Primary tabs

ဗောက်တွေကင်းစင်ပြုံးပျော်ရွှင်ဖို့...

ဆောင်းကာလရောက်လာပြီဆိုတာနဲ့ ထကြွလာတဲ့ဗောက်တွေကြောင့် စိတ်ညစ်ရပါပြီ။ ဒါဟာ ပြဿနာကြီးလို့ မဆိုသာပေမဲ့လည်း ပြဿနာသေးသေးလေးလိုလည်း ပစ်ထားလို့မရနိုင်ပြန်ဘူး။ ထကြွနေတဲ့ဗောက်တွေကို အပြတ်ရှင်းနှိမ်နင်းနိုင် မယ့်နည်းလမ်းတွေတော့ ကြံဆရပါလိမ့်မယ်။ 

အကယ်၍ Anti Dandruff Shampoo တွေ၊ Dandruff Free Shampoo တွေကို အသုံးပြုပြီးတဲ့နောက်မှာတောင် သူတို့က ကိုယ့်ခေါင်းပေါ်မှာ ဆက်လက်တပ်စွဲချင်နေတုန်းပဲဆိုရင်တော့ အောက်ပါ အိမ်တွင်းကုထုံးနည်းလမ်းတွေကို သုံးပြီး အပြတ်ရှင်းထုတ် အမြစ်ဖြုတ်လိုက်ပါတော့နော်။

သံပရိုရည် 
သံပရိုသီးမှာ ပါဝင်နေတဲ့ သဘာဝအက်ဆစ် ဓာတ်ဟာ ဦးရေပြားပေါ်မှာ ဗောက်ဖြစ်ခြင်းကို ကာကွယ် ကုသပေးနိုင်ပါတယ်။ 

ပြုလုပ်နည်း 
သံပရိုရည် - လက်ဖက်ရည်ဇွန်း ၄ ဇွန်းစာ
သံပရိုရည်ကို ဦးရေရင်းမြစ်အနှံ့ သုတ်လိမ်း ပြီး မိနစ် ၃ဝ ခန့်ထားပါ။ 
အချိန်စေ့တဲ့အခါ ခေါင်းလျှော်ရည် အပျော့ စားသုံးပြီး လျှော်ပေးပါ။

သံလွင်ဆီနဲ့တမာရွက်
တမာရွက်ဟာ ပိုးသေစေတဲ့ အစွမ်းရှိသလို ဗောက်ထခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။ သံလွင်ဆီမှာတော့ ဗီတာမင်အီးနဲ့ အင်တီအောက် စီးဒင့်ကြွယ်ဝတဲ့အတွက် ဆံနွယ်တွေ ကျန်းမာသန် စွမ်းဖို့ကို အားဖြစ်စေပါတယ်။

ပြုလုပ်နည်း
သံလွင်ဆီ - စားပွဲဇွန်း ၄ ဇွန်း
တမာရွက် - လိုသလောက်ထည့်ပါ (တမာရွက်ကို ထောင်း သို့ ကြိတ်လိုက်ပါ)
တမာရွက်ကို အခြောက်ခံပြီးမှ အမှုန့်ထောင်းလို့လည်း အဆင်ပြေပါတယ်။ 
သံလွင်ဆီထဲကို တမာရွက်ထောင်း ရောမွှေပြီး ဦးရေပြားထဲစိမ့်ဝင်အောင်လိမ်းထားပါ။
မိနစ် ၃ဝ ခန့်ထားပြီးတဲ့အခါ ခေါင်းလျှော်ရည် အပျော့စားသုံးပြီး လျှော်ပေးပါ။

ရှားစောင်းလတ်ပတ်
ဆံပင်နဲ့အသားအရေအတွက် အစွမ်းတွေ အများကြီးထက်တဲ့ ရှားစောင်းလက်ပတ်နည်းနဲ့လည်း ဗောက်တွေကို အပြတ်ရှင်း နှိမ်နင်းနိုင်ပါတယ်။ ရှားဇောင်းလက်ပတ်ဟာ ဦးရေပြား မှိုပိုး
ကြောင့် ဗောက်ဖြစ်တာကိုပါ တိုက်ဖျက်ပေးနိုင်သလို ဆံနွယ်တွေကိုလည်း သန်စွမ်းစေပါတယ်။

ပြုလုပ်နည်း
ရှားစောင်းလက်ပတ်ဂျယ်လီ - စားပွဲဇွန်း ၂ ဇွန်း
ရှားစောင်းလက်ပတ်ပင်ထဲက ဂျယ်လီလေးတွေကို နှစ်ဇွန်းစာမောက်မောက်ရအောင် ထုတ်ယူပြီး ဦးရေပြားပေါ်မှာ သုတ်လိမ်းပေးထားရုံပါပဲ။ 
မိနစ် ၃ဝ ခန့်ထားထားတဲ့အခါ ခြောက်လာပါလိမ့်မယ်။ အဲ့နောက်မှာမှ ခေါင်းလျှော်ရည် အပျော့စားသုံးပြီး လျှော်ချလိုက်ပါ။

ကြက်ဥ
ကြက်ဥနည်းမှာတော့ ကြက်ဥအနှစ်ကို အသုံးပြုရပါမယ်။ ကြက်ဥညှီနံ့ခံနိုင်သူတွေသာ ဒီနည်းကိုပြုလုပ်သင့်ပါတယ်။ ကြက်ဥနှစ်မှာ ဗောက်တွေကိုသေစေတဲ့အပြင် ဗီတာမင်နဲ့ သတ္တု ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် ဦးရေကိုစိုပြေ၊ ဆံပင်တွေကိုသန်စွမ်းစေပါတယ်။

ပြုလုပ်နည်း
ကြက်ဥ - နှစ်လုံး (အနှစ်ကိုသာယူပါ)
ကြက်ဥနှစ်လေးနှစ်လုံးကို ပန်းကန်တစ်လုံးမှာ ကျေအောင်မွှေခေါက်ပြီး ဦးရေအနှံ့သုတ်လိမ်းပေးပါ။
မိနစ် ၃ဝ ခန့်ထားပြီးတဲ့အခါ ခေါင်းလျှော်ရည် အပျော့စားသုံးပြီး လျှော်ပေးပါ။

လက်ဖက်စိမ်း
လက်ဖက်စိမ်းအဆီကို အသုံးပြုရမှာပါ။ သူမှာ အသားအရေထိခိုက်ရောင်ရမ်းခြင်းကို ကာကွယ်နိုင်စွမ်းရှိသလို  ဦးရေပြားအတွင်းပိုင်းအထိ ထိရောက်စွာ စိမ့်ဝင်နိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။

ပြုလုပ်နည်း
လက်ဖက်စိမ်းအဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်းမှ ၂ ဇွန်း
ခေါင်းလျှော်တဲ့အခါတိုင်း ပုံမှန်လျှော်နေကျ ခေါင်းလျှော်ရည်ထဲမှာ လက်ဖက်စိမ်းအဆီကို ရောမွှေထည့်ပြီး ပုံမှန်အတိုင်း လျှော်ပေးရုံပဲ ဖြစ်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါရဲ့အစွမ်းကတော့ ဦးရေပြားပေါ်ကဆဲလ်အသေတွေကို ဖယ်ရှားရှင်းလင်း
ပစ်ပြီး ဗောက်ဖြစ်စေတဲ့ မှိုပိုးကို ရှင်းထုတ်ပေးနိုင်တာပါ။ မုန့်ဖုတ်ကို သုံးတဲ့အခါ ဆံပင်နဲ့ ဦးရေပြားမှာ ဆီမလိမ်းထားမိဖို့တော့လိုပါတယ်။

ပြုလုပ်နည်း
မုန့်ဖုတ်ဆော်ဒါ - စားပွဲဇွန်း ၂ ဇွန်း
ဆံပင်ကို ရေနဲ့အရင်လျှော်ပြီး မုန့်ဖုတ်ဆော်ဒါကို ဦးရေအနှံ့ပွတ်တိုက်ပေးပါ။ မိနစ်အနည်းငယ်ကြာမျှထားပြီး ခေါင်းလျှော်ရည် အပျော့စားနဲ့ လျှော်ပေးပါ။
နောက်တစ်နည်းအနေနဲ့ ပုံမှန်လျှော်နေကျ ခေါင်းလျှော်ရည်ထဲမှာ မုန့်ဖုတ်ဆော်ဒါကို ရောထည့်ပြီးလည်း လျှော်နိုင်ပါတယ်။

အုန်းဆီ
အုန်းဆီဟာ ဦးရေအတွင်းပိုင်းထဲသို့ ထိရောက်စိမ့်ဝင်နိုင်စွမ်းရှိပြီး ဆံပင်အမြစ် အိတ်တွေကို အဆီပြည့်ဝသန်စွမ်းစေသလို သံပရိုရဲ့ ဂုဏ်သတ္တိကလည်း အထက်မှာသိရှိခဲ့ပြီး ဖြစ်တဲ့
အတိုင်း ဗောက်ဖြစ်ခြင်းကို ကာကွယ်တားဆီးနိုင်တဲ့အတွက် ဒီနှစ်မျိုးကို တွဲစပ်အသုံးပြုပြီး ဦးရေကို နှိပ်နယ်ပေးနိုင်ပါတယ်။

ပြုလုပ်နည်း
အုန်းဆီ - စားပွဲဇွန်း ၂ ဇွန်း
သံပရိုရည် - စားပွဲဇွန်း ၂ ဇွန်း
အုန်းဆီကိုအပူပေးပြီး သံပရိုရည်ကို အုန်းဆီထဲ ရောမွှေထည့်လိုက်ပါ။
ဦးရေပြားအနှံ့ သုတ်လိမ်းရင်း ညင်သာစွာ နှိပ်နယ်ပေးပါ။
မိနစ် ၂ဝ အကြာမှာတော့ ခေါင်းလျှော်ရည် အပျော့စားနဲ့ လျှော်ချလိုက်လို့ရပါပြီ။

ဒိန်ချဉ်
ဒိန်ချဉ်က ဆံပင်တွေကိုတောက်ပြောင် ပျော့ပျောင်းစေရုံသာမက ဗောက်ဖြစ်စေတဲ့ မှိုပိုးတွေကို 
လည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ပိုမိုထိရောက်မှုရှိသွားအောင် သံပရိုရည်ကိုပါ ပေါင်းစပ်လိုက် ကြတာပေါ့။

ပြုလုပ်နည်း 
ဒိန်ချဉ် - စားပွဲဇွန်း ၂ ဇွန်း
သံပုရိုရည် - အနည်းငယ်
ပန်းကန်တစ်လုံးထဲမှာ ဒိန်ချဉ်နဲ့ သံပုရို ရည်ကို သမအောင်ရောမွှေပါ။ 
ဦးရေပြားအနှံ့သုတ်လိမ်းပြီး မိနစ် ၃ဝ ကြာ ထားပါ။
ခေါင်းလျှော်ရည်အပျော့စားသုံးပြီး လျှော်ပေးပါ။

မြေစေး
ဒီနည်းလမ်းလေးကတော့ ပြုလုပ်သူရှားမယ် ထင်ပါတယ်။ အလှအပနည်းလမ်းတွေမှာ သဘာဝမြေကြီးကို အသုံးပြုကြတာ နိုင်ငံတကာမှာ ရှေး ခေတ်အဆက်ဆက်ကပင် ခေတ်စားခဲ့ပါတယ်။ အလှအပအတွက် အသင့်အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတဲ့ မြေစေးထုတ်ကုန်တွေလည်း ဈေးကွက်မှာ ရရှိနိုင်ပါတယ်။ အထက်က ဖော်ပြခဲ့တဲ့နည်းတွေထက်စာရင် ကရိကထများနိုင်ဖွယ် ရှိပေမဲ့လည်း ဗဟုသုတအနေနဲ့ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ 
မြေစေးဟာ ဦးခေါင်းကို အေးမြစေပြီး ဦးရေပြားပေါ်က အဆီပိုတွေကို ဖယ်ရှားပေးခြင်းဖြင့်  အဆီပြန်ခြင်းကို သက်သာစေသလို ယားယံခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ပြုလုပ်နည်း
မြေစေး - စားပွဲဇွန်း ၂ ဇွန်း
သံပရိုရည် - အနည်းငယ်
ရေ - အနည်းငယ်
မြေစေးနဲ့ပါဝင်ပစ္စည်းတွေကို ရောသမမွှေပါ။ 
အဲဒါကို ဦးရေနဲ့ဆံပင်ပါမကျန် ပေါင်းတင်သလို သုံးပါ။ 
မိနစ် ၃ဝ ခန့်ထားထားတဲ့အခါ ခြောက်လာပါလိမ့်မယ်။ အဲ့နောက်မှာမှ ခေါင်းလျှော်ရည် အပျော့စားသုံးပြီး လျှော်ချလိုက်ပါ။

ဒီနည်းလမ်းလေးတွေကို တစ်ပတ်မှာ နှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။ ဦးရေပြားခြောက်သွေ့မှုနဲ့ ဦးရေပြားမှိုပိုးကြောင့်ဖြစ်တဲ့ ဗောက်အပြင် ခေါင်းလျှော်တဲ့အခါ ရှန်ပူနဲ့ ပျော့ဆေးတွေကို ပြောင်စင်အောင် မလျှော်မိတာကြောင့်လည်း ဗောက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါတိုင်း သေချာစေ့စပ်စွာ ရေပြန်လည်ဆေးချပေးဖို့ သတိလေးပေးရင်း ဗောက်ကင်းစင်ပြီး တောက်ပစိုပြေတဲ့ ဆံကေသာအလှပိုင်ရှင်များ ဖြစ်နိုင်ကြစေဖို့ ဆန္ဒပြုရေးသားလိုက်ပါတယ်ရှင်။