Primary tabs

အော်စကာပွဲတက် ရတနာများအား ပြန်၍ခံစားခြင်း

TMT

(၈၆)ကြိမ်မြောက် အော်စကာပေးပွဲကြီးကတော့ ပြီးသွားခဲ့ပါပြီ၊ ဒါပေမယ့် ဟောလိဝုဒ်အကျော်အမော်တွေ နာမည်ကျော် စတားတွေ ၀တ်ခဲ့တဲ့ ရတနာတွေကိုတော့ အခုမှပဲ ပုံကြီးကြီးမားမားနဲ့ ရခဲ့တာကြောင့် မင်းသမီးတွေ ဘယ်လိုဝတ်ပြီး ပွဲတက်ခဲ့လဲဆိုတာ ရှုမြင်ခံစားကြည့်ကြပါဦး။ ရှင်းလင်းတဲ့ အသွင်ဟန်နဲ့လိုက်ဖက်တဲ့ ရတနာကိုသာ ဆင်မြန်းတယ်ဆိုတာကတော့ သူတို့ရဲ့မရိုးတဲ့ ပုံသဏ္ဌာန် ပါပဲ။

ပွဲတက်လာတဲ့သူတွေကြားမှ လူအများ အာရုံစိုက်ခံရတဲ့ မင်းသမီးများကတော့ 12 Years a slave ဇာတ်ကားကြောင့် နာမည် ကျော်လာတဲ့အကယ်ဒမီဇာတ်ပို့မင်းသမီး Lupita Nyong’o ရဲ့ဝတ်စားဟန်၊ Gravity ဇာတ်ကားနဲ့ ပိုစိတ်ဝင်စားခဲ့ရတဲ့ မင်းသမီးချော Sandra Bullock ၊ Blue Jasmine နဲ့ အကောင်းဆုံးမင်းသမီးဆုရတဲ့ Cate Blanchett တို့ပါပဲ။ အနီရောင်ကော်ဇောပေါ် သူမတို့လှမ်း လျှောက်လာပုံက  Tiffany & Co., တွေ ဖိတ်ဖိတ်တောက်၊ Bulgari တို့ လက်လက်ထ၊ Chopard & Neil Lane တို့ ၀င့်ဝင့်ကြွား နေလိုက်ကြတာများ......။

*          မင်းသမီးချော ချားလိစ်သီရွန်ကတော့ Christian Dior ၀တ်စုံ ၊ Christian Louboutin ရှူးဖိနပ် နဲ့ Harry Winston ရတနာများ ဆင်မြန်းထားပါတယ်။ သူမရဲ့စိန်လည်ဆွဲက (၁၅)သန်းတန်ဖိုးရှိတယ်လို့ ဆိုထားပါတယ်။

*          မင်းသမီး လူပိတာ ရဲ့ ဂါဝန်ကတော့ Prada ရဲ့ Nairobi Blue အမည်ရဂါဝန်ဖြစ်ပြီး လက်ဝတ်ရတနာတွေကတော့ Fred Leighton ကဖြစ်ပါတယ်။ (၁၉)ရာစုကစတိုင်လ် ရွှေနဲ့စိန်ခေါင်းစည်းကြိုး၊ စိန်နားဆွဲ၊ စိန်လက်ပတ်တို့ကို ဆင်မြန်းထားခဲ့ပါတယ်။

*          မင်းသမီး ကိတ်ဘလန့်ချထ်ရဲ့ ၀တ်စုံကတော့ Swarovsk i  ခရစ္စတယ်တွေ သီးနေတဲ့ ဂါဝန်ကြီးနဲ့၊ ရော်ဂျာဗီဗီရာ ရှူးဖိနပ်ကို ၀တ်ဆင်ထားပြီး လက်ဝတ်ရတနာတွေကတော့ Chopard ရတနာတွေ ဆင်ထားပါတယ်။ Armani ရဲ့အသားရောင်ဖိတ်ဖိတ်ထနေတဲ့ ဂါဝန်အလှက ဒီနှစ်အော်စကာပွဲမှာ အမှတ်အတော်ရပြီး လူကြိုက်များခဲ့တယ်။ “toi et moi” အမည်ရှိ သစ်တော်သီးပုံစံ စိန်လက်စွပ်နဲ့ ကြောင်မျက်ရွဲကျောက်ပေါင်း (၆၂)လုံးပါ နားဆွဲကြောင့်လည်း ထင်းခဲ့ပါတယ်။

*          Versace ၀တ်စုံနဲ့ Neil Lane ရတနာကို ဆင်မြန်းလာတဲ့သူကတော့ မင်းသမီးချော ကိတ်ဟထ်ဆန်ပါပဲ။  ဗွီပုံစံဂါဝန်နဲ့ တွဲဖက်ပြီး စိန်နားဆွဲ၊ စိန်လက်ပတ်နဲ့ ရိုးရိုးလေးပွဲတက်ခဲ့ပါတယ်။

*          ဂေါ်ဇီလာကြီးရဲ့ မင်းသမီးလေး နာအိုမီဝတ်ထ်ကတော့ Calvin Klein ပွဲတက်ဝတ်စုံအပြင် ဖိနပ်ကိုပါ ဆင်မြန်းထားပြီး ရတနာ တွေကိုတော့ Bulgari မှဝတ်ဆင်ထားပါတယ်။ အဖြူရောင် နှင်းပွင့်ပုံစံမျိုး CK မှ ၀တ်စုံဖန်တီးပေးထားပြီး အဖြူရောင်စိန်များကိုသာ လက်ဝတ်ရတနာအတွက် ရွေးချယ်ထားပုံပေါ်ပါတယ်။

*          မင်းသမီးအိန်ဂျလီနာ ဂျိုလီကတော့ Elie Saab ၀တ်စုံ၊ Ferragamo ဖိနပ်နဲ့ လက် ကိုင်အိတ်၊ Robert Procop ရတနာတို့ကို ၀တ်ဆင်ပြီး ပွဲတက်လာပါတယ်။ (၄၂)ကာရန်ရှိတဲ့ စိန်နားကပ်ကြီးကတော့ အခြားဘာ မှမလိုအောင်ကို ဆွဲဆောင်မှုပြင်းလွန်းလှပါတယ်။

*          မင်းသမီး ဂျစီကာ ဘီးရဲလ်ကတော့ Chanel တံဆိပ်ဂါဝန်ရှည်၊ Manolo Blahnik ဖိနပ် နဲ့ လူတိုင်းကြိုက်ရတနာ Tiffany & Co. ကို ဆင်မြန်းလာပါတယ်။  စိန်လည်ပတ်၊ စိမ်းပြာရောင် မြပြာနဲ့ စိန်အရော နားဆွဲနဲ့လက်စွပ်၊ စိန်လက်ကောက် တို့နဲ့ တစ်ကိုယ်လုံးကို အပြည့်အစုံဝတ်ဆင်လာခဲ့တာကြောင့် မြန်မာနည်းနည်းဆန်တယ်လို့ တောင် ဆိုချင်ပါသေးတယ်။

*          မင်းသမီး အေမီအဒန်စ်ကတော့ Gucci ဂါဝန်၊ Christian Louboutin ရှူးနဲ့  Tiffany & Co., တို့ကိုဆင်မြန်းပြီး ပွဲတက်လာ ခဲ့ပါတယ်။ ရတနာတွေကကတော့ စုစုပေါင်း (၁.၄)သန်းလောက် တန်ဖိုးရှိတယ်လို့ ရတနာကျွမ်းကျင်သူများကတွက်ကြပါတယ်။ ထူးခြား တာကတော့ အပြာရောင်နဲ့ လိမ္မော်ရောင် ရောထားတဲ့ ရွှေနားဆွဲပါပဲ၊ မြင်နေကျထဲကကွဲထွက်ပြီး ဆန်းပြားနေပါတယ်။ ပြီးတော့ အ၀ါ ရောင်စိန်တွေပဲစီထားတဲ့ လက်ပတ်ကြိုးကလည်း တစ်မျိုးလှနေပါတယ်။

*          နာမည်ကျော်မင်းသမီး ဂျူလီယာရောဘတ်စ်ကတော့ Givenchy ၀တ်စုံနဲ့ Bulgari ရတနာတို့ကို ရွေးချယ်ပြီး ပွဲတက်လာ ခဲ့ပါတယ်၊ Bulgari ရဲ့ကမ္ဘာကျော် စိန်နားဆွဲကြီးကတော့ သူမကို ထင်းလို့လင်းလို့ဖြစ်ပြီး ကျန်တာတွေမလိုအောင် ပြည့်စုံသွားခဲ့ပါတယ်။

*          Alexandra McQueen တံဆိပ် ညသန်းခေါင်းယံ အပြာအမည်ရ ၀တ်စုံကိုဝတ်ဆင်လာပြီး  Lorrain Schwartz နားကပ်ရတနာ တို့နဲ့ တစ်မူဆန်းသွားတာကတော့ မင်းသမီးချော ဆန်ဒရာဘူးလော့ခ်ပါပဲ။ ရော့ခ်ဆန်တဲ့ ဒီနားကပ်ကဆံပင်အသိမ်းမှ ပေါ်စေတာကြောင့် မင်းသမီးလည်းဆံပင်ကို တစ်ခြမ်းသိမ်းပြီး အလှပြင်လာပုံရပါတယ်။ ဒီနားဆွဲကပဲ တန်ဖိုးက(၁.၈)သန်းရှိတယ်လို့ဆိုကြပါတယ်။

*          မင်းသမီး ခရစ္စတင်း ဘဲလ်ကတော့ Roberto Cavalli ရဲ့ Icy Lavender ၀တ်စုံလေးကို ၀တ်ဆင်လာပြီးတော့ Piaget ရတနာ တို့ကို ရွေးချယ်လာပါတယ်။ လည်ဆွဲနဲ့နားကပ်ကိုလည်း ဂါဝန်နဲ့လိုက်ဖက်တဲ့ သီးသန့်ပုံစံလေးပဲ ဆင်မြန်းထားပါတယ်။

*          မင်းသမီး ဂျနီဖာလော့ရင့်ကတော့ Dior ၀တ်စုံ၊ Neil Lane ရတနာတို့နဲ့ လှချင်တိုင်း လှနေပါတယ်။ အနီရောင်ကော်ဇော်ပေါ်မှာ အနီရောင်ဂါဝန်ရင်ပြတ်နဲ့ လှပနေပြီး Backlace အမည်ရ စိန်လည်ဆွဲရှေ့တို့နောက် အရှည်နဲ့တစ်မျိုးလေး ထူးခြားလှပနေပါတယ်၊ ဒီ လည်ဆွဲကကြီးပဲ ဒေါ်လာ (၂)သန်းတန်တယ်လို့ ဆိုထားပါတယ်။