Primary tabs

Lady & Advices

နုပျိုသောအသားအရေနှင့် အမြဲတမ်းချစ်စရာကောင်းနေသော အဆိုတော်သူမနှင့် တစ်ခဏတာတွေ့ဆုံခိုက် လှပခြင်းဆိုင်ရာ မှတ်သားဖွယ်စကားများစွာကိုသိရှိခဲ့ရပါတယ်။ ခေတ်စားနေသော ကိုယ်အလေးချိန်လျှော့ချမှုတွေ၊ ဖြတ်လမ်းလိုက်မှုတွေနဲ့ အသားရေ ထိန်းသိမ်းမှု Daily Steps တွေကို စာဖတ်သူတို့လေ့လာသိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။           

“ငယ်ငယ်ပေါက်စကနေ ၇ တန်း ၈ တန်းအထိ ဘာမှမလိမ်းဘူး။ သူငယ်ချင်းတွေကတော့ သနပ်ခါးလေးတွေလိမ်းလာကြတာ ရှိတယ်။ အစ်မကတော့ သနပ်ခါးလိမ်းလိုက်တာနဲ့ ကိုယ့်အသားအရေက ခြောက်သွားသလိုခံစားရတယ်။ အဲဒီတုန်းကတော့ ကိုယ့်အသား က ခြောက်တာလား ဘာအသားအရေလည်းဆိုတာကို မသိဘူးပေါ့နော်။ အခုနောက်ပိုင်းမှ အသက်ကြီးလာမှ သိရတာက မသံသာရဲ့ အသားရေက အရမ်းကိုခြောက်တဲ့ အမျိုးအစားထဲမှာပါတယ်။ သနပ်ခါးလိုက်တာနဲ့ အသားရေကပက်ကြားအက်သလိုဖြစ်လို့ မျက်နှာ ပြောင်နဲ့ပဲနေခဲ့တာ။ ၁၀ တန်းအောင်ပြီး တက္ကသိုလ်တက်ခါနီးကျတော့ ကိုယ်လည်း အပျိုအရွယ်ဖြစ်လာတော့ မျက်နှာ ကိုပြင်ဆင်ချင်လာ ပြီ၊ အစ်မသီချင်းစဆိုတဲ့အချိန်က တက္ကသိုလ်စတက်တဲ့အချိန်လည်းဖြစ်တော့ ကိုယ်ကစင်ပေါ်တက်မယ် ဘာတွေရှိလာတော့ သုံးရတော့ မယ်လို့ သိလာပြီ။ ဘယ်လိုသုံးရမယ်ဆိုတာကတော့ မေမေ့ကိုကြည့်တာပါ၊ သူ က အသားအရေကို အရမ်းဂရုစိုက်တယ်၊ ဘယ်လိုလိမ်းရ မယ်ဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် သင်ရတာပေါ့နော်။ “ပထမဦးဆုံးစပြောတဲ့ အချက်က မိတ်ကပ်လိမ်းဖို့ မဟုတ်ဘူး၊ မျက်နှာကို နေ့စဉ် သန့်ရှင်းရေးအဆင့်ကို စပြောပြတာ” ဖုန်တွေပေမယ် အဆီတွေရှိမယ်ပေါ့နော်။ အပြင်ကပြန်လာရင် မျက်နှာသစ်ဆပ်ပြာလေးနဲ့ သစ်ခိုင်း တယ်။ ၈ တန်း ၉ တန်းတုန်းကတော့ ကိုယ်ကဘာမှသာမလိမ်းတာ ညဖက်ဆို အစ်မ Night Cream လေး လိမ်းအိပ်တဲ့အကျင့်တော့ ရှိတယ်၊ အဲ့ဒါကပဲ အသားရေကို ထိန်းသိမ်းသလိုဖြစ်ခဲ့တယ်ပေါ့”

“ကံကောင်းတာက မနဲ့မေမေက အသားရေထိခိုက်တာမျိုး လုံးဝမရှိခဲ့ဘူး။ တစ်ခုတော့ရှိတာပေါ့နော် ကိုယ်သုံးတဲ့ပစ္စည်းကို လည်း သေချာဆန်းစစ်ပြီး သုံးလို့လည်းပါမယ်။ တွေ့ရာပစ္စည်းကိုသုံးလိုက်တာမျိုး မဟုတ်တော့လေ။ ကြော်ငြာတွေကြည့် စာကိုသေချာ ဖတ် တည့်မတည့်ပေါ့နော် အဲ့လိုလုပ်ပြီးမှသုံးတယ်။ တစ်ချို့ဆိုရှိတယ် ငါးပိရည်လေးစားလိုက် အဖုလေးတွေထွက်လာတာမျိုးပေါ့။ အစ်မ က မေမေနဲ့သွားတူတယ် ဘာမှမဖြစ်ဘူး။ ဘာမှကိုမစားမသောက်ပဲနဲ့ကို အသားမှာ အစိလေးတွေ ထွက်တာမျိုးရှိတာတွေ့ရတယ်၊ ကိုယ် ကတော့ ကံကောင်းတယ်ပဲ ပြောရမှာပေါ့၊ မေမေနဲ့ပဲတိုင်ပင်ပြီးပဲ သုံးဖြစ်ခဲ့တယ်”

“သူများတွေဆို ဆောင်းတွင်းလောက်ပဲ အသားခြောက်ကြတာ၊ မသံသာကတော့မရဘူး (၁၂)လရာသီပတ်လုံး Body Lotion လူးရတာ။ အမြဲအသားပက်တယ်၊ မျက်နှာကအဲ့လောက်မဖြစ်ဘူး၊ ခြေထောက်တွေလက်တွေက ပိုဆိုးတယ်၊ Vaseline ကအစိုဓာတ်ပို များတော့ အစ်မအမြဲသုံးတယ်၊ တည့်လည်းတည့်တယ်။ အစိုဓာတ်မသုံးရင် မျက်နှာအသားရေလေးတွေက ပက်ကြားအက်လာတယ်။ မေမေက Treatment ယူရင် CLARA International ကိုသွားတယ်။ အသားတင်းချင်တာတို့ဘာတို့ကို သဘာဝပစ္စည်းတွေနဲ့ပဲ လုပ်ပေး တော့ ဘေးဥပါဒ်ကင်းတယ်ပေါ့နော်။ မသံသာကျတော့ ကိုယ်ကသိပ်တော့မဖြစ်ပေမယ့်လည်း နယ်တွေသွားတာရှိတယ်၊ ခရီးတွေသွား တာရှိတော့ သန့်ရှင်းရေးလိုလာပြီလေ၊ အဲဒီလိုဖြစ်လာရင်တော့ အစ်မဘယ်လောက်ပဲ သန့်ရှင်းရေးလုပ်လုပ် အတွင်းထိ မသန့်ရှင်းနိုင်ဘူး လေ၊ ပညာရှင်တွေဆီ သွားလုပ်တဲ့အခါကျရင်သူတို့က မသံသာအသားအရေကို ဘယ်လိုအမျိုးအစားလဲဆိုတာ စစ်ပေးတယ်၊ မသံသာ သိလိုက်ရတာက Dry Skin & Sensitive ထဲမှာပါတယ်။ ကိုယ့်အသားရေက ထိခိုက်လွယ်တယ်လို့ မသိဘူး၊ ဒါပေမဲ့ သတိထားမိတာက ကိုယ့်အသားရေ ပါးတာကိုတော့သိတယ်။ နေပူထဲထွက်ပြီဆိုရင် အသားတွေနီလာတယ်၊ ကျောင်းမှာတုန်းကဆိုရင် မသံသာပါးနားကို လာလာပွတ်ကြတယ်၊ တစ်ခုခုပေနေတယ်ဆိုပြီးတော့။ အမှန်တော့ပေနေတာမဟုတ်ဘူး သွေးကြောလေးအမျှင်လေးတွေ ပေါ်နေတာ။ မိတ်ကပ်လိမ်းရင် မသိသာပေမယ့် ဒီတိုင်းဆိုပေါ်နေတယ်”

“ပေါင်းတင်တာတို့ဘာတို့ တစ်ခါမှ မသံသာမလုပ်ဖူးပါဘူး။ CLARA ကိုသွားတယ်ဆိုတာကလည်း မေမေက ဒီလိုခရီးသွား သီချင်းဆိုလုပ်နေရင် မိတ်ကပ်လည်းလိမ်းရတယ်၊ အသားရေကိုငယ်သေးတုန်းကတော့ မသိဘူး၊ ငယ်ငယ်ကတည်းကသာ ထိန်းသိမ်းရင် ပိုပြီး နုပျိုတင်းရင်းစေတယ်လို့ အစ်မကိုပြောပြလို့သာ သွားဖြစ်တာ။ မိန်းကလေးဆို ပိုပြီးဂရုစိုက်သင့်တယ်၊ ရှိတဲ့အသက်ထက် ဘယ်သူမှ ငယ် မသွားဘူး.....“လုပ်သင့်တဲ့အချိန်မှာမလုပ်ဖြစ်ခဲ့ရင် (၂)ဆလုပ်ရလိမ့်မယ်”လို့လည်း အမြဲပြောပြတယ်။ သွားပြီဆိုရင် အစ်မကို အတင်းဆွဲ ခေါ်သွားရော။ အိမ်မှာ အမြဲလုပ်ဖြစ်တာက 3 steps ပေါ့နော်။ ပထမ မျက်နှာသစ်ဆပ်ပြာနဲ့သန့်စင်တယ်၊ ဒုတိယ Toner ၊ နောက်ဆုံးက တော့ Night Cream လိမ်းတယ်၊ အခုဆို Eye Cream ကိုပါလိမ်းလာပြီ။ မသံသာက နဂိုမျက်ကွင်းညိုတော့ လိမ်းထား ရတယ်။ နောက်ပြီး မျက်လုံးအောက် အရေးကြောင်းလေးတွေ မပေါ်အောင်ပေါ့။ လိမ်းရမယ့်နည်းလမ်းလေးကိုလည်း CLARA က အစ်မကိုပြောပြထားတာရှိတယ်၊ အပြင်ကိုဆွဲပြီးလိမ်းရင် အရေးကြောင်းကို ပိုပြီးထင်းစေတာမျိုးရှိတယ်။ ခရင်မ်လိမ်းတာကလည်း သူ့ နည်းလမ်းနဲ့သူရှိတယ်။ အရမ်းကြီးဆွဲပြီးမလိမ်းရဘူး၊ ဖြေးဖြေးလေးပဲအသာလေး ပုတ်ပုတ်ပြီးလိမ်းသွားရတာမျိုးပါ။ တစ်ပတ်မှာ (၆)ရက် လောက်တော့ သေချာလုပ်တယ်၊ ဒီလိုလုပ်ရင် မနက်နိုးလာတာနဲ့ မျက်နှာလေးတင်းရင်းတာကို ခံစားရတာသိသာတယ်။ ဆိုင်ကိုသွား တာကတော့ ခရီးတွေသွားတာမျိုးရှိရင်တော့ ပိုပြီးသွားသင့်တယ်၊ ပုံမှန်တစ်လကို (၁)ခါလောက်တော့ သွားပေးသင့်တယ်”

“ခရင်မ်တစ်ခုဆိုရင် ပုံမှန်လိမ်းကြည့်ပါ။ ကောင်းတာမကောင်းတာထက် မှန်မှန်လုပ်နိုင်ဖို့ကအဓိက။ တစ်ချို့က ပစ္စည်းအကောင်း ကြီးတွေသုံးမှ အရမ်းကောင်းမယ်လို့ထင်တယ်။ ဒါပေမယ့်စိတ်ရှိမှထလုပ်တယ် ပြီးရင်မလုပ်ဘူး ဒီလိုလုပ်ရင်တော့ ပစ္စည်းကောင်းလည်း မတိုးနိုင်ဘူး။ သာမန်ပစ္စည်းဆိုလည်း မတိုးနိုင်ဘူး။ အဓိကကတော့ မှန်မှန်လုပ်ဖို့က သိပ်အရေးကြီးတယ်။ အစ်မဆို L’oreal Anti Aging နောက်ဆုံးပေါ်တာလေး လိမ်းတယ်။ ခရင်မ်မဟုတ်ပဲ Serum ပုံစံလေးပဲ။ အဆီလိုမျိုးလိမ်းလိုက်ရင် စိမ့်ဝင်သွားတယ်။ အစ်မကြိုက် တယ်လူးရတာ။ များသောအားဖြင့် L’oreal လိမ်းတယ်။ နောက် SK 2 လည်းသုံးတယ်၊ သူကတော့ အစ်မရဲ့ခြောက်တဲ့ အသား အရေအတွက် အဆင်ပြေတယ်လို့ ထင်တယ်၊ လိမ်းထားရင် ဘယ်လိုမှမသိသာဘူး အသားထဲကိုစိမ့်ဝင်သွားတာပဲ။ ပစ္စည်းကောင်း မကောင်းကို စွဲသုံးမှကိုယ်နဲ့တည့်မတည့်သိမယ်၊ အသားရေ တိုးတက်မှုရှိမရှိသိမှာပေါ့။ အစ်မကတော့ ပစ္စည်းတစ်ခုကိုသုံးပြီဆို ၂ ပတ် - ၃ ပတ်ကို လိမ်းဖြစ်အောင်လိမ်းတယ်။ အဲဒီတော့ ဘယ်ပစ္စည်းမဆို အစ်မနဲ့အဆင်ပြေတယ်၊ ပုံမှန်လုပ်တာကိုး။ လေ့ကျင့်ခန်း သဘောမျိုး ပါပဲ”

“Body ကတော့ အစ်မရဲ့အားနည်းချက်၊ လေ့ကျင့်ခန်းလုပ်ရမှာ အရမ်းကြောက်တယ်၊ စက်တွေပေါ်ကိုမတက်ချင်ဘူး ငါအမြဲ လုပ်နိုင်မှာ မဟုတ်ဘူးဆိုပြီးတော့ ပျင်းတာပေါ့နော်။ သူများတွေကထင်တာက အစ်မလေ့ကျင့်ခန်းလုပ်တယ်လို့ထင်တာ။ အစ်မလည်း မတက်လာတော့ မဟုတ်ဘူး ပြည့်လာတာရှိတယ်၊ နည်းနည်းလေးပြန်ချလိုက်ရင် ပုံမှန်ပြန်ဖြစ်သွားရော။ အရမ်းကြီးတော့မတက်လာဘူး၊ ဒီလိုဖြစ်လို့လည်း အစ်မအခွင့်ကောင်းယူလို့မရဘူး။ မိန်းမတွေရဲ့သဘောသဘာဝကိုက အရင်တုန်းငယ်သေးချိန်တော့ တစ်လုပ်စားလည်း နည်းနည်းပဲတက်ပေမယ့် အသက်ရလာတဲ့အချိန်မှာတော့ တက်တဲ့နှုန်းက မတူတော့ဘူး အဆတွေပိုများလာတယ်။ နောက်အခုခေတ်က ဖက်ရှင်ကလည်း အရေးကြီးတယ်။ အ၀တ်အစားဝတ်ရင် စကားပြောတယ်လေ။ လေ့ကျင့်ခန်းလုပ်တာကို မလုပ်နိုင်တဲ့အတွက် အစား အသောက်ကိုပဲ control လုပ်တယ်။ အင်္ကျီတွေဝတ်လိုက်လို့ နည်းနည်းကျပ်ပြီဆို အစ်မသိပြီ၊ အစားအသောက်ကို လျှော့လိုက်ပြီ။ အစာ အသောက်နဲ့ လျှော့တဲ့နေရာမှာလည်း အစ်မတွေ့တယ်။ တစ်ချို့တွေ စားနေရင်းနဲ့ ၀ုန်းဆိုပြီး ဖြတ်ချလိုက်တာ၊ အဖြတ်ကြမ်းတယ်လို့ ပြောရမယ်။ စိတ်လည်းထိခိုက်တယ် စားချင်တာကိုမစားရတဲ့အသိရှိတော့ ပင်ပန်းတယ်၊ ခန္ဓာကိုယ်အားဖြင့်လည်း ချိနဲ့စေတယ်။ ပိန်သွား ပေမယ့် စားလိုက်တဲ့အခါကျတော့ ချက်ချင်းကြီးပြန်တက်လာတယ်။ အစ်မဆိုအကုန်စားတယ် ၀က်သားလည်းစားတယ် အဆီလည်းစား တယ်၊ ဒါပေမဲ့ စားတဲ့အချိုးကိုတော့ ညီမျှအောင်စားတယ်။ ထမင်းကိုပဲနည်းနည်းပဲစား အရွက်အသားကိုလည်း နည်းနည်းစီပေါ့။ အဲ့လို မဟုတ်ပဲ အရွက်ကြီးပဲစားမယ်ဆိုပြီး လျှော့ပစ်လိုက်တော့ အချကြမ်းကုန်တာ။ နည်းနည်းပြည့်လာရင် အစ်မနည်းနည်း လျှော့လိုက်ရင်ရ ပြီ၊ အလွန်အကျွံ မဖြစ်ဘူး။ ကိုယ်ကလည်းအစားနည်းတာ ဖြစ်မယ်၊ ၃-၄ ရက်လောက် အစားလျှော့လိုက်ရင်ရတော့ ကံကောင်း တယ်လို့တော့ ပြောရမယ်။ နောက်ဆိုရင်တော့ တက်လာမလား မပြောတတ်ဘူးပေါ့နော်”

“လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ပိန်ဖို့ဝဖို့ဆိုတာထက် ကိုယ့်ရဲ့ကျန်းမာရေးအတွက် လုပ်တာဖြစ်လို့ကောင်းတာကို အစ်မ လက်ခံ တယ်။ ဘာလို့ဆိုတော့ အစ်မတစ်နေရာရာသွားပြီဆို စိတ်ရှိလို့သာသွားလာနေတာ၊ တကယ်တမ်း သူများနဲ့ယှဉ်ပြီဆိုလို့ရှိရင် အမောမခံ နိုင်ဘူး ဒါဟာလေ့ကျင့်ခန်းမရှိလို့ပေါ့။ အမောမြန်တယ်၊ အကြောတွေအရမ်းတက်တယ်၊ အလကားနေရင်း ကွန်ပျူတာရှေ့ အထိုင်များ သွားတာနဲ့ ဇက်ကြောတွေထိုးလာတယ်။ မေမေကတော့ပြောပြတယ် သူလည်းလုပ်နေတာပဲ သူကျတော့ဘာမှမဖြစ်ဘူး၊ သူကနေ့တိုင်း လေ့ကျင့်ခန်းလုပ်တာကိုး။ စက်ပေါ်မှာလုပ်တာမျိုး မဟုတ်ဘူးနော် သူ့ဘာသာသူ Free Hand လေးပဲလုပ်တာ၊ နိုင်သလောက် လေးပဲလုပ်တာ။ ၀ိတ်တုံးလေးဆိုလည်း မေမေက နိုင်သလောက်လေးကို မနေတာပဲ၊ ခါးနာလို့ဒါမှမဟုတ် ခရီးသွားလို့ ရပ်လိုက်တာ မျိုးပဲရှိတယ် မဟုတ်ရင် နေ့တိုင်းလုပ်နေတာပဲ၊ အစ်မကိုပြောလို့ မရရင်တော့ဆူရော။ တကယ်လည်းဟုတ်တယ် မေမေက ကိုယ့်ထက်ကို အမောခံနိုင်တယ် လုပ်နိုင်တယ် သိသာတယ်။ တစ်နေ့ကို (၁၅)မိနစ်လေးပဲ လုပ်ပါလို့လည်း အမြဲပြောတယ်”

“အခုအချိန်ရဲ့ဖက်ရှင်က ပိန်ကပ်နေတာဆိုတော့ ကိုယ့်ဘာသာကိုယ်ဝချင်မှလည်း ၀နေမယ်၊ ဒါပေမဲ့ ပိန်ပိန်လေးဖြစ်ချင်တော့ ခန္ဓာ ကိုယ်ကလည်း မလိုက်နိုင်တဲ့အခါကျတော့ ပိန်ဆေးတွေသုံးမယ် အခြားသောနည်းတွေ အဆီတွေထုတ်မယ်။ တကယ်တမ်း ပိန်သွား ပေမယ့် ဆိုးကျိုးတော့ရှိမှာပဲ။ အကောင်းဆုံးကတော့ အစားနဲ့ချရင်ချ မဟုတ်ရင် လေ့ကျင့်ခန်းနဲ့ချ။ ဒါကလူကိုဘေးဥပါဒ်လည်း မဖြစ် စေတဲ့အပြင် မှန်ကန်တဲ့ဝိတ်ချမှုလည်းဖြစ်တော့ ကိုယ့်ခန္ဓာကိုယ်ကို နှိပ်စက်ရာမရောက်ဖူးပေါ့။ ဒါပေမယ့် အချိန်တော့လိုတာပေါ့နော်။ အခုကျတော့ ဖြတ်လမ်းနည်းတွေသုံးပြီး အချိန်မစောင့်နိုင်တော့၊ အာမခံချက်တွေလည်း ပေးတယ်ဆိုတော့ အတိုင်းအတာတစ်ခု အထိ တော့ကောင်းပါလိမ့်မယ်။ ဒါပေမယ့် လူတွေက ကျန်းမာရေးကိုမကြည့်တော့ဘူး၊ လှဖို့ပဲကြည့်တော့တယ်။ ကျန်းမာစွာ လှတာကပို ကောင်းပါတယ်လို့ အစ်မကတော့ ပြောချင်တယ်”

“ယဉ်ကျေးမှုအရကို အစ်မတို့အစားအသောက်တွေထဲမှာ ၀စေတာတွေ အများကြီးပါတယ်။ ဥရောပကအမျိုးသမီးတွေဆိုလည်း စား တာပဲ။ ဒါပေမယ့် စားတာချင်းအတူတူ ထိန်းဖို့လိုတာပေါ့။ အစ်မတို့ မြန်မာအမျိုးသမီးတွေက ထမင်းဟင်းကိုကြိုက်ပြီဆို မနက် (၁)ခါ၊ နေ့လည်(၁)ခါ၊ ည(၁) ခါစားတော့ အဆီတွေ အခေါက်တွေ ထွက်လာေ ရာ။ နိုင်ငံခြားကအမျိုးသမီးတွေ ဆို ရုံးသွားရင် လမ်းလျှောက်၊ အိမ် အလုပ်ကို တစ်ယောက်ထဲ လုပ်ကြတယ်။ ဒီမှာ ကျတော့ ကိုယ့်အိမ်မှာကူဖော်လောင်ဖက်တွေရှိတော့ တစ်နေ့တစ်နေ့ဘာမှမလုပ်ပဲ ချက် မယ်၊ စားမယ်၊ သွားမယ်၊ လာမယ်ပဲပေါ့။ ဒီအစား အသောက်တွေမှာလည်း အဆီအနှစ်တွေ များတယ်။ နေ့တိုင်းစားတဲ့ အစားအသောက် က ရှောင်လို့မရတဲ့ဟာ ဖြစ်နေတယ်။ အစ်မတို့မြန်မာတွေကကို ထမင်းကိုကြိုက်တာ ဖြစ်နေတာ။ အကြော်အခြောက်ထက် ဆီပြန်ကိုပဲ နှစ်သက်ကြတယ်။ ငယ်တုန်းကတော့မသိသာပေမယ့် အသက်(၃၀)ကျော်လာလို့ ပြန်တွေ့တဲ့အခါ ၀နေတာမျိုးတွေ့ရတယ်။ ဒီလိုဖြစ် တော့လည်း မစားတော့ဘူး ရေပဲသောက်တော့မယ်ဆိုပြီး လုပ်လို့လည်းမရဘူး။ အစ်မပြောခဲ့သလိုပေါ့ ဇွဲရှိရမယ် လေ့ကျင့်ခန်းလုပ်ရမယ်”

“ထမင်းစားလို့ရှိရင် မ၀တ၀အချိန်မှာ ရပ်လိုက်တာအကောင်းဆုံးလို့ တစ်ချို့ကပြောကြတယ်။ အစ်မတို့စားနေရင်းနဲ့ ၀တာလား မ၀တာလား ဖြစ်နေတာမျိုးရှိတယ်လေ၊ ထပ်စားလိုက်ရင် ကောင်းမယ်ဆိုပြီး ထပ်ယူကြတယ်။ အဲ့လိုအချိန်မျိုးဆို စားရင်းစားရင်းနဲ့ နောက်နေ့တွေလည်း ထပ်ထပ်စားရင်း အူကကျယ်လာရော။ ထမင်းစားလို့ရှိရင် မ၀တ၀အချိန်မှာရပ်ကြည့်၊ နောက်နေ့ဆိုလည်း အဲ့လို အချိန်ဆိုရပ်မိသွားရော။ ပြည့်ကားအောင်စားရင် နောက်နေ့နောက်နေ့တွေလည်း ပြည့်ကားအောင်စားမိရော။ ထပ်ယူပါအုံးဆို မယူ တော့ပါဘူးဆိုပြီး စားချင်တဲ့စိတ်ကို အနိုင်မပေးပါနဲ့လို့”

“သဘာဝတရားအရကိုက အမျိုးသားနဲ့အမျိုးသမီးမှာ အမျိုးသမီးဆိုရင် လှနေမှသပ်သပ်ရပ်ရပ်နေမှ ကြည့်ချင်ကြတယ်။ မသံသာ အတွက်ကတော့အလှအပက ပိုအရေးကြီးတယ်၊ ကိုယ်ကလှလှပပလေးပြင်ဆင်ပြီး မှန်ထဲကြည့်လိုက်ရတာကိုက စိတ်ချမ်းသာတယ်။ အသက်လည်းရှည်စေတယ်။ လှတဲ့ကောင်မလေးကိုကြည့်ရင်လည်း ဟယ်..လှလိုက်တာဆိုပြီး စိတ်ချမ်းသာသလို ကိုယ့်ကိုကြည့်ရင် လည်း လှလှလေးပဲဖြစ်ချင်တယ်။ အိမ်ထောင်ကျသွားတာနဲ့ မဆိုင်ဘူး၊ ဒါက အမျိုးသမီးတစ်ယောက်ရဲ့တာဝန်ပဲ။ မလုပ်ပဲပစ်ပစ်ထားလေ မှိုင်လေပုံကဆိုးလေ၊ လောကကြီးနဲ့ အဆက်အသွယ်ပြတ်လေဖြစ်မှာ။ လှလှပပကျန်းမာတဲ့ပုံစံလေးဆို မြင်ရတဲ့သူလည်း စိတ်ချမ်းသာသ လို ကိုယ်လည်းစိတ်ချမ်းသာတယ်၊ အ၀တ်အစားပြင်ဆင်တာကို အသားရေရဲ့ပြင်ဆင်မှုထက်ပိုဦးစားပေးတာကို အခုခေတ်မှာ တွေ့ရ တယ်၊ ဒါက ငယ်တုန်းကိစ္စမရှိပေမယ့် အသက်ကြီးလာတဲ့အခါကျတော့ ကိုယ်နေ့စဉ်လုပ်တဲ့ဟာကိုယ်ပဲ ပြန်ခံရမှာ။ ကိုယ်မထိန်းသိမ်း ခဲ့ရင်လည်း ဆိုးကျိုးကိုယ်ပဲခံရမှာပဲ။ အသက်တူတဲ့လူ(၂)ယောက်ပဲ၊ တစ်ချိန်ချိန်မှာ ပြန်တွေ့တဲ့အခါကျရင် တစ်ယောက်ကလှနေမယ် တစ်ယောက်ကမလှဘူးဆိုတာ သူတို့ထိန်းသိမ်းခဲ့တာကို ပြန်ခံစားရတာပဲ”