Primary tabs

မိုးရာသီမှာ လှပကြစေဖို့ …

မိုးရာသီဆိုတာ ကျွန်တော်တို့ အာရှနိုင်ငံတွေအတွက် ထူးခြားလှတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အနောက်နိုင်ငံများအတွက်တော့ ဆန်းကြယ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အ နောက်ဥရောပမှာ မိုးရာသီလို့ သီးသန့်မရှိလို့ပါ။ ဒီလိုရာသီဥတု ကွဲပြားနေတာက လူတွေရဲ့ လူနေမှုဘ၀တွေ၊ ယဉ်ကျေးမှုတွေတင်မကဘဲ ဖက်ရှင်နဲ့ အလှအပတွေကိုပါ ခြားနားသွားစေပါတယ်။ အနောက်ဥပရောပမှာတော့ ရှိတဲ့ရာသီလေးသွယ်ထဲကမိုးရွာတဲ့ရက်တွေမှာပဲ အလှအပပြင်ဆင်မှု တွေ ပြောင်းလဲကြရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အရှေ့တိုင်းမှာတော့ မိုးရာသီအလှပြင်ဖို့ လေးလလောက်ရှိတာမို့ မိုးရာသီအလှအပ လမ်းညွှန်ချက်တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

အလှအပရေးရာနဲ့ ပတ်သက်ပြီးပြောရရင် အသားအရေထိန်းသိမ်းခြင်းလို့ခေါ်တဲ့ Skin Care ၊ ပြင်ဆင်ခြယ်သခြင်းဆိုတဲ့ Makeup and Cosmetic နဲ့ ဆံပင်ပိုင်းဆိုင်ရာ Hair Care and Hair Style တို့ကို ခွဲခြားပြီး ရှင်းပြပေးပါမယ်။

အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ
မိုးရာသီရဲ့ အားသာချက်ကတော့ ပတ်ဝန်းကျင်တစ်ခွင်မှာ ရေငွေ့တွေ မြောက်များစွာရှိနေတတ်တဲ့အတွက် အသားအရည်စိုပြည်မှုအတွက် အထောက်အကူရစေတာပါပဲ။ နွေရာသီနဲ့ ဆောင်းရာသီတို့မှာ အသားအရည်ခြောက်သွေ့တာတွေ၊ မွဲတာတွေ၊ ကွဲအက်တာတွေ ဖြစ်တတ်ပေမဲ့ မိုးရာသီမှာတော့ ဒီလို ပြဿနာတွေ အများအပြား ကြုံရလေ့မရှိပါဘူး။ 
 
မိုးရေနှင့် အသားအရေ
မိုးရေဟာ ယေဘုယျအားဖြင့် အသားအရေအတွက်ကောင်းတယ်လို့ သိပ္ပွံပညာရှင်တွေ ဆိုကြပါတယ်။ ကျွန်တော်တို့ငယ်ငယ်က ဓာတုဗေဒမှာသင်ရတဲ့ ရေစေး၊ ရေသွက်နှစ်ခုမှာ မိုးရေက ရေသွက်ဖြစ်ပါတယ်။ ဆပ်ပြာတိုက်ရင် အမြုပ် ထွက်အားကောင်းပြီး တော်တော်နဲ့ ဆေးလို့ မပြောင်ပါဘူး။ သဘာဝအတိုင်း မိုးပေါ်ကကျလာတဲ့ ရေဖြစ်တဲ့အတွက် မြေပေါ်၊ မြေအောက် ရေထက် သန့်စင်မှုပမာဏ ပိုမိုများပြားပါတယ်။ အယ်ကာလိုင်းရေလည်း မဟုတ်ပါဘူး။ တကယ်လို့များ မိုးရေကို တိုက်ရိုက်အသုံးမပြုချင်ဘူးဆိုရင် ကျိုချက်ပြီး မျက်နှာသစ်ပေးတာ၊ ရေချိုးပေးတာက အသားအရေကို ကောင်းမွန်စေပါတယ်။ ရှောင်ရှားရမယ့်အချက်ကတော့ မိုးရာသီရဲ့ ကနဦးရွာချတဲ့ မိုးရေကို အသုံးပြုခြင်းပါပဲ။ ကနဦးမိုးရေမှာ လေထုထဲက အညစ်အကြေးတွေ ရောနှောပါဝင်နေ တတ်တဲ့အတွက် အသားအရေကို ထိခိုက်မှုရှိနိုင်ပါတယ်။ တကယ်လို့ ထိခိုက်လွယ်တဲ့ အသားအရေဖြစ်တယ်ဆိုရင် ရေစိုခံလိုးရှင်းလိမ်းပြီးမှ မိုးရေထဲထွက်ပါ။
 
အသားအရေသန့်စင်ခြင်း
မိုးရာသီမှာ အသားအရေကို တစ်နေ့သုံးကြိမ် နည်းလမ်းမှန်မှန် သန့်စင်ပေးသင့်ပါတယ်။ မျက်နှာသန့်စင်မှုအပြင် မိုးရွာထဲကပြန်လာတဲ့အခါ ခြေလက်သန့်စင်တာတွေ လုပ်ရပါမယ်။ အရည်ဓာတ်တွေ များပြားနေတဲ့ အတွက် အသားအရေပွပြီး ဆဲလ်သေတွေ ချွေးပေါက်ပိတ်နေတာတွေကို သန့်စင်ဖို့ နည်းလမ်းတကျ ဖယ်ရှားပေးရပါမယ်။ အသားအရေသန့်စင်ခြင်းက အလှအပအတွက်တင်မကဘဲ ယားယံမှုတွေ၊ အနာတွေ ဖြစ်မလာအောင် တားဆီးပေးပါတယ်။

အသားအရေထိန်း အလှကုန်အသုံးပြုခြင်း
အသားအရေထိန်းသိမ်းရေးအတွက် Skincare ကတော့ မိုးရာသီမှာလည်း မရှိမဖြစ် လိုအပ်ပါတယ်။ မိုးရေက ချဉ်ငံနှုန်းလို့ခေါ်တဲ့ PH အဆင့်နဲ့တွက်ရင် (၅) ကနေ (၅.၅) အတွင်း ရှိပါတယ်။ ဒီရာသီမှာ Toner ပဲ လိမ်းလိမ်း၊ Lotion ပဲလိမ်းလိမ်း အရက်ပျံ (Alcohol) ပါတာတွေ မလိမ်းသင့်ပါဘူး။ ရာသီနဲ့ရော ကိုယ့် အသားအရေနဲ့ရော လိုက်ဖက်တဲ့ Skincare လိမ်းမှပဲ အသားအရေရဲ့ PH အဆင့်ကို ညီမျှစေမှာ ဖြစ်ပါတယ်။

ခြောက်သွေ့တဲ့ အသားအရေဖြစ်မယ်ဆိုရင်တော့ Total Effects Creamခရင်မ်မျိုး လိမ်းသင့်ပါတယ်။ ဒီလိုခရင်မ်တွေက ပုံမှန်ခရင်မ်တွေထက် ရေငွေ့ဓာတ်(Moisture) ပိုမိုပါဝင်လို့ အသားအရေ ခြောက်သွေ့မှုကို ပိုမိုကာကွယ်ပေးနိုင်ပါတယ်။

အဆီပြန်တတ်တဲ့သူတွေမှာ ကြုံရမယ့် ပြဿနာကတော့ Moisturizer လိမ်းပြီး အဆီတ၀င်းဝင်းထပြီး ပြောင်တင်းနေတာပါပဲ။ ဒီလိုအသားအရေပိုင်ရှင်တွေအတွက်ကတော့ ရေဓာတ်အခြေခံ (Water Based) လိုးရှင်းတွေ၊ ခရင်မ်တွေ လိမ်းပြီး အဆီဓာတ်အခြေခံ (Oil Based) တွေကို မျက်ကွယ်ပြုထားသင့်ပါတယ်။

ဘယ်အသားအရေပိုင်ရှင်မျိုးမဆို အရေးတကြီး ဂရုစိုက်ရမယ့်အချက်ကတော့ နေရောင်ကာပေးတဲ့ SPF ပါပဲ။ လူတော်တော်များများက မိုးအုံ့နေလို့ နေရောင်ကာလိမ်းဆေးတွေ လိမ်းစရာမလိုဘူးလို့ ထင်နေကြပါတယ်။ ဒါဟာ တကယ်တော့အကြီးအကျယ် လွဲမှားနေတဲ့အယူအဆပါ။ နေရဲ့ အလင်းရောင်ခြည်က တိမ်ထုကို ထိုးဖောက်မလာနိုင်ပေမဲ့ နေရောင်ထဲက ခရမ်းလွန်ရောင် ခြည်တွေကတော့ ထိုးဖောက်လာပြီး အသားအရေကို ပျက်စီးစေတာပါပဲ။ နေရောင်ကြာကြာထိလေ အိုစာလွယ်လေမို့ မိုးအုံ့နေတာတောင် နေရောင်ကာလိမ်းဆေးတွေ၊ လိုးရှင်းတွေ မပျက်မကွက် လိမ်းပေးရမှာဖြစ်ပါတယ်။

ရေသောက်ဖို့မမေ့ပါနဲ့
မိုးရာသီမှာ လူတိုင်းလိုလိုမေ့တတ်တာက ရေသောက်ဖို့ပါ။ ဆီးသွားမှာစိုးပြီး မသောက်ကြတာလည်း ရှိပါတယ်။ မသောက်ချင်ကြသူများရော၊ သောက်ဖို့မေ့နေကြတာရောနဲ့ တစ်နေ့လုံး ရေတစ်ခွက်မှ မသောက်ဖြစ်တဲ့နေ့တွေ လည်း ရှိတတ်ပါတယ်။ မသောက်ဘဲ လုံးဝမနေသင့်ပါဘူး။ မိုးရာသီစိုထိုင်းမှုဓာတ်က ခန္ဓာကိုယ်ကို ချွေးပျံတတ်စေပါတယ်။ ဒါ့အပြင် ဆီးခဏခဏသွားတာကြောင့် ခန္ဓာကိုယ်ထဲက ရေဓာတ်တွေ ဆုံးရှုံးနေပါတယ်။ ဒါ့ကြောင့် ရေဓာတ်နည်းပြီး အသားအရေမွဲတာတွေ ဖြစ်တတ်တဲ့အတွက် မိုးအေးနေပါစေ တစ်နေ့ကို ရေ(၈)ဖန်ခွက်တော့ အနည်းဆုံး သောက်သုံးပေးသင့်ပါတယ်။

ပြင်ဆင်ခြယ်သခြင်းဆိုင်ရာ
မိုးရာသီမှာသုံးသင့်တဲ့ အလှကုန်တွေ
မိုးရာသီမှာ မိုးအုံ့ပြီးတာကြောင့် အုံ့ပူကြီးနဲ့ ချွေးပျံနိုင်သလို၊ မိုးရေကြောင့်လည်း စိုစွတ်နိုင်ပါတယ်။ ဒါ့ကြောင့် ရေစိုခံမယ့်ပစ္စည်းတွေ သုံးသင့်ပါတယ်။ 

မိတ်ကပ် -  မိုးရေထဲထွက်မယ်၊ ရေစိုနိုင်တယ်ဆိုရင် ရေစိုခံမိတ်ကပ် (Waterproof Foun-dation) မျိုးသုံးရင် စိတ်ချရပါတယ်။ အောက်ခံကို စနစ်တကျနဲ့ အသားထဲစိမ့်ဝင်အောင် လိမ်းဖို့လိုပါတယ်။ ပေါင်ဒါအခြေခံတဲ့ Powder Base Foun-dation မျိုးတော့ ရှောင်ဖို့လိုပါတယ်။ 

မျက်တောင်ကော့ဆေး - မျက်တောင်ကော့ ဆေးများစွာရှိပါတယ်။ မိုးရာသီအတွက်ကတော့ နဖူးကချွေးတွေ မျက်တောင်ပေါ်စီးကျရင်၊ ရုတ်တရက်ငိုမိရင် အလွယ်တကူမပျက်အောင် တီထွင်ထုတ်လုပ်ထားတဲ့ Water Resistant Mascara အမျိုးအစားတွေက အသင့်တော်ဆုံးပါပဲ။ ထူလပိန်းဖြစ်အောင်မကော့ဖို့တော့ လိုအပ်ပါတယ်။

အိုင်းလိုင်နာ - မိုးရာသီအတွက်ဆိုရင် ခဲတံ အိုင်းလိုင်နာသုံးပြီးမှ အိုင်းလိုင်နာအရည်သုံးဖို့ ပညာရှင်တွေ အကြံပေးထားကြပါတယ်။ ဒီလိုသုံးခြင်းက အိုင်းလိုင်နာကို ကြာရှည်စွာခံနိုင်ရည်ရှိတယ်လို့ဆိုပါတယ်။

နှုတ်ခမ်းဆိုးဆေး - မိုးရွာတဲ့နေ့တွေအတွက် နှုတ်ခမ်းဆိုးဆေးကို တာရှည်ခံမယ့် Long Lasting အမျိုးအစား ဆိုးသင့်ပါတယ်။ အကောင်းဆုံးကတော့ Matte ပါ။ Matte မှာ ရေငွေ့ဓာတ်မပါတဲ့အတွက် စိုစွတ်နေတဲ့ပုံစံကို မဖြစ်စေပါဘူး။ ရှောင်သင့်တာကတော့ အမျိုးသမီးတွေ အဆိုးများကြတဲ့ Gloss ပါ။ Gloss က မိုးရွာတဲ့နေ့တွေနဲ့ မကိုက်ပါဘူး။
 
အလှကုန်နဲ့ သန့်ရှင်းမှု
အလှပြင်ပစ္စည်းတွေကို မိုးရာသီမှာ အထူးဂရုပြုဖို့လိုပါတယ်။ မိုးရွာတဲ့ရက်တွေမှာ ဖော့ဖတ်တွေ၊ ဘရှပ်ရ်တွေ အလွယ်တကူမခြောက်သွေ့ဘဲ မှိုစွဲတတ်လို့ မသန့်စင်ဘဲသုံးလိုက်မယ်ဆိုရင် ၀က်ခြံ လိုမျိုး အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အရက်ပျံ၊ ရေနွေး စတာတွေနဲ့ ပိုးသတ်တာ၊ ရေစင်စင်ဆေးပြီး သွေ့ခြောက်နေအောင် နေလှန်းတာ၊ လေမှုတ်စက်နဲ့ မှုတ်တာတွေ လုပ်ရပါမယ်။

ပေါင်ဒါလိုမျိုးအမှုန့်တွေ၊ အစိုပြန်နိုင်တဲ့ အလှကုန်တွေရှိရင်လည်း သုံးပြီးတိုင်း စနစ်ကျပိတ်ဖို့နဲ့ ရေစိုလက်တွေနဲ့ မကိုင်ဖို့လိုပါတယ်။ ဒါ့အပြင် အလှပြင်ပစ္စည်းထားတဲ့ စင်၊ ဘူး၊ ခွက်၊ တောင်း ဒါတွေကိုလည်း အမြဲသန့်စင်ပေးနေရပါမယ်။ စွတ်စိုနေတယ်ထင်ရင် လေမှုတ်စက်နဲ့ မှုတ်ပေးနိုင်ပါတယ်။

အလှကုန်ဝယ်မယ်ဆိုရင်
မိုးရာသီမှာ မုတ်သုန်အထူးလျှော့ဈေးဆိုတဲ့ စာတွေကို ဈေးဝယ်ထွက်တိုင်း တွေ့နေရမှာပါ။ အလှကုန်တွေ ၀ယ်ထားချင်တယ်ဆိုရင်တော့ အထူးလျှော့ဈေးကို လေ့လာကြည့်သင့်ပါတယ်။ အလှကုန် ပစ္စည်းတွေကို ကုန်ဆုံးရက်နီးလို့ ဈေးလျှော့တာလား၊ ပစ္စည်းသစ်ပေါ်လို့ မိတ်ဆက်တာလား သေချာကြည့်ပါ။ ကိုယ်သုံးနေကျ ပစ္စည်းဖြစ်မယ်၊ ကုန်ဆုံးရက်နဲ့ ဝေးသေးတယ်၊ အသစ်မို့လို့ စမ်းသုံးကြည့်သင့်တယ်၊ ကိုယ့် အသားအရည်နဲ့ ကိုက်ညီမယ်၊ ဈေးကလည်း အမှန်တကယ်မှန်မယ်၊ ပစ္စည်းလည်း တကယ်စစ်မယ်ဆိုရင် ၀ယ်ထားဖို့အကြံပေးပါရစေ။

ဆံကေသာဆိုင်ရာ
အမျိုးသားတွေအတွက် သိပ်မသိသာပေမဲ့ အမျိုးသမီးတွေအတွက် ပိုသိသာစေတဲ့ အချက်တွေထဲမှာ မိုးရာသီဆံပင်ပြဿနာလည်း ပါဝင်ပါတယ်။ မခြောက်လွယ်တာ၊ အနံ့ထွက်လွယ်တာ၊ ဆံပင် ရေစိုပြီး ခေါင်းအုံခေါင်းခဲတာတွေက အမျိုးသမီးအများစုမှာ ကြုံတတ်ပါတယ်။ ဒါ့အပြင် ဆံပင်အလှပြင်ဖို့အတွက်လည်း လိုအပ်တာမို့ မိုးရာသီမှာ ဆံပင်ထိန်းသိမ်းတဲ့နည်းစနစ်တွေ လိုအပ်လှပါတယ်။

ခေါင်းလျှော်တဲ့အခါ
အမျိုးသမီးတွေအတွက် တစ်ခြားရာသီမှာ တစ်ပတ်နှစ်ကြိမ် ခေါင်းလျှော်တာရင် လုံလောက်တယ်လို့ ထင်တတ်ကြပေမဲ့ မိုးရာသီမှာတော့ ခေါင်းလျှော်ချင်စိတ်တွေ မကြာခဏဖြစ်တတ်ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ လေထုစိုထိုင်းဆက ဦးရေ
ပြားချွေးထွက်စေပြီး စေးကပ်တဲ့ဆံနွယ်တွေကို ဖြစ်စေလို့ပါပဲ။ အဲဒီ ချွေးတွေက ဦးရေပြားပေါ်မှာ မမြင်ရတဲ့ပိုးမွှားတွေပေါက်ဖွားစေပြီး ယားယံမှုလို ဦးရေပြားပြဿနာတွေ ဖြစ်စေတတ်ပြန်ပါတယ်။ ဒါ့ကြောင့် မိုးရာသီမှာ မှိုသတ်ဆေးပါတဲ့ ခေါင်း
လျှော်ရည်မျိုးသုံးသင့်ပါတယ်။ ရေခပ်နွေးနွေးလေးက မိုးရွာတဲ့ရက်တွေမှာလျှော်ဖို့ သင့်လျော်ပါတယ်။ အချိန်အကြာကြီး ဇိမ်ဆွဲမလျှော်သင့်ပါဘူး။ ဆံနွယ်တွေ ခြောက်သွေ့ဖို့အခြောက်မြန်တဲ့ မျက်နှာသုတ်ပုဝါအမျိုးအစားကို ရွေးပြီးသုံးသင့်ပါတယ်။ မျက်နှာသုတ်ပုဝါနဲ့ ပေါင်းပြီးပတ်ထားတာမျိုးရှောင်ပါ။ လေမှုတ်စက်သုံးဖို့ အဆင်ပြေရင် သေသေချာချာလေး မှုတ်ပေးပါ။ မိုးရေထဲမှာ အက်ဆစ်ဓာတ်ပါဝင်လို့ မိုးရေစိုရွှဲလာတိုင်း ခေါင်းလျှော်နိုင်ရင် ကောင်းပါတယ်။

ဆံသားကို လိမ်းဖို့ဆိုရင်
မိုးရာသီစိုထိုင်းတဲ့အခါ ဆံပင်ကို စေးထန်းစေတဲ့ ဆီတွေ၊ အနှစ်တွေ မလိမ်းသင့်ပါဘူး။ Hair Tonic လိုမျိုး ဆံပင်ကိုအာဟာရဖြည့်ပြီး စေးတာ၊ စိုတာတွေမဖြစ်တဲ့ အဆီကြည်၊ အရည်တွေ လိမ်းနိုင်ပါတယ်။ စပရေးသုံးမယ်ဆိုရင်တော့ သုံးတဲ့အခါတိုင်း ခေါင်းလျှော်ရမှာဖြစ်တဲ့အတွက် သတိထားဖို့လိုပါတယ်။ စပရေး နဲ့ နေကုန်နေမယ်၊ အိပ်
စက်မယ်ဆိုရင် ဦးရေပြားမှိုစွဲနိုင်ပြီး ဘက်တီးရီးယားပိုးမွှားလည်း ပေါက်နိုင်ပါတယ်။ 

ဆံပင်အတွက် အထွေထွေ
ဆံပင်ပုံစံ - မိုးရာသီအတွက်ဆံပင်ပုံစံကို ခပ်တိုတိုညှပ်ရင် ခြောက်လွယ်မယ်၊ ထိန်းသိမ်းရလွယ်ပါမယ်။ အရှည်ပဲထားချင်ရင်တော့ ဆံပင်
အလှကုန်ပစ္စည်းတွေမသုံးဘဲ စည်းနှောင်တာ၊ ချည်တာ၊ ညှပ်တွယ်တာလေးတွေကို ပုံစံစုံထားကြည့်နိုင်ပါတယ်။ ဒါဆိုရင် ဆံပင်အလှကုန်တွေကြောင့် ခေါင်းခဏခဏ မလျှော်ရတော့ဘူးပေါ့။

မိုးကာပါ -  မိုးရေထဲသွားမယ်ဆိုရင် ဆံပင်ကို အလွယ်တကူမစိုစေဖို့ ဂရုပြုပါ။ ထီးနဲ့ ရေစိုခံ မိုးကာ၊ ဂျာကင်၊ ဟူဒီတွေ ၀တ်ပါ။ မိုးရာသီဖက်ရှင်
လည်းဖြစ်သလို ဆံပင်ကိုလည်း အက်ဆစ်ဓာတ်တွေ မစုဝေးစေပါဘူး။ မိုးရွာရင် အိမ်ဝင်းထဲမှာ ဟိုဟိုဒီဒီသွားတာမျိုးကြောင့် ဆံပင်မစိုအောင် ခေါင်းစွပ်ပလတ်စတစ် (Shower Cup) လေး စွပ်
ထားပါ။ အအေးမိနှာစေးတာလည်း မဖြစ်စေပါဘူး။

ဘီးဖြီးပါ - ဘီးပုံမှန်ဖြီးပေးသင့်ပါတယ်။ လေထုစိုထိုင်းရာကနေ ကပ်ညိနေတဲ့ ဖုန်တွေကို အကြမ်းအားဖြင့် ရှင်းထုတ်ပေးပြီး ဆံပင်ကို သပ်ရပ်စေပါတယ်။ 

ပစ္စည်းများ -  မိုးရွာတဲ့ရက်တွေမှာသုံးဖို့ ဆံပင်သုံးပစ္စည်းတွေက မှန်တင်ခုံမှာ၊ အိတ်ထဲမှာ အမြဲရှိနေသင့်ပါတယ်။ စည်းနှောင်တဲ့ ပစ္စည်းလေးတွေ ပိုပြီးလိုအပ်လို့ ကုန်နေရင် ကြိုဝယ်ထားပါ။ ပိုက်ဆံအိတ်ထဲမှာ သားရေကွင်း၊ ခေါင်းစွပ်
ပလတ်စတစ်တစ်ခု အမြဲဆောင်ထားပါ။ ဒါလေးတွေက သေးငယ်လှပေမဲ့ တကယ်လိုလို့ ထုတ်သုံးရင် အသုံးဝင်လှပါတယ်။

မိုးရာသီကတော့ နှစ်စဉ်ရှိနေဦးမှာဖြစ်လို့ အလှအပရေးရာ ဆောင်ရန်ရှောင်ရန်တွေကလည်း နှစ်စဉ်ရှိနေဦးမှာ သေချာပါတယ်။ ဒါပေမယ့် တစ်နှစ်ပြီးတစ်နှစ်ကတော့ တိုးတက်ပြောင်းလဲ
တဲ့ ဖက်ရှင်တွေ၊ အလှအပတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရာသီတွေ နှစ်တွေ ဘယ်လိုပြောင်းပါစေ မိုးရာသီမှာ နွေးနွေးထွေးထွေးနေဖို့တော့ လိုအပ်တာမို့ အားလုံးပဲ အေးမြတဲ့မိုးရာသီမှာ နွေး
ထွေးတဲ့ခံစားမှုတွေ ရရှိကြပါစေလို့ ဆုတောင်း လိုက်ပါတယ်ဗျာ။

ကောလိယ ဝေယံမောင်မောင်