Primary tabs

တုံ့ပြန်မှု ပေးကြရာဝယ်…

အဖွဲ့အစည်းထဲမှာ ဖြစ်ကြတဲ့ ပြဿနာတော် တော်များများဟာ ဝန်ထမ်းတွေကစတင်တယ်လို့ အပေါ်ယံအားဖြင့် ပြောဆိုနေကြပေမဲ့ တကယ် တမ်းမှာတော့ စီမံခန့်ခွဲမှုအဆင့်က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်၊ လုပ်နည်းလုပ်ဟန်နဲ့ မူတွေကို ပြန်
လည်တုံ့ပြန်ရာက စတင်လာတာသာဖြစ်ပါတယ်။ စီမံခန့်ခွဲမှုအဆင့်ရဲ့ ဆုံးဖြတ်မှုတွေကို ဝန်ထမ်းတွေ တုံ့ပြန်တဲ့အခါ တစ်ခါတရံ စီမံခန့်ခွဲသူတွေ မျှော်လင့်ထားတဲ့ တုံ့ပြန်မှုတွေဖြစ်နိုင်သလို တစ်ခါတရံမှာတော့ မဖြစ်တတ်ပါဘူး။ ဒီတော့ ဝန်ထမ်းတွေ ရဲ့ တုံ့ပြန်မှုဟာ ကိုယ်လိုချင်တဲ့ တုံ့ပြန်မှုဖြစ်လာအောင် ဘယ်လိုပုံဖော်မလဲဆိုတာဟာ အဖွဲ့အစည်းတစ်ခုအတွက်အရေးပါတဲ့ အခန်းကနေ ပါဝင်လာပါတယ်။

အလုပ်ခွင်ထဲက ဝန်ထမ်းတွေဟာ သူတို့ရဲ့လုပ်ဆောင်ချက်တွေအတွက် အသိအမှတ်ပြုမှုတွေ လိုအပ်သလို၊ အဲဒီ့ အသိအမှတ်ပြုမှုတွေက သူတို့ကို ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေဖြစ်စေဖို့ တွန်းအားလည်းဖြစ်စေပါတယ်။ အလုပ်
ခွင် တစ်ခုဟာ အကောင်းဘက်ရောက်လွန်းခြင်း သို့မဟုတ် အဆိုးဘက်ရောက်လွန်းခြင်း နှစ်မျိုးလုံးကြောင့် ရည်မှန်းချက်ကနေ တိမ်းချော်စေနိုင်ပါတယ်။ လုပ်ဆောင်ချက်အပေါ် အသိအမှတ်ပြုခြင်းမှာ ပုံစံ (၂) မျိုးထပ်ခွဲနိုင်ပါတယ်။ ပထမတစ်မျိုး ထိတွေ့နိုင်တဲ့ အသိအမှတ်ပြုမှုမျိုးပါ။ ဥပမာ- ပစ္စည်းတစ်ခုခု ဆုချတာ၊ ငွေကြေးအားဖြင့် ဆုချတာ။ ဒုတိယ တစ်မျိုးကတော့ ထိတွေ့လို့မရတဲ့ အသိအမှတ်ပြုမှုမျိုးပါ။ ဥပမာ- ကိုယ်ရည်ကိုယ် သွေးတက်ဖို့ အခွင့်အလမ်းပေးတာ၊ အရေးတကြီးလုပ်ရမယ့် အဖွဲ့ထဲမှာ ကိုယ့်ကိုပါဝင်စေတာမျိုးပါ။ ဘယ်လိုပဲဖြစ်ဖြစ် တန်ဖိုးအနည်းဆုံး အသိအမှတ်ပြုမှု တစ်မျိုးကိုပြောပါဆိုရင်တော့ ဝန်ထမ်းရဲ့ လုပ်ဆောင်ချက်အပေါ်မှာ တုံ့ပြန်မှုပေးခြင်းပါပဲ။

အလုပ်ခွင်သုတေသီများရဲ့ အဆိုအရကတော့ ဝန်ထမ်းတော်တော်များများဟာ အရေးပါတဲ့အဖွဲ့ထဲမှာ ပါဝင်လိုတယ်၊ ကိုယ့် လုပ်ဆောင်ချက်တွေကို သတိပြုမိစေချင်ကြတယ်တဲ့။ ကိစ္စတစ်ခုအောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ဖို့ ဝန်ထမ်းတွေဟာ စီမံခန့်ခွဲသူတွေရဲ့ တုံ့ပြန်မှုလိုအပ်ပါတယ်။ ဒါပေမဲ့တစ်ဖက်က ကြည့်ရင်လည်း အဓိပ္ပာယ်ရှိတဲ့ ပညာရတဲ့ တုံ့ပြန်မှုပေးတတ်ဖို့ကလည်း ခက်ခဲတဲ့ပညာတစ်ခုဖြစ်နေပြန်ပါတယ်။ တုံ့ပြန်မှုပေးတဲ့အခါ လူတစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်ပါဘူး။ ဒါကြောင့် ထိရောက်မှုရှိတဲ့တုံ့ပြန်မှုဟာ သီးသန့်ဆန်တယ်။ ဒါ့အပြင် သူနဲ့ ကိုယ်နဲ့ နှစ်ယောက်ကြားပြောဆိုတာပဲ ဖြစ်သင့်ပါတယ်။

အပြုသဘောဆောင်သော တုံ့ပြန်မှု 
အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို ဘယ်လိုပေးရမလဲ။ အလွယ်ဆုံးနည်းကတော့ ဝန်ထမ်းတွေက မှန်တာတွေလုပ်နေတယ်လို့ မြင်ကြည့်ပြီး အဲဒီ့အပေါ်မှာ မှတ်ချက်ပေးခြင်းနဲ့စတင်ပါ။ ရက်သတ္တတစ်ပတ်မှာ အနည်းဆုံးတစ်ခုလောက် ချီးကျူးကြည့်ပါ။ အလုပ်တစ်ခုကို ကောင်းကောင်းလုပ်တဲ့အတွက် ကျေးဇူးတင်ခြင်းအားဖြင့် သင့်ဝန်ထမ်းတွေမှာ အလုပ်ကောင်းကောင်းလုပ်တဲ့အကျင့်တွေ စွဲလာတယ်ဆိုတာတွေ့ရပါလိမ့်မယ်။ နောက်ထပ် အကြံဉာဏ်တစ်ခုကတော့ ဝန်ထမ်း တွေကို ချီးကျူးတဲ့အခါ 
၁။    သင်ကတော့ ဘယ်အချက်ကို ကြိုက်တယ် ဆိုတာ တိတိကျကျပြောပေးပါ။
၂။    အဲဒီ့အချက်က လုပ်ငန်းရဲ့ ရည်ရွယ်နဲ့ ဘယ် လိုဆက်စပ်တယ်ဆိုတာကိုလည်း ပြောပေးပါ။
ဥပမာ “မေရီ… ဒီမနက်က Mr.Smith ဘက်က ကုန်ပစ္စည်းမှာတဲ့အခါ မင်းလုပ်တဲ့ပုံစံက သိပ်ကောင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူမေးတဲ့အကြောင်းအရာကို မင်းက ချက်ကျလက်ကျ၊ မြန်မြန်ဆန်ဆန်နဲ့ ယဉ်ယဉ်ကျေးကျေး ဖြေပေးလိုက်နိုင်တယ်။ ငါတို့ဟာ ငါတို့ရဲ့ဖောက်သည်တွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်တဲ့အခါ သူတို့က နောက်တစ်ကြိမ်ထပ်လာမယ်။ သူတို့ရဲ့ သူငယ်ချင်းတွေကိုလည်း ခေါ်လာနိုင်တယ်။ ဖောက်သည်ရဲ့စိတ်ကျေနပ်မှုဟာ ငါတို့လုပ်ငန်းရဲ့
ဝင်ငွေတိုးတက်မှုနဲ့ ထပ်တူကျတယ်။ ဒီတော့ ဒီအတိုင်းဆက်လုပ်သွားပါ။ ကျေးဇူးပါ” ဆိုတာမျိုး။
“မင်းလုပ်တာ အားလုံးကောင်းတယ်” တို့၊ “တော်တယ် ညီမလေး” တို့ ဆိုတာတွေထက် သူက ဘယ်လိုလုပ်လိုက်လို့ ချီးကျူးခံရတယ်ဆိုတာကို တိတိကျကျသိရတာက ပိုပြီးထိရောက်တဲ့ တုံ့ပြန်မှုကို ဖြစ်စေပါတယ်။ ယေဘုယျဆန်တဲ့ ချီးကျူးစကားတွေက ရေရေရာရာမရှိတဲ့အပြင် ကိုယ့်အဖွဲ့အစည်းရဲ့ ဦးတည်ချက်နဲ့လည်း ချိတ်ဆက်မှုရှိမနေတဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ ငါဘာလုပ်ရင်မှန်လဲ၊ ငါ့အဖွဲ့အစည်း ဦးတည်ရာကိုရောက်ဖို့ ငါဘာကို ထပ်ခါထပ်ခါလုပ်ဖို့လိုလဲဆိုတာကို ဝေဝါးသွားနိုင်ပါတယ်။

အပျက်သဘောဆောင်သော တုံ့ပြန်မှု
အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုပေးရတာဟာ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုပေးရတာထက် ပိုပြီးခက်ခဲတယ်လို့ မန်နေဂျာအများစုက လက်ခံထားကြပါတယ်။ 

တစ်ခု သတိပြုစရာရှိတာက အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုကို ပြောတဲ့အခါ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကြားထဲ ပေါင်းမပစ်ပါနဲ့။

“မေရီ… နင်က ဝန်ထမ်းကောင်းတစ်ယောက်ပါ။ ငါတို့အဖွဲ့အတွက် နင်လုပ်ပေးတာတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အစည်းအဝေးကို နင်အချိန်မှန်ရောက်ဖို့တော့လိုတယ်။ နင်က ငါတို့အဖွဲ့အတွက် အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းပဲလေ” ဆိုတာမျိုး

“Oreo” approach ၊ Sandwich approach လို့ လူသိများတဲ့ အကောင်းကို အလယ်မှာထားတဲ့နည်းက သင်ပြောချင်တဲ့ စကားရဲ့ အားကို လျော့ သွားစေပါတယ်။ အထက်မှာဆိုခဲ့သလို အစည်းအဝေးနောက်ကျတာ မကောင်းဘူးလို့ပြောချင်ပေမဲ့ ကောင်းတဲ့အချက်တွေကို ခြံရံပြီးပြောဆိုနေတာက လိုရင်းကို ဝေဝါးသွားစေပါတယ်။

ပထမအကြိမ်ဆိုရင် သူလုပ်လိုက်တဲ့ ဘယ်လိုအကြောင်းအရာက မနှစ်သက်စရာကောင်းတယ်ဆိုတာ အရင်ဆုံးပေးသိလိုက်ပါ။ ပြင်းပြင်းထန်ထန်မဟုတ်ဘဲ အသိပေးသလို ပုံစံမျိုးပါ။ တစ်ဖက်က သူသိသူတတ်ပုံစံမျိုးလည်း ဖမ်းလာနိုင်ပါသေးတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် မဟုတ်ဘဲ သာမန်အသိပေးတဲ့ပုံစံမျိုးဖြစ်ပါစေ။ ဒါပေမဲ့ လေသံတော့ အရမ်းမပျော့ပါစေနဲ့။ သူ့ရဲ့ ဘယ်လို အပြုအမူက အဖွဲ့အစည်းအပေါ်၊ သင့်အပေါ် ဘယ်လို သက်ရောက်မှုရှိကြောင်း၊ ဘာကြောင့် ဒါဟာ ပြဿနာဖြစ်ကြောင်းကိုတော့ ခိုင်ခိုင်မာမာ ပြောပါ။ နောက်ပြီး ဘယ်လို အပြုအမူ ကို မျှော်လင့်ကြောင်း ဆက်ပြောပါ။ နောက်ဆုံး အနေနဲ့ကတော့ သင့်တောင်းဆိုမှု လက်ခံလား၊ ဖြည့်ပေးနိုင်မလားလို့ မေးလိုက်ပါ။ “မေရီ… နင်အလုပ်များတယ်ဆိုတာ ငါ နားလည်ပါတယ်။ ဒါပေမဲ့ အစည်းအဝေးမှာ ဝန်ထမ်းတွေနောက်ကျတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်စေတယ်။ အခုပဲ နင်ဝင်လာတော့ ငါတို့လက်ရှိ ဆွေးနွေးနေတဲ့အကြောင်းအရာကို ရပ်လိုက်ရတယ်။ ဒါဟာ ဆွေးနွေးနေတဲ့ အကြောင်းအရာရဲ့ အရှိန်ကို တန့်သွားစေတယ်။ အချိန်တွေလည်းပိုကြာကုန်တယ်။ နောက်အစည်းအဝေးတွေမှာ နင်အချိန်မီရောက်လာရင် သိပ်ကျေးဇူးတင်စရာကောင်းမှာပဲ မေရီရေ..။ နောက် တစ်ကြိမ်တော့လုပ်ပေးနိုင်တယ်မလား” ဆိုတာမျိုး။

နောက်ဆုံးမေးခွန်းမှာ သင်မျှော်လင့်ထားရမှာက သင်လိုချင်တဲ့အဖြေဖြစ်တဲ့ သဘောတူခြင်းဖြစ်နိုင်သလို သင်မလိုချင်တဲ့ အဖြေဖြစ်တဲ့ အကြောင်းပြ ငြင်းဆိုခြင်းလည်း ဖြစ်နိုင်ပါတယ်။ အကယ်၍များ သင့်မေးခွန်းကို ငြင်းဆိုခဲ့ပြီဆိုရင် ဘာကြောင့်လဲဆိုတာ အသေးစိတ်ထပ်ဆွေးနွေးပြီး သဘောတူညီချက် ရယူတာမျိုးလုပ်နိုင်ပါတယ်။ အကယ်၍များ ဝန်ထမ်းက သူ့အပြုအမူကို ဆက်ပြီး လုပ်နေဦးမယ်ဆိုရင်တော့ သင့်ရဲ့ တုံ့ပြန်မှုကို အရှိန်မြှင့်ဖို့ နည်းလမ်းတွေ ရှာထားပါတော့။

ဒီလို အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုတွေပေးရခြင်းဟာ အများစုသော မန်နေဂျာတွေအတွက် သက်တောင့်သက်သာ မဖြစ်စေပါဘူး။ ဒါပေမဲ့ ပြောရတာခက်လို့ လျစ်လျူရှုလိုက်မယ် ဆိုတာကလည်း ကိုယ့်အဖွဲ့အစည်းအတွက်ရော၊ ဝန်ထမ်းအတွက်ရော မတရားပြန်ပါဘူး။ နောက်ဆုံး သတိပေးချင်တဲ့အချက်ကတော့ အဖွဲ့အစည်းထဲမှာရှိတဲ့ ဝန်ထမ်းတိုင်းဟာ အသိအမှတ်ပြုတာ ခံချင်တယ်၊ နောက်ပြီး အောင်မြင်တဲ့ အဖွဲ့ရဲ့ အဖွဲ့ဝင်တွေလည်းဖြစ်ချင်တယ်ဆိုတဲ့ အချက်ပါပဲ။
Ref :    To Motivate Your Employees, Give Honest Feedback  By Doug and Polly White