Primary tabs

နှုတ်ခမ်းအက်ကွဲခြင်းအတွက် သဘာဝနည်းလမ်းများ…

ဆောင်းအငွေ့အသက်တွေ စတင်လာတဲ့ ဒီရာသီမှာ နှုတ်ခမ်းအက်ကွဲတာတွေကို သက်သာစေမယ့် သဘာဝနည်းလမ်းတွေကို အကြိုအနေနဲ့ ပြောပြချင်ပါတယ်။

ရာသီဥတုအေးပြီး လေထဲမှာ ရေငွေ့တွေနည်းလာတဲ့အခါ အရေပြားတွေခြောက်သွေ့ပြီး အက်ကွဲလာတတ်တာ ဓမ္မတာပါ။ နှုတ်ခမ်းအရေ  ပြားတွေ အက်ကွဲလာခြင်းဟာ အကြည့်ရဆိုးရုံတင်မဟုတ်ဘဲ နာလည်းနာကျင်ရတယ်ဆိုတာ နှုတ်ခမ်းအက်ကွဲလေ့ရှိသူတိုင်းသိကြပါတယ်။

ဈေးကွက်ထဲမှာ အလွယ်တကူဝယ်နိုင်တဲ့ lip balm တွေရှိတယ်ဆိုပေမဲ့ သူတို့ရဲ့ အားနည်းချက်က မကြာခဏဆိုးပေးနေရတာပါ။ သိပ်ကြာ ရှည်ခံလေ့မရှိပါဘူး။ အောက်မှာဖော်ပြမယ့် နည်းလမ်းတွေနဲ့ lip scrub လုပ်မယ့်ဆိုရင် နှုတ်ခမ်းအက်ကွဲတာလည်း သက်သာပြီး နှုတ်ခမ်းသားကို ချောမွေ့နေစေမှာအမှန်ပါ။ သဘာဝနည်းလမ်းတွေ ဖြစ်တာကြောင့် အကြိမ်ကြိမ်အထပ်ထပ် လုပ်ဖြစ်ရင်လည်း အရေပြားကို မထိခိုက်စေပါဘူး။

၁။ သကြားနဲ့ Scrub လုပ်မယ်
ပါဝင်ပစ္စည်းက သုံးမျိုးတည်းဖြစ်တာကြောင့် အင်မတန်လွယ်ကူတဲ့ နည်းလမ်းပါ။ သကြားနဲ့ scrub လုပ်မယ်ဆို အုန်းဆီ၊ ပျားရည် နဲ့ သကြားညိုတို့ လိုအပ်ပါမယ်။ သကြားညိုမှာ အရေပြား အပေါ်ယံလွှာမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းရှိပြီး ပျားရည်ကတော့ အရေပြားမှာလိုအပ်နေတဲ့ရေဓာတ်ကိုဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းအတိုင်း သကြားနဲ့ scrub လုပ်မယ်ဆိုရင် အက်ကွဲနေတဲ့ နှုတ်ခမ်းသားကို အကောင်းဆုံးကုသပေးနိုင်ပါလိမ့်မယ်။

၂။ ကော်ဖီနဲ့ Scrub လုပ်မယ်
ကော်ဖီစေ့မှာပါဝင်တဲ့ ကာဖန်းန်ဓာတ်ဟာ နှုတ်ခမ်းသားကို အားဖြည့်ပေးနိုင်ပြီး အရောင်အားဖြင့်ပါ နီနီစိုစိုလေး ဖြစ်နေစေပါတယ်။ နှုတ်ခမ်းသားပေါ် ကော်ဖီမှုန့်တွေလိမ်းတဲ့အခါ ကော်ဖီနံ့ မကြိုက်သူအတွက် ခါးသက်တဲ့အနံ့အရသာက စိတ်အနှောင့်အယှက်ဖြစ်စေမှာ မှန်ပေမဲ့ အစွမ်းသတ္တိကတော့ အင်မတန်ရှိပါတယ်။ ကော်ဖီကြမ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း ကို သံလွင်ဆီအနည်းငယ်နဲ့ ရောပြီး နှုတ်ခမ်းသားပေါ်သုတ်လိမ်းပါ။ (၅) မိနစ်လောက်ထားပြီး ရေနဲ့ဆေးချပစ်ပါ။ သင့်နှုတ်ခမ်းသားလေး အရင်ကထက် နူးညံ့သွားမှာပါ။ 

၃။ ပင်စိမ်းဆီနဲ့ Scrub လုပ်မယ်
ကော်ဖီနံ့ မခံနိုင်သူတွေအတွက် နောက်တစ်နည်းကတော့ ပင်စိမ်းဆီနဲ့ Scrub လုပ်ဖို့ပါ။ သူကတော့ ပူရှိန်းရှိန်းမွှေးမွှေးလေး ခံစားရမှာဖြစ်ပြီး နှုတ်ခမ်းသားကိုလည်း ပြန်လည်အားဖြည့်ပေး နိုင်ပါတယ်။ ပင်စိမ်းဆီနဲ့ Scrub လုပ်ပြီးတဲ့အခါ သင့်နှုတ်ခမ်းသားလေး နူးညံ့ပြီး ဖူးဖူးအိအိလေး ဖြစ်နေမှာပါ။

၎။ အုန်းဆီနဲ့ Scrub လုပ်မယ်
အုန်းဆီနဲ့ Scrub လုပ်ဖို့ ဈေးမကြီးတဲ့ ပစ္စည်း (၂) မျိုးပဲ လိုပါတယ်။ အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ဆားကြမ်း အနည်းငယ်ကို သမအောင်ရောပြီး သင့်နှုတ်ခမ်းသားပေါ်မှာ စက်ဝိုင်းပုံစံလေးပွတ်ပြီး လိမ်းပေးပါ။ အကုန်အကျသက် သာတာမို့ နေ့တိုင်းလုပ်ပေးမယ်ဆို သင့်နှုတ်ခမ်းသားလေး နူးနူးညံ့ညံ့နဲ့ သဘာအတိုင်း စိုစိုလေးဖြစ်နေမှာပါ။

၅။ သံပရာ နဲ့ Scrub လုပ်မယ်
သံပရာမှာ ကြွယ်ဝစွာပါဝင်တဲ့ ဗီတာမင်စီဟာ ကွဲအက်နေတဲ့ နှုတ်ခမ်းသားကိုကုသပေးနိုင်ပြီး အရေပြားကို အမြန်ကျန်းမာစေပါတယ်။ နှုတ်ခမ်း သား ပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကိုသေစေပြီး သံပရာနံ့က လူကိုလန်းဆန်းစေမှာအမှန်ပါ။

၆။ ပျားရည် နဲ့ Scurb လုပ်မယ်
နည်း (၂) နည်းရှိပါတယ်။ ပထမနည်းကတော့ ပျားရည်ရယ်၊ သံပရာရယ်၊ သကြားရည် ရောသမမွှေပြီး scrub လုပ်တာပါ။ ပျားရည်မှာပါတဲ့ antioxidants နဲ့ သံပရာမှာပါတဲ့ ဗီတာမင် စီကြောင့် နှုတ်ခမ်းသားဟာ ရေဓာတ်ပြည့်ပြီး ခပ်စိုစိုလေးဖြစ်နေစေမှာပါ။

နောက်တစ်နည်းကတော့ ပျားရည်ရယ်၊ မုန့်ဖုတ်ဆိုဒါရယ်၊ သံလွင်ဆီရယ် ရောသမမွှေပြီး Scrub လုပ်တာပါ။ ပျားရည်နဲ့ မုန့်ဖုတ်ဆိုဒါကို ခပ်ပျစ်ပျစ်ရောပြီး သံလွင်ဆီလေး တစ်စက် နှစ်စက်လောက်ထည့်ပါ။ ပြီးရင် နှုတ်ခမ်းမှာ သုတ်လိမ်းပြီး ခဏထားပါ။ ပြီးမှ ရေဆေးချလိုက်ပါ။ နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကိုဖယ်ရှားလိုက်ပြီးတဲ့နောက် နှုတ်ခမ်းသားလေး စိုစိုအိအိလေး ဖြစ်နေမှာပါ။