Primary tabs

ချစ်သူများနေ့မှာ ချစ်သူစုံတွဲတွေ လှပစေဖို့ လမ်းညွှန်ချက်များ

ချစ်သူများနေ့ဟာ ချစ်သူတွေအတွက် တကယ်ပျော်စရာကောင်းတဲ့ နေ့လေးပါပဲ။ နိုင်ငံတကာမှာဆို ချစ်သူများနေ့က ပွဲတော်တစ်ခုမို့ ဖက်ရှင်တွေ၊ အလှအပတွေ ပြင်ဆင်ပြီး ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိကြပါတယ်။ ချစ်သူများနေ့မှာ ချစ်သူမိန်းကလေးရဲ့ဘဝကို တန်ဖိုးထားပြီး အလည်အပတ်သွားမယ်၊ မိန်းကလေးတွေကလည်း လေးစားအားထားရတဲ့ ကိုယ့်ချစ်သူ ယောက်ျားလေးနဲ့ တန်ဖိုးရှိရှိ အလည်လိုက်မယ်ဆိုရင်တော့ ယဉ်ကျေးတဲ့ ချစ်သူများနေ့ ဖြစ်ပါလိမ့်မယ်။

ချစ်သူများနေ့ရဲ့ ထူးခြားချက်ကတော့ ချစ်သူတွေရဲ့ တစ်သက်မှာ မင်္ဂလာပွဲတစ်ခါဆင်နွှဲခြင်းဟာ အဲဒီချစ်သူနှစ်ဦးအတွက်ပဲ ဖြစ်ပေမယ့် ချစ်သူများနေ့ ဆင်နွှဲတာက တစ်ကမ္ဘာလုံးက ချစ်သူအားလုံးအတွက် မင်္ဂလာရှိခြင်းပါပဲ။

ချစ်သူများနေ့မှာ ချစ်သူစုံတွဲတွေ အမှတ်တဖြစ်စေဖို့အတွက် ပြုလုပ်သင့်တဲ့ အချက်လေးတွေကို အလှအပရေးရာနဲ့ ယှဉ်ပြီး အကြံပေးချင်ပါတယ်။

အမှတ်တရဓာတ်ပုံရိုက်ပါ
ချစ်သူများနေ့မှာ အခြားပျော်စရာတွေအပြင် မှတ်မှတ်ရရလုပ်သင့်တာကတော့ ဓာတ်ပုံရိုက်ခြင်းပါပဲ။ ဒီအမှတ်တရပုံလေးတွေကို နောင်တစ်ချိန် ရွှေလက်တွဲဖြစ်ခဲ့ပြီး အသက်အရွယ်ကြီးရင့်လာတဲ့အခါ လွမ်းမောဖွယ် အမှတ်တရလေးတွေ ဖြစ်လာမှာပါ။

ချစ်သူများနေ့ ဓာတ်ပုံရိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်သင့်တဲ့ အရာလေးတွေကို ရှင်းပြပါမယ်။

အဝတ်အစား ကြိုတင်ရွေးချယ်ပါ
ချစ်သူများနေ့ဖက်ရှင်ကတော့ သာမာန် ပွဲ တက်တာထက် ပိုရွေးချယ်ရလွယ်ပါတယ်။ ဘာလို့လဲဆိုတော့ ဆင်တူဝတ်စုံလေးတွေ ဖြစ်နေတာ ရယ်၊ လူငယ်ဝတ်စုံလေးတွေ ဖြစ်နေတာရယ်ကြောင့်ပါ။ ချစ်သူများနေ့အတွက် တစ်လခွဲ၊ တစ်လ
လောက်ကြိုပြီး ဖက်ရှင်အမျိုးမျိုး ကြိုထွက်လေ့ရှိတာမို့ စိတ်ကြိုက်ဝယ်လို့ အဆင်ပြေပါတယ်။

အသင့်ရောင်းတဲ့ ဒီဇိုင်းတွေအစား ကိုယ့်စိတ်ကြိုက်ရွေးချယ်ချင်တယ်ဆိုရင်တော့ ယောက်ျားလေးအတွက် အပြာရောင်နုမျိုးတွေ ရွေးနိုင်ပါတယ်။ အပြာနုနဲ့အတူ ခါးပတ်၊ ဖိနပ်၊ အဆင်တန်ဆာတွေကို အညိုနုနဲ့တွဲပေးရင် လိုက်ဖက်ပါတယ်။ မိန်းကလေးတွေကတော့ ပန်းရောင်နုကို အဓိကထား ရွေးချယ်သင့်ပါတယ်။

တစ်ခုသတိထားရမှာက နှစ်ယောက်လုံးရဲ့ အဝတ်အစားက အရောင်ကွဲပေမယ့် ဒီဇိုင်းတူနေသင့်ပါတယ်။ အပြာရောင်၊ ပန်းရောင်ပဲ ဝတ်ရမယ်လို့ ကန့်သတ်မထားပါဘဲ ကိုယ်ကြိုက်တဲ့ အရောင်တူ၊ ဒီဇိုင်းတွေကို ရွေးချယ်နိုင်ပါတယ်။ အွန်လိုင်းကဝယ်မယ့်အစား အပြင်မှာရွေးချယ်ဝယ်ယူ သင့်ပါတယ်။

ပေါ့ပေါ့ပါးပါး လိမ်းခြယ်ပါ
အနောက်နိုင်ငံတွေမှာတော့ ချစ်သူများနေ့အတွက် ပြင်ဆင်ခြယ်သပုံအဆင့်ဆင့်ကို Beauty Blogger တွေ၊ အလှဖန်တီးရှင်တွေက နှစ်စဉ်ဖန်တီးတင်ဆက်လေ့ရှိပါတယ်။

မိန်းကလေးအတွက်ဆိုရင် Cute Look, Young Look ပုံစံလေးတွေ ပြင်ဆင်ပြလေ့ရှိပါတယ်။ ကိုယ်တိုင်ပြင်ဆင်မယ်ဆိုရင် သတိထားရမှာက ပိုလှချင်ဇောနဲ့ အလှူ၊ မင်္ဂလာဆောင်၊ ပွဲလမ်းသဘင်တွေမှာ လိမ်းခြယ်သလို Dramatic Makeup မလိမ်းခြယ်ဖို့ပါပဲ။ လူငယ်သွင်ပြင်ကို ပေါ်လွင်စေပြီး Romatic Makeup ဒါမှမဟုတ် Natural Makeup ဖြစ်စေမယ့် အရောင်နုလေးတွေ ရွေးသင့်ပါတယ်။

အထူးသဖြင့် ဓာတ်ပုံရိုက်မယ်ဆိုရင် မီးထိုးထားတာကို အလင်းပြန်ပြီး ပြောင်လက်နေစေမယ့် အရောင်တောက်လွန်းတဲ့ မျက်နှာချေတွေ၊ မျက်ခုံး အရောင်တွေ ရှောင်သင့်ပါတယ်။ Baby Pink ဆိုတာမျိုးက အခုလိုအချိန်မှာ အသင့်တော်ဆုံးပါပဲ။ ဆံပင်ကို လိုက်ဖက်မယ့်ပုံစံပြင်နိုင်ပြီး ရှောင်သင့်တာကတော့ ဓာတ်ပုံရိုက်ပြီး လျှောက်လည်တဲ့အခါ မလွတ်လပ်ဘဲ နေရထိုင်ရခက်စေမယ့် တင်းကျပ်တဲ့ပုံစံမျိုး မပြင်မိဖို့ပါ။

ယောက်ျားလေးတွေက မိတ်ကပ်လိမ်းတဲ့အပေါ်မှာ စိတ္တဇဖြစ်လေ့ရှိတယ်။ တော်တော်များများက မိန်းမလျာမှ လိမ်းတယ်ဆိုတဲ့အတွေးလည်း ရှိတတ်ပါတယ်။ မိတ်ကပ်လိမ်းတာက ထိုက်သင့်သလောက်တော့ လိုအပ်ပါတယ်။ ပြီးတော့ ချစ်သူများနေ့ အမှတ်တရ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ မိန်းကလေးက လိမ်းထားပြီး ယောက်ျားလေးက မျက်နှာပြောင်နေရင် ဓာတ်ပုံထွက်တဲ့အခါ ကြည့်ရဆိုးနေမှာဖြစ်ပါတယ်။

ဒါ့ကြောင့် အောက်ခံမိတ်ကပ်ရည်ပေါ်မှာ ယောက်ျားလေးတွေအတွက် ထုတ်ထားတဲ့ Natural အဆင့်၊ Tropical အဆင့်လောက်ရှိတဲ့ For Men Makeup လိမ်းသင့်ပါတယ်။ ဥပမာ မိတ်ကပ်က အရောင်သုံးရောင်ထွက်တယ်ဆိုရင် အရင့်ဆုံးအရောင်မျိုးကို ရွေးသင့်ပါတယ်။ ယောက်ျားလေးက လိမ်းဖို့ အခက်အခဲရှိရင် မိန်းကလေးက ကူညီလိမ်းပေးသင့်ပါတယ်။

ဆံပင်ပုံစံကိုတော့ သပ်ရပ်လိုက်ဖက်တာထားသင့်ပြီး ရှောင်ရှားသင့်တာကတော့ ပူရင်အရည်ပျော်ကျပြီး အဆီတဝင်းဝင်းဖြစ်နေစေတဲ့ အုန်းဆီတွေ၊ ဖယောင်းဂျယ်တွေ၊ ခေါင်းလိမ်းဆီတွေ လိမ်းတာမျိုးပါပဲ။

အမှတ်တရလက်ဆောင်ပေးမယ်ဆိုရင်
ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို ဘာလက်ဆောင်ပေးမယ်၊ ကိုယ့်ချစ်သူဆီက ဘာလက်ဆောင်ရမယ်ဆိုတာတွေးလိုက်တိုင်း ချစ်သူတွေမှာ ရင်ခုန်တတ်ရပါတယ်။ အများစုကတော့ နှင်းဆီပန်း၊ ချောကလက်၊ အရုပ်၊ ဒါမျိုးတွေ ပေးလေ့ရှိပါတယ်။

ချစ်သူအတွက်လည်း အသုံးတည့်ပြီး အမှတ်တရဖြစ်စေမယ့် လက်ဆောင်ပေးမယ်ဆိုရင်တော့ အလှကုန်ပစ္စည်းဟာလည်း ရွေးချယ်သင့်တဲ့ထဲမှာ ပါပါတယ်။ အလှကုန်နဲ့အတူ နှင်းဆီပန်းနီနီလေးတွေ တွဲဖက်ပေးမယ်ဆိုရင် တကယ်ပြည့်စုံတဲ့ ချစ်သူ့လက်ဆောင်ဖြစ်နေမှာ သေချာပါတယ်။

ရေမွှေး
ရေမွှေးပေးတယ်ဆိုတာ ကိုယ့်ချစ်သူကို မွှေးကြိုင်လန်းဆန်းခြင်းပေးတာဖြစ်ပါတယ်။ ကိုယ်ပေးချင်တဲ့ရေမွှေးက နာမည်ကြီးတံဆိပ်ဖြစ်နေတယ်။ ပြီးတော့ တံဆိပ်တွေက ဈေးကြီးနေလို့ အဆင်မပြေဘူးဆိုရင် နာမည်ကြီးတံဆိပ်တွေကပဲ ထုတ်တဲ့ ပုလင်းငယ်အစုံလိုက်လာတာလေးတွေ ဝယ်ပေးနိုင်ပါတယ်။

ပုလင်းငယ်လေးတွေဖြစ်တာမို့ ကိုယ့်ချစ်သူက သူသွားလာရာ သယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေမွှေးနံ့လေးကတော့ ကိုယ့်ချစ်သူကို ကိုယ့်ကိုယ်စား လွှမ်းခြံပေးထားတဲ့ သဘောပါပဲ။ ပြီးတော့ ရေမွှေးဆိုတာကလည်း ယောက်ျားလေးအတွက်ရော မိန်းကလေးအတွက်ပါ အသုံးတည့်ပါတယ်။

အလှကုန်
အလှကုန်အမျိုးမျိုးရှိတဲ့အထဲက ကိုယ်နှစ်သက်ရာအလှကုန်ကို ရွေးချယ်ပေးနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်ချစ်သူအတွက် အမြဲအသုံးတည့်နေဖို့ပါ။ နှုတ်ခမ်းဆိုးဆေးက ကိုယ့်ချစ်သူနှုတ်ခမ်းကို ကိုယ့်ကိုယ်စား အနမ်းခြွေတာမို့ ချစ်သူများနေ့ မှာ လက်ဆောင်ပေးမယ်ဆိုလည်း အဓိပ္ပာယ်ရှိနေမှာပါ။ ကိုယ့်မိန်းကလေးမပါဘဲ သွားဝယ်မယ်ဆိုရင် ကိုယ့်မိန်းကလေးဆိုးနေကျ အရောင်နဲ့ သိပ်ကွဲလွဲတာတွေ မဝယ်မိဖို့ရယ်၊ အရောင်းဝန်ထမ်းတွေ ဆွယ်သမျှ မဝယ်မိဖို့ရယ် အရေးကြီးပါတယ်။

အလှပြင်ပစ္စည်းနဲ့ အဆင်တန်ဆာ
လက်ဆောင်ပေးနိုင်တဲ့ အလှပြင်ပစ္စည်း အမျိုးမျိုးရှိပါတယ်။ ပြီးတော့ ဆွဲကြိုး၊ နားကပ်လို အ ဆင်တန်ဆာတွေလည်းရှိပါတယ်။ ဒါတွေဝယ်ပြီး လက်ဆောင်ပေးမယ်ဆိုရင် သတိထားရမယ့်အချက်တွေကတော့ ကိုယ့်ချစ်သူကြိုက်တဲ့ အရောင် သိရပါမယ်။ ဒီပစ္စည်းက ကိုယ့်ချစ်သူ မကြာခဏသုံးလို့ရမလားဆိုတာ စဉ်းစားရပါမယ်။

ဥပမာ ကိုယ့်ချစ်သူမိန်းကလေးက ရုံးဝန်ထမ်းဖြစ်တယ်။ ကိုယ်ကလည်း နားဆွဲကြီးကြီး၊ ဘီးကုတ်လှလှမျိုးကိုမှ ပေးမိတယ်ဆိုရင် သူကြိုက်ပေမယ့် ရုံးတက်တိုင်း ဝတ်ဆင်လို့မရတာမို့ မကြာခဏသုံး လို့မရပါဘူး။ မိန်းကလေးများအနေနဲ့ကလည်း ကိုယ့်ချစ်သူ ယောက်ျားလေးအတွက်ရွေးရင် အရောင်တောက်တောက်ကြီးတွေ၊ ကလေးဆန်တာမျိုးတွေ မဖြစ်ဖို့နဲ့ သူဘာကြိုက်လဲဆိုတာ သိဖို့လို ပါတယ်။ အရေးကြီးတာက ယောက်ျားလေး ခန္ဓာ ကိုယ်ပေါ်က အသုံးအဆောင်ရွေးရာမှာ ယောက်ျားဆန်တဲ့ ဒီဇိုင်းဖြစ်ဖို့ လိုတာပါ။

အသားအရည် ထိန်းသိမ်းရေးပစ္စည်းနဲ့ ဆေးဝါးအာဟာရ
ကိုယ့်ချစ်သူရဲ့ အလှအပရေးရာအတွက် လက်ဆောင်ပေးမယ်ဆိုရင် အလှကုန်ထက် အရေးကြီးတဲ့ ပစ္စည်းတွေကတော့ အသားအရည်ထိန်းသိမ်းရေးပစ္စည်းတွေနဲ့ ဆေးဝါးတွေပါပဲ။ မိန်းကလေးတွေအတွက်ဆိုရင် မျက်လုံးတစ်ဝိုက် အရေးကြောင်းကင်းစေတဲ့ ခရင်မ်နဲ့ နို့ရည်မျိုး၊ ယောက်ျားလေးတွေအတွက်ဆိုရင်လည်း မုတ်ဆိတ်ရိတ်ရင် လိမ်းတဲ့ခရင်မ်နဲ့ လိုးရှင်းမျိုး စတဲ့အသားအရည် ထိန်းသိမ်းရေးပစ္စည်းတွေ ရွေးချယ်စရာအများကြီးရှိပါတယ်။ ဒါမျိုးတွေကိုလည်း အမှတ်တရအ ဖြစ်ပေးနိုင်ပါတယ်။

ဒါ့အပြင် စစ်မှန်တဲ့ လှပခြင်းဖြစ်တဲ့ ကျန်းမာခြင်းကိုရရှိစေမယ့် အားဆေး၊ အသားအရည်အား ဆေး၊ အင်တီအောက်ဆီဒင့်မျိုးကို ပေးတာကလည်း သူများနဲ့မတူတဲ့ လက်ဆောင်ပါ။ ကျန်းမာခြင်းလက်ဆောင်ဟာ တစ်ခြားလက်ဆောင်တွေထက် သာလွန်တာတော့ အမှန်ပါပဲ။

 

ခရီးထွက်မယ်ဆိုရင်
ချစ်သူများနေ့မှာ ခရီးသွားဖို့စဉ်းစားတယ်ဆို ရင်တော့ ချစ်သူနှစ်ဦးတည်းသွားမယ့်အစား သူ ငယ်ချင်းစုံတွဲတွေစုပြီး သွားသင့်ပါတယ်။ ဒါမှသာ ညအိပ်ညည့်နေ့ဖြစ်ရင်တောင် ယောက်ျားလေး အုပ်စု၊ မိန်းကလေးအုပ်စု ခွဲခြားတည်းခိုနိုင်မှာဖြစ် ပါတယ်။ မြန်မာ့ယဉ်ကျေးမှုမှာလည်း စောင့်ထိန်း ရမယ့် ဓလေ့တွေရှိတာမို့ မိဘအုပ်ထိန်းသူများရဲ့ ခွင့်ပြုချက်ကိုတော့ မလွဲမသွေယူရပါမယ်။

ပင်လယ်ကမ်းခြေသွားမယ်ဆိုရင်
တိုလွန်းတဲ့ ရေကူးဝတ်စုံအစား လုံခြုံစိတ် ချရတဲ့ ရေကူးဝတ်စုံတွေ ရွေးသွားသင့်ပါတယ်။ ပင်လယ်ကမ်းခြေဟာ တစ်ခြားနေရာထက် ခရမ်း လွန်ရောင်ခြည် ပိုများတတ်တာမို့ SPF ကိန်းဂဏန်း များတဲ့ လိုးရှင်းကို ယူဆောင်သွားသင့်ပါတယ်။ ပင် လယ်ဆားငန်ရည်ထိတွေ့မှုက အသားအရည်ကို ညစ်ညမ်းစေတာမို့ လိုးရှင်းကပဲ ဖြေရှင်းပေးနိုင်ပါ လိမ့်မယ်။ ကျန်းမာရေးအတွက် ဆေးဝါးတွေကို လည်း မမေ့မလျော့ ယူသွားရပါမယ်။

ပင်လယ်စာနဲ့ ဓာတ်မတည့်တဲ့သူတွေက တော့ အရေပြားပြဿနာဖြစ်တတ်လို့ ဆင်ခြင်ပြီး စားသင့်ပါတယ်။ ကမ်းခြေရဲ့ပြင်းတဲ့နေရောင်ထိုး လို့ မျက်လုံးစူးနေတာ ကာကွယ်ဖို့ အပျော်တပ်နေ ကာမျက်မှန်အစား မျက်လုံးကိုခရမ်းလွန်ရောင် ခြည် မသက်ရောက်စေတဲ့ မျက်မှန်ရယ်၊ ဦးထုပ်ရယ် ယူဖို့လိုပါမယ်။

ကမ်းခြေမှာလည်း အမှတ်တရဓာတ်ပုံရိုက် တာမျိုးလုပ်သင့်ပါတယ်။ စိတ်ပညာရှင်တွေ အလိုအရတစ်ချိန်က ပျော်ရွှင်ဖွယ်အမှတ်တရ ဓာတ်ပုံတွေ ပြန်ကြည့်တာဟာ ကိုယ့်ရဲ့စိတ်အားကို မြှင့် တင်ပေးတာမို့ ကမ်းခြေမှာချစ်သူနဲ့ ခုန်နေတဲ့ပုံလေးကို အမိအရရိုက်ယူထားသင့်ပါတယ်။

ချစ်သူများနေ့ဟာ ကမ္ဘာ့သမိုင်းမှာတော့ အခက်အခဲတွေ၊ အတားအဆီးတွေကြားက ရှင်သန်ပေါက်ဖွားလာတဲ့ နေ့တစ်နေ့ပါ။ ဒီလိုအဓိပ္ပာယ်ရှိ လှတဲ့နေ့လေးမှာ တန်ဖိုးရှိလှတဲ့ဘဝတွေကို ထိန်းသိမ်းရင်း ကိုယ်ချစ်ရတဲ့သူနဲ့အတူ ထာဝရအဆုံး ထိ ပျော်ရွှင်စွာ လက်တွဲနိုင်ကြစေဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျာ။

ကောလိယ ဝေယံမောင်မောင်