Primary tabs

360 မလို... နဂိုနေစိုပြေ ချောမွတ်နေစေမယ့် လျှို့ဝှက်သော့ချက် (၉)

သုံးရာ့နဲ့ခြောက်ဆယ် Camera Effect တွေကို အသုံးပြုစရာမလိုတော့အောင် နဂိုနေစိုပြေ ဝင်းပချောမွတ်နေတဲ့ အသားအရေပိုင်ရှင်လေးဖြစ်စေဖို့ လျှို့ဝှက်နည်းလမ်းလေးတွေ အမှန်အကန်ရှိနေပါတယ်။

ဖွင့်ရမယ့် သော့ချက်လေးတွေကို သေချာစွာလေ့လာပြီး ကြိုးကြိုးစားစားဖွင့်နိုင်ဖိုပဲ လိုပါတယ်နော်။ မြန်မာအမျိုးသား၊ အမျိုးသမီးလေးတွေရဲ့ ရွှေရောင်တောက်ပတဲ့ အသားအရေအတွက် ရတနာမြေပုံလမ်းညွှန် သော့ချက်လေးတွေဆိုလည်း မမှားပါဘူး။

သော့ချက်လေးတွေကို တစ်ချက်ချင်း မှန်ကန်စွာဖွင့်လှစ်ရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပြည့်ဝနေစေမယ့် ရွှေရောင်နေ့ရက်လေးတွေကို ဖန်တီးလိုက်ကြပါတော့နော်။

သော့ချက် (၁) 
တစ်ရံမလပ် အမြဲတမ်း သေသေချာချာ ဂရုစိုက်ရမှာက မင်းရဲ့မျက်နှာလေး ခေါင်းအုံးပေါ် မရောက်မီတိုင်းမှာ လိမ်းကျံထားသမျှ မိတ်ကပ်၊ သနပ်ခါး၊ နှုတ်ခမ်းနီ အစရှိသည်တို့ကို တစ်စက်မကျန် သန့်စင်ဖယ်ရှားပေးရမှာပါ။ 

အသားအရေဟာ တစ်ညတာလုံးမှာ အသက်ရှူဖို့ လိုအပ်ပါတယ်။ မိတ်ကပ်ဟာ အသားအရေရဲ့ အသက်ရှူခြင်းကို အဟန့်အတားဖြစ်စေတဲ့အတွက် မိတ်ကပ်မဖျက်ဘဲ တစ်ညလုံးအိပ်လိုက်ခြင်းဟာ မျက်နှာပေါ်က မွေးညင်းပေါက်တွေကို ပိတ်
ဆို့ထားရာကျပြီး အမဲစက်တွေနဲ့ ဆားဝက်ခြံတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ 

ဒီ့အတွက် မိတ်ကပ်ဖျက်ဆေး မဝယ်ရသေးဘူးဆိုလည်း မစိုးရိမ်ပါနဲ့နော်။ ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးကို ဖော်ပြပေးပါမယ်။ ဂွမ်းဖတ်သန့်သန့်လေးမှာ သံလွင်ဆီလေး အနည်းငယ်ဆွတ်ပြီး မျက်နှာပြင်အနှံ့ညင်သာစွာ နှိပ်နယ်သုတ်လိမ်းပြီး အရေပြားပေါ်က မိတ်ကပ်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။ 

နောက်ထပ် အရေပြားအပေါ်ယံက ဆဲလ်သေတွေကို ဖယ်ရှားပြီး အတွင်းအလွှာအထိ ကျန်းမာတောက်ပတဲ့ အသားအရေဖြစ်စေမယ့် နည်း လမ်းကတော့ သစ်ကြားသီးအမှုန့်နဲ့ ဒိန်ချဉ်ကို ရောစပ်ပြီး တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် မျက်နှာကို ပေါင်းတင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ Antioxidant ကြွယ်ဝတဲ့ သစ်ကြားသီးဟာ အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားသန့်စင်နိုင်ပြီး တောက်ပတဲ့ အသားအရေဖြစ်စေဖို့ အားဖြည့်ပေးနိုင်ပါတယ်။

သော့ချက် (၂) 
နေရောင်ကာခရင်မ်ကို အသုံးပြုဖို့ မမေ့ပါနဲ့လို့ ဒီစာမျက်နှာလေးကနေ ထပ်လောင်း သတိပေးပါရစေ။ 

UVA နဲ့ UVB ရောင်ခြည်နှစ်မျိုး စလုံးကို ကာကွယ်နိုင်ဖို့ အနည်းဆုံး SPF 15 ပါဝင်တဲ့ Sunscreen ကို  အသုံးပြုရပါမယ်။ ဘဝတစ်လျှောက်လုံးမှာ နေရောင်ခြည်ရဲ့ သက်ရောက်မှုကြောင့် ဖြစ်ပေါ်ရတဲ့ အစက်အပြောက်တွေ၊ အရေး အကြောင်းတွေနဲ့ အခြားသော အရေပြားပြဿနာတွေကို မလွဲမသွေ ကြုံတွေ့ခံစားကြရပါတယ်။ ဒါကြောင့် အရေပြားအတွက် အရေးအကြီးဆုံး ကာကွယ်မှုအဖြစ် နေရောင်ကို အထူးသတိပြုရမှာပါ။

အကယ်၍ နေရောင်မထွက်ဘဲ မိုးအုံ့နေတယ်ဆိုရင်တောင် Sunscreen လိမ်းဖြစ်အောင် လိမ်းပါလို့ တိုက်တွန်းချင်ပါတယ်။ ခရီးထွက်မယ်၊ ကမ်းခြေလိုနေရာမျိုးကို သွားမယ်ဆိုရင်တော့ ကိုယ့်ခရီးစဉ် ရာသီဥတုအနေအထားပေါ်လိုက်ပြီး အနည်းဆုံး SPF 30 နဲ့အထက်ကိုသာ အပါသယ်ဆောင် အသုံးပြုလိုက်ပါတော့နော်။

သော့ချက် (၃) 
တစ်နေ့တစ်နေ့ မင်းဘာတွေစားသလဲ... 
မင်းစားတဲ့အထဲမှာ ဘယ်လိုဓာတ်တွေလို နေသလဲဆိုတာကို မင်းရဲ့အသားအရေက ပြောပြနေပါတယ်တဲ့။ 

ဒီတော့ ကိုယ့်အသားအရေလေး ပျက်စီးနေပြီဆို နိစ္စဓူဝ ကိုယ့်အစားအသောက် ပန်းကန်မှာ ဘာတွေပါဝင်ရမလဲ... ဘာတွေကို ဖယ်ထုတ်ရတော့မလဲဆိုတာ သေသေချာချာ စာရင်းဇယားလေးဆွဲကြည့်ဖို့လည်း လိုပါပြီနော်။ အသီးအနှံလတ်လတ်ဆတ်ဆတ်တွေရယ်၊ စိမ်းစိမ်းစိုစိုသဘာဝ အရောင်လေးတွေရယ်၊ လုံလောက်တဲ့ ပရိုတိန်းဓာတ်နဲ့ ဗီတာမင်တွေရယ်က ကျန်းမာလန်းဆန်းတဲ့ အသားအရေအတွက် နေ့စဉ်နေ့တိုင်း မျှမျှတတ ပါဝင်နေရမှာ ဖြစ်ပါတယ်။

သင်ဟာအဆီတက်မှာ ကြောက်သူမို့ ဗီတာမင်စီ များများစားပြီး အချိုသကြားရှောင်လွန်းတယ်ဆိုပါစို့။ ဗီတာမင်စီဟာ အဆီကျသွယ်လျစေသလို သကြားဟာလည်း အသားအရေကို ဝင်းပစေတဲ့ အာနိသင်ရှိတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ ဒါ့ကြောင့် သွေးထဲမှာ သကြားဓာတ်နည်းပြီး ကျန်းမာရေးကိုလည်း မထိခိုက်ရလေအောင် အသားအရေလှပမှုကိုလည်း ထိန်းသိမ်းနိုင်အောင် ဟန်ချက်ညီညီစားသောက်ပေးနိုင်ဖို့လည်း သတိပြုရမှာ ဖြစ်ပါတယ်။

ကိုယ့်အသားအရေ ထိခိုက်ပျက်စီးမှု ရှိနေချိန်မှာ သေချာပေါက်ရှောင်သင့်တဲ့ အစားအစာတွေကတော့ အပူအစပ်နဲ့ ချဉ်ဖတ်လို့ပြောရမယ့် အချဉ်ဖောက်၊ အချဉ်တည်ထားတဲ့ အစားအစာ တွေ၊ ဆားငံလွန်ကဲအရသာတွေနဲ့ ဆီကြော်စာ တွေဖြစ်ပါတယ်။

သော့ချက် (၄) 
ချွေးထုတ်ဖို့ သတိရပါ။ ဒီတစ်ချက်ဟာလည်း အသားအရေ လှပမှုအတွက် သိပ်ကို အရေးကြီးပါတယ်။ 

အထူးသဖြင့် နိစ္စဓူဝ အဲကွန်းအပြည့် လွှတ်ထားတဲ့ အခန်းထဲမှာ အညောင်းထိုင် အလုပ်လုပ်သူတွေ၊ ရုံးဝန်ထမ်းတွေမှာ တစ်ပတ်လုံးနေလို့ တစ်ရက်တောင် ချွေးမထွက်လိုက်ရတဲ့ အနေအ ထားမျိုးတွေ ရှိနေတတ်ပါတယ်။ များမြောင်လှတဲ့ အလုပ်ကိစ္စတွေနဲ့ တစ်ရက်ပြီး တစ်ရက်မသိလိုက် မသိဘာသာဖြတ်ကျော်လာခဲ့တာဟာ တစ်နေ့တစ်နေ့ ကိုယ့်ခန္ဓာကိုယ်က ချွေးကောင်းကောင်း မထွက်နိုင်ဘူးဆိုတာတောင် ကိုယ်တိုင် သတိမပြုမိလောက်အောင်ကို ဖြစ်တတ်ကြပါတယ်။

ဒါကြောင့် အလွယ်ဆုံးကိုယ်လက်လှုပ်ရှားမှုဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ပြေးခြင်းကစလို့ ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးလုပ်ဖို့အတွက် မဖြစ်မနေအချိန်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ လှည့်လည်စီးဆင်းနေတဲ့သွေးတွေ သန့်စင်နေတဲ့အခါ အသားအရေဟာလည်း ဝင်းပကြည်လင်နေစမြဲပါ။ လက်တွေ့ချက်ချင်းသိသာစေတဲ့ အကျိုးကျေးဇူးကတော့ လေ့ကျင့်ခန်းလုပ်ပြီးချိန်တိုင်းမှာ သင့်ရဲ့မျက်နှာလေး ပိုမိုဝင်းပစိုပြေလာတာကိုပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုရမှာကတော့ လေ့ကျင့်ခန်း မပြုလုပ်မီနဲ့ ပြုလုပ်ပြီးချိန်များမှာ Skincare အသုံးပြုခြင်းကို ရှောင်ကြဉ်ဖို့တော့ လိုပါတယ်။

အသားအရေလေး နဂိုနေစိုပြေလှပဖို့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူးလို့ ဆင်ခြေတွေအရမ်းပေးနေတဲ့၊ ပိတ်ဆို့နေတဲ့ စိတ်တံတိုင်းကို ပေါ့ပေါ့ပါးပါး ကျော်လွှားအနိုင်ယူလိုက်ပြီး သဘာဝအတိုင်းလှပစေမယ့် ဆုလဒ်ကို အရယူလိုက်ပါတော့နော်။

သော့ချက်(၅) 
အိပ်စက်ခြင်းနဲ့ သင့်အသားအရေကို လှပစေမယ်ဆို ကျေနပ်ကြပါ့မလား...။ ဒီနေ့ခေတ်နေထိုင်မှုပုံစံကိုက စာရေးသူအပါအဝင် ညဥ့်ဇီးကွက်လေးတွေ များပြားကြတယ်လေ။ 

နံနက်ကို စောစောထ ကျောင်းသွား၊ ရုံးသွားရပေမဲ့လည်း ညကိုဘယ်တော့မှ စောစောမအိပ်၊ နောက်နေ့ကျ အိပ်ရေးမဝ အိပ်ချင်မူးတူးနဲ့ထ။ အဲလိုနဲ့ နောက်ဆက်တွဲ အသားအရေမှာ အဖုတွေထ၊ ခြောက်သွေ့မလန်းမဆန်းတွေဖြစ်မှ စိတ်ညစ်ရ... နိစ္စဓူဝ။ ကိုယ်တွေရဲ့ ဘဝသံသရာလက်သစ် ကိစ္စလို့တောင် ပြောလို့ရမယ်ထင်တယ်။ ဇီးကွက်လေးတွေအတွက် အိပ်ရေးဝဝအိပ်ဖို့က လွယ်မယောင်နဲ့ခက်လှတဲ့ အလုပ်ကြီးဖြစ်နေပြီဆိုတော့ အောင်မြင်အောင်တော့ ပြောင်းလဲကြိုးစား ကြတာ ပေါ့နော်။ 

တစ်ညကို အိပ်ချိန် (၈) နာရီ ပြည့်ပြည့်ဝဝ အိပ်စက်အနားယူဖို့လိုပါတယ်တဲ့ နိုင်ငံတကာအလှအပရေးရာပညာရှင်တွေက သေချာသတိပေးထားတယ်။ လှတစ်မျက်နှာလေး ဝင်းပစေဖို့ ညဥ့်နက်နက်ထိ မအိပ်ဘဲနေပြီး မစွန့်စားကြပါနဲ့နော်။ လိမ္မာတဲ့သူလေးတွေအတွက် ပိုလှစေမယ့် နည်းလမ်းလေးလည်း ဆုပေးလိုက်ဦးမယ်။ အဲဒါကတော့ မျက်နှာလေးကို တစ်ပတ်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် ပျားရည်စစ်စစ်လေး သုတ်လိမ်းပေးပြီး ချောမွေ့တဲ့အသားအရေလေးဖြစ်ဖို့ ကုသနိုင်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။

အထူးသတိပြုရမယ့် အချက်ကတော့ ဆောင်းပါးအစမှာ ရေးခဲ့တာကိုပဲ ထပ်သတိပေး ရမှာပါ။ အိပ်ရာမဝင်ခင် မျက်နှာကို သေချာသန့် စင်အောင် သစ်ပါ။ ခြောက်သွေ့တဲ့ အရေပြား  ပိုင်ရှင်လေးတွေအနေနဲ့ အယ်ကိုဟော ပါဝင်မှုလုံးဝမရှိတဲ့ မျက်နှာသစ်ဆပ်ပြာမျိုးကို ရွေးချယ်သုံးစွဲပါ။ ရေနွေးနဲ့ မျက်နှာသစ်ခြင်းကို ရှောင်ပါ။ ရေနွေးဟာ ခြောက်သွေ့တဲ့အသားအရေကို ပိုမို ခြောက်သွေ့စေတာကြောင့်ပဲ ဖြစ်ပါတယ်။

သော့ချက် (၆) 
ရေအသက် တစ်မနက်ဆိုတဲ့စကားလေးလို သောက်ရေဟာ အသက်အတွက် အရေးကြီးသလို အသားအရေအတွက်လည်း အင်မတန် အရေးကြီးလှပါတယ်။ 

စာရေးသူတို့ ရုံးခန်းထဲက အစ်မတစ်ယောက်ဟာ သူ့စားပွဲပေါ်မှာ "ရေသောက်ပါ" ဆိုတဲ့စာကိုရေးပြီး မြင်သာထင်သာ ကပ်ထားပါတယ်။ မှန်ပါတယ်။ အေးစက်နေတဲ့ အဲကွန်းထဲမှာ နေ့စဉ်ထိုင်ပြီး အလုပ်လုပ်နေတဲ့သူအတွက် ရေသောက်ဖို့ဟာ မေ့စရာပါ။ အဲဒီလို အခြေအနေမျိုးမှာ လူကရေသောက်ဖို့ မေ့နေနိုင်ပေမဲ့ အသားအရေကတော့ ရေကိုပိုမိုလိုအပ်နေတာ ဖြစ်ပါတယ်။ 

တစ်နေ့တာလုံးမှာ ရေများများမသောက်နိုင်ဘူးဆိုရင်တောင် အနည်းဆုံး ဖန်ခွက် (၈)ခွက်တော့ ဝင်အောင်သောက်ပေးဖို့ တိုက်တွန်းပါရစေ။ ရေချည်းသောက်ရတာ ပျင်းတယ်ဆိုရင်လည်း ရေဓာတ်များစွာပါဝင်တဲ့ ဖရဲသီး၊ သခွားသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ဂရိတ်ဖရု၊ သခွားမွှေးသီးစတဲ့ အသီးအနှံတွေကို ရာသီပေါ်စာအလိုက် စားပေးသင့်ပါတယ်။ စာရေးသူကတော့ ရေသောက်လိုက်တိုင်း ကမ္ဘာပေါ်မှာရေဟာ အရသာအရှိဆုံးပါလားလို့ တွေးပြီး ရေကိုနှစ်သက်စွာ သောက်သုံးတဲ့အကျင့်လေး ပြုလုပ်ထားလိုက်ပါတယ်။

သော့ချက် (၇)
ဒီသော့ချက်ကတော့ ဝက်ခြံတွေကို လက်ခံထားရတဲ့ အသားအရေပိုင်ရှင်လေးတွေ ဖွင့်လှစ်ကြည့်ရမှာဖြစ်ပါတယ်။ 

ဝက်ခြံတွေရှိနေတယ်ဆိုရင် ရေခပ်နွေးနွေးလေးနဲ့ တစ်နေ့ကို သုံးကြိမ် မျက်နှာသစ်ပေးပါ။ အသုံးပြုရမယ့် မျက်နှာသစ်ဆပ်ပြာမှာ ပါဝင်နေရ မှာကတော့ Alpha Hydroxyl Acid သို့မဟုတ် Beta Hydroxyl Acid ပါ။ မျက်နှာသစ်ပြီး ခြောက် သွေ့စွာသုတ်ပြီးတဲ့အခါ လိမ်းပေးရမယ့် ခရင်မ် သို့မဟုတ် လိုးရှင်းကတော့ Benzoyl peroxide ဖြစ်တယ်လို့ လေ့လာမှတ်သားရပါတယ်။

အထူးသဖြင့်ရှောင်ရမှာက ဝက်ခြံညှစ်ခြင်း၊ ဆိတ်ခြင်း၊ ဆွခြင်းပါ။ ဒါကလည်း တားရအတော် ခက်တဲ့ကိစ္စပါပဲ။ အဖုတစ်ဖုတွေ့ပြီဆိုတာနဲ့ ဆိတ်ချင်ဆွချင်တာလည်း လူ့သဘာဝပဲ မဟုတ်လား။ ဒါပေမဲ့ ကိုယ့်ရဲ့အသားအရေလေး မြန်မြန်လှပရေးကို ရှေးရှုပြီး စိတ်ထိန်းပါလို့ တားပါရစေနော်။ ဝက်ခြံညှစ်ခြင်းရဲ့ ဆိုးကျိုးတွေကတော့ အားလုံးကြုံတွေ့သိထားဖူးပြီးဖြစ်တဲ့အတိုင်း အသားအရေကို နီရဲယောင်ယမ်း ရုပ်ဆိုးစေရုံသာမက အမာရွတ်များကို ကျန်ရစ်စေပြီး အခန့်မသင့်တဲ့အခါ ပိုးဝင်ရင် မျက်နှာအသားအရေအားလုံးပျက်စီးသွားနိုင်ပါတယ်။

ဒါကြောင့် ဝက်ခြံနေရာတစ်ဝိုက်ကို တစ်ခုခုလုပ်ရမှ ကျေနပ်နိုင်မယ်ဆိုရင်တော့ ဒါမျိုးလေးလုပ်ဖို့ အကြံပေးလိုပါတယ်။ ဝက်ခြံနေရာတစ်ဝိုက်ကို နှင်းဆီရေလေးနဲ့ သန့်စင်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံထားတဲ့ Green Tea အိတ်လေးကို ဝက်ခြံနေရာပေါ် ဆယ်မိနစ်ခန့်တင်ပေးထားနိုင်ပါတယ်နော်။ တကယ်လို့ ကိုယ် ကမျက်မှန်တပ်ရတဲ့သူ နေကာမျက်မှန်တပ်လေ့ရှိတဲ့သူဖြစ်မယ်ဆိုရင် မျက်မှန်ကို မကြာခဏ သန့်စင်ပေးဖို့ သတိရပေးပါနော်။

သော့ချက် (၈)
အသားအရေကို အားဖြည့်ပါ။ Spa သွားတာ Scrub လုပ်တာတွေဟာ အသားအရေကို အားဖြည့်တာတွေပါပဲ။ Spa သီးသန့်သွားပြီး မပြုလုပ်နိုင်လည်း စိတ်ပူစရာမလိုအောင် အိမ်တွင်း Home-made လုပ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေဖတ်ရှုနိုင်မှာပါ။ စန္ဒကူးမှုန့်နဲ့ ပေါင်းတင်တာ၊ ဂျုံနဲ့ပေါင်းတင်တာ၊ နွားနို့၊ ဒိန်ချဉ်၊ ပျားရည်၊ သစ်ကြံပိုးခေါက်မှုန့်စတဲ့ မီးဖိုချောင်မှာရှိတဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ပေါင်းတင်လို့ရတဲ့ နည်းလမ်းတွေ လေ့လာနိုင်စရာတွေ မနည်းပါပဲနော်။ 

ဒီလို အလှအပ လျှို့ဝှက်ချက်တွေထဲက အလွယ်ကူအထိရောက်ဆုံးနဲ့ အသားအရေကို လင်းလက်လှပစေမယ့် နည်းလမ်းတစ်ခုကတော့ အိပ်ရာမဝင်ခင် ဒိန်ချဉ်ကို မျက်နှာပြင် အနှံ့သုတ်လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပြီးမှ ရေခပ်နွေး နွေးလေးနဲ့ ဆေးချပေးရဖြစ်ပါတယ်။ 

ဝက်ခြံလို အပြစ်အနာအဆာတွေအတွက် ကတော့ ပျားရည်စစ် ဇွန်းသေး ၃ ဇွန်းခန့်မှာ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ် သမအောင်ထည့်မွှေပြီး ညအိပ်ရာ အဝင်မှာလိမ်းအိပ်၊ နံနက်ထတဲ့အခါ ကြက်သီးနွေးရေလေးနဲ့ မျက်နှာသစ်ပေးနိုင်တယ်လို့ လေ့လာမှတ်သားရပါတယ်။

သော့ချက် (၉)
ကိုယ့်ကိုယ်ကို ကိုယ်ရောစိတ်ပါ ချမ်းသာအောင်ဂရုစိုက်ပါလို့ နိဂုံးချုပ်အနေနဲ့ အရေးအကြီးဆုံးအချက် အဖြစ်နဲ့ ရေးသားရင်းနှုတ်ဆက်ပါရစေ။ 

ဘယ်လောက်ကြီးပဲ အလုပ်တွေများများ စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံးမေ့ဖျောက်ထားနိုင်မယ့် အချိန်ကို မရရအောင် ဆွဲထုတ်လိုက်ပါနော်။ စိတ်ဖိစီးနေပြီလို့ သတိပြုမိလိုက်တာနဲ့ လုံးဝအနားယူပစ်လိုက်နိုင်ဖို့ ကြိုးစားပေးပါ။ အဲဒီစိတ်ဖိစီးမှုတွေဟာ လူကိုပစ်လဲသွားစေတဲ့အထိ ကျန်းမာရေးကို အနိုင်လာပိုင်းတတ်ပါတယ်။ ကိုယ့်ကျန်းမာရေးလောက် အရေးကြီးတဲ့အရာ ဘာမှ ရှိမနေတာကို ရာနှုန်းပြည့်လက်ခံပါ။

အသားအရေပိုင်းက ပြောရမယ်ဆိုရင်လည်း အဲဒီစိတ်ဖိစီးမှုတွေဟာ ဟော်မုန်းတွေကို ကမောက်ကမဖြစ်စေတယ်။ အသားအရေကို မတရားအဆီ ပြန်စေပြီး ဝက်ခြံဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဖိတ်ခေါ်လာပါတယ်။ 

ဒါကြောင့် အဲဒီ စိတ်ဖိစီးမှုတွေကို စီမံခန့် ခွဲနိုင်ဖို့အတွက် အသက်ရှူလေ့ကျင့်ခန်း၊ ယောဂ ကျင့်စဉ်တွေနဲ့ အာနာပါနရှုမှတ်ခြင်းတွေကို ဆောင်ရွက်ပေးသင့်ပါတယ်။ တရားထိုင်တာများလေလေ အသားအရေ ကြည်လင်တောက်ပလေ လေဆိုတာ မယုံရင် ကိုယ်တိုင်လက်တွေ့သာ ဆောင်ရွက်ကြည့်လိုက်ပါနော်။

နောက်ထပ် လုံးဝမမေ့သင့်တဲ့ အကြောင်းရင်းတွေလည်း ရှိနေပါသေးတယ်။ ကိုယ့်ရဲ့ ပါးရိုးတွေနဲ့ မျက်နှာကြွက်သားတွေအတွက် နေ့စဉ် အနည်းဆုံး ငါးမိနစ်မျှ မျက်နှာပိုင်းဆိုင်ရာ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးဖို့ပဲ။ တခြားများများ မလုပ်တတ်ဘူးဆိုရင်တောင် "အိုဝအိုဝ" နဲ့ ငါးမိနစ်လောက်ပုံမှန် ရွတ်ရွတ်ပေးမယ်ဆိုရင် အမြဲတမ်း ၁၈ နှစ်ဆိုတာ မဖြစ်နိုင်စရာအကြောင်းတရား ရှိနိုင်ဦးမှာလားလို့ တွေးရင်း မေးရင်း...

နဂိုနေစိုပြေ သဘာဝအတိုင်း ကြည်လင်ဝင်းပတဲ့ အသားအရေပိုင်ရှင်လေးဖြစ်ဖို့ သော့ချက် ၉ ခုလုံးကို ဟန်ချက်ညီညီဖွင့်လှစ်နိုင်ပါစေလို့ ဆန္ဒ ပြုလိုက်ပါတယ်နော်။