစ်ဖို့ မလိုပါဘူး။ ကိုယ်က နားလည်မှုပေးပြီး ရိုးသားတယ်ဆိုရင် ဝန်ထမ်းတွေကလည်း ကိုယ့်အပေါ်မှာ တလေးတစားရှိကြမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးချင်းစီကို တစ်လချင်းစီအတွက် အချိန်ဇယားရေးဆွဲပြီး သုံးသပ်ချက်တွေကို ပုံမှန်ပေးနိုင်ဖို့အတွက် အချိန်ယူပါ။ နောက်ပြီး တစ်သီးတစ်သန့် တွေ့ဆုံပြောကြားတာမျိုးမဟုတ်ဘဲ သွားရင်ဟန်လွဲ ဒါမှမဟုတ် အလုပ်လုပ်နေရင်းကနေ စကားစမြည်ပြောဆိုရင်း ကိုယ့်ရဲ့ သုံးသပ်ချက်တွေကို ပြောကြားဖို့ အခြေအနေ ဖန်တီးပေးပါ။
 
Engagement ကိုလည်း မကြာခဏ တိုင်းတာပေးပါ
ဝန်ထမ်းတွေကို သူတို့ရဲ့ လုပ်ငန်းခွင်အတွင်းက engagement ရေချိန်အပေါ် ကိုယ်ဘယ်လောက် ဂရုစိုက်သလဲဆိုတာကို ပြသပေးခြင်းဟာ လုပ်ငန်းခွင်အတွင်း ကျေနပ်ပျော်ရွှင်မှု တိုးလာစေဖို့အတွက် နည်းလမ်းကောင်းပါဘဲ။ ဝန်ထမ်းတွေရဲ့ အလုံးစုံသော လုပ်ဆောင်ချက်တွေနဲ့ သူတို့ရဲ့ ပတ်ဝန်းကျင် အနေအထားတွေကို စစ်တမ်းကောက်တာဖြစ်စေ  ဒါမှမဟုတ် အခြားသော ဝန်ထမ်းတွေရဲ့ ထင်မြင်ယူဆချက်တွေနဲ့ ပတ်သက်လို့ စစ်တမ်းကောက်ယူမှု ပြုလုပ်တာဘဲ ဖြစ်စေ အဓိကသော့ချက်ကတော့ အဲ့ဒါကို မကြ ခဏဆိုသလို လုပ်ဆောင်ပေးဖို့ပါဘဲ။ နှစ်စဉ် စစ်တမ်းကောက်ယူခြင်းဆိုတာဟာ တကယ်တော့ ဘာကိုမှ တိတိကျကျ ဆုံးဖြတ်လို့ရတာမျိုး မဟုတ် ပါဘူး။ ကိုယ့်ကုမ္ပဏီရဲ့ အလေ့အထတစ်ခု တိုးတက်စေဖို့ဆိုရင် မြန်မြန်ဆန်ဆန်ဆောင်ရွက်တတ်ခြင်းနဲ့ လိုက်လျောညီထွေ ပြောင်းလွယ်ပြင်လွယ် ရှိစေခြင်းကို ပိုပြီးတော့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
 
ရာထူးခံစားခွင့်တွေ အပေါ်မှာ သိပ်ပြီးတော့ အလေးပေးဆောင်ရွက်တာမျိုး မလုပ်မိစေပါနဲ့။ 
Gallup ရဲ့ သိပ္ပံပညာရှင် Jim Harter နဲ့ အင်တာဗျူးတစ်ခုမှာတော့ ဘယ်လိုရာထူးခံစားခွင့် ဆိုတာမျိုးက သိပ်တော့လည်း အရေးပါလှတာ မဟုတ်တဲ့အကြောင်းပြောထားဖူးပါတယ်။  ရာထူးခံစားမှုတွေဟာ တစ်ခါတရံမှာတော့ ဝန်ထမ်းတွေကို ပျော်ရွှင်အဆင်ပြေမှုတွေ ရရှိစေတယ်ဆိုပေ မဲ့ ဝန်ထမ်းတွေကို ထွက်မသွားစေဖို့ ထိန်းထားနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ရာထူးနဲ့ ခံစားခွင့်တို့ဆိုတာဟာ ရွေးချယ်လို့ရတဲ့ လိုအပ်ချက်ပါဘဲ။ ဒါပေမဲ့ ရာထူးအဆောင်အယောင်တွေ အပေါ်မှာ သိပ်အများကြီး အာရုံစိုက်ဖို့တော့ မလိုအပ်ပါဘူး။ သတိပြုစရာတစ်ခုလည်း ထပ်ပြီးတော့ ရှိနေပါသေးတယ်။ သူတို့ရဲ့ အဆိုအရတော့ ရာထူးအဆောင်အယောင်ဆိုတာက ကွဲပြားမှုတစ်ခုတော့ ဖြစ်စေပါတယ်။ အဲ့ဒါကတော့ ပြောင်းလွယ်ပြင် လွယ်၊ တိုးလွယ်လျော့လွယ်တဲ့ အချိန်ရှိခြင်းပါဘဲ။ ဝန်ထမ်းတွေက အဲ့ဒီအချက်ကို နှစ်သက်ကြပါတယ်။ သူတို့ရဲ့ အချိန်ဇယားတွေထဲက တချို့သော ကိစ္စတွေကို ကိုယ်တိုင်ပြောင်းလို့ ပြင်လို့ရတဲ့အထိ အလုပ်ရှင် ဒါမှမဟုတ် အဖွဲ့အစည်းခေါင်းဆောင်ရဲ့ ယုံကြည်မှုကို ရရှိထားတယ်လို့ ခံစားရတာကြောင့် ဖြစ်ပါတယ်။ 
လုပ်ငန်းခွင်အတွင်းမှာ ရင်းနှီးကျွမ်းဝင်မှုတွေရှိ နေစေဖို့ ဂရုပြုပေးပါ။
လုပ်ငန်းခွင်အတွင်းမှာတော့ သူငယ်ချင်း တွေလို ရင်းနှီးခင်မင်ဖို့အတွက် ဖိအားပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အဲ့ဒီလို ရင်းနှီးကျွမ်းဝင်မှုတွေ ဖြစ်ပေါ်လာစေမယ့် ပတ်ဝန်းကျင်ကိုတော့ ဖန်တီးလို့ရပါတယ်။ အဖွဲ့သားတွေ အားလုံး နေ့လယ်စာအတူစားကြတာ၊ အဖွဲ့လိုက် စီမံကိန်းတွေ ဆောင်ရွက်တာ ဒါမှမဟုတ် ပျော်ရွှင်စရာ ကိစ္စရပ်တွေ ဆောင်ရွက်တာတို့လို လုပ်ဆောင်မှုတွေကို စီစဉ်ပေးခြင်းအားဖြင့် အချင်းချင်း ရင်းနှီးကျွမ်းဝင်စေဖို့အတွက် အခွင့်အလမ်းတွေကို ကူညီဖန်တီးပေးနိုင်ပါတယ်။ အခြားသောအရာတွေထက် တစ်နေ့တာရဲ့ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော် ကိုင်ဖက် တစ်ဦးဦးနဲ့ ရောက်တတ်ရာရာပြောဆိုကာ ခဏတာမျှ အနားယူကြခြင်းကို လုပ်ငန်းကို ဦးဆောင်သူတစ်ယောက်အနေနဲ့လည်း ဖြစ်စေချင်တယ်၊ ကိစ္စမရှိဘူး အဆင်ပြေတယ်ဆိုတဲ့အကြောင်း သိစေဖို့ပါဘဲ။ လုပ်ငန်းခွင်အတွင်း ရင်းနှီး ချစ်ခင်ခြင်းကလည်း အရေးကြီးပါတယ်။ ပြီးတော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဝန်ထမ်းတွေ တစ်ဦးနဲ့တစ်ဦး ခင်ခင်မင်မင်ရှိဖို့က ကိုယ့်ရဲ့ တာဝန်လည်းဖြစ်ပါတယ်။
 
ရှင်းလင်းတဲ့ လမ်းကြောင်းကို ချပြပေးပါ။ 
လုပ်ငန်းခွင်အတွင်း ကျေနပ်ပျော်ရွှင်မှုတိုးတက်လာစေမယ့် နည်းလမ်းကောင်းတစ်ခုကတော့ အနာဂတ်မှာ ဖြစ်လာမယ့်အရာတချို့ကို မျှော်မှန်းကြည့်ရှု့ခွင့်ပေးခြင်းဘဲ ဖြစ်ပါတယ်။ ဝန်ထမ်းအတွက် ရေရှည်အစီအစဉ်တွေမှာ အကူအညီတွေ
ပေးခြင်းဖြင့် သူတို့ရဲ့ အောင်မြင်မှုတွေမှာ ကိုယ်ကလည်း ပါဝင်မှုရှိကြောင်း ပြသပေးပါ။ ပြီးတော့ ရေရှည်အနေနဲ့ သူတို့နဲ့အတူ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိကြောင်း ပြသပေးပါ။ လမ်းညွှန်ပြသမှု ပေးခြင်းဟာ ဝန်ထမ်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တော့ သိပ်ကို ကောင်းမွန်စေပြီး လုပ်ငန်းခွင်အတွင်း ရင်းနှီးချစ်ခင်မှုတွေ ရရှိစေဖို့ ပျိုးထောင်ရာလည်း ရောက်ပါတယ်။ ကိုယ့်ရဲ့ ဝန်ထမ်းတွေနဲ့ အလုပ်များများ လုပ်နိုင်လေ သူတို့ရဲ့ အသက်မွေး မှုလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ရည်မှန်းချက်တွေကို မှန်းဆသိရှိနိုင်တာကြောင့် ဝန်ထမ်းတွေဟာလည်း အလုပ်ကိုလာရတဲ့ နေ့ရက်တွေတိုင်းမှာ ပိုပြီးတော့ ကျေနပ်ပျော်ရွှင်ရလေဘဲ ဖြစ်ပါတယ်။ 
 
ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့် အာဏာပေး ပေးပါ။ 
ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ ကျေနပ်ပျော်ရွှင်စေဖို့ဆိုရင် သူတို့ဟာ ထိန်းချုပ်ခံနေရတယ်လို့ မခံစားနေဖို့ လိုအပ်ပါတယ်။ သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ သူတို့ ဂုဏ်ယူရမယ့် အံ့အားသင့်ဖွယ်ရာ အလုပ်တွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုပြီး ခံစားမိဖို့လည်း လိုအပ်ပါတယ်။ လုပ်ပိုင်ခွင့်တချို့ ပေးအပ်ခြင်းဆိုတာက ကိုယ့်ရဲ့ ဝန်ထမ်းတွေကို ယုံကြည်ပေးခြင်းပါဘဲ။ နောက်ပြီး သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်ခွင့် ပေးဖို့ လိုအပ်ပါတယ်။ သူတို့ လုပ်ဆောင်နေတဲ့ အရာတွေအပေါ်မှာ သူတို့ကိုယ်တိုင်ဘဲ ဆုံးဖြတ်ခွင့်ပေးပြီး ကိုယ်ကတော့ သူတို့ကို ထိန်းညှိတည့်မတ်ပေးတဲ့ ခေါင်းဆောင်အဖြစ်နဲ့သာ ရှိသင့်ပါတယ်။ ဆိုလိုချင်တာကတော့ သူတို့ကို လမ်းညွှန်ပြသပေးပြီး သူတို့လမ်းကိုတော့ သူတို့ဘာသာ လျှောက်ခွင့်ပေးလိုက်ပါ။ 
ခြုံငုံပြောဆိုရမယ်ဆိုရင် အရာအားလုံးရဲ့ အခြေခံကတော့ ယုံကြည်မှုပါဘဲ။ ဒါက သိပ်ကိုအရေးပါတဲ့အရာလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရာအားလုံးကို ယုံကြည်မှုကနေ အခြေခံပြီးတော့ ပြုလုပ်ရမှာ ဖြစ်လို့ပါ။ ယုံကြည်မှုဆိုတဲ့အရာ မပါဘဲနဲ့ တစ်စုံတစ်ယောက်ကို လုပ်ပိုင်ခွင့်၊ လိုက်လျောညီထွေမှု ဒါမှမဟုတ် တာဝန်ယူမှုတွေကို ပေးအပ်နိုင်မှာ မဟုတ်ပါဘူးဆိုတာ ပြောကြားရင်း နှုတ်ဆက်လိုက်ပါတယ်။
Ref: 12 Proven Strategies To Increase Job Satisfaction
By Jacob Shria