Primary tabs

သူတို့ရဲ့ ပြင်ဆင်ခြယ်သမှုအလွဲများ

မိတ်ကပ်ဆိုတာ သူလိုကိုယ်လို သာမန် မိန်းကလေးတစ်ယောက်ကို နတ်သမီးလေးတမျှ လှပသွားအောင် ပြောင်းလဲပစ်နိုင်တဲ့ အမျိုးသမီးတွေရဲ့ လက်နက်ပါ။ အလှကုန်ပစ္စည်းတွေကို အသုံးပြု ပြီး ဘရပ်(ရှ်)တစ်ချက်ဆွဲလိုက်တာနဲ့ မရှိတာတွေကို အရှိထင်လာအောင် လွယ်လွယ်ကူကူ ဖန်တီး လို့ရပါတယ်။ နှာတံပေါ်အောင် ဆွဲလို့ရတယ်၊ မျက်ဝန်းတွေကိုရှိရင်းစွဲထက် ပိုကျယ်လာတယ် ထင်ရအောင် ဖန်တီးလို့ရမယ်၊ အသားအရည်ကိုလည်း ပိုပြီးချောမွေ့လာအောင် လုပ်လို့ရတယ်၊ နောက်ပြီး ပိုပြီးငယ်ရွယ်နုပျိုလာစေဖို့ကိုလည်း အလှကုန်ပစ္စည်းတွေရဲ့ အကူအညီနဲ့ ခြယ်သပြင်ဆင်လို့ရပါတယ်။ ဟောလိဝုဒ်က ငွေကြယ်ပွင့်တွေကတော့ သူတို့ကိုဘယ်အချိန်ကြည့်ကြည့် လှပကြည့်ကောင်းနေစေဖို့အတွက် မိတ်ကပ်ပြင်ဆင် 
ခြယ်သပေးတဲ့ ပညာရှင်တွေနဲ့ စတိုင်ဖန်တီးပေးသူ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းထားရှိတတ်ကြပါတယ်။ မိတ်ကပ်ပြင်ဆင်မှုနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေ နံဘေးမှာရှိတာတောင်မှ ထိပ်တန်းစာရင်းဝင် ငွေကြယ်ပွင့်တို့အတွက် မိတ်ကပ်ပြင်မှု အမှားဆိုတာဟာရှောင်လွဲလို့ မရနိုင်ကြသေးပါဘူး။ စတိုင်နဲ့ ပတ်သက်တဲ့ အလွဲတွေကိုလည်း နာမည်ကျော်ငွေကြယ်ပွင့်တို့တောင် ရှောင်လွဲမရ ကြုံတွေ့နေကြရတာဘဲ ဖြစ်ပါတယ်။ 

ဒီတစ်လမှာတော့ နာမည်ကျော်တို့ရဲ့ အလွဲတွေထဲက မိတ်ကပ်ပြင်ဆင်မှုအလွဲလေးတွေကို စုစည်းဖော်ပြသွားမှာ ဖြစ်ပါတယ်။ မိတ်ကပ်ပြင်ဆင်မှု ဆိုးဆိုးရွားရွားလွဲချော်မှုရှိပြီဆိုရင် နာမည်ကြီးအနုပညာရှင်တွေရဲ့ ပုံရိပ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ပုံဆိုးပန်းဆိုး ဓာတ်ပုံတစ်ပုံကအင်တာနက်ပေါ်မှာပျံ့သွားခဲ့ပြီဆိုရင် ဖျောက်ဖျက်လို့ မရနိုင်တော့ပါဘူး။ ကိုယ်နှစ်သက်အားပေးတဲ့ အနုပညာရှင်တွေထဲက ဘယ်သူတွေများဆိုးဆိုးရွားရွား မိတ်ကပ်ပြင်ဆင်မှုတွေ လုပ်ခဲ့မိကြသလဲဆိုတာလေးကို ဆက်ပြီးတော့ ကြည့်လိုက်ကြပါဦး။

Kim Kardashian 
Kim Kardashian ဟာ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာကြောင့် လူသိများရတာဆိုတော့ သူမအနေနဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမှုကို ပိုပြီးဂရုတစိုက်ရှိလိမ့်မယ်လို့ ထင်ကောင်း ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ များမြောင်ရှုပ်ထွေးတဲ့ အလုပ် အချိန်ဇယားတွေကြားမှာ လှုပ်ရှားနေရသူအဖို့ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အမြဲလိုလိုထိန်းသိမ်းထားနိုင်ဖို့ ခက်ခဲတယ်ဆိုတာကို သူမရဲ့ မိတ်ကပ်ပြင်ဆင်မှု အမှားအယွင်းတစ်ခုက ပြောပြနေပါတယ်။ အဲ့ဒီအချိန်တုန်းက သူမ မျက်နှာပေါ်က ပေါင်ဒါတွေနဲ့ အောက်ခံမိတ်ကပ်တွေက အထူကြီးဖြစ်နေခဲ့ပါတယ်။ သူမက ငြိမ်ငြိမ် ထိုင်နေတာ မဟုတ်ဘဲ လှုပ်ရှားသွားလာနေတဲ့အခါမှာတောင် မိတ်ကပ်တွေက ကြည့်ရဆိုးမှန်း သိသာနေခဲ့ပါတယ်။ သူမဟာပုံမှန်အားဖြင့် သွက်လက်လွန်းတဲ့ မျက်နှာပုံစံမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမိတ်ကပ်ပြင်ဆင်မှုကတော့ Kim ကို တော်တော်လေး ကြည့်ရဆိုးသွားစေခဲ့ပါတယ်။ Kim က ဘာနဲ့တူနေသလဲ ဆိုရင် ပဉ္စလက်အတတ်နဲ့ အသက်သွင်းထားတဲ့ ဘူဒူးအရုပ်လို ဖြစ်နေခဲ့ပါတယ်။ 

Jennifer Lopez 
J-Lo ကို ဘယ်အချိန်ကြည့်ကြည့် စမတ်ကျ ပြည့်စုံနေတဲ့သူအဖြစ် တွေ့မြင်ရတတ်ပါတယ်။ သူမသီချင်းဆိုတဲ့အခါ၊ ကတဲ့အခါ၊ သရုပ်ဆောင်တဲ့အခါ ဒါမှမဟုတ် ဒိုင်တစ်ယောက်အဖြစ် အဆုံးအဖြတ်ပေးနေတဲ့အခါမှာဘဲဖြစ်ဖြစ် သူမကတော့ လက်တင်ရဲ့ အလှဘုရားမတစ်ပါးလို လှပကျော့ရှင်းလို့ပေါ့။ ဒါပေမဲ့ ‘Jenny from the Block’ မှာတော့ ပြင်ဆင်ခြယ်သမှုနဲ့ ပတ်သက်လို့ အလွဲလေးတွေ ရှိခဲ့ပါတယ်။ သူမရဲ့ မိတ်ကပ်ပြင်ဆင်မှုအလွဲတွေထဲက အဆိုးဆုံးတစ်ခုကတော့ မျက် တောင်ကော့ရည်နဲ့ ရှုပ်ထွေးစွာ ကော့ထားတဲ့ မျက်တောင်တွေ၊ ဆိုးရွားညံ့ဖျင်းစွာ ရောစပ်ခြယ်သထားတဲ့ အိုင်းရှဲဒိုး၊ ထပ်ဖြည့်မထားတဲ့ မျက်ခုံးတွေနဲ့ အသားရောင် နှုတ်ခမ်းဆိုးဆေးတို့ရဲ့ ပေါင်းစပ်မှုပါဘဲ။ အားလုံးကို ခြုံကြည့်လိုက်လို့ ရလာတဲ့ ရလဒ်ကတော့ တွေ့မြင့်ရတာမကောင်းတဲ့ ကမောက်ကမ ပြင်ဆင်မှုဖြစ်သွားခဲ့ရတာပေါ့။ 

Angelina Jolie 
ကမ္ဘာပေါ်မှာ အလှဆုံးအမျိုးသမီးတွေတောင် မိတ်ကပ်ပြင်ဆင်ခြယ်သမှုနဲ့ ပတ်သက်လို့ တွဲစပ်ရွေးချယ်မှု အမှားတွေကို တွေ့ကြုံဖူးကြတယ်လို့ ဆိုရမလားဘဲနော်။ အမြဲလိုလို စမတ်ကျနေတဲ့Ange ဟာ Normal Heart ရုပ်ရှင်ပွဲဦးထွက် ပြသမှုမှာမျက်နှာပေါ်မှာ ဖြူဖြူ အကွက် အကွက်တွေနဲ့ ရောက်လာခဲ့ပါတယ်။ လူရွှင်တော်တွေ တစ်ယောက်နဲ့တစ်ယောက် ဂျုံမှုန့်အထုပ်နဲ့ ရိုက်ကြလို့ ဖြစ်နေတဲ့ မျက်နှာပုံစံမျိုးနဲ့ပေါ့။ သူမက Angelina Jolie ဆိုပေမဲ့ ဒီမိတ်ကပ်နဲ့ကတော့ ကြည့်ရဆိုးတာအမှန်ပါဘဲ။ 

Lindsay Lohan
ဟောလိဝုဒ်ရဲ့ ပြဿနာအိုးလေးဖြစ်ခဲ့ဖူးသူ Lindsay Lohan ကိုတော့ မူးယစ်ဆေးဝါး ပြဿနာကြောင့် အမှုရင်ဆိုင်ခဲ့စဉ် တရားခွင်တစ်ခုမှာ သူမရဲ့ ဆိုးဆိုးရွားရွားမိတ်ကပ်ပြင်ဆင်မှု တွေ့မြင်ခဲ့ကြရပါတယ်။ အရောင်ရင့်ရင့် အောက်ခံမိတ်ကပ်၊ ကြေးညှိရာင် ခရင်(မ)ပေါင်ဒါတို့က သူမကို The Walking Dead ဇာတ်ကားထဲက သွေးစုပ်ဖုတ်ကောင်ပုံနဲ့ သွားတူနေစေတော့တာပါဘဲ။ သူမကို သူမ ကြည့်ကောင်းတယ်လို့ တွေးထင်ပြီးများ အိမ်ကနေထွက်လာသလားဆိုပြီး အံ့အားသင့်ခဲ့ကြရပါတယ်။ 

Tyra Banks 
ထိပ်တန်း မော်ဒယ်တစ်ယောက်အနေနဲ့ Tyra Banks ဟာ တွေ့ရတဲ့အချိန်တိုင်းမှာ ကြည့်ကောင်းနေတဲ့သူပါ။ ဒါပေမဲ့ လူတိုင်းကအမှားနဲ့ မကင်းနိုင်တာမို့ သူမကိုရှဲဒိုးထူထူဆွဲပြီးနီယွန်ပန်းရောင် နှုတ်ခမ်းဆိုးဆေးတို့နဲ့ ပြင်ဆင်ထားတဲ့အချိန်လိုမျိုး ဆိုးဆိုးရွားရွားထူးခြားတဲ့ မိတ်ကပ်အပြင် အဆင်နဲ့တွေ့ရတဲ့အခါတွေလည်း ရှိပါတယ်။ သူမ ပုံစံကဖျက်ဆီးခံထားရတဲ့ ဘာဘီအရုပ်ကို တွေ့မြင်ရသလို ဖြစ်နေတာပေါ့။ 

Demi Lovato
Demi Lovato က Instagram မှာ မိတ်ကပ်မပါတဲ့ပုံကိုတင်ပြီး သူမရဲ့ ပရိသတ်တွေကိုလည်း သူမလိုလုပ်ရဲသလား၊ လိုက်လုပ်ကြဖို့ ရေးသားခဲ့ဖူးပါတယ်။ ဒါပေမဲ့ လူအများတက်ရောက်ပါဝင်ကြတဲ့ ပွဲတစ်ခုမှာတော့ သိပ်ပြီးအဆင်မပြေတဲ့ ပြင်ဆင်ခြယ်သမှုနဲ့ တက်ရောက်လာခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဆံပင်တွေကို ဘန်းမုန့်လို အလုံးလေးဖြစ်အောင် ဦးခေါင်းထိပ်မှာ ထုံးနှောင်ထားပြီး၊ မျက်တောင်မွှေးတွေကိုလည်း ခပ်ရှုပ်ရှုပ်ပုံစံမျိုးဖြစ်အောင် မျက်တောင်ကော့ရည်နဲ့ ဖန်တီးထားတယ်၊ နှုတ်ခမ်းကိုတော့ ခပ်လင်းလင်းအနီရောင် ဆိုးထားပြီး မျက်နှာတစ်ခုလုံးကိုလည်း ဖြူဖြူဖွေးဖွေးအောက်ခံမိတ်ကပ်ကို အသုံးပြုပြီး ပြင်ဆင်ထားခဲ့ပါတယ်။

http://www.lolwot.com/15-biggest-celebrity-makeup-fails-ever/5/
http://lookdamngood.com/10-of-the-worst-celebrity-makeup-fails/?singlepa...