Primary tabs

နေရောင်ကို အံတုမယ့်နည်းလမ်းများ

အပူချိန်အမြင့်ဆုံး ဧပရယ်လရဲ့ အပြင်းဆုံး နေရောင်တွေကို ၂၄ နာရီလုံးလုံး ရှောင်ရှားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ ဒီနေရောင်တွေကို ကာကွယ်မယ့်နည်းလမ်းတွေကသာ အသုံးဝင်ဆုံးဖြစ်မှာပါ။ အများကြီး မဟုတ်ပါဘူး။ (၆) ချက်တည်းပါ။

၁။    သင့်နှုတ်ခမ်းကိုကာကွယ်ပါ…
နေရောင်ခြည်ဟာ နူးးညံ့တဲ့ နှုတ်ခမ်းတစ်သျှူးတွေကို အလွန်အမင်း ခြောက်သွေ့စေပါတယ်။ ဒါကြောင့် SPF ပါတဲ့ lip balm လေး တစ်ချောင်းတော့ နွေဘက်မှာ ဆောင်ထားပြီး နေရောင်နဲ့ ထိတွေ့မယ့်အချိန်တိုင်း ပုံမှန်လေး ထပ်ထပ်ဆိုးပေးပါ။ ဒါမှသာ သင့်နှုတ်ခမ်းသားလေး ရေဓာတ်ပြည့်ဝပြီး စိုပြေနေမှာပါ။

၂။    ဦးထုပ် ဝိုင်းဝိုင်းကြီးကြီး ဆောင်းပါ…
လျှာထိုးလေးသာပါတဲ့ cap ဦးထုပ်က သင့်မျက်နှာပေါ်ကိုကျရောက်လာမယ့် နေရောင်တွေကို ဘက်ပေါင်းစုံကနေ ကာကွယ်မပေးနိုင်ပါဘူး။ ဦးထုပ်ခပ်ဝိုင်းဝိုင်းကြီးကြီးကသာ နေရောင်ကို အများဆုံးကာကွယ်ပေးထားနိုင်တာပါ။

၃။    Scrub မှန်မှန်လုပ်ပါ…
"နွေဘက်မှာ သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးမယ့် နည်းတွေထဲကအထိ ရောက်ဆုံးနည်းကတော့ ရေမချိုးခင်မှာ Scrub မှန်မှန်လုပ်ပေးခြင်းပါ” လို့ အရေပြားအထူးကု တစ်  ယောက်က အကြံပြုထားပါတယ်။ ဂရုတစိုက်ထားရမယ့်နေရာတွေက ဒူးနဲ့ ခြေမျက်စိနေရာတွေပါ။ Scrub လုပ်ပြီး ရေချိုးပြီးတဲ့နောက် နှစ်သက်ရာအဆီလေးတစ်ခုခု လိမ်းထားလိုက်ပါ။

၎။    အရည်ရွှမ်းတဲ့အသီး များများစားပါ…
သခွားမွှေးသီးလို၊ ဖရဲသီးလို အချိုများပြီး အရည်ရွှမ်းတဲ့ အသီးတွေဟာ နွေရာသီမှာ ရေဓာတ်လိုအပ်နေတဲ့ သင့် အသားအရေအတွက် အကောင်းဆုံးရွေးချယ်မှုပါ။ အရသာလည်းရှိပြီး အရည်ရွှမ်းတဲ့အတွက် ဒီလိုအသီးတွေ ပိုမိုစားသုံးခြင်းဖြင့် သင့်အသားအရေကို နေရောင်ခြည်ဓာတ်က ကာကွယ်ရာလည်းရောက်ပါတယ်။

၅။    မျက်နှာကို ဂရုစိုက်ပါ…
နေရောင်နဲ့ အထိအတွေ့များလို့ ညိုလာတဲ့ မျက်နှာအသားအရေကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။ ခပ်လွယ်လွယ်နည်းလမ်းတွေကိုသုံးပြီး ပြုပြင်ပေးလို့ရပါတယ်။ ရေခဲသေတ္တာထဲက စတော်ဘယ်ရီ ခပ်ကြီးကြီးတစ်လုံးကို ယူလို့ အနှစ်ပုံစံဖြစ်အောင် ဖိချေပစ်ပါ။ အဲဒီ့စတော်ဘယ်ရီအနှစ်ကို မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံလိမ်းပေးပြီး (၂) မိနစ်လောက် ခဏထားလိုက်ပါ။ ပြီးတော့မှ ရေဆေးချလိုက်ပါ။ နေရောင်ကြောင့်ဖြစ်လာတဲ့ မျက်နှာအသားအရေ ပျက်စီးမှုများကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။

၆။    နေရောင်ကာတဲ့ဖော်မြူလာကို စားကြည့်ပါ…
အိမ်မှာရှိတဲ့ နေရောင်ကာ ကရင်မ်တွေကို စားဖို့ မဟုတ်ပါဘူး။ ဗီတာမင် စီ နဲ့ ဗီတာမင် အီး ကို တွဲဖက်စားသုံးနိုင်မယ်ဆို အသားအရေကို နေလောင်ခြင်းက အကောင်းဆုံးကာကွယ်နိုင်တယ်လို့ အရေပြားအထူးကု တစ်ယောက်က အကြံပြုထား ပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ ဘယ်ရီသီးတွေ၊ ခရမ်းချဉ်သီးတွေကို ဗီတာမင် အီး ကြွယ်ဝတဲ့ အစေ့အဆန်တွေနဲ့ တွဲဖက်သုပ်စားခြင်းက နေရောင်ကာကွယ်မယ့် အကောင်းဆုံး ဟင်းတစ်မယ်ဖြစ်ပါတယ်။