Primary tabs

အသားအရေ ခြောက်သွေ့ခြင်းအတွက် သဘာဝကုထုံးများ

ဆောင်းအငွေ့အသက်လေးတွေ ကျန်နေသေးတဲ့ ဖေဖော်ဝါရီမှာ ဆောင်းရဲ့ ဆိုးကျိုးတစ်ခု ဖြစ်တဲ့ အသားအရေ ခြောက်သွေ့ခြင်းအတွက် သဘာဝနည်းလေးတွေ ဝေမျှပေးချင်ပါသေးတယ်။

ဆောင်းဟာ ရာသီအားဖြင့် အေးအေးလေးမို့ နေရထိုင်ရကောင်းတယ်ဆိုပေမဲ့ အသားအရေတွေ ကြမ်းတမ်း၊ ခြောက်သွေ့ပြီး ပက်ကြားအက်တွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အလှကြိုက် တဲ့ မဒီတွေအတွက်တော့ မုန်းစရာ ဆောင်းပေါ့။

လေထုထဲမှာရှိတဲ့ စိုထိုင်းဆကလည်း ကျတာကြောင့် တိုက်ခတ်တဲ့လေတွေက အေးပြီးခြောက်သွေ့နေတာပါ။  အဲဒီ့ ခြောက်သွေ့အေးစက် မှုတွေက သင့်အသားအရေမှာရှိတဲ့ ရေဓာတ်ကို မြန်မြန်ခမ်းစေတာကြောင့် အသားအရေတွေ ခြောက်သွေ့ပြီး ပက်ကြားအက်လာတာပါ။

အသားအရေမှာ ရေဓာတ်ပြည့်နေအောင် ဖြည့်ထားဖို့ သိပ်အရေးကြီးတဲ့အချိန်ပါ။ ဒါကြောင့် ဘယ်လိုသဘာဝပစ္စည်းတွေသုံးပြီး အသားအရေ ရေဓာတ်ပြည့်အောင်လုပ်မလဲဆိုတဲ့ နည်းလမ်းလေးတွေ ဖတ်ကြည့်လိုက်ပါဦး။


၁။ သံလွင်ဆီ
အသားအရေမှာ ရေဓာတ်ထိန်းထားပေးဖို့ သဘာဝ အဆီတွေဟာ သိပ်အသုံးဝင်ပါတယ်။ အသုံးပြုရမယ့် ပုံစံကလည်း ခပ်လွယ်လွယ်ပါပဲ။ သဘာဝအဆီနည်းနည်းကို မျက်နှာနဲ့ ခြောက်သွေ့နေတဲ့ အရေပြားမှာ သေသေချာချာလေးလိမ်းပြီး ညအိပ်ပေးဖို့ပါ။ ဒီ့ထက်လွယ်တဲ့နည်း ရှိမယ်မထင်တော့ပါဘူး။ သံလွင်ဆီမှာ ပါဝင်တဲ့ Antioxidant တွေဟာ အရေပြားကို နူးညံ့အောင် ကူညီပေးနိုင်ပြီး ပျက်စီးနေတဲ့ဆဲလ်တွေကို ကုစားပေးနိုင်တာမို့ အသားအရေကို အလွန်အမင်းမခြောက်စေတော့ပါဘူး။ ဒါ့အပြင် အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ အသားအရေတွန့်ခြင်းနဲ့ အရေးအကြောင်းဖြစ်ခြင်းကိုလည်း တစ်နည်းတစ်လမ်းအားဖြင့် ကာကွယ်ပေးနိုင်ပါသေးတယ်။


၂။ ပျားရည်
ခြောက်သွေ့တဲ့ အသားအရေကို ကုသပေးနိုင်တဲ့ နောက်ထပ်သဘာဝ ပစ္စည်းကတော့ ပျားရည် ပါ။ အသုံးပြုရမယ့် ပုံစံကတော့ ခြောက်နေတဲ့ အသားအရေ နေရာတွေကို ပျားရည် နည်းနည်းလေး နဲ့ သာသာယာယာ နှိပ်နယ်ပေး၊ ပြီးရင် (၁ဝ) မိနစ်လောက်ထား၊ ပြီးရင် ကြက်သီးနွေးရေလေးနဲ့ ဆေးချလိုက်။ ဒါပါပဲ။ လွယ်လွန်းလို့ အထင်တော့မသေးပါနဲ့။ ပုံမှန် လုပ်ပေးသွားရင် ဆောင်းရဲ့ အအေးမှာတောင် သင့်အသားအရေလည်း စိုပြေနေမှာပါ။


၃။ အုန်းဆီ
အုန်းဆီဟာလည်း ခြောက်သွေ့နေတဲ့ အသားအရေတွေအတွက် သင်အားကိုးလို့ရတဲ့ သဘာဝ ပစ္စည်းတစ်မျိုးပါ။ ညတိုင်း ညတိုင်း အုန်းဆီစစ်စစ်လေးကို သင့်မျက်နှာပေါ်မှာ၊ ခြောက်နေတဲ့အသားအရေတွေပေါ်မှာ၊ တံတောင်ဆစ်မှာ၊ ဒူးနေရာမှာ၊ လက်မှာ ခပ်ပါးပါးလေးလူးပြီး ညအိပ်ပါ။ နောက်တစ်နေ့မိုးလင်းတဲ့အခါ သင့်အသားအရေလေး နူးညံပြီး စိုစိုဝင်းဝင်းလေးဖြစ်နေမှာပါ။ မှန်မှန်လိမ်းဖို့ကတော့ သင့်တာဝန်ပါ။


၎။ ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ် အနှစ်ကြည်ကြည်လေးတွေဟာ အမြင်လှသလို အသားအရေကို ရေဓာတ်ဖြည့်ပေးတဲ့နေရာမှာလည်း အကောင်းဆုံးပြော ရမယ့် သဘာဝလက်ဆောင်ပါ။ ရှားစောင့်လက်ပပ် အရွက်တစ်ခုကို အပင်ကနေဖြတ်၊ ပြီးရင် အထဲက အနှစ်ကြည့်ကြည့်လေးတွေကို ခြစ်ထုတ်၊ ပြီးတာနဲ့ ခြောက်နေတဲ့ အသားအရေပေါ်မှာ လိမ်းလိုက်၊ နည်းနည်းကြာတဲ့အခါ ခြောက်လာပါလိမ့်မယ်။ အဲဒီ့အခါ ရေနဲ့ ဆေးချလိုက်ရုံပါပဲ။ ဒီလိုလုပ်ပေးရုံ နဲ့ သင့်အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်ပါ တယ်။ ကဲ… မလွယ်ဘူးလား။


၅။ ဒိန်ချဉ်
ခြောက်သွေ့အက်ကွဲနေတာကြောင့် ဟိုနားယား၊ ဒီနားယားဖြစ်နေတဲ့ သင့်အရေပြား ဒိန်ချဉ်နဲ့လည်း ကုသနိုင်ပါသေးတယ်။ ဒိန်ချဉ်နည်းနည်းနဲ့ ခြောက်သွေ့နေတဲ့အရေပြားပေါ်မှာ ခပ်ပါးပါး လိမ်း၊ (၁ဝ) မိနစ်လောက်ထား၊ ပြီးရင် ကြက်သီးနွေးရေလေးနဲ့ ဆေးချလိုက်။ သင့်အသားအရေပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကုသပေးလိုက်တာကြောင့် ခပ်စိုစိုလေး ကျန်ခဲ့မှာပါ။


၆။ ဗာဒံစေ့ ဆီ
အသားအရေ ခြောက်သွေ့ခြင်းအတွက် နောက်ထပ် သင်အားကိုးရမယ့် သဘာဝ အဆီကတော့ ဗာဒံစေ့ဆီ ပါ။ သူ့မှာ ဗီတာမင် အီး ကြွယ်ဝ စွာ ပါဝင်တာကြောင့် အသားအရေကို ကောင်းကောင်းကုသပေးနိုင်ပါတယ်။ ရေမချိုးခင်အချိန် ခဏလေးယူပြီး ဗာဒံစေ့ဆီကို မျက်နှာနဲ့ အသားအရေခြောက်သွေ့တဲ့နေရာတွေမှာ လိမ်းပါ။ ပြီးရင် တခြားလုပ်စရာ ကိစ္စလေးတွေ ဟန်မပျက်လုပ်။ ခဏနေတော့ ရေချိုးချလိုက်။ ဒါလေးလုပ်လိုက်ရုံနဲ့ သင့်အသားအရေလေး နူးညံ့ပြီး စိုဝင်းနေမှာပါ။ 


၇။ သင်္ဘောသီး
သင်္ဘောသီးကို အစေ့တွေဖယ်ပြီး အသားတွေချည်း အနှစ်လုပ်၊ ပြီးရင် ပျားရည်လေး နည်းနည်းထည့်၊ အဲဒီ့ အနှစ်ကို အသားခြောက်တဲ့ နေရာ တွေမှာလိမ်း၊ (၁ဝ) မိနစ်လောက်တော့ထား၊ ပြီးရင် ရေဆေးချလိုက်။ ဒီလိုလုပ်ပြီးတာနဲ့ အသား အရေလေးက ရေဓာတ်ပြည့်နေမှာပါ။
အထက်မှာပြောထားတဲ့ သဘာဝ ကုထုံးတွေအပြင်၊ ရေကို မကြာခဏသောက်ပေးခြင်းဖြင့် လည်း သင့်အသားအရေ ကို စိုပြေလှပနေစေမှာပါ။ အားလုံးပဲ လွယ်ကူတဲ့သဘာဝနည်းလမ်းများနဲ့ အဆင်ပြေလှပကြပါစေ။

Ref; 7 Effective Natural Moisturizers For Winters by Sarika Rana