Primary tabs

လှဖို့ပဖို့ သဘာဝနည်းလမ်းများ

ဒီနေ့ခေတ်ကြီးမှာ အရှားပါးဆုံးက အချိန်ဖြစ်လာပါတယ်။ ဒီတော့ ဘာလုပ်လုပ် မြန်မြန်ဆန်ဆန် ပြီးမြောက်ဖို့ကိုပဲ ဦးတည်ရွေးချယ်ကြရပါတော့တယ်။ ဈေးကွက်ထဲက အလှအပပစ္စည်းအချို့ဟာ အချိန်ကုန်သက်သာတာမှန်ပေမဲ့ ဘေးထွက်ဆိုးကျိုးကလည်း တွဲပါနေပြန်ပါတယ်။ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ရှောင်ချင်သူတွေအတွက် သဘာဝနည်းအချို့ကို ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်။ သုံးရမယ့်ပစ္စည်းတွေကတော့ သင့်မီးဖိုချောင်ကပဲ အလွယ်တကူရနိုင်မယ့် ပစ္စည်းတွေပါ။

အဆီပြန်တဲ့ ဆံပင်ကို ခဏခဏ ခေါင်းမလျှော်ချင်ရင်
အဆီပြန်တဲ့ ဆံသားပိုင်ဆိုင်ထားသူတွေရဲ့ အဓိကပြဿနာကတော့ ဒီနေ့ခေါင်းလျှော်ပြီးတာတောင် နက်ဖြန်မှာ အဆီပြန်ပြီး ကပ်သပ်နေတဲ့ ဆံသားတွေပါပဲ။ ဓာတုပစ္စည်းပါတဲ့ ခေါင်းလျှော်ရည်ကိုလည်း နေ့တိုင်းနီးပါး မသုံးချင်ဘူးဆိုရင်တော့ ဒီနည်းကိုသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
ပြောင်းမှုန့် - လက်ဖက်ရည်ဇွန်း (၂) ဇွန်းခွဲ
အနံ့ပါတဲ့အဆီ (လဗန်ဒါနံ့ (သို့) နှင်းဆီနံ့) - ၃ စက် (သို့) ၄ စက်

ပြုလုပ်ပုံအဆင့်ဆင့်
ပါဝင်ပစ္စည်း နှစ်မျိုးကိုရောပြီး ဦးရေပြားထိရောက်အောင် ခပ်ပွပွသုတ်လိမ်းပါ။
(၅) မိနစ်လောက်ထားပြီး ဘရှပ်နဲ့ စိတ်ရှည် လက်ရှည် ဖြီးချပါ။
ပြောင်းမှုန့်က ဦးရေပြား နဲ့ ဆံသားပေါ်က ဆီတွေကိုစုပ်ယူသွားတဲ့အတွက် ဆံသားတွေ စီးကပ်မနေတော့ဘဲ သွက်သွားတာ ခံစားမိပါလိမ့် မယ်။

ဆားဝက်ခြံ သန့်စင်ချင်တဲ့အခါ
မုန့်ဖုတ်ပေါင်ဒါဟာ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့နေရာမှာ အထူးအစွမ်းထက်တဲ့ သဘာဝပစ္စည်းပါ။ ဒါကြောင့်ဆားဝက်ခြံဖယ်ရှားဖို့ သုံးကြည့်ပါမယ်။

ပါဝင်ပစ္စည်းများ
မုန့်ဖုတ် ပေါင်ဒါ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ - (mineral water) ဆိုပိုကောင်းပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်
မုန့်ဖုတ်ပေါင်ဒါကို ရေနဲ့ စေးပျစ်ပျစ်လေးဖြစ်တဲ့အထိ ရောပါ။ (ရေ အရမ်းမများပါစေနဲ့)
ဆားဝက်ခြံများနေတဲ့ နေရာကို ခပ်ပါးပါးလိမ်းပြီး အခြောက်ခံလိုက်ပါ။
ပြီးရင် ရေနဲ့ ဆေးချလိုက်ပါ။
အသားမနာဘဲ ဆားဝက်ခြံတွေ သန့်သွားပါလိမ့်မယ်။

မျက်နှာအသားအရေ ဝင်းမွတ်နေချင်ရင်
အကြောင်းအမျိုးမျိုးကြောင့် နေလောင်ပြီး မျက်နှာအသားအရေ မညီတော့တဲ့အခါ ကုလားပဲမှုန့်ကို အားကိုးလို့ ရပါတယ်။

ပါဝင်ပစ္စည်းများ 
ကုလားပဲမှုန့် - လက်ဖက်ရည်ဇွန်း (၂) ဇွန်း
နွားနို့ (မကျိုချက်ရသေးသော) - လက်ဖက်ရည်ဇွန်း (၁) ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်
ပဲမှုန့် နဲ့ နွားနို့အစိမ်းကို ခပ်ပျစ်ပျစ်အနေအထားရအောင် ရောစပ်ပါ။
ပြီးရင် မျက်နှာအနှံ့လူးပြီး (၁ဝ) မိနစ်ခန့်ထားလိုက်ပါ။
အချိန်စေ့ရင် ကြက်သီးနွေးရေလေးနဲ့ ဆေးချလိုက်ပါ။
အရင်ကထက် ကြည်စင်သွားတဲ့ မျက်နှာအသားအရေကို မှန်ထဲမှာ မြင်ရပါလိမ့်မယ်။

သွားလေး ဖွေးဖွေးဖြူနေချင်တဲ့အခါ
မုန့်ဖုတ်ပေါင်ဒါဟာ အလှအပရေးရာ ပြဿနာအတော်များများကို ဖြေရှင်းပေးနိုင်တဲ့ သဘာဝ ဆရာကြီးတစ်ဆူပါ။ ဒါကြောင့် ဒီနေရာမှာလည်း သူ့ကိုပဲ သုံးပါမယ်။

ပါဝင်ပစ္စည်းများ
မုန့်ဖုတ်ပေါင်ဒါ - လက်ဖက်ရည်ဇွန်း (၁) ဇွန်း
သံပရာရည် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်ပုံအဆင့်ဆင့်
ပါဝင်ပစ္စည်း နှစ်မျိုးကို ခပ်ပျစ်ပျစ်ပျစ် အနေအထားရအောင် ရောပါ။
ပြီးရင် သွားအနှံ့ သုတ်လိမ်းပါ။
(၂) မိနစ်လောက်ထားပြီး ပလုတ်ကျင်းချလိုက်ပါ။
သင့်သွားလေးတွေ အရင်ကထက် ဖွေးသွားပါလိမ့်မယ်။

မိတ်ကပ်ဖျက်ဆေး ကုန်နေတဲ့အခါ
မိတ်ကပ်တွေ လိမ်းမိသွားတဲ့နေ့မှာ မိတ်ကပ်ဖျက်ဆေးကလည်း ကုန်နေပြီဆိုပါစို့။
ဒါဆို အုန်းဆီ ပုလင်းလေးကိုသာ မျက်စပစ်လိုက်ပါတော့။
အုန်းဆီဟာ အသားအရေကို အားဖြည့်ပေးနိုင်တဲ့ အကောင်းဆုံး သဘာဝပစ္စည်းဖြစ်သလို စတိုးဆိုင်က သင်ဝယ်ထားတဲ့ မိတ်ကပ်ဖျက်ဆေးလိုလည်း အသုံးတည့်ပါသေးတယ်။
အုန်းဆီလေး အနည်းငယ်ကို လက်ဖဝါးထဲထည့်ပြီး မျက်နှာအနှံ့လိမ်းရင် နှိပ်နယ်ပေးပါ။
(၁ဝ) မိနစ်လောက်ထားပြီးရင်တော့ ရေခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
တကယ်အလုပ်ဖြစ်တဲ့ သဘာဝမိတ်ကပ် ဖျက်ဆေးဖြစ်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

မျက်ခုံးမျက်တောင် ထူထဲချင်ရင်
မျက်တောင်တုတွေရော၊ Mascara တွေရော လွယ်လွယ်ကူကူရနိုင်ပေမဲ့ သဘာဝနည်းကိုမှ သုံးချင်သူတွေအတွက်ကတော့ ကြက်ဆူဆီကို သုံးနိုင်ပါတယ်။
သင့်မျက်ခုံးနဲ့ မျက်တောင်မှာ ကြက်ဆူဆီကို မှန်မှန်လိမ်းကြည့်ပါ။
ကြက်ဆူဆီဟာ အမွှေးအမျှင်ကို သန်စွမ်းစေနိုင်တဲ့ အစွမ်းရှိတာကြောင့် သင့်မျက်ခုံးနဲ့ မျက်တောင် အရင်ကထက် ထင်းထင်းလင်းလင်းရှိလာပါလိမ့်မယ်။