Primary tabs

ရာသီအေးအေး ရေနွေးနွေး နဲ့ အသားလေးလှစေ…

ဆောင်းအေးအေးမှာ ရေနွေးနွေးလေးသုံးပြီး အသားအရေလေး စိုပြေလှပနိုင်မယ့် နည်းလေးပေးမယ်ဆို စာဖတ်ပရိသတ်များ စိတ်ဝင်စားကြလိမ့်မယ် မျှော်လင့်ပါတယ်ရှင့်…။ 
စာရေးသူတို့ အရပ်ဒေသမှာက တစ်နှစ်ပတ်လုံး နေရောင်ခြည်အများအပြားရရှိပြီး အပူဓာတ် ကို ခံစားရလေ့ရှိတာဆိုတော့ ရေပူပူထက် ရေအေးအေးလေးသောက်ဖို့ သုံးဖို့ကို ပိုမို အာသီသရှိကြပါတယ်။  ရေပူ ရေအေးနှစ်မျိုးလုံးဟာလည်း ကျန်းမာရေးကိုရော အသားအရေအတွက်ကိုပါ သူ့အစွမ်းသတ္တိနဲ့သူ အကျိုးပြုနိုင်ပါတယ်။ ခုလို အအေးဓာတ်ပိုကဲတဲ့ ရာသီမျိုးကတော့ ရေပူ ရေနွေးလေးနဲ့ ပိုမိုလိုက်ဖက်တာမို့ ရေပူရေနွေးရဲ့အသုံးဝင် အကျိုးရှိပုံလေးတွေကို လေ့လာရေးသား တင်ဆက်လိုက်ပါတယ်။

အသားလှဖို့ ရေနွေးနွေးလေးသောက်ပါ
ဈေးကြီးတဲ့မိတ်ကပ်တွေ ၀ယ်ယူသုံးစွဲနေမယ့်အစား ဒီလိုရိုးစင်းတဲ့ နည်းလမ်းကို အသုံးပြုပြီး ကျန်းမာတောက်ပတဲ့အသားအရေကို ရရှိအောင် သဘာဝအတိုင်း ကုသမှုလေးဆောင် ရွက်ကြရအောင်…။ ပထမဆုံးအနေနဲ့ တစ်နေ့ကို ရေနွေးတစ်ခွက် ပုံမှန်သောက်သုံးပေးခြင်းဖြင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ပြီး အသားအရေကို အံ့သြဖွယ်ကောင်းလောက်အောင် နုပျိုလာစေမှာဖြစ်ပါတယ်။  

အဲလောက်တောင်လွယ်လားလို့ တွေးမိကောင်း တွေးမိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလွယ်ကုမှု လေးကို ပြုလုပ်ဖို့အတွက်တောင် ကျွန်ုပ်တို့ နေ့စဉ်မှန်မှန်သတိမရကြတာကတော့ အခက်ဆုံးပါပဲ။ ရေရှည်မှာ ကောင်းကျိုးရလဒ်ကို ခံစားရတဲ့ သဘာဝ
နည်းလမ်းမို့  စိတ်ရှည်ဇွဲသန်စွာနဲ့ ပုံမှန်အကျင့်လုပ်ပေးဖို့တော့ ကြိုးစားရမှာပါ။ 

အရွယ်တင်နုပျိုစေမယ်
ရေနွေးသောက်ပေးခြင်းဟာ အသားအရေကို ဘယ်လိုကောင်းမွန်လာစေသလဲဆိုရင် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ရေဆေးချပေးပြီး အရေပြားပေါ်ကဆဲလ်တွေကို ပြုပြင်ပေးသလို  အရေပြားရဲ့ ဆန့်ကျုံ့သတ္တိကို တိုးစေတဲ့အ  တွက် ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ကျန်းမာသန်စွမ်းလာစေပြီး ပါးရေတွန့်ခြင်း အရေးအကြောင်းများထင်ရှားဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်မှာဖြစ်တဲ့အတွက် အရွယ်တင်နုပျိုစေပါတယ်။

နှင်းဆီရောင်သန်းတဲ့ အသားလေးဖြစ်စေမယ်
ရေနွေးမှန်မှန်သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကို နွေးထွေးစေပြီး ရေဓာတ်ကိုလည်း ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးလှည့်ပတ်မှုကောင်းမွန်စေတဲ့အတွက် ပန်းသွေးရောင်သန်းတဲ့ အသားလေးဖြစ်ဖို့ ကူညီနိုင်သလို ခြောက်သွေ့ပြီး အဖတ်လန်ကွာကျတတ်တဲ့ အသားအရေမျိုးအတွက်လည်း ရေနွေးသောက်ပေးခြင်းဟာ တကယ့်ကို အသုံးဝင်လှတာကို တွေ့ ရမှာပါ။

ပိုးမွှားကူးစက်မှုတွေကို ဟန့်တားနိုင်တယ်
မျက်နှာနဲ့ အသားအရေပေါ်မှာ ဖြစ်တတ်တဲ့ ၀က်ခြံတွေ၊ နီမြန်းယားယံခြင်းတွေ စတဲ့ အသားအရေနဲ့ပတ်သတ်ပြီး ဖရိုဖရဲဖြစ်ရတဲ့ ပြဿနာတွေကိုလည်း နေ့စဉ်ရေနွေးမှန်မှန် သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းကို သန့်စင်စေပြီး ဖယ်ထုတ်ရှင်း လင်းသွားနိုင်ပါတယ်။ 

ဆံသားလေးတွေလည်း လှစေမယ်
ဆံပင်မှာ ရေဓာတ် နှစ်ဆယ့်ငါးရာခိုင်နှုန်းနီးပါး ပါဝင်ဖွဲ့စည်းထားတယ်လို့ သက်ဆိုင်ရာ ပညာရှင်တွေက ဆိုထားပါတယ်။ ဒါ့ကြောင့် ရေသောက်သုံးပေးမှုဟာ ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်စုတွေ ဖြစ်စေဖို့ အရေးပါတဲ့ အချက်လည်း ဖြစ်ပါတယ်။ 
ရေနွေးသောက်သုံးပေးခြင်းဖြင့် ဆံပင်အတွက် ဆဲလ်တွေကို အားဖြည့်ပေးရာရောက်ပြီး ဆံနွယ်စုတွေ သန်စွမ်းရှည်လျား တောက်ပြောင်စို ပြေနေစေဖို့ အဓိကရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဦးရေပြားကို ရေဓာတ်ပြည့်ဝစေတဲ့အတွက် ဘောက်ဖြစ်ခြင်းမှ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

တစ်ကိုယ်လုံး လှပကျန်းမာစေမယ်
ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ လူတစ်ယောက်ဟာ တစ်နေ့မှာ ရေ (၈)ဖန်ခွက်ခန့် အနည်းဆုံးသောက်သုံးပေးဖို့ လိုအပ်တယ်ဆိုတာကို စာတွေထဲမှာ ကျွန်ုပ်တို့ မကြာခဏ တွေ့မြင်လေ့လာမှတ်သားဖူးပြီးဖြစ်ပါတယ်။  ရေအေးဖြစ်စေ ရေနွေးဖြစ်စေ မိမိအာသီသရှိရာကို သောက်သုံးနိုင်ပြီး သုတေသနပြုချက်တွေအရ ရေနွေးသောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ သီးသန့်အကျိုးကျေးဇူးတွေရှိနေပါတယ်။ ဆံပင်နဲ့ အသားအရေအတွက် ထိရောက်တဲ့အကျိုးသက်ရောက်မှုတွေကိုလည်း အထက်မှာဖော်ပြခဲ့ပြီးဖြစ်သလို ကျန်းမာရေးကောင်းကျိုးများစွာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

ကိုယ်တွင်းအဆိပ်အတောက်တွေ ဖယ်ရှားမယ်
ရေနွေးသောက်ပေးခြင်းဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေရှင်းပြီး သန့်စင်ကြည်လင်စေဖို့ အခြေခံအကျဆုံး အဆိပ်ထုတ်နည်း ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း နံနက်စောစောအိပ်ရာထချိန်နဲ့ ညမအိပ်ခင်မှာ ရေနွေးသောက်တဲ့ အကျင့်ကို မွေးမြူပေးမယ်ဆိုရင် အူလမ်းကြောင်းကို သန့်ရှင်းစေပြီး အစာမကြေဖြစ်ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ရေနွေးပူပူလေးသောက်လိုက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းမှာ ပူနွေးသွားပြီး ချွေးထွက်လာစေတဲ့အတွက် လေးလံညောင်းညာခြင်းတွေကင်းပြီး သွက်လက်ပေါ့ပါးမှုကို ခံစားရမှာဖြစ်ပါတယ်။ အဲဒီလို အကောင်းဆုံးရလဒ်ကို ခံစားနိုင်ဖို့အတွက် ရေနွေးပူတစ်ခွက်မှာ ရှောက်သီးတစ်စိတ်ခန့်ညှစ်ထည့်ပြီး ပျားရည်အနည်းငယ်ရောမွှေသောက်သုံးပေးဖို့ အကြံပြုချင်ပါတယ်။

ခေါင်းခဲခြင်း ကင်းစေမယ်
ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဆိုတဲ့ စကားအတိုင်း ၀မ်းသွားခြင်းကို လွယ်ကူစေဖို့လည်း ကူညီပေးမှာဖြစ်ပါတယ်။  ခန္ဓာကိုယ်ထဲ ရေဓာတ်နည်းပါးတဲ့အခါမှာလည်း ၀မ်းချုပ်ခြင်း ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ ၀မ်းချုပ်တတ်သူတွေအနေနဲ့ ဒီပြဿနာကို ရေနွေးသောက်ပေးခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ နံနက်ခင်းတိုင်းမှာ ဘာအစားမှမစားမီ ရေနွေးတစ်ဖန်ခွက်ပြည့်ပြည့် ပုံမှန်သောက်သုံးပေး ဖို့ပဲဖြစ်ပါတယ်။ 

အစာစားပြီး ရေနွေးသောက်ပါ
အစာကို ကြေညက်စေဖို့အတွက်လည်း ရေနွေးသောက်ခြင်းက ကူညီနိုင်ပါတယ်။ လေ့လာတွေ့ရှိထုတ်ပြန်ချက်တွေအရ အစာစားပြီးပြီးချင်း ရေအေးချက်ချင်းသောက်ခြင်းကြောင့် မိမိစားသုံးလိုက်တဲ့ အစားအစာမှာပါဝင်နေတဲ့ အဆီတွေကို မကျေပျက်စေနိုင်ဘဲ အူတွင်းမှာ အဆီအဖြစ် စုပုံတင်ကျန်စေနိုင်ပါတယ်။ အဲဒီရဲ့အကျိုးဆက်ကတော့ အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ကင်ဆာကို ဖြစ်ပွားစေနိုင်တာပါ။ ဒါကြောင့် အစာစားပြီးတဲ့အခါ ရေအေးအစား ရေနွေးလေး သောက်သုံး
ပေးမယ်ဆိုရင် ကျန်းမာရေးပြဿနာတစ်ရပ်ကို ကြိုတင်ကာကွယ် ဖြေရှင်းပြီးသားဖြစ်နိုင်သလို အစာချေစနစ်ကိုလည်း ကောင်းစွာ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 

လှပသွယ်လျ ၀ိတ်ကျစေမယ်
သင့်ရဲ့ လက်ရှိကိုယ်အလေးချိန်ကနေ ပေါင်အနည်းငယ်လောက်ထပ်ကျသွားဖို့ ရည်မှန်းထားတယ်ဆိုရင်တော့ ရေနွေးပူပူလေးသောက်သုံးပေးဖို့ တိုက်တွန်းပါရစေ။ ရေနွေးပူပူသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း အစာချက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှုဖြစ်စဉ်တွေဖြစ်တဲ့ ဇီဝတွင်းဖြစ်ပျက်မှုကို ပိုမိုကောင်းမွန်စေပြီး  ကိုယ်တွင်းက အဆီပိုတွေကိုလည်း ဖြိုခွဲပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ၀ိတ်ကျစေဖို့ ရေနွေးပူပူသောက်သုံးခြင်းဟာ ကောင်းစွာအကူအညီပေးနိုင်တဲ့ ဖြေရှင်း
နည်းတစ်ခု ဖြစ်ပါတယ်။

နှာစေး ချောင်းဆိုးကို ကာကွယ်မယ်
အအေးမိ၊ လည်ချောင်းနာ၊ နှာရည်ယို၊ နှာပိတ်ခြင်းတွေအတွက်လည်း ရေနွေးပူပူသောက်သုံးခြင်းဟာ သဘာဝအတိုင်းကုသနိုင်တဲ့ ဆေးတစ်ခွက်ဖြစ်ပါတယ်။  ချွဲသလိပ်ပျော်စေပြီး  အသက်ရှူလမ်းကြောင်းကို လွယ်ကူစေအောင် ရှင်းလင်းပေးသလို လည်ချောင်းနာခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ 

သွေးလည်ပတ်မှု မှန်ကန်စေမယ်
ခန္ဓာကိုယ်တစ်ခုလုံး သွေးလှည့်ပတ်မှုကို ကောင်းမွန်မှန်ကန်စေပြီး အာရုံတွေကို ကြည်လင်စေတာဟာလည်း ရေနွေးသောက်သုံးခြင်းရဲ့ ကြီးမားတဲ့ အကျိုးကျေးဇူးတစ်ခု ဖြစ်ပါတယ်။ အထက်မှာဆိုခဲ့သလိုပဲ  ကိုယ်တွင်းကမလိုလားအပ်တဲ့အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တဲ့အတွက် သွေးထဲပိတ်ဆို့နေတဲ့ အဆီတွေကို ဖယ်ရှားပြီး အာရုံတွေလည်း ပိုမိုကြည်လင်လာစေတာ ဖြစ်ပါတယ်။

ဗိုက်မအောင့်ဖို့ ရေနွေးပူနဲ့ ကူပါ
အမျိုးသမီးများ ဓမ္မတာလာတဲ့အခါ ဖြစ်တတ်တဲ့ ဗိုက်အောင့်ခြင်းအတွက်လည်း ရေနွေးပူက ကူညီနိုင်ပါတယ်။  ရေနွေးပူပူထဲမှာ စမုံစပါးစေ့အနည်းငယ်ထည့်နှပ်ပြီး ဓမ္မတာလာစဉ်ကာလ အတွင်း သောက်သုံးပေးနိုင်ပါတယ်။ ရေနွေးပူဟာ
ဝမ်းဗိုက်ကြွက်သားတွေကို ပျော့ပျောင်းတည်ငြိမ်စေပြီး ကြွက်တက်ခြင်း၊ အကြောဆွဲခြင်းများကိုပါ ကုသပေးနိုင်မှာ ဖြစ်ပါတယ်။
ခုလို ရေနွေးပူပူသောက်သုံးခြင်းရဲ့ သီးခြား အကျိုးကျေးဇူးလေးတွေကို လေ့လာသိရှိပြီးနောက်  ခုလို ရာသီအေးအေး ဆောင်းတွင်းလေးမှာ ရေနွေးနွေးရဲ့ကောင်းကျိုးတွေကို ထုတ်ယူသုံးစွဲလိုက်ကြပါစို့နော်…။